အခန်း (၁၂၃၁-၁၂၃၂)
Vol. 107 Ch. 1231-1232
အခန်း ၁၂၃၁
“ဟိုမျိုးနွယ်ခြားတွေကော။ သူတို့ရဲ့ နေရာချထားမှုနဲ့ တခြားကိစ္စအဝဝကို စီစဉ်ပြီးပြီလား။”
ရှောင်းယီက မေးလိုက်သည်။
“အားလုံး စီစဉ်ပြီးပါပြီ။ လောလောဆယ် သူတို့ရဲ့ မူလမျိုးနွယ်စုတွေရဲ့ ဗိသုကာလက်ရာနဲ့ အဆောက်အဦးပုံစံတွေကို ငါတို့ စစ်ဆေးတိုင်းတာနေပါတယ်။ အချိန်ကျလာရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုသုံးပြီး သူတို့ရဲ့ မျိုးနွယ်စုတွေကို ငါတို့ကျွန်းပေါ်မှာ တိုက်ရိုက် ပြန်လည်ပုံဖော်ပေးမှာပါ။”
“တကယ်လို့ ကျုပ်ရဲ့အကူအညီလိုတဲ့ ပြဿနာတစ်ခုခုရှိရင် ချက်ချင်းလာရှာလိုက်ပါ။”
“နားလည်ပါပြီ။”
အန်းယွဲ့ကို မှာစရာရှိသည်များ မှာကြားပြီးနောက် ရှောင်းယီသည် တာအိုကျမ်းစာကို အသေးစိတ် ဆက်လေ့လာရန် သူ့အိပ်ခန်းသို့ ပြန်လာခဲ့လိုက်သည်။
လူတစ်ယောက်သည် လေ့လာမှုတစ်ခုထဲတွင် အာရုံအပြည့်အဝ နစ်မြောနေသည့်အခါ အချိန်များ မသိမသာ ကုန်ဆုံးသွားတတ်စမြဲပင်။
“ကျွန်းပိုင်ရှင် ညစာစားဖို့ အောက်ဆင်းလာလို့ရပြီ။”
တံခါးအပြင်ဘက်မှ ဆုဝမ်၏အသံ ထွက်ပေါ်လာ၏။ ရှောင်းယီ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကောင်းကင်ကြီးက မှောင်ရီပျိုးနေပြီ ဖြစ်သည်။
“ကောင်းပြီ။ ငါ အခု ဆင်းလာခဲ့မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ ယီထျန်ဂရုချက်ကို စစ်ဆေးကြည့်လိုက်သည်။
“အဲ့ဒီချောင်ယန်နိုင်ငံက သူတို့ကိုယ်သူတို့ တကယ် အထင်ကြီးလွန်းနေတာပဲ။ ဒီလောက် အင်အားနည်းနည်းလေးနဲ့ ငါတို့ကိုလာတိုက်ရဲတယ်ပေါ့။ သူတို့ကိုယ်သူတို့ အရင်က ချောင်ယန်အင်ပါယာကြီးလို့ ထင်နေတုန်းပဲလား။”
“ငါတို့မဟာမိတ်အဖွဲ့နဲ့ တိုးတဲ့အဖွဲ့က လွတ်လပ်ခြင်းနိုင်ငံကလေ။ အရင်တုန်းကအတိုင်း သူတို့ရဲ့ ဗိုလ်ကျစိုးမိုးနေကျစရိုက်က အခုထိပါလာတုန်းပဲ။ ဒါပေမဲ့ ဒီကိုရောက်တော့လည်း သင်ခန်းစာ အကောင်းကောင်း အပေးခံလိုက်ရတာပဲ။”
“အတိအကျပဲ။ ဒါပေမဲ့ သူဌေးရဲ့အဖွဲ့က တကယ် အထင်ကြီးစရာပဲ။ သူတို့ဆီက ခေတ္တငှားရမ်းလိုက်ရုံနဲ့တင် တစ်ဖက်လူတွေကို သုံ့ပန်းအဖြစ် အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့တယ်။”
“ဟုတ်ပါ့...အဲ့ဒီအရှိန်နဲ့ဆိုရင် သူတို့မဟာမိတ်အဖွဲ့ကိုပါ တစ်ပါတည်း ပြန်တိုက်ခိုက်လို့ရတယ်။ အုတ်မြစ်ကျောက်တွေတောင် အများကြီး သိမ်းပိုက်နိုင်ဦးမယ်။”
“အဲ့ဒီ နိုင်ငံခြားမဟာမိတ်တွေကို ငါတို့ ဒီလောက်အလွယ်တကူ အနိုင်တိုက်နိုင်တာကို ကြည့်ပြီးတော့မှ လက်နက်အင်အား ကွာခြားချက်က ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းလဲဆိုတာ နောက်ဆုံးတော့ ငါနားလည်သွားပြီ။”
“အဲ့တာတော့ အမှန်ပဲ။ အရင်တုန်းက ရှားနိုင်ငံရဲ့ ဘိုးဘေးတွေကို ပြန်တွေးမိတယ်။ ရန်သူ့ထက် လက်နက်အင်အား အများကြီး နောက်ကျနေခဲ့ရင်တောင် သူတို့က အသက်တွေကို ပုံအောပြီး အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့ကြတယ်။ တကယ်ကို လေးစားဖို့ကောင်းတာပဲ။”
ရှောင်းယီ အောက်ထပ်သို့ ဆင်းလာချိန်၌ အားလုံး ထမင်းစားပွဲ၌ နေရာယူထားကြပြီးပြီ ဖြစ်သည်။
ယခုချိန်တွင် အရေးကြီးကိစ္စများမရှိသဖြင့် လူတိုင်း အတူတူထိုင်ကာ ထမင်းစားရင်း စကားစမြည် ပြောဆိုနေကြသည်။
“အစ်ကိုကျန်း အစ်ကို ငှားရမ်းပေးလိုက်တဲ့အဖွဲ့က ချီးမွမ်းသံတွေ တော်တော်ညံနေတယ်နော်။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့က ငှားလိုက်တဲ့အဖွဲ့က အနိုင်ချည်းပဲလို့ ကြားထားတယ်။”
ဒူခန်းကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ပြုံးလိုက်၏။
“ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲ။ အံ့သြနေစရာမလိုပါဘူး။”
“ဒီအတိုင်းဆိုရင်တော့ ငါတို့ ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းဧရိယာက နောက်ထပ် နှစ်ဆလောက် ထပ်တိုးလာတော့မှာပဲ။”
အန်းယွဲ့ကလည်း ဆိုသည်။
“ဒါကလည်း ကောင်းတာပါပဲ။ အရင်တုန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ သတိပေးချက်မှာ ကျွန်းဧရိယာက နောက်တစ်ဆင့်ရဲ့ အားသာချက်နဲ့ သက်ဆိုင်နေတယ်လို့ မပြောထားဘူးလား။”
ယွမ်နွန်က ပြောလိုက်သည်။
“ဒီလိုဆိုရင် ငါတို့ ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူတွေအတွက် ပိုပြီး အားသာချက်ရှိလာလိမ့်မယ်။”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ကာ ထောက်ခံလိုက်ကြသည်။
“ကျွန်းပိုင်ရှင် နောက်တစ်ဆင့်ရဲ့ စမ်းသပ်ချက်က ဘာဖြစ်မလဲလို့ ထင်လဲ။”
ဒူခန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ ရှောင်းယီက သက်ပြင်းချကာ ခေါင်းခါပြလိုက်၏။
“ငါလည်းမသိဘူး။”
“တခြားဂြိုဟ်တစ်ခုမှာ အစကနေ ပြန်စရတာမျိုး ဖြစ်နိုင်မလား။ ဒီကမ္လာရဲ့ ယဉ်ကျေးမှု အဆင့်အတန်းက ပထမအဆင့်တောင် ရှိသေးတာ မဟုတ်ဘူး။ အဲ့ဒီဂြိုဟ်ရဲ့ ယဉ်ကျေးမှုအဆင့်အတန်းက ပိုမြင့်လောက်တယ်။ နောက်တစ်ဆင့်က ပထမအဆင့် ယဉ်ကျေးမှုရှိတဲ့ ဂြိုဟ်ထဲကို ဝင်ရောက်ရတာမျိုး ဖြစ်နိုင်မလား။”
ဒူခန်းက လျှောက်တွေးနေပြန်သည်။
“မင်းက ငါတို့ အဆင့်တစ်ကနေ အဆင့်ကိုးအထိ တိုက်ခိုက်ပြီး ဂြိုဟ်ကိုးလုံးကို ဖြတ်ကျော်ရမယ်လို့ ပြောချင်တာလား။”
ကျန်းယွင်ထျန်းက ဆွံ့အစွာ ပြောလိုက်သည်။
“အဲ့ဒါလည်း မဖြစ်နိုင်တာတော့ မဟုတ်ဘူးလေ။”
ဒူခန်းက ပြန်ပြောပြီးနောက် ဆက်၍စိတ်ကူးယဉ်နေပြန်၏။
“ဒါမှမဟုတ်ရင် နောက်တစ်ဆင့်က သိုင်းလောကထဲကို ဝင်ရတာမျိုး၊ ဒါမှမဟုတ် ဓားနဲ့ မှော်ပညာကမ္ဘာထဲကို ဝင်ရတာမျိုးလည်း ဖြစ်နိုင်တာပဲ။”
“မင်း ဘာလို့ ရွှမ်းဟွမ်ကမ္ဘာထဲ ဝင်ရမယ်လို့ပါ တစ်ခါတည်း မပြောလိုက်တာလဲ။”
ကျန်းယွင်ထျန်းက မျက်လုံးလှန်ကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ တကယ် ရွှမ်းဟွမ်ကမ္ဘာကြီး ဖြစ်ရင်လည်း ဖြစ်နေနိုင်တာပဲ။ အရင်တုန်းက ကျွန်းပိုင်ရှင်ကို တိုက်ခိုက်ခဲ့တဲ့ အနက်ရောင်အလင်းတန်းနဲ့ ကျွန်းပိုင်ရှင်ကို ကာကွယ်ပေးခဲ့တဲ့ အဖြူရောင်အလင်းတန်းကို ကြည့်လိုက်ပါလား။ အဲ့ဒါ ဒိုချီ ဖြစ်နေရင် ဖြစ်နိုင်တာပဲလေ။”
ဒူခန်တစ်ယောက် စိတ်ကူးယဉ်ကမ္ဘာထဲတွင် လုံးဝ စီးမျောသွားခဲ့လေပြီ။
ရှောင်းယီသည် စိတ်ကူးယဉ်လွန်ကဲနေသည့် ဒူခန်းကို ဂရုမစိုက်တော့ဘဲ ထမင်းကိုသာ အာရုံစိုက်ကာ စားလိုက်တော့သည်။
“ကျွန်းပိုင်ရှင် ကျုပ်ပြောတာ ဖြစ်နိုင်တယ်လို့ ခင်ဗျား ထင်လား။”
ဒူခန်တစ်ယောက် ခဏကြာအောင် စိတ်ကူးယဉ်နေပြီးနောက် လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာကာ ရှောင်းယီကိုကြည့်ပြီး မေးလိုက်သည်။
“အာ... ဟုတ်တယ်၊ ဟုတ်တယ်။ မင်းပြောတာ အားလုံးမှန်တယ်။”
ရှောင်းယီက ချက်ချင်းပင် စက်ရုပ်ဆန်ဆန် ပြန်ဖြေလိုက်ပြီးနောက် ရှေ့ရှိ အစားအစာများကိုသာ ဆက်လက် စားသောက်နေလိုက်သည်။ ဒူခန်းတစ်ယောက် ဆွံ့အသွား၏။
“ကျွန်းပိုင်ရှင် ဒီထက်ပိုပြီး ဝတ်ကျေတန်းကျေ မပြောလို့မရဘူးလား။”
“ငါက ဝတ်ကျေတန်းကျေ ပြောနေလို့လား။”
ရှောင်းယီက ခဏရပ်လိုက်ပြီးနောက် ဒူခန်းကို တည်ကြည်လေးနက်စွာ ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
“မင်းပြောတာ တကယ်ကို ဖြစ်နိုင်ခြေအများကြီး ရှိတယ်။”
“တော်ပါပြီဗျာ။ ဒါက ကျုပ် လျှောက်တွေးနေရုံပဲ။ နောက်တစ်ဆင့်က ဘာလဲဆိုတာ ဘယ်သူသိမှာလဲ။”
ဒူခန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်ပြီးနောက် ထမင်းကိုသာ အာရုံစိုက်ကာ စားလိုက်တော့သည်။ ထိုစဉ် အန်းယွဲ့က တစ်ဖန် စကားစလာခဲ့ပြန်သည်။
“အခုတလော အခြေအနေတွေက အရမ်းအေးဆေးလွန်းနေတယ်လို့ ငါအမြဲ ခံစားနေရတယ်။ ဒီကမ္ဘာကြီးက နောက်ထပ် အကွက်ကြီးတစ်ခုခု ရွှေ့ဖို့ ပြင်ဆင်နေတာများဖြစ်နိုင်မလား။”
အပြင်ဘက်တွင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့တွင်မူ မည်သည့်လှုပ်ခတ်မှုမျှ မရှိသဖြင့် အန်းယွဲ့အတွက် အနည်းငယ် အသားမကျသလို ခံစားနေရခြင်း ဖြစ်သည်။
“ဦးလေးအန်...ဦးလေး အတွေးလွန်နေတာပါ။”
ကျန်းယွင်ထျနက ပြုံးကာ ပြောလိုက်သည်။
“တကယ်တော့ ကျုပ်တို့လည်း တိုက်ခိုက်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အင်အားက အရမ်းတောင့်တင်းလွန်းနေတော့ အဲ့ဒီတိုက်ခိုက်မှုတွေကို ကျုပ်တို့ သတိတောင်မထားမိလိုက်ခင်မှာတင် ဖြေရှင်းပြီးသား ဖြစ်သွားလို့ပါ။”
အန်းယွဲ့ အနည်းငယ် ကြောင်အမ်းသွား၏။ ကျန်းယွင်ထျန်က ဆက်ရှင်းပြလိုက်သည်။
“တခြားအရာတွေကိုတော့ ကျုပ်သိဘူး။ ကုန်းတွင်းပိုင်းဒေသခံတွေရဲ့ ကျူးကျော်မှုကိုပဲ ကြည့်လိုက်ပါ။ မနေ့မနက်ကနေ အခုအထိ ဒေသခံတွေ တိုက်ခိုက်တာ (၁၁) ကြိမ် ရှိခဲ့ပြီးပြီ။ အားလုံးက နေ့ခင်းဘက်တွေမှာတင် ဖြစ်ခဲ့တာ။ ပျမ်းမျှအားဖြင့် နှစ်နာရီခြားတစ်ခါလောက် ပေါ်လာတတ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီဒေသခံအဖွဲ့တွေရ ပင်လယ်ပြင်က ကျုပ်တို့ရဲ့ ကင်းလှည့်ရေယာဉ်တန်းတွေကိုတောင် ကျော်ဖြတ်မလာနိုင်ကြဘူး။ အဲ့ဒါကြောင့် အခြေအနေတွေ အေးဆေးလွန်းနေတာ မဟုတ်ပါဘူး။ ကျုပ်တို့က အလွန်အမင်း အင်အားကြီးမားလွန်းနေလို့ပါ။”
အန်းယွဲ့ ခေါင်းညိတ်လိုက်မိသည်။ ကျန်းယွင်ထျန်းက ဆက်ပြောသည်။
“တကယ်တော့ ဒီကမ္ဘာကြီးရဲ့ ဇာတ်ညွှန်းက ဒီလိုရေးထားတာ မဟုတ်ဘူး။ ကျွန်းပိုင်ရှင် ရှိနေလို့သာ ဒီဇာတ်ညွှန်းတစ်ခုလုံး လုံးဝ ပျက်စီးသွားရတာ။”
ရှောင်းယီတစ်ယောက် အနည်းငယ် တန့်သွားပြီးနောက် ပြုံးကာ ခေါင်းခါလိုက်သည်။
“မူလက ကျုပ်တို့ဟာ သမိုင်းဖြစ်စဉ်အတိုင်း တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာပြီး စိုက်ပျိုးရေးခေတ်၊ စက်မှုခေတ် စတာတွေကို ဖြတ်သန်းရမှာပဲ။ ဒါပေမဲ့ ကျွန်းပိုင်ရှင်က ကုန်းထွက်လာပြီး ဖြစ်စဉ်အားလုံးကို တိုက်ရိုက် အရှိန်မြှင့်ပစ်လိုက်တာလေ။”
“ကမ္ဘာ့စည်းမျဉ်းတွေက ဒါကိုကြည့်ပြီးတော့ “မဖြစ်တော့ဘူး။ မင်းတစ်ယောက်တည်း ဗိုလ်ကျခွင့် မပေးနိုင်ဘူး။” ဆိုပြီး တခြားအသက်ရှင်ကျန်ရစ်သူတွေကိုပါ အရှိန်မြှင့်ပေးဖို့ ဖြစ်စဉ်ကို အလုအယက် ပြောင်းလဲပစ်လိုက်ရတာပဲ။ အဲ့ဒါကြောင့် အသက်ရှင်ကျန်ရစ်သူအားလုံးက မူလဖြစ်စဉ်ထက် ပိုပြီးအဆင့်မြင့်တဲ့ အရာတွေကို ရုတ်တရက် ရရှိလာကြတာ။”
“မူလက ကမ္ဘာ့စစ်မြေပြင်ဆိုတာ လူတိုင်း SSS အဆင့်ထိ တက်လှမ်းနိုင်ဖို့ ဖန်တီးထားတာပဲ။ ဒါပေမဲ့ ကျွန်းပိုင်ရှင်က လေဟာနယ်တံခါးကို တိုက်ရိုက် ဖြတ်ကျော်ပြီး ရှေ့တန်းအထိ သွားတိုက်ခိုက်ခဲ့တယ်။ ပြီးတော့ တစ်ပတ်တည်းနဲ့ ဟင်းခင်းပြင် အက်ကွဲကြောင်းကို လုံးဝ ထိန်းချုပ်လိုက်နိုင်တယ်။ ဒါက ကမ္ဘာ့စည်းမျဉ်းတွေကိုပါ ရှုပ်ထွေးသွားစေခဲ့တာပဲ။”
“နောက်ထပ် ဘာလုပ်ရမလဲ။ လူတိုင်းက SSS အဆင့်ကို မရောက်ကြသေးဘူး။ ဒါပေမဲ့ ကြိုတင်စီစဉ်ထားတဲ့ ပင်မဇာတ်လမ်းတာဝန်တွေက လုံးဝ ပြီးဆုံးသွားခဲ့ပြီ။ အဲ့ဒီတော့ သူတို့အနေနဲ့ ဒီဒေသခံတွေနဲ့ ပင်လယ်သတ္တဝါတွေကိုပဲ ဆက်ပြီး လွှတ်ပေးနေရတော့တာပေါ့။”
“အခုဆိုရင် အဲ့ဒီဒေသခံတွေနဲ့ ပင်လယ်သတ္တဝါတွေက ကျုပ်တို့ကို ဘာမှမလုပ်နိုင်တော့ဘူး။ အဲ့ဒါကြောင့် ကျုပ်တို့ မဟာမိတ်အဖွဲ့က ဒီလို အေးအေးဆေးဆေးပဲ ဆက်ပြီး ဖွံ့ဖြိုးတိုးတက်နေနိုင်တာ ဖြစ်တယ်။”
ကျန်းယွင်ထျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်း မှင်တက်သွားကြ၏။ ထို့နောက် အလွန်အမင်း သဘောတူညီသည့်အလား ခေါင်းညိတ်လိုက်ကြလေသည်။
“ဒါဆိုရင်တော့ ငါတို့လည်း ဒီလိုပဲ အေးအေးဆေးဆေး ဆက်ပြီး ဖွံ့ဖြိုးတိုးတက်ပြီး ကျန်တဲ့ အသက်ရှင်ကျန်ရစ်သူတွေ SSS အဆင့် ရောက်လာမယ့်အချိန်ကို စောင့်နေရုံပေါ့။”
အန်းယွဲ့က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ ရှောင်းယီက ပြုံးလိုက်သည်။
“သူတပါးကို မစောင့်နေနဲ့။ ကျုပ်တို့ကိုယ်တိုင်တောင် SSS အဆင့်ကို မရောက်သေးဘူး။ လူတိုင်း အရှိန်မြှင့်ဖို့ လိုနေပြီနော်။”
“နားလည်ပါပြီ။ ငါတို့ မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတွေကို သူတို့ရဲ့ အဆင့်တွေ အမြန်ဆုံးမြှင့်တင်နိုင်ဖို့ တစ်ခါထပ်ပြီး တိုက်တွန်းနှိုးဆော်လိုက်ပါ့မယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“ဦးလေးအန်း...ကျုပ်က ဦးလေးကို ပြောနေတာဗျ။ အလုပ်တွေနဲ့ချည်းပဲ လုံးပန်းမနေနဲ့။ ဘယ်အချိန်မှာ လက်လွှတ်ရမလဲဆိုတာကိုလည်း သိထားရမယ်။”
“ကောင်းပါပြီ။”
အန်းယွဲ့က ပြုံးကာ ပြန်ဖြေလိုက်လေခဲ့သည်။
အခန်း ၁၂၃၂
ပြင်ပတွင် တစ်ရက်တာ တိုက်ခိုက်ပြီးနောက် ထိုနိုင်ငံခြားမဟာမိတ်အဖွဲ့များသည် စက္ကန့်ပိုင်းအတွင်း သဘောပေါက်သွားကြ၏။ ရှားနိုင်ငံ၏ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့များသည် အသားတုံးကြီးများကဲ့သို့ စားချင်စဖွယ် ကောင်းလှသော်လည်း မြိုချရမူ မလွယ်ကူလှပေ။
လွတ်လပ်ခြင်းနိုင်ငံ၏ ဂရုချက်ထဲတွင် ဖြစ်သည်။
“ဒီရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်တွေရဲ့ ပစ်ခတ်အားက အရမ်းပြင်းလွန်းတယ်။ ငါတို့ သူတို့ကို လုံးဝ မယှဉ်နိုင်ဘူး။”
“မင်းက အဲ့ဒီမဟာမိတ်အဖွဲ့တွေရဲ့ ကိုယ်ပိုင်ပစ်ခတ်အားကိုပဲ ကြုံဖူးသေးတာ။ ငါတို့ရဲ့ သင်္ဘောတွေဆိုရင် ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကို တိုက်ရိုက်ခံလိုက်ရလို့ အကျအဆုံး တော်တော်များသွားတယ်။ တကယ်လို့ ငါတို့သာ မြန်မြန်ထွက်မပြေးခဲ့ရင် သူတို့ရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံရမှာ သေချာတယ်။”
“ထားလိုက်တော့...။ တခြားနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေကိုပဲ သွားတိုက်ကြရအောင်။”
“မင်းတို့ လက်စွမ်းပြဖို့ ပြင်နေတုန်းက ငါ သတိပေးခဲ့သားပဲ။ တခြား ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်တွေကို သွားတိုက်ရင် ယီရန်ပင်းက ဘယ်တော့မှ လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလို့။”
ဂျေဘီက အဖွဲ့ထဲတွင် ပြောလိုက်၏။
“အခုတော့ နာကျင်မှုကို သိလိုက်ပြီမလား။”
“အခုမှ ဒါတွေလာပြောနေတော့ ဘာထူးမှာလဲ။”
“ဟုတ်တယ်။ မင်း သူရဲဘောကြောင်ရုံနဲ့ ငါတို့ကိုပါ အလကားလာမစမ်းခိုင်းနဲ့။”
“မင်းက ရှားနိုင်ငံက ယီရန်ပင်းနဲ့ အရမ်း နီးစပ်နေတာပဲ။ တကယ့်ကို ငါတို့ လွတ်လပ်ခြင်းနိုင်ငံရဲ့ အရှက်ရစရာပဲ။”
“မင်းတစ်အုပ်စုလုံးက ငတုံးတွေချည်းပဲ။ မင်းတို့ဘာသာမင်းတို့ ကစားကြတော့။ ငါ ထွက်ပြီ။”
ဂျေဘီသည် ဂရုချက်ထဲမှ ချက်ချင်း ထွက်သွားလာခဲ့လိုက်၏။
“ငတုံးတွေပဲ...။ ဒီအချိန်မှာ ရှားနိုင်ငံရဲ့ ဖိုရမ်တွေကို လျှောက်ကြည့်နေတာကမှ ပိုကောင်းဦးမယ်။”
ဂျေဘီက ကျိန်ဆဲလိုက်သည်။
ထိုကဲ့သို့သော ဆွေးနွေးမှုများသည် လွတ်လပ်ခြင်းနိုင်ငံ ဂရုချက်တစ်ခုတည်းတွင်သာ မကဘဲ အခြားနိုင်ငံတိုင်း၏ ဂရုချက်များတွင်လည်း အလားတူ ဖြစ်ပေါ်နေခဲ့သည်။
ဆွေးနွေးမှုများ မည်သို့ပင်ဖြစ်စေ နိဂုံးချုပ်ကတော့ အတူတူပင်။ ၎င်းမှာ ရှားနိုင်ငံ၏ အသက်ရှင်ကျန်ရစ်သူ မဟာမိတ်အဖွဲ့များကို ရန်စခြင်းအား ရပ်တန့်ရန် ဖြစ်သည်။
ညစာစားပြီးနောက် ရှောင်းယီသည် တာအိုကျမ်းစာကို ည ၁၁ နာရီအထိ ဆက်လက်လေ့လာပြီးနောက် လှဲလျောင်းကာ အနားယူလိုက်သည်။
ညတာသည် ဘာပြဿနာမျှမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့တွင် ရှောင်းယီသည် မနက် ၅ နာရီတွင် နိုးလာပြီး သူ၏ အိမ်မွေးတိရစ္ဆာန်များကို ခေါ်ကာ ကျင့်ကြံ၏။
ကျင့်ကြံပြီးနောက် ရှောင်းယီသည် မျက်နှာသစ်၊ သွားတိုက်ရင်းနှင့် လက်မှတ်ထိုးဝင်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - လေဆိပ်ပုံစံခွက် (SSS အဆင့်) ၁ ခု။”
“အယ်...တကယ့်ကို တစ်စုံလိုက်ကြီးပါလား။”
ရှောင်းယီသည် သွားတိုက်နေရင်း ခေတ္တမျှ တန့်သွားကာ ရေရွတ်လိုက်မိသည်။
သူ့မှာ လက်ရှိတွင် အထူးတလည် လိုအပ်ချက်မရှိသဖြင့် စနစ်က ဘာဆုလာဘ်ပဲပေးပေး သူ လက်ခံနိုင်ပါသည်။
မျက်နှာသစ်ပြီးနောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာရာ ထိုနေ၌ ကျန်းယွင်ထျန်းတစ်ယောင် ရှောင်းယီကို ထပ်မံစောင့်ဆိုင်းနေပုံရသည်။
“ဘာမှမမေးနဲ့။ ငါ့မှာ မရှိဘူး။”
ကျန်းယွင်ထျန်း ပါးစပ်ဟရုံတင် ရှိသေးသည့်ချိန်တွင် ရှောင်းယီက ချက်ချင်း ဖြတ်ပြောလိုက်၏။ ကျန်းယွင်ထျန်းတစ်ယောက် ကူကယ်ရာမဲ့သွားခဲ့ရသည်။
“မင်းက ငါဘာမေးမလို့လဲဆိုတာ သိနေတဲ့ပုံပဲ။ တိုက်ပွဲတွေမရှိတော့ မင်း ဒီကလက်နက်တွေကို အဆင့်တောင်မမြှင့်တော့ဘူးပဲ။”
“အဲ့ဒါတော့ ငါလည်း ဘာမှမတတ်နိုင်ဘူးလေ။ ငါ့ရဲ့ကံဇာတာ ညံ့တာကိုပဲ အပြစ်တင်ရုံပေါ့။”
ရှောင်းယီက မျှော်လင့်ချက်ကင်းမဲ့နေဟန်ဖြင့် ပြန်ဖြေလိုက်သည်။
မနက်စာစားပြီးနောက် ရှောင်းယီသည် ဦးလေးအန်းကို ချက်ချင်း ဖုန်းခေါ်လိုက်၏။
“ဦးလေးအန်း ကျုပ် လေဆိပ်ပုံစံခွက်တစ်ခု ရထားတယ်။ ဦးလေးဘာသာ အစီအစဉ်ဆွဲပြီး ကိုင်တွယ်လိုက်ပါ။”
ဖုန်းတစ်ဖက်၌ ဦးလေးအန်းတစ်ယောက် ဆွံ့အသွားခဲ့သည်။ သူသည် မနေ့ကတင် သူတို့ကို ကိုယ်ပိုင်ဒီဇိုင်းတွေ ဆွဲခိုင်းထားခဲ့ပြီး ယနေ့တွင်မူ ရှောင်းယီက လေဆိပ်ပုံစံခွက်ကို ချက်ချင်း ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းက သူတို့ကို စနောက်နေသကဲ့သို့ ခံစားရစေ၏။
ဦးလေးအန်း ပြန်မဖြေသည်ကို မြင်သောအခါ ရှောင်းယီက သူ့သဘောကို နားလည်သွားပြီး ပြုံးလိုက်သည်။
“သူတို့ရဲ့ အပြင်ဘက်ဒီဇိုင်းတွေကို သုံးလို့ရပါသေးတယ်။ ကျုပ် ပုံစံခွက်ရဲ့ အဓိက အနှစ်သာရက အခြေခံအဆောက်အဦးပဲ။ သူတို့ရဲ့ ကိုယ်ပိုင်ဒီဇိုင်းတွေကို ဒီအပေါ်မှာ ထပ်ပေါင်းထည့်လိုက်လို့ ရတယ်။”
“ကောင်းပါပြီ။ ငါနားလည်ပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“သူတို့က လေဆိပ်ဒီဇိုင်းတွေကို တစ်ညလုံး အပြီးဆွဲပြီး တင်ပြထားကြပြီးပြီ။ ငါ အင်ဂျင်နီယာဌာနကို အဲ့ဒါတွေကို စစ်ဆေးခိုင်းပြီး အမှားတွေကို ထောက်ပြခိုင်းရမလား။ ပြီးမှ လေဆိပ်ဆောက်ဖို့ ပုံစံခွက်ကို သုံးပေးပြီး သူတို့ဘာသာသူတို့ ဆက်ပြီး စိတ်ကြိုက်ပြင်ဆင်ခိုင်းလိုက်ရမလား။”
“အင်း အဲ့ဒီအတိုင်း လုပ်လိုက်ပါ။”
“နားလည်ပါပြီ။”
ဖုန်းချပြီးနောက် မနက်စာစားပြီးသည်နှင့် ထွက်ခွာသွားသော ကျန်းယွင်ထျန်းတစ်ယောက် အလောတကြီး ပြန်ရောက်လာပြန်သည်။
“ကျွန်းပိုင်ရှင် ဒီနေ့ ရုတ်တရက် အရေးပေါ် ကူညီကယ်ဆယ်ရေးတောင်းဆိုမှု ၁၀၀ ကျော် ရောက်လာတယ်။ အားလုံးက ရှေးဦးဧရာမသားရဲကြီးတွေကြောင့်ပဲ။”
ကျန်းယွန်းထျန်းက အလောတကြီး ပြောလိုက်သည်။
“အဲ့လောက်တောင် များတာလား။”
ရှောင်းယီတစ်ယောက် အံ့အားသင့်စွာ တုံ့ပြန်လိုက်မိ၏။ ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“ဒါက SSS အဆင့်ကို တက်လှမ်းမယ့်သူတွေ တသုတ်ကြီး ပေါ်လာတဲ့ သဘောပဲ။ အဲ့ဒါကြောင့်လည်း ရှေးဦးဧရာမသားရဲကြီးတွေရဲ့ တိုက်ခိုက်မှုလှိုင်းတစ်ခု ရုတ်တရက် ထကြွလာတာဖြစ်မယ်။”
ရှောင်းယီလည်း ခေါင်းညိတ်လိုက်မိသည်။ သူက SSS အဆင့် အစားအစာများကို ဈေးနှုန်းချိုချိုဖြင့် ရောင်းချပေးနေခဲ့ရာ အခုမှပင် ယင်း၏ အကျိုးသက်ရောက်မှုက ထိရောက်လာခြင်း ဖြစ်သည်။
“ဒါပေမဲ့ အခု ငါတို့ရင်ဆိုင်နေရတဲ့ ပြဿနာက ငါတို့ရဲ့ ရေငုပ်သင်္ဘောတွေ ထပ်ပြီး ပြတ်လပ်သွားတာပဲ။”
ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။
“ရေငုပ်သင်္ဘော အများစုက ဟင်းလင်းပြင်အက်ကွဲကြောင်း အနီးမှာရှိတဲ့ ပင်လယ်ထဲက မသေမျိုးတွေကို ရှင်းလင်းနေရတုန်းပဲ။”
ရှောင်းယီက အနည်းငယ် စဉ်းစားကြည့်လိုက်သည်။
“လိုအပ်သလောက် ပြန်ခေါ်လိုက်ပါ။ ပင်လယ်ထဲက မသေမျိုးတွေကိုတော့ နောက်မှ ဖြည်းဖြည်းချင်း ရှင်းလည်း ရတယ်။ တကယ်လို့ ဒီရှေးဦးဧရာမသားရဲကြီးတွေကို မရှင်းနိုင်ရင် လူအတော်များများရဲ့ ကျွန်းတွေ ဒုက္ခရောက်ကုန်လိမ့်မယ်။ အဲ့ဒါဆို ငါတို့ ခက်ခက်ခဲခဲ စုဆောင်းထားရတဲ့ အားသာချက်တွေ အားလုံး ဆုံးရှုံးသွားလိမ့်မယ်။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ ဟင်းလင်းပြင်အက်ကွဲကြောင်း အနီးရှိ ရေငုပ်သင်္ဘောများထံ သတင်းပို့လိုက်၏။
“ရေငုပ်သင်္ဘော လေးရာကို ချက်ချင်း ပြန်ခေါ်လိုက်။ ကျန်တဲ့သူတွေက ပင်လယ်ထဲက မသေမျိုးတွေကို ဆက်ရှင်းထား။”
ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
မကြာမီ ရေငုပ်သင်္ဘော လေးရာကို လဲလှယ်ရယူလိုက်ပြီး ရှေးဦးဧရာမသားရဲကြီးများ၏ တိုက်ခိုက်ခြင်းကို ခံနေရသည့် မဟာမိတ်အဖွဲ့များကို ကူညီရန် စေလွှတ်လိုက်တော့သည်။
ထိုမဟာမိတ်အဖွဲ့များ၏ ဧရာမသားရဲကြီးများကို ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ရေငုပ်သင်္ဘောတပ်စုက အလွန်လျင်မြန်စွာ ရှင်းလင်းပေးနိုင်ခဲ့ပြီး သားရဲကြီးအသားများ၏ ထက်ဝက်ကို ပြန်လည်သယ်ဆောင်လာခဲ့ကြသည်။
ယခုအခါ ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးသည် နေ့စဉ် ရှေးဦးဧရာမသားရဲသားများကို စားသုံးနေကြရပြီဖြစ်သည်။
ယခုအချိန်အထိ ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် အသက်ရှင်ကျန်ရစ်သူ ၁၀၂၃ ဦး ရှိနေပြီး ၈ ဦးမှာ SSS အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် SS အဆင့်တွင် ၅၂၁ ဦး ရှိနေပြီဖြစ်ပြီး ကျန်သူများမှာလည်း S အဆင့်တွင် ရှိနေကြသည်။
လက်ရှိအခြေအနေအရ နောက်ဆုံး အချိန်တစ်ပတ်အတွင်း အားလုံးက SSS အဆင့်သို့ တက်လှမ်းနိုင်ကြတော့မည်ဖြစ်သည်။
ဧရာမသားရဲသားကို စားသုံးခြင်းက အသက်ရှင်ကျန်ရစ်သူများ၏ အဆင့်တက်မှုကို မြန်ဆန်စေသည်ဟူသောအချက်မှာ သက်သေပြပြီးသား နိဂုံးတစ်ခု ဖြစ်သွားခဲ့ချေပြီ။
ထို့ပြင် စွန်းယောင် ဘက်တွင်လည်း အာဟာရစုပ်ယူမှု ကောင်းမွန်စေရန်အတွက် အစာအိမ်နှင့် အူလမ်းကြောင်းကို ထိန်းညှိပေးသည့် ဆေးဘက်ဝင်စွပ်ပြုတ်တစ်မျိုးကို ဖော်စပ်ထားပြီး အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါး ထိုစွပ်ပြုတ်ကို သောက်သုံးခဲ့ကြသည်။
ပထမတော့ အကျိုးသက်ရောက်မှုက သိပ်မသိသာသော်လည်း နှစ်ရက်ခန့် သောက်ပြီးနောက်တွင် လူတိုင်း၏ အဆင့်များ အရှိန်အဟုန်ဖြင့် မြင့်တက်လာတော့သည်။
သူတို့အနေဖြင့် မယုံကြည်ဘဲ မနေနိုင်ကြတော့ပေ။
“အမှန်အတိုင်းပြောရရင် ငါ ငါတို့နိုင်ငံရဲ့ တရုတ်ရိုးရာဆေးပညာကို ဘယ်တုန်းကမှ မယုံခဲ့ဘူး။ မြက်ပင်တွေကို ရောပြုတ်ထားသလို ခံစားရတယ်။ အဲ့ဒါက ရောဂါကို ဘယ်လိုပျောက်ကင်းစေမှာလဲ။ သရဲတွေကို လှည့်စားနေသလိုပဲ။”
“ဟုတ်တယ်။ ငါလည်း မယုံခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ယုံသွားပြီ။ သုံးရက်လောက် ထိန်းညှိပြီးနောက်မှာ ငါ့ရဲ့ အဆင့်တက်တဲ့အရှိန်က အရင်ကထက် အများကြီး ပိုမြန်လာတယ်။”
“အပေါ်ကလူတွေ...မင်းတို့က ငါတို့ရဲ့ ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်ကို တကယ်ကြီး သံသယဝင်ရဲကြတယ်ပေါ့။”
“သံသယဝင်တာ မဟုတ်ပါဘူး။ ငါတို့က အမြဲတမ်း သိပ္ပံနည်းကျပဲ ပြောနေကြတာလေ။ ဒီတရုတ်ရိုးရာဆေးပညာဆိုတာက သိပ္ပံနည်းကျ လုံးဝ ရှင်းပြလို့မရဘူး။ မင်းက ငါတို့ကို ဘယ်လိုလုပ်ပြီး ယုံစေချင်လို့လဲ။”
“အတိတ်ကအကြောင်းတွေကို ထားလိုက်ပါတော့။ အခုအချိန်ကစပြီး ငါ တရုတ်ရိုးရာဆေးပညာကို အခိုင်အမာ ယုံကြည်သွားပြီ။ ဒီတရုတ်ဆေးကြောင့်သာ ငါ SSS အဆင့်ကို ဒီလောက်မြန်မြန် ရောက်သွားတာ။”
“အပေါ်ကလူ မင်းက တကယ်ကြီး SSS အဆင့်ကို ရောက်သွားပြီလား။”
“ဟုတ်တယ်...။ ဆေးသည်ဆီ သွားပြပြီးကတည်းက ငါ့ရဲ့ အဆင့်က ဒုန်းစိုင်း တက်သွားတာပဲ။ တားလို့တောင် မရတော့ဘူး။”
“ဒီဆေးအတုရောင်းတဲ့ကောင်က တကယ်ကြီး စစ်မှန်တဲ့ပညာရပ်တွေ ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။”
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ သူ့ကို ဆေးအတုရောင်းတဲ့သူလို့ မခေါ်ကြနဲ့တော့။ သူက တကယ့်ကိုမှ အစစ်အမှန်ပဲ။”
စွန်းယောင်၏ ဆေးဘက်ဆိုင်ရာ ထိန်းညှိမှုနှင့် ရှေးဦးဧရာမသားရဲသား အမြောက်အမြားရှိနေခြင်းတို့ ပေါင်းစပ်လိုက်သောအခါ ၎င်းက အသက်ရှင်ကျန်ရစ်သူ အားလုံး၏ အဆင့်တက်လှမ်းမှု အရှိန်အဟုန်ကို အကြီးအကျယ် မြင့်တက်စေခဲ့သည်။
“စွန်းယောင်က ဒီလောက်အထိ ကြီးမားတဲ့ ပံ့ပိုးကူညီမှုမျိုး လုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။”
ရှောင်းယီ အနည်းငယ် ခေါင်းညိတ်လိုက်မိသည်။
အကယ်၍ စွန်းယောင်၏ ရိုးရာဆေးပညာသာ မရှိခဲ့လျှင် အသက်ရှင်ကျန်ရစ်သူ အများအပြား SSS အဆင့်ကို ဘယ်အချိန်မှ ရောက်နိုင်မလဲဆိုသည်မှာ ပြောရခက်ခဲပေလိမ့်မည်။