← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 28 Ch. 279-280

အခန်း (၂၇၉)

ရေခဲသိုလှောင်ခန်း တည်ဆောက်ခြင်း

ရွာလူကြီး၏ စကား ဆုံးသွားသည်နှင့် လူအုပ်ကြီးမှာ ဝုန်းခနဲ ဆူညံပွက်လောရိုက်သွားတော့သည်။

ဝတ်စုံတို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက အော်ဟစ်မေးမြန်းလိုက်၏။

“ရေခဲသိုလှောင်ခန်း ဆောက်မယ် ဟုတ်လား။ ကျွန်တော်တို့လို လူတွေကကော ရေခဲသုံးခွင့် ရမှာမို့လို့လားဗျ”

ဟင်းသီးဟင်းရွက် ရွေးနေသော အမျိုးသမီးတစ်ဦးကလည်း ခပ်ဖွဖွရယ်မောရင်း ပြောသည်။

“ရွာလူကြီးရယ် လာနောက်မနေပါနဲ့။ ဒီလောက် ပူတဲ့ နွေရာသီ အလယ်ခေါင်ကြီးမှာ ရေခဲသုံးဖို့ဆိုတာ တကယ့်ကို အဖိုးတန် ဇိမ်ခံပစ္စည်းကြီးပဲ။ ကျွန်မတို့တွေမှာ ဒီလိုကောင်းစားတဲ့ ရက်တွေ ဘယ်နှစ်ရက်လောက် ကြုံဖူးလို့လဲ”

အခြားသော လူငယ်တစ်ဦးကလည်း ဝင်ပြော၏။

“အရင်နှစ်တွေတုန်းကလည်း နွေရာသီကို ဒီလိုပဲ အောင့်အည်းသည်းခံပြီး ဖြတ်သန်းခဲ့ကြတာပဲဟာ။ ပဲစိမ်းဟင်းချို အနည်းငယ် သောက်လိုက်ရင်ပဲ လုံလောက်နေပါပြီ။ ဒီလောက်အထိ အလုပ်ရှုပ်ခံနေဖို့ မလိုပါဘူး...”

ရွာလူကြီး လေးနက်တည်ကြည်စွာ ပြော၏။

“အခု ရာသီဥတုက တကယ်ကို ပုံမှန်မဟုတ်တော့ဘူးကွ။ ထူးဆန်းတဲ့ ဖြစ်စဉ်တွေကလည်း တစ်ခုပြီးတစ်ခု ဖြစ်နေတာ။ ငါ့အထင်တော့ ဒီနှစ်က အရင်နှစ်တွေထက် အများကြီး ပိုပြီး ပူပြင်းလိမ့်မယ်။ ဒါကြောင့် ငါတို့ ကြိုတင်စီမံကိန်း ချထားဖို့ လိုအပ်တယ်”

ရွာလူကြီးသည် အသက်အရွယ်ကြီးရင့်ပြီး ရွာသူရွာသားများ၏ လေးစားကြည်ညိုခြင်းကို ခံရသူဖြစ်ရာ သူ့စကားကို ကြားရပြီးနောက် လူအများအပြသည် စတင်ဝေခွဲလာကြတော့သည်။

“သေသေချာချာ စဉ်းစားကြည့်ရင်တော့ ရေခဲသိုလှောင်ခန်း ဆောက်ပြီးသွားရင် လူတိုင်းအတွက် ဘာအန္တရာယ်မှမရှိဘဲ အကျိုးပဲ ရှိမှာပါပဲ”

“ဒါပေမဲ့ ရေခဲသိုလှောင်ခန်းသာ ဆောက်ပြီး ရေခဲဝယ်လို့မရရင် အလကား အဖတ်တင်သွားမှာဆိုတော့ သေချာ ပြန်စဉ်းစားရဦးမယ်”

“ဟုတ်ပ... ဟုတ်ပ၊ ရာသီဥတုကလည်း တစ်နေ့ထက်တစ်နေ့ ပိုပူလာတယ်၊ ရေခဲဝယ်ဖို့ဆိုရင် နောက်ဖေးပေါက်ကနေ အောက်လမ်းနည်းနဲ့တောင် သွားဝယ်ရတယ်လို့ ကြားတယ်ဗျ”

ရွာလူကြီးက လူတိုင်းကို တိတ်ဆိတ်ရန် လက်ကာပြလိုက်ပြီး ပြောလိုက်သည်။

“အဲဒီကိစ္စကိုတော့ စိတ်ပူစရာ မလိုပါဘူး။ သူဌေးမဟွာက ရေခဲဝယ်ယူမဲ့ကိစ္စကို သူတာဝန်ယူပေးမယ်လို့ ပြောထားတယ်”

ထိုအခါမှ ရွာသူရွာသားများအားလုံး စိတ်သက်သာရာ ရသွားကြတော့သည်။ ကောက်ချန်နှင့် မာဟွေးတို့က စားပွဲများကို ချက်ချင်း ပြင်ဆင်လိုက်ကြရာ လူတိုင်းက သူတို့ထံတွင် အမည်စာရင်းပေးသွင်းရန် တန်းစီကြတော့သည်။ ငွေရှိသူက ငွေထည့်ဝင်ကြပြီး ငွေမရှိသူက စပါးရိက္ခာများ ထည့်ဝင်ကြသည်။ လုပ်အားပေးလိုသူများမှာမူ လုပ်အားမှတ်တမ်း ဖြင့် ထည့်ဝင်ကြသည်။ မကြာမီအချိန်အတွင်းမှာပင် လိုအပ်သည်များကို စုံလင်စွာ ကောက်ခံရရှိသွား၏။

မာဟွေး စာရင်းတွက်ချက်ကြည့်လိုက်ရာ အိမ်ထောင်စုတစ်စုမျှပင် ကျန်ရစ်ခဲ့ခြင်း မရှိချေ။

သူ စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး ပြောလိုက်၏။ “ကျွန်တော်တို့ နောက်ပိုင်းကျရင် အသုံးစရိတ်အားလုံးကို သေသေချာချာ မှတ်တမ်းတင်ထားမှာပါ။ ပိုရင် ပြန်အမ်းပေးပြီး လိုရင်တော့ ထပ်စိုက်ရပါလိမ့်မယ်။ အားလုံးပဲ စိတ်ချလက်ချ ရှိကြပါ”

အချိန်ဆွဲမနေတော့ဘဲ သူတို့သည် အင်ဂျင်နီယာအဖွဲ့ကို အလျင်အမြန် ဖွဲ့စည်းလိုက်ကြပြီး လူတိုင်း၏ ဉာဏ်ပညာ၊ လုပ်အား၊ ချွေးစက်များဖြင့် ပူပြင်းလှသော နွေရာသီ မရောက်ရှိမီ အချိန်မီပြီးစီးနိုင်ရန် နေ့ရောညပါ အပြင်းအထန် အားစိုက် တည်ဆောက်ကြတော့သည်။

သို့သော်လည်း ရာသီဥတုကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုပူပြင်းလာဆဲပင်။ ဟွာကျွင်းသည် သူတို့ အပူလျှပ် မှာ စိုးရိမ်သဖြင့်၊ လူတိုင်း အပူဒဏ် သက်သာစေရန် အားမန်ကို နေ့တိုင်း ပဲစိမ်းနှစ်များနှင့် ဇီးဖျော်ရည် များ သွားရောက်ပို့ဆောင်ခိုင်းသည်။

တစ်ချိန်တည်းမှာပင် ဟွာကျွင်းသည် ရေခဲစက်ရုံတစ်ခုနှင့် ဆက်သွယ်ကာ စားသုံးနိုင်သော ရေခဲတုံးအမြောက်အမြားကို မှာယူထားခဲ့၏။

ရေခဲတုံးတစ်တုံးချင်းစီမှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက် အရပ်ခန့် မြင့်မားပြီး၊ ကြည်လင်သန့်ရှင်းလှသည်။ ခေတ်မီနည်းပညာဖြင့် ထုတ်လုပ်ထားသော ရေခဲတုံးများမှာ သိပ်သည်းဆ မြင့်မားသဖြင့် ပိုမို အကြမ်းခံကာ အလွယ်တကူ အရည်မပျော်နိုင်ချေ။

ကျေးရွာအတွင်း လုပ်သားအင်အား မလုံလောက်သဖြင့် ကောက်ချန်သည် အနီးနားရှိ ရွာများသို့ အကြိမ်ကြိမ် သွားရောက်ခဲ့ပြီး နောက်ဆုံးတွင် အလုပ်သမား နှစ်ဆယ်ကျော်ကို ခေါ်ဆောင်လာနိုင်ခဲ့သည်။

နွေရာသီ၏ အပူဆုံးအချိန် ဖြစ်နေသဖြင့် အစပိုင်းတွင် မည်သူမျှ ဤအလုပ်ကို မလုပ်ချင်ကြသော်လည်း ကောက်ချန်တွင် ကိုယ်ပိုင်နည်းလမ်း ရှိ၏။

သူသည် ဘာမှမပြောဘဲ ထိုလူများကို ရေခဲသိုလှောင်ခန်း ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။

မိုးကာတဲအောက်တွင် မြေအိုးကြီး ခြောက်လုံး ရှိပြီး သုံးလုံးထဲတွင် ပဲစိမ်းနှစ်များ ထည့်ထားကာ ကျန်သုံးလုံးထဲတွင် ဇီးဖျော်ရည်များ ဖြည့်ထား၏။

ထမင်းကျွေးရာတွင်လည်း တစ်ဦးလျှင် ဟင်းသုံးခွက်နှင့် ဟင်းချိုတစ်ခွက် စံနှုန်းအတိုင်းဖြစ်ပြီး အသားနှင့် ဟင်းသီးဟင်းရွက် မျှတစွာ ပါဝင်သည့်အပြင် ထမင်းနှင့် ဖရုံသီးဝက်နံရိုးဟင်းချိုကိုလည်း စိတ်ကြိုက် အဝသောက်သုံးနိုင်အောင် စီစဉ်ပေးထားသည်။

ဘေးရွာက အလုပ်သမားခေါင်းဆောင် အဘိုးကျောက်သည် ဟင်းချို ငါးပန်းကန်မြောက်ကို သောက်သုံးပြီးနောက် ပန်းကန်ကို ကိုင်ကာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ သက်ပြင်းချရင်း ပြောတော့၏။

“ဒါက ကျွန်တော်တို့ အိမ်မှာ နှစ်သစ်ကူးတုန်းက စားရတာထက်တောင် ပိုပြီး ကောင်းသေးတယ်”

အခြားအလုပ်သမားများကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ကြတော့သည်။

သူက ကောက်ချန်၏ လက်ကို ဆုပ်ကိုင်ကာ မျက်ဝန်းတွင် မျက်ရည်အဝိုင်းသားဖြင့် ပြောလိုက်၏။

“ညီလေး ရေခဲသိုလှောင်ခန်း တူးရုံတင်မကဘူး၊ မင်း ငါတို့ကို ဓားတောင်ကိုတက်တက် မီးပင်လယ်ကိုဆင်းခိုင်းရင်တောင်မှ ငါတို့ လိုလိုလားလားနဲ့ လုပ်ပေးဖို့ အသင့်ပဲ”

ဆောက်လုပ်ရေးကာလသည် အလွန်အမင်း တိုတောင်းသွားပြီး ရေခဲသိုလှောင်ခန်း ဆောက်လုပ်ပြီးစီးသည်နှင့် တစ်ပြိုင်နက် ဟွာကျွင်းသည် ရေခဲစက်ရုံမှ ပစ္စည်းများ လာရောက်ပို့ဆောင်ရန် စီစဉ်လိုက်တော့သည်။

ဟွာကျွင်းသည် လမ်းတစ်ခုလုံးကို ဝယ်ယူထားပြီးဖြစ်သဖြင့် မုန့်ဆိုင်အတွင်းရှိ ထူးဆန်းသော အခြေအနေများကို အခြားလူများ ရိပ်မိသွားမှာကို စိုးရိမ်စရာမလိုတော့သလို တွန့်ဆုတ် တွန့်ဆုတ် ဖြစ်နေစရာလည်း မလိုတော့ချေ။

သူမသည် ငွေကြေးအကုန်အကျခံကာ မုန့်ဆိုင်၏ နောက်ကွယ်မှနေ၍ နောက်ဖေးတံခါးသို့ တိုက်ရိုက်ရောက်ရှိမည့် လျှပ်စစ်ပစ္စည်းသယ်ယူပို့ဆောင်ရေး ခါးပတ်ကြိုး တစ်ခုကိုပါ တပ်ဆင်လိုက်သည်။

ဤပို့ဆောင်ရေးခါးပတ်မှာ ဂိုဒေါင်အထိ တိုက်ရိုက် ချိတ်ဆက်ထားခြင်း ဖြစ်သည်။ အလုပ်သမားများက ရေခဲတုံးများကို ခါးပတ်ပေါ်သို့ တင်ပေးလိုက်ရုံဖြင့် ထိုရှည်လျားလှသော ခါးပတ်ကြိုးကြီးက ရေခဲတုံးများကို မသိရှိနိုင်သော နေရာတစ်ခုဆီသို့ အလိုလို သယ်ဆောင်သွားတော့၏။

အခြားတစ်ဖက်တွင်မူ အအေးဒဏ်ခံ လက်အိတ်များကို စွပ်ထားသော မော့ချွမ်းသည် ရေခဲတုံးများကို လက်ခံရယူကာ မုန့်ဆိုင်အတွင်းသို့ သယ်ဆောင်နေခဲ့သည်။

သူတို့အနေဖြင့် ဤအလုပ်ကို လုပ်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် အလွန် ကျွမ်းကျင်လှသည်။

ရေခဲသိုလှောင်ခန်းကြီး တစ်ခုလုံး ရေခဲတုံးများဖြင့် ပြည့်သွားသည့်နေ့တွင် တစ်ရွာလုံး ပျော်ပွဲရွှင်ပွဲ ကျင်းပကြတော့သည်။ အလွန်အမင်းပူလှသော နွေရာသီကြီးတွင် ရေခဲအသုံးပြုနိုင်ခြင်းမှာ နောက်ဆုံးတော့ လက်လှမ်းမမီနိုင်သော အိမ်မက်တစ်ခု မဟုတ်တော့ချေ။

လီနျန်သည် အပ်ချုပ်သမားအချို့နှင့်အတူ ရေခဲလက်မှတ် အမြောက်အမြားကို ပြုလုပ်ကာ အိမ်ထောင်စုတစ်စုချင်းစီသို့ လိုက်လံဝေငှပေးခဲ့သည်။ ရွာသူရွာသားများသည် ဤလက်မှတ်များဖြင့် ရေခဲများကို သွားရောက်ထုတ်ယူနိုင်ကြသည်။

ဟွာကျွင်းသည် ရေခဲအချို့ကို ပို၍ဝယ်ယူကာ လုမိသားစုအိမ်တော်ထံ ပို့ဆောင်ခိုင်းခဲ့သည်။ စစ်သူကြီးလု၏ အိမ်တော်တွင်လည်း ရေခဲသိုလှောင်ခန်း ရှိသော်လည်း သူတို့ရေခဲက ဟွာကျွင်း၏ ရေခဲကို မည်သို့ ယှဉ်နိုင်ပါ့မည်နည်း။

ပြင်းထန်လှသော နွေရာသီကြီးကတော့ အချိန်မှန်စွာ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ နေ့စဉ်နေ့တိုင်း ဟွာကျွင်း ဆိုင်ဖွင့်လိုက်သည့်အခါ ကြားရအများဆုံး စကားများမှာ မြစ်ရေများ ခမ်းခြောက်ကုန်ပြီ သို့မဟုတ် ရေတွင်းများထဲတွင် ရေမထွက်တော့ဘူး စသည့် အကြောင်းအရာများသာ ဖြစ်သည်။

အကင်ဆိုင်များတွင်လည်း ဧည့်သည်များ တဖြည်းဖြည်း မရှိတော့သဖြင့် ဟွာကျွင်းသည် ဆိုင်အားလုံးကို ပိတ်လိုက်ပြီး လူတိုင်းကို အနားယူခိုင်းလိုက်တော့သည်။

သူမသည် လူတိုင်းကို လစာပုံမှန်အတိုင်း ပေးချေနေဆဲဖြစ်သော်လည်း သူတို့က အားနာကြသဖြင့် နေ့စဉ် လူနေမှုစရိတ်အတွက် လုံလောက်ရုံမျှသာဖြစ်သော လစာ၏ ထက်ဝက်ကိုသာ လက်ခံခဲ့ကြသည်။

တဖြည်းဖြည်းနှင့် မုန့်ဆိုင်သို့ လာရောက်သူပင် မရှိတော့ချေ။ ရာသီဥတုက အလွန်ပူပြင်းလှသဖြင့် ညဘက် အပြင်ထွက်ခြင်းကပင် ဒုက္ခတစ်ခုကဲ့သို့ ဖြစ်နေတော့၏။

ထို့ကြောင့် ညနေပိုင်းအချိန်များတွင် ဟွာကျွင်းနှင့် သူမ သူငယ်ချင်းများသည် မုန့်ဆိုင်ထဲတွင် ဖဲကစားရင်း လက်ဖက်ရည် သောက်ရင်းဖြင့်သာ အချိန်ကုန်ကြသည်။ လေအေးပေးစက်နှင့် အအေး များ ရှိနေသဖြင့် သူတို့၏ ဘဝမှာ အလွန် သက်တောင့်သက်သာ ရှိလှသည်။

“အား၊ အလုပ်မလုပ်ရတဲ့ ရက်တွေက တကယ့်ကို ဇိမ်ကျလွန်းတာပဲဗျာ။ သောင်းဂဏန်းက ရှစ်ချပ်”

မော့ချွမ်းသည် ကုလားထိုင်ကို မှီလိုက်ရင်း သမ်းဝေကာ ဖဲချပ်တစ်ခုကို ပေါ့ပေါ့ပါးပါးပင် ချလိုက်သည်။

“ကျွန်မ ပေါက်ပြီ။ အရောင်တူ တစ်မျိုးတည်း၊ စုံတွဲ၊ သောင်းဂဏန်းက ရှစ်ချပ်ကို စောင့်နေတာ၊ ဟားဟားဟားဟား၊ မော့ချွမ်း ကျေးဇူးပဲနော်”

ဟွာကျွင်း အားရပါးရ ထအော်ရယ်မောလိုက်ပြီး သူ့ထံမှ ငွေတောင်းရန် လက်ဟန်ပြဖို့လည်း မမေ့ခဲ့ချေ။

“ဘာ”

မော့ချွမ်း မျက်လုံးပြူးသွားကာ မေးတော့သည်။

“ဒါ... ဒါက ငွေဘယ်လောက်တောင် ရှိလို့လဲ...”

“ကြေးပြား တစ်ရာ့နှစ်ဆယ်”

လီနျန် အမြန်ဆုံး တွက်ချက်ပေးလိုက်သည်။

“ကျွန်တော် ဆက်မကစားတော့ဘူး”

မော့ချွမ်းသည် အံဆွဲထဲက ငွေအားလုံးကို သွန်ချလိုက်ရာ ကြေးပြား ရှစ်ဆယ်ခန့်သာ ရှိသဖြင့် အားလုံးကို ဟွာကျွင်းထံသို့ ပေးအပ်လိုက်၏။

“ဒီည ကျွန်တော်တစ်ယောက်တည်းပဲ ရှုံးနေတာ၊ ကံဆိုးလိုက်တာ”

ဒေါ်လေးပန်း နောက်ထပ် ထွက်လာမည့် ဖဲချပ်ကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် စားပွဲကို ရိုက်လိုက်ရင်း ညည်းတွားလိုက်၏။

“အို... မင်းသာ သောင်းဂဏန်းက ရှစ်ချပ်ကို မချခဲ့ရင် ငါ့ဘာသာ ဆွဲယူပြီး ပေါက်မှာ”

မုန့်ဆိုင်၏ အခြားတစ်ဖက် ထောင့်တွင် အားမောက်သည် အကင်စင်အသေးလေးတစ်ခုဖြင့် အကင်များကို ကင်နေသည်။ သူ လှည့်ကြည့်ရင်း ပြုံးလျက် ပြောလိုက်၏။

“ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေကို ထားလိုက်တော့။အချိန်ကိုက်ပဲ ကျွန်တော်တို့ စားလို့ရပြီ”

လီနျန်သည် မာဂျောက်များကို အမြန်ဆုံး သိမ်းဆည်းလိုက်သည်။ မော့ချွမ်း စားပွဲ သုံးလုံးကို ပူးပေါင်း၍ စားပွဲအရှည်ကြီးတစ်ခု ပြုလုပ်လိုက်ရာအားမန်နှင့် ဟွာရှန့်တို့သည် မီးဖိုချောင်ထဲမှ ဟင်းပွဲများကို ဗန်းဖြင့် သယ်ဆောင်၍ ထွက်လာကြသည်။

“ခေါက်ဆွဲလည်း အဆင်သင့် ဖြစ်ပြီ”

ဟွာရှန့် ပြောရင်း မော့ချွမ်းကို လှမ်းခေါ်လိုက်၏။

“အစ်ကိုမော့ချွမ်း လာပြီး ဟင်းပွဲတွေ ကူသယ်ပေးပါဦး”

မော့ချွမ်းသည် ဟွာရှန့်၏ နောက်ကွယ်မှ မီးဖိုချောင်ထဲသို့ လိုက်ပါသွားသည်။ သူသည် အနောက်ကို ခိုးကြောင်ခိုးဝှက် လှည့်ကြည့်လိုက်ရာ မည်သူမျှ သူ့ကို သတိမထားမိသည်ကို တွေ့ရသဖြင့် ကိုယ်ကို ကိုင်းကာ သူမကို တိုးတိုးလေး ရန်တွေ့တော့၏။

“မင်းပဲ အနီရောင် ဝတ်ဆင်ထားရင် ငွေနိုင်မှာ သေချာတယ်ဆို။ ငါ ဒီနေ့လည်း ရှုံးနေတုန်းပဲ။ ပိုတောင် ဆိုးသေးတယ်”

ဟွာရှန့် မော့ချွမ်းကို ထူးဆန်းသလို ကြည့်လိုက်၏။ သူသည် ပုံမှန်အတိုင်း အနက်ရောင် အင်္ကျီနှင့် ဘောင်းဘီကိုသာ ဆင်ယင်ထားခြင်း ဖြစ်သည်။

“အစ်ကို ဘယ်နေရာမှာ အနီရောင် ဝတ်ထားလို့လဲ”

“ခြေအိတ်လေ”

မော့ချွမ်းက ခြေထောက်ကို မပြလိုက်ရာ အနီရောင် ခြေအိတ်တစ်ပိုင်း ပေါ်လာတော့သည်။

ဟွာရှန့်

“မမဟွာကျွင်းက အနီရောင် ဂါဝန်ကို ဝတ်ထားတာ။ လီနျန်က အနီရောင် နားကပ်ကို ပန်ထားတယ်။ အင်္ကျီအိတ်ထဲမှာ အနီရောင် လက်ကိုင်ပုဝါ ဆောင်ထားတာ။ ပြီးတော့ ဒေါ်လေးပန်းကလည်း ခေါင်းမှာ အနီရောင် ပန်းပွင့်အကြီးကြီး ပန်ထားတာလေ”

မော့ချွမ်း အနောက်ကို လှည့်ကြည့်လိုက်ရာ သေချာပေါက်ပင် သူမပြောသည့်အတိုင်း ဖြစ်နေတော့၏။

“တကယ့်ကို ရက်စက်ကြတာပဲ၊ တစ်ယောက်ချင်းစီက ငါ့ထက် သာအောင် လုပ်ထားကြတာကိုး”

သူ အံကြိတ်လိုက်မိသည်။

“အဆင်ပြေပါတယ်”

ဟွာရှန့် သူ့ကို နှစ်သိမ့်ပေးလိုက်၏။

“မနက်ဖြန်ကျရင် တစ်ကိုယ်လုံး အနီရောင် ဝတ်လိုက်။ ဒါဆိုရင် ငွေနိုင်မှာ သေချာတယ်”

မော့ချွမ်း ခဏမျှ တွေးတောလိုက်ပြီးနောက် ငြင်းပယ်လိုက်သည်။

“ငါ မာဂျောက် ကစားတာကို ရပ်လိုက်ပြီ။ ကျေးဇူးပဲ”

မုန့်ဆိုင်အတွင်း၌ စားပွဲအကြီးကြီး နှစ်လုံး ရှိပြီး စားပွဲတစ်ခုချင်းစီပေါ်တွင် တူညီသော အစားအသောက်များကို ပြင်ဆင်ထားသည်။

အကင်နှင့် ခေါက်ဆွဲများအပြင် ဟင်းလျာအချို့လည်း ပါဝင်သည်။

ဝက်သားအစပ်ကြော်၊ ခရမ်းချဉ်သီး ကြက်ဥကြော်၊ ရှာလကာရည်ဂေါ်ဖီထုပ်ကြော်၊ ငါးပေါင်း၊ ကြက်သားစပ်ကြော်၊ ပုစွန်ဆီပြန်ကြော်၊ သခွားသီးသုပ်နှင့် ပြောင်းဖူးဝက်နံရိုးဟင်းချို တို့ ဖြစ်ကြသည်။

“လူစုံပြီလား”

ဟွာကျွင်း ပတ်ပတ်လည်ကို ဝေ့ကြည့်ရင်း မေးမြန်းလိုက်၏။

“လူစုံပါပြီ”

ဟွာရှန့် ပြောလိုက်သည်။

“အဘိုးကျိုင်နဲ့ ရွာလူကြီးက အပေါ်ထပ်မှာ ရှိနေတာ။ သမီး သွားခေါ်လိုက်မယ်”

လူတိုင်း ထိုင်လိုက်ကြသည်။ သူတို့ရှေ့ရှိ ဟင်းပွဲများသည် အရောင်အသွေး စုံလင်လှပြီး မွှေးပျံ့ကာ အရသာရှိလှပုံရသော်လည်း မည်သူမျှ တူကို ကမန်းကတန်း မကိုင်ကြသေးချေ။

အဘိုးကျိုင်သည် ပဲနို့ခွက်ကို မြှောက်ကာ လူတိုင်းကို လှမ်းကြည့်ရင်း ဖြည်းညှင်းစွာ စကားဆိုလာ၏။

“ဒီနေ့ ကျွန်တော်တို့ ဒီလို အရသာရှိတဲ့ အစားအစာတွေကို ဘေးကင်းကင်းနဲ့ သုံးဆောင်နိုင်ပြီး သဘာဝဘေးအန္တရာယ်တွေရဲ့ ဒဏ်ကိုလည်း မခံရတာဟာ အားလုံးပဲ သူဌေးမဟွာရဲ့ ကာကွယ်စောင့်ရှောက်မှုကြောင့် ဖြစ်ပါတယ်”

သူကခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောသည်။

“ကျွန်တော်တို့ ဝိုင်အစား ပဲနို့ကို သုံးပြီး သူဌေးမဟွာကို ဂုဏ်ပြုကြရအောင်”

အခန်း (၂၈၀)

ရေခဲသိုလှောင်ခန်း ဖွင့်လှစ်ခြင်း

အဘိုးကျိုင်၏ စကားသည် လူတိုင်း ရင်ထဲသို့ တိုးဝင်သွားခဲ့သည်။ သူတို့သည် နေ့စဉ်နေ့တိုင်း တွေ့ဆုံနေကြသော်လည်း ဟွာကျွင်းကို ရင်ထဲမှ ကျေးဇူးတရားများကို တရားဝင် ဖော်ထုတ်ပြောပြရန် အခွင့်အရေး မရှိခဲ့ကြချေ။

မုန့်ဆိုင်အတွင်းရှိ လူအားလုံး မတ်တတ်ထရပ်လိုက်ကြပြီး ပဲနို့ခွက်များကို မြှောက်ကာ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။

“သူဌေးမဟွာကို ဂုဏ်ပြုပါတယ်”

ဟွာကျွင်းသည် အနည်းငယ် အားနာသွားရပြီး ပြုံးလျက် မတ်တတ်ရပ်ကာ ပြန်ပြောလိုက်သည်။

“ကျွန်မလည်း လူတိုင်းကို ကျေးဇူးတင်ပါတယ်။ ရွာရဲ့ တိုးတက်ပြောင်းလဲမှုဟာ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ မကင်းနိုင်ပါဘူး”

“အစပိုင်း ပန်းထိုးအလုပ်ရုံလေးကနေ အခု တည်းခိုခန်းကြီးအထိ ဖြစ်လာမယ်လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ အချုပ်အားဖြင့်တော့ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ ကျွန်မနဲ့အတူ ရှိပေးခဲ့ကြတဲ့အတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်”

စကားပြောပြီးနောက် သူတို့အားလုံးသည် ခေါင်းကိုမော့ကာ ခွက်ထဲရှိ ပဲနို့များကို အကုန်သောက်ချလိုက်ကြသည်။

“ကဲ အားလုံးပဲ အမြန်စားကြပါဦး။ ဟင်းတွေ အေးကုန်တော့မယ်”

ဟွာကျွင်း ပြုံးလျက် လူတိုင်းကို ပြန်ထိုင်ရန် လက်ဟန်ပြလိုက်သည်။

သူတို့ တူများကို ကိုင်ရန် ပြင်လိုက်စဉ်မှာပင် ဆိုင်တံခါးကို လာရောက်ခေါက်သည့် အသံကို ကြားလိုက်ရသည်။

မော့ချွမ်း

“ကျွန်တော် သွားကြည့်လိုက်မယ်”

ထို့နောက် မော့ချွမ်း ထသွား၏။

ဆိုင်အပြင်ဘက်တွင် လူဆယ်ယောက်ခန့် ရပ်နေကြပြီး သူတို့ကို နှုတ်ခမ်းများ ခြောက်သွေ့ကာ ပိန်ချုံးနေသော အဘိုးအိုတစ်ဦး ဦးဆောင်ထားသည်။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ထိုအဘိုးအိုသည် ဆိုင်ထဲမှ ပျံ့လွင့်လာသော လေအေးပေးစက်၏ အအေးဓာတ်ကို ခံစားလိုက်ရသဖြင့် နေရာမှန်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်တော့၏။

သူသည် ချက်ချင်းပင် ဒူးထောက်ချလိုက်၏။

သူ့အနောက်က လူဆယ်ယောက်ကျော်မှာလည်း ထိုနည်းတူ ဒူးထောက်ချလိုက်ကြသည်။

ထိုအဘိုးအို မျက်ရည်စက်လက်ဖြင့် ငိုယိုတောင်းပန်တော့၏။

“အသက်ကယ်ပါဦး သူဌေးမဟွာရယ်။ ကျွန်တော်တို့ကို ကယ်တင်ပေးပါဦး”

ဒေါ်လေးပန်း

“အို ဒါ မြောက်ဘက်က ကျူးလင်းရွာရဲ့ ရွာလူကြီးဟူ မဟုတ်လား”

“အားလုံးပဲ ထကြပါဦး”

ဟွာကျွင်း အနားသို့ အလျင်အမြန် လျှောက်သွားပြီး ရွာလူကြီးဟူကို တွဲထူပေးလိုက်သည်။

“ကျွန်မ ဘာများ ကူညီပေးရမလဲ”

ရွာလူကြီးဟူ၏ တုန်ရင်နေသော လက်ထဲတွင် ကြေးပြားအချို့ကို ကိုင်ဆောင်ထားရင်း ပြော၏။

“သူဌေးမဟွာရယ်... ကျွန်တော်တို့ကို ရေနည်းနည်းလောက် ချေးပေးပါ။ ကျွန်တော်တို့ တကယ် ဆက်ပြီး မတောင့်ခံနိုင်တော့လို့ပါ”

“အခု ရာသီဥတုက အရမ်း ပူပြင်းလွန်းတယ်။ ကျွန်တော်တို့ ကျူးလင်းရွာက မြေနိမ့်ပိုင်းမှာ ရှိတာ။ မိုးမရွာတာလည်း လေးဆယ့်ကိုးရက် ရှိသွားပြီ။ မြစ်ရေက ခမ်းခြောက်သွားတာ ကြာပါပြီ၊ ဒီမနက်စောပိုင်းမှာတော့ ရွာထဲက နောက်ဆုံးကျန်တဲ့ ရေတွင်းပါ ခမ်းခြောက်သွားခဲ့ရတယ်။”

ထိုအဘိုးအိုသည် ရုတ်တရက် ခြေလှမ်းများ ယိုင်နဲ့သွားကာ ထပ်မံ ဒူးထောက်လိုက်ပြန်၏။

“ဒီခုနစ်ရက်အတွင်းမှာတင် လူသုံးယောက်ကတော့ အပူဒဏ်ကြောင့် တကယ့်ကို သေဆုံးသွားခဲ့ရပြီ။ ဒီနေ့... ဒီနေ့သာ ခင်ဗျားတို့ရွာက စိတ်ကောင်းရှိတဲ့ လူတွေက ကျွန်တော့်မြေးချွေးမကို ရေကြည်အိတ်တစ်ဝက်လောက် မပေးခဲ့ရင် ဒီနေ့ ရွာထဲမှာ အုတ်ဂူအသစ်တစ်ခု ထပ်တိုးဦးမှာ”

ဤစကားကို ပြောနေစဉ်မှာပင် သူ့အနောက်က လူအုပ်ကြီးကြားထဲမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမမှာ ရွာလူကြီးဟူ၏ မြေးချွေးမ ဖြစ်ပေလိမ့်မည်။

သူမသည် ရွာလူကြီးဟူ၏ ဘေးတွင် ခက်ခက်ခဲခဲ ဒူးထောက်လိုက်ပြီး ငိုယိုကာ ဦးချကန်တော့တော့၏။

လီနျန်သည် ဤမြင်ကွင်းကို မကြည့်ရက်သဖြင့် သူမကို အလျင်အမြန် တွဲထူပေးလိုက်ပြီး ညင်သာစွာ နှစ်သိမ့်ပေးသည်။

ရွာလူကြီးဟူ၏ မျက်ရည်စက်လက်ဖြင့် အပြင်ဘက်က ကြေကွဲစရာ အခြေအနေများကို နားထောင်ပြီးနောက် ဆိုင်ထဲရှိ လူတိုင်းမှာ သူတို့အတိတ်ဘဝများကို ပြန်လည်သတိရမိကာ သူတို့အဖြစ်ဆိုးအတွက် သနားဂရုဏာ သက်မိကြတော့သည်။

“ဒါကတော့ တစ်ရွာလုံးက ရှိစုမဲ့စု စုဆောင်းပေးလိုက်တဲ့ ငွေလေးပါ...”

ရွာလူကြီးဟူ ကြေးပြားများကို မုန့်ဆိုင်၏ လှေကားထစ်ပေါ်တွင် တင်လိုက်၏။

“ကျွန်တော်တို့ ဒီကာလကို ဖြတ်သန်းနိုင်ဖို့အတွက် သူဌေးမဟွာက ရေနည်းနည်း ချီးပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်”

ဟွာကျွင်းသည် မိုးခေါင်ရေရှားမှုဒဏ်က ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။ သူမ ကောက်ချန်ကို လှည့်မေးလိုက်၏။

“ကျွန်မတို့ရွာက ရေတွင်းတွေကကော ရေထွက်သေးရဲ့လား”

ကောက်ချန် ခေါင်းညိတ်ပြ၏။

“အခုအထိတော့ ရေတွင်းတစ်တွင်းပဲ ခမ်းခြောက်သွားသေးတာပါ”

မာဟွေး

“ရွာကို စတင်တည်ဆောက်တုန်းက ရွာထဲမှာ ရေကြော ရှာတာ အရမ်းကျွမ်းကျင်တဲ့ အဘိုးတစ်ယောက် ရှိခဲ့ဖူးတယ်။ ရွာထဲက ရေတွင်းတိုင်းကို သူကိုယ်တိုင် သေသေချာချာ ရွေးချယ်ပေးခဲ့တာလေ”

ဟွာကျွင်းက ရွာလူကြီးဟူကို ပြောလိုက်၏။

“ချေးနေစရာ မလိုပါဘူး။ ရှင့်လူတွေကို ခေါ်ပြီးတော့ ရွာအနောက်ဘက်အစွန်က ရေတွင်းမှာ သွားခပ်ယူကြပါ”

ရွာလူကြီးဟူသည် ဟွာကျွင်းကို ကျေးဇူးတင်ရှိစွာ စိုက်ကြည့်နေသော်လည်း သူ ဘာမှမပြောရသေးမီမှာပင် သူ့အနောက်ဘက်မှ ဝုန်းခနဲ လဲကျသံတစ်ခုကို ကြားလိုက်ရသည်။

အမျိုးသမီးတစ်ဦးသည် မြေပြင်ပေါ်သို့ သတိလစ်ကာ လဲကျသွားခဲ့ခြင်း ဖြစ်၏။

ဟွာကျွင်း ထိတ်လန့်သွားကာ အနောက်ဘက်သို့ အလျင်အမြန် အော်ခေါ်လိုက်သည်။

“သမားတော်ဆွန်း”

သမားတော်ဆွန်းသည် အပြေးအလွှား ထွက်လာ၏။ သူက ထိုအမျိုးသမီးကို တွဲထူကာ စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ရေနည်းနည်းတိုက်လိုက်ရင် အဆင်ပြေသွားမှာပါ”

ဟွာကျွင်းသည် ရွာလူကြီးဟူ၏ အနောက်က ကျူးလင်းရွာသားများကို ကြည့်လိုက်မိ၏။ သူတို့မျက်ဝန်းများမှာ အရောင်အဝါ ကင်းမဲ့နေပြီး နှုတ်ခမ်းများမှာလည်း ကွဲအက်နေကြသည်။ ၎င်းမှာ လီနျန်နှင့် အခြားလူများ ဤနေရာသို့ စတင်ရောက်ရှိလာစဉ်က ပုံစံနှင့် ဘာမှမခြားနားချေ။

သူမ ရင်ထဲတွင် သနားစရာ ကောင်းလှသည်ဟု ခံစားမိသဖြင့် ပြောလိုက်သည်။

“အားလုံးပဲ ရေခပ်ဖို့အတွက် မလောကြပါနဲ့ဦး။ ဒီကိုလာပြီးတော့ ရေအရင်သောက်ကြပါဦး”

မော့ချွမ်းနှင့် ဟွာရှန့်တို့သည် ပန်းကန်များကို ယူဆောင်လာကာ ရေကြည်များကို အပြည့်ထည့်၍ လူတိုင်းထံသို့ လိုက်လံကမ်းပေးလိုက်ကြ၏။

ကျူးလင်းရွာသားများသည် ပန်းကန်ထဲက ရေကြည်များကို စိုက်ကြည့်နေကြပြီး သူတို့သစ်ကိုင်းခြောက်ကဲ့သို့ ပိန်လှီနေသော လက်များမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ရင်နေကြသည်။ သို့သော်လည်း ရေတစ်စက်မျှ ဖိတ်စင်သွားမှာ စိုးရိမ်သဖြင့် ပန်းကန်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကြ၏။

သူတို့သည် ခေါင်းကိုမော့ကာ ရေများကို အကုန်သောက်ချလိုက်ကြပြီးနောက် ဗလာဖြစ်သွားသော ပန်းကန်များကို ခေါင်းပေါ်သို့ မြှောက်ကာ မြေပြင်ပေါ်သို့ အားရပါးရ ဒူးထောက်ချလိုက်ကြပြန်သည်။

ထိုလူဆယ်ကျော်ခန့်သည် မြေပြင်ပေါ်တွင် ဝပ်စင်းလျက် ရှိုက်ကြီးတငင် ငိုကြွေးသံများ ထွက်ပေါ်လာတော့၏။

မာဟွေး

“မနက်ဖြန်ကျရင် ကျွန်တော်တို့ရွာက ရေကြောရှာတဲ့လူကို ကျူးလင်းရွာဆီ လိုက်သွားခိုင်းပြီး အခြေအနေကို ကြည့်ခိုင်းလိုက်မယ်ဗျာ။ ဖြစ်နိုင်ရင် အဲဒီမှာ ရေတွင်းအသစ် နည်းနည်းလောက် ထပ်တူးပေးတာပေါ့”

ဤနေရာကနေ ရေလာရောက်ငှားရမ်း သုံးစွဲနေခြင်းက ရေရှည်အတွက် အဖြေတစ်ခု မဟုတ်ပေ။

ဟွာကျွင်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။ ရွာလူကြီးဟူသည် အကြိမ်ကြိမ် ဦးညွှတ်ကျေးဇူးတင်စကား ပြောကြားပြီးနောက်မှ ရွာသူရွာသားများကို ဦးဆောင်ကာ ရေခပ်ရန် ထွက်ခွာသွားတော့သည်။

မုန့်ဆိုင်အတွင်းရှိ လူအများစုမှာလည်း ဟွာကျွင်း၏ ကူညီစောင့်ရှောက်မှုကို ခံခဲ့ရသူများဖြစ်ရာ ပြင်ပက ကြေကွဲစရာ အခြေအနေများကို တွေးတောမိပြီး လူတိုင်း စိတ်မကောင်း ဖြစ်နေကြသည်။

ကျန်းကျန်း၊ ကျူးကျူးနှင့် အခြားသော မိန်းကလေးများမှာမူ မျက်ရည်များ ဝဲလျက် ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ သုတ်နေကြတော့သည်။

မော့ချွမ်းသည် ဆိုင်တံခါးကို ပိတ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အံ့သြတကြီး အော်ဟစ်လိုက်၏။

“ဒါတွေက ဘာတွေလဲ။ ဟို ကျူးလင်းရွာက လူတွေ ထားခဲ့တာလား”

ထိုအခါမှ ဟွာကျွင်းသည် မုန့်ဆိုင်တံခါးအပြင်ဘက် မြေပြင်ပေါ်တွင် သေသေချာချာ စီရီချထားသော ပစ္စည်းအမြောက်အမြားကို သတိပြုမိတော့သည်။

မော့ချွမ်း ကိုယ်ကိုကိုင်းကာ သေသေချာချာ စစ်ဆေးကြည့်၏။

“သံပန်းကန်ပြားတွေ၊ တံစဉ်တွေ၊ နောက်လွယ်ခြင်းတောင်းတွေ၊ ဆန်အိုးအလွတ်တွေ... ပြီးတော့ ဟို ကြေးပြားတွဲပါလား”

“ဒါတွေအားလုံးကို သိမ်းထားလိုက်ပါ”

ဟွာကျွင်းက ဟောင်းနွမ်း၍ ရွှံ့ခြောက်များ ပေကျံနေဆဲဖြစ်သော လယ်ယာသုံးကိရိယာများကို ကြည့်ကာ ပြောလိုက်သည်။ “ဒါတွေက သူတို့အိမ်မှာ တန်ဖိုးအရှိဆုံး ပစ္စည်းတွေ ဖြစ်မှာပေါ့”

ဟွာကျွင်းသည် ပြတိုက် ထဲတွင် အခန်းအလွတ်တစ်ခု ကျန်ရှိနေသေးသည်ကို ရုတ်တရက် သတိရမိလိုက်၏။ ဤလယ်ယာသုံး ကိရိယာများမှာ ထိုအခန်းအတွက် တကယ့်ကို အဆင်ပြေလှပေသည်။

ပြတိုက်ဆိုသည်မှာ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများသာမက သာမန်ပြည်သူများ အသက်မွေးဝမ်းကျောင်းအတွက် အမှီပြုရသော ပစ္စည်းများကိုလည်း ထည့်သွင်းပြသထားသင့်၏။

ဟွာကျွင်း

“ဒီလို အခြေအနေမျိုးမှာ တော်ဝင်နန်းတော်ကကော ဘယ်လို ကယ်ဆယ်ရေး နည်းလမ်းတွေ ပြုလုပ်ပေးထားလဲ”

ကောက်ချန်

“တော်ဝင်နန်းတော်ကတော့ ကျီတွေကို ဖွင့်ပေးထားပြီး အခွန် (၃၀) ရာခိုင်နှုန်းကို လျှော့ချပေးထားတယ်။ စစ်သူကြီးလုကတော့ အိမ်တော်တံခါးရှေ့မှာ ရေခဲမဏ္ဍပ်တစ်ခု ဆောက်ထားပြီး နေ့တိုင်း စစ်ရှီအချိန် (နံနက် ၉ နာရီမှ ၁၁ နာရီ)မှာ ပြည်သူတွေကို ရေခဲတုံးတွေ လိုက်လံဝေငှပေးနေပါတယ်”

“ကျွန်မတို့လည်း တစ်ခုခု လုပ်ကြရအောင်”

ဟွာကျွင်းပြောလိုက်သည်။

“ကျွန်မတို့ရေခဲသိုလှောင်ခန်းက အတော်လေး ကြီးတယ်။ အပြည့်ဖြည့်ထားရင် တစ်ရွာလုံးကို ခွဲတမ်းနဲ့ လဝက်လောက် သုံးစွဲနိုင်တယ်။ ကျွန်မတို့လည်း ရွာအဝင်ဝမှာ ရေခဲမဏ္ဍပ်တစ်ခု ဆောက်ပြီးတော့ လမ်းသွားလမ်းလာတွေကို နေ့တိုင်း ရေခဲတုံးတွေ လိုက်လံဝေငှပေးကြတာပေါ့”

သူမ မော့ချွမ်းကို တစ်ချက်လှမ်းကြည့်လိုက်ရင်း ပြောလိုက်၏။

“ညဘက်ကျရင် ကျွန်မ လူတိုင်းကို ရေခဲသိုလှောင်ခန်းထဲ ရေခဲတွေ ပြန်ဖြည့်ဖို့ ကူညီပေးပါ့မယ်”

လုမင်လီက မြို့တွင်းပိုင်းကို တာဝန်ယူထားလျှင် သူမက မြို့ပြင်ဘက်ကို တာဝန်ယူစောင့်ရှောက်ပေးမည်။

ဤစိတ်ကူးကို လူတိုင်းက ထောက်ခံအားပေးကြ၏။ လီနျန် ပြောလိုက်သည်။

“ကျွန်မကတော့ မွေးရာပါ ကိုယ်ခန္ဓာ အအေးဓာတ်ရှိလို့ အပူဒဏ်ကို သိပ်မကြောက်ပါဘူး။ ဒါကြောင့် ကျွန်မက အသင့်တော်ဆုံးပါပဲ”

အာချင်းကလည်း ဝင်ပြော၏။

“ကျွန်တော်က လူငယ်ပဲ။ ကျွန်တော့်ကိုလည်း ထည့်လိုက်ပါဦး”

မော့ချွမ်းတစ်ယောက်သာလျှင် သူမ ရည်မှန်းချက်မရှိသော ပုံစံကို ကြည့်ကာ စိတ်ဆိုးမာန်ဆိုး ဖြစ်နေတော့သည်။ သူ ဟွာကျွင်းကို လက်ညှိုးထိုးပြရင်း ကန့်ကွက်၏။

“ခင်ဗျား ဆိုင်ဖွင့်ထားတဲ့သူဆိုတာကို မမေ့နဲ့ဦး။ ဘာလို့ အမြဲတမ်း ပရဟိတတွေပဲ လိုက်လုပ်နေရတာလဲ။ သေသေချာချာ မသိတဲ့လူဆိုရင် ဒီရေခဲတွေက ကောင်းကင်ကနေ အလကား ပြုတ်ကျလာတယ်လို့ ထင်နေကြဦးမယ်”

“ဘာမှမဖြစ်ပါဘူး”

ဟွာကျွင်း ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်ရင်း ပြော၏။

“ကျွန်မအတွက် ရေခဲသိုလှောင်ခန်းထဲမှာ နေရာနည်းနည်းလောက် ချန်ထားပေးပါ။ မနက်ဖြန်ကျရင် ကျွန်မတို့ အဲဒီထဲမှာ ရေခဲချောင်း သေတ္တာအချို့ ထည့်ထားပြီး သူဌေးတွေကို စျေးကြီးကြီးနဲ့ ပြန်ရောင်းကြတာပေါ့။ အဲဒါဆိုရင် ငွေတွေက အလိုလို ရောက်လာမှာ မဟုတ်ဘူးလား”

သူတို့ ဆုံးဖြတ်ချက်ချပြီးသည်နှင့် နေ့စဉ် လိုအပ်မည့် ရေခဲပမာဏကို သေသေချာချာ စီမံကိန်းချလိုက်ကြပြီး မုန့်ဆိုင်အတွင်းရှိ ရှိသမျှ ရေခဲချောင်းအားလုံးကို ရေခဲသိုလှောင်ခန်းထဲသို့ သယ်ဆောင်ရွှေ့ပြောင်းလိုက်ကြတော့သည်။

သို့သော်လည်း ရေခဲချောင်းများကို မည်သို့ ရောင်းချမည်နည်းဟူသည်မှာ ပြဿနာတစ်ခု ဖြစ်လာ၏။

အကယ်၍ ယခင်ကဆိုလျှင် မုန့်ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားရုံမျှဖြင့် မိနစ်ပိုင်းအတွင်း အကုန်ရောင်းထွက်သွားမည်ဖြစ်ရာ ဤကဲ့သို့သော ကိစ္စများကို စိုးရိမ်နေစရာ မလိုပေ။

သို့သော် ယခုရာသီဥတုက အလွန်ပူပြင်းလှသဖြင့် မည်သူမျှ ရေခဲမုန့်စားရန်အတွက် မြို့ပြင်ဘက်အထိ ဝေးဝေးလံလံ လာချင်ကြတော့မည်မဟုတ်ချေ။

ဟူကျစ် စိတ်ကူးတစ်ခု ရသွား၏။

“ဘာပဲဖြစ်ဖြစ် အခု ကျောင်းကလည်း ပိတ်ထားတာပဲဟာ။ ကျွန်တော် ကျောင်းနေဖက် သူငယ်ချင်းအချို့ကို လှမ်းခေါ်လိုက်ပြီး နေ့တိုင်း မြို့ထဲကို ရေခဲချောင်းတွေ သွားရောက် ရောင်းချခိုင်းလိုက်မယ်လေ”

ဟွာကျွင်း ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“ဒီနည်းလမ်းပဲ ရှိတော့တာပဲ။ ဒါပေမဲ့ မင်းတို့ နေဝင်ပြီးမှပဲ သွားရောင်းရမယ်။ ပြီးတော့ ရောင်းရတဲ့ ရေခဲချောင်း တစ်ချောင်းချင်းစီအတွက် ကော်မရှင် (၅) ရာခိုင်နှုန်း ပေးမယ်”

ဟူကျစ်က သူ့ ရင်ဘတ်ကို ပုတ်ပြလိုက်ရင်း အာမခံလိုက်သည်။

“ဘာမှ ပြဿနာမရှိပါဘူး”

All Chapters