အခန်း (၁၂၃၃-၁၂၃၄)
Vol. 107 Ch. 1233-1234
အခန်း ၁၂၃၃
ရှေးဦးဧရာမသားရဲကြီးများကို အမဲလိုက်ရန် ကူညီပေးခဲ့ကြသည့် အဖွဲ့များထံမှ လုပ်ငန်းစဉ်များ အောင်မြင်စွာပြီးဆုံးကြောင်းနှင့် မဟာမိတ်အဖွဲ့ထံသို့ ဧရာမသားရဲအသားအမြောက်အမြား သယ်ဆောင်လာနိုင်ခဲ့ကြောင်း အစီရင်ခံစာများ စဉ်ဆက်မပြတ် ရောက်ရှိလာခဲ့သည်။
ရှောင်းယီသည် ထိုဧရာမသားရဲသားများကို ကြည့်ကာ အနည်းငယ် စဉ်းစားလိုက်၏။
“ငါတို့မဟာမိတ်အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူတွေအတွက် နည်းနည်းချန်ထားပြီး ကျန်တာတွေကို အပြင်လူထုဆီ ဈေးချိုချိုနဲ့ အကုန်ရောင်းပေးလိုက်။”
ဤနည်းဖြင့် ရှောင်းယီသည် အသက်ရှင်ကျန်ရစ်သူများ၏ အဆင့်တက်မှုအရှိန်ကို မီးလောင်ရာလေပင့်သကဲ့သို့ ပိုမိုမြန်ဆန်လာစေမည် ဖြစ်သည်။
“ဟုတ်ကဲ့။”
ယခုအခါ SSS အဆင့် အသက်ရှင်ကျန်ရစ်သူများ ပိုမိုများပြားလာသည်နှင့်အမျှ ဧရာမသားရဲအသားများသည်လည်း ပို၍ပို၍ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
မဟာမိတ်အဖွဲ့အနေဖြင့် ဤပစ္စည်းများကို သိုလှောင်ထားပြီး ဈေးကစားနေစရာ မလိုသဖြင့် တိုက်ရိုက်ထုတ်ရောင်းပေးလိုက်ခြင်းက ပိုကောင်းပေသည်။
ရှောင်းယီ၏ အမိန့်ကို ရရှိပြီးနောက် အန်းယွဲ့သည် ချက်ချင်းပင် ဂရုချက်ထဲ၌ ကြေညာလိုက်တော့သည်။
“လူတိုင်းရဲ့ အဆင့်ကို အမြန်ဆုံး မြှင့်တင်နိုင်ဖို့အတွက် ကျုပ်တို့ ကျွန်းပိုင်ရှင်က အမဲလိုက်ရာက ရလာတဲ့ ရှေးဦးဧရာမသားရဲအသားတွေကို အသက်ရှင်ကျန်ရစ်သူ အားလုံးဆီ ဖြန့်ဝေပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဈေးနှုန်းကတော့ လက်ရှိ SSS အဆင့် အစားအစာတွေရဲ့ ဈေးနှုန်းအတိုင်း အတူတူပဲ ဖြစ်ပါလိမ့်မယ်။”
အန်းယွဲ့၏ သတင်းစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ယီထျန်းအဖွဲ့၏ စကားပြောခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
“ဒါကိုမှ အမြော်အမြင်ရှိတာလို့ ခေါ်တာကွ။ တကယ့် အမြော်အမြင်ကြီးမားမှုပဲ။”
“သူဌေးကြီးက ရှေးဦးဧရာမသားရဲသားတွေကို ငါတို့ကို အောက်ဈေးနဲ့ ရောင်းပေးနေတာပဲ။”
“သူဌေးကြီးကို တကယ်လေးစားမိတယ်။ လူတိုင်းပဲ အားစိုက်ပြီး SSS အဆင့်ကို မြန်မြန်ရောက်အောင် လုပ်ကြရအောင်။ ဒါဆိုရင် ဒီလိုဒုက္ခတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုပြီး စိတ်ပူနေစရာ မလိုတော့ဘူး။”
“ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ် ငါတော့ ဧရာမသားရဲအသားတွေ အများကြီး ဝယ်ထားပြီးပြီ။ ဒီနေ့ကစပြီး ဒါကိုပဲ နေ့တိုင်းစားတော့မယ်။”
“အဆင့်တက်တာက ပိုမြန်ဖို့လိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ ငါ့အထင်တော့ ဒီကမ္ဘာကနေ ထွက်ခွာသွားပြီးရင် ပိုပြီးကြီးမားတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရဦးမယ် ထင်တယ်။”
“အနာဂတ်အကြောင်းကတော့ ရောက်လာမှပဲ စိတ်ပူကြတာပေါ့။ အခုလောလောဆယ် ကြုံနေရတဲ့ စမ်းသပ်မှုတွေနဲ့တင် ငါတော်တော် စိတ်ပျက်နေပြီ။”
လူတိုင်း၏ ဆွေးနွေးမှုများကို စောင့်ကြည့်ရင်း ရှောင်းယီတစ်ယောက် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
‘နောင်လာမယ့် စမ်းသပ်မှုတွေက ဒီထက်မက ပိုပြီး ဒုက္ခများနိုင်တယ်။ အဲ့ဒီအချိန်ကျရင် မင်းတို့တွေ ဒီကမ္ဘာရဲ့ သက်သောင့်သက်သာရှိမှုကို လွမ်းဆွတ်မိကြလိမ့်မယ်။’
လက်ရှိတွင် လူတိုင်းသည် ဒေသခံမျိုးနွယ်စုများနှင့် ပင်လယ်သတ္တဝါများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ သေလုမတတ် နွမ်းနယ်နေကြရသော်လည်း လောလောဆယ်တွင် မည်သည့်အသက်အန္တရာယ်မျှ မရှိသေးပေ။ အလွန်ဆုံးရှိလှ အနည်းငယ် ပင်ပန်းရုံသာ ဖြစ်သည်။
သို့သော် နောက်တစ်ဆင့်သို့ ကူးပြောင်းသွားသည့်အခါတွင်မူ ဤကမ္ဘာသို့ စတင်ရောက်ရှိလာစဥ်ကကဲ့သို့ပင်...လူအများအပြား ပြုတ်ကျကျန်ရစ်ခဲ့သည့် အခြေအနေမျိုး သေချာပေါက် ပြန်လည်ကြုံတွေ့ရလိမ့်မည်။
မနက် ၁၀ နာရီခွဲတွင် အန်းယွဲ့က ဖုန်းခေါ်လာ၏။
“ကျွန်းပိုင်ရှင် ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ လေဆိပ်တွေအားလုံး ဆောက်လုပ်ပြီးစီးသွားပါပြီ။ လာကြည့်ချင်လား။”
“မလိုပါဘူး။ သူတို့ကို လုံခြုံရေးကိစ္စတွေကို သေချာသတိပေးဖို့ပဲ အဓိကထား မှာထားလိုက်ပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ပြီးတော့ အစ်ကိုကျန်း ဘက်ကနေ ယာဉ်မောင်းအတွေ့အကြုံရှိတဲ့ လေယာဉ်မှူးအချို့ကို လေဆိပ်တစ်ခုစီဆီ လွှဲပြောင်းပေးပြီး မျိုးဆက်သစ် လူငယ်တွေကို လေ့ကျင့်ပေးခိုင်းလိုက်ပါ။”
“ကောင်းပါပြီ။”
ဤအချိန်တွင် ရှေ့တန်းစစ်မျက်နှာမှ ဖျောင်းဖျနားချကာ ခေါ်ဆောင်လာခဲ့သော မျိုးနွယ်ခြားများသည်လည်း မဟာမိတ်ကျွန်းသို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြပြီဖြစ်သည်။
သူတို့အားလုံးသည် မျိုးနွယ်စုတစ်ခုလုံးပါ လိုက်ပါရွှေ့ပြောင်းလာကြခြင်း ဖြစ်၏။ သူတို့၏ ရင်ထဲတွင်မူ မရင်းနှီးသော ဤကျွန်းကြီးကို ကြည့်ကာ အနည်းငယ် ထိတ်လန့်တုန်လှုပ်နေကြသည်။ ဤသည်မှာ မသိနားမလည်မှုအပေါ် ကြောက်ရွံ့ခြင်းပင်။
“အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ဒီနေရာက ငါတို့အတွက် သေချာပေါက် အကောင်းဆုံး အိမ်တစ်ခု ဖြစ်လာလိမ့်မယ်။ ကျေးဇူးပြုပြီး ငါကို ယုံကြည်ပေးပါ။ ပြီးတော့ အရင်က လာရောက်စစ်ဆေးခဲ့တဲ့ မျိုးနွယ်စုဝင်တွေကိုလည်း ယုံကြည်ပေးကြပါ။”
ထိုမျိုးနွယ်ခြားများ၏ အကြီးအကဲများနှင့် ခေါင်းဆောင်များက အသံကုန်အော်ဟစ်ကာ ဖျောင်းဖျပြောဆိုနေကြသည်။
ထိုမျိုးနွယ်ခြားများသည် ၎င်းတို့၏ ယခင်မျိုးနွယ်စု အဆောက်အဦးများနှင့် တစ်ပုံစံတည်း တူညီသော အဆောက်အဦးများကို မြင်လိုက်ရသောအခါ အားလုံး ဆွံ့အမှင်တက်သွားကြတော့သည်။
“ဒီနေရာက အရင်နေရာနဲ့ တစ်ထပ်တည်း တူနေပါလား။”
“ဟုတ်တယ်။ တကယ်လို့ ပတ်ဝန်းကျင် အနေအထားသာ ကွဲပြားမနေရင် ငါ့ကိုယ်ငါ ငါတို့ရဲ့ မူလမျိုးနွယ်စုထဲမှာပဲ ရှိနေသေးတယ်လို့ ထင်မိမှာပဲ။”
“သူတို့က ဘယ်လိုလုပ် ဒီလောက်မြန်မြန် တည်ဆောက်နိုင်တာလဲ။ မဟာမိတ်အဖွဲ့က မြေတိုင်းသမားတွေက မနေ့ကမှ တိုင်းပြီးသွားတာ မဟုတ်ဘယးလား။”
“မနေ့ကမှ တိုင်းတာပြီး ဒီနေ့ အပြီးဆောက်နိုင်တယ်။ ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုတဲ့ဟာက တကယ့်ကို ထူးခြားဆန်းကြယ်တာပဲ။”
“အင်း...တကယ်လို့ ခေါင်းဆောင်နဲ့ တခြားသူတွေ ပြောခဲ့တာတွေအားလုံးသာ အမှန်ဆိုရင် ဒီနေရာက တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့ အိမ်ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်။”
မျိုးနွယ်ခြားများသည် တစ်ယောက်တစ်ပေါက် ဆွေးနွေးပြောဆိုရင်း သူတို့၏ မူလအခန်းများထဲသို့ လျှောက်လှမ်းဝင်သွားခဲ့ကြရာ အခန်းထဲရောက်သည့်နှင့် ပို၍ထူးခြားသော ကွဲပြားမှုများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ဤအဆောက်အဦးများ၏ အပြင်ပန်းသဏ္ဌာန်နှင့် အခင်းအကျင်းမှာ ယခင်အတိုင်း တစ်ပုံစံတည်း ဖြစ်သော်လည်း အတွင်းပိုင်းဖွဲ့စည်းပုံမှာမူ ကွဲပြားသည်။ အနည်းဆုံး သူတို့တစ်ခါမျှ မသုံးဖူးသော လျှပ်စစ်မီးကို အထဲတွင် သုံးထားခြင်း ဖြစ်သည်။
အန်းယွဲ့သည် သူတို့အနေဖြင့် လျှပ်စစ်မီးအသုံးပြုပုံနှင့် မရင်းနှီးနိုင်ကြောင်း ကြိုတင်တွေးဆထားပြီး လူအင်အားအချို့ကို စီစဉ်ကာ မျိုးနွယ်စုများ၏ နေရာအနှံ့အပြားတွင် ရှင်းလင်းပြောကြားမှုများနှင့် ဗီဒီယိုလမ်းညွှန်ချက်များကို အဆက်မပြတ် လှည့်ပတ်ပြသထားစေခဲ့သည်။
ထိုဗီဒီယိုများကို မြင်သောအခါ ထိုမျိုးနွယ်ခြားများမှာ အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။
“ဒါက ဘာပစ္စည်းလဲ။ အထဲမှာ လူတွေတောင် ရှိနေပါလား။”
“ဟုတ်တယ်။ အသံလည်း ထွက်သေးတယ်။ ငါခုနက အနောက်ကို သွားကြည့်တာ ဘာမှမရှိဘူး။”
“ဒါက ဘယ်လိုမှော်ပညာမျိုးလဲ။ တကယ့်ကို မယုံနိုင်စရာပဲ။”
တစ်ဝက်ကျော်မျှ ရှင်းလင်းပြသပြီးနောက်ဆုံးတွင် ထိုမျိုးနွယ်များသည် လျှပ်စစ်ပစ္စည်းများ၏ အသုံးဝင်ပုံကို နောက်ဆုံးတွင် နားလည်သွားကြတော့သည်။ ရှင်းလင်းပြသရသည့် ဝန်ထမ်းများမှာမူ အာခေါင်များပင် ခြောက်ကပ်ကုန်ကြပြီ ဖြစ်သည်။
သူတို့၏ ပြောင်းရွှေ့လာခြင်းအတွက် ကြိုဆိုခြင်းလက်ဆောင်အဖြစ် အန်းယွဲ့သည် မျိုးနွယ်ခြားတိုင်းထံသို့ SSS အဆင့် အစားအစာ အမြောက်အမြားကို ပေးပို့ခဲ့၏။
အကယ်၍ ထိုမျိုးနွယ်ခြားများသည် မပြောင်းရွှေ့မီက အနည်းငယ် ငြင်းဆန်လိုစိတ် ရှိခဲ့လျှင်ပင် ယခုကဲ့သို့ SSS အဆင့် အစားအစာ အမြောက်အမြားကို မြင်လိုက်ရသည့်အခါ ထိုငြင်းဆန်လိုစိတ်များ အားလုံးသည် ချက်ချင်းပင် လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားခဲ့တော့လေသည်။
မျိုးနွယ်ခြားများ ပြောင်းရွှေ့ရာတွင် တည်နေရာကူးပြောင်းခြင်း အစီအရင်များကို အသုံးပြုထားသဖြင့် အလွန်လျင်မြန်လှသည်။
ညစာစားချိန်တွင် အန်းယွဲ့သည် ထမင်းစားပွဲ၌ သူ၏လက်အောက်ငယ်သားထံမှ မဟာမိတ်ကျွန်းသို့ ပြောင်းရွှေ့ရန်လိုအပ်သော လူဦးရေအားလုံး ပြောင်းရွှေ့ခြင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း အစီရင်ခံစာကို လက်ခံရရှိခဲ့လေသည်။
ထိုသတင်းကို မြင်သောအခါ အန်းယွဲ့က ပြုံးလိုက်သည်။
“ကျွန်းပိုင်ရှင် ပြောင်းရွှေ့ဖို့ လိုအပ်တဲ့ လူဦးရေအားလုံး အခု အကုန်လုံး ရွှေ့ပြောင်းလို့ ပြီးသွားပါပြီ။”
“အော်... တည်နေရာကူးပြောင်းခြင်း အစီအရင်ကို သုံးတာက တကယ်မြန်ဆန်တာပဲ။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်။ ဒီမျိုးနွယ်ခြားတွေ ရောက်လာတော့မှပဲ ပင်မကျွန်းကြီးက အရမ်းမခြောက်ကပ်တော့တာ။”
အန်းယွဲ့က ခေါင်းညိတ်လိုက်သည်။ ရှောင်းယီက အနည်းငယ် စဉ်းစားကြည့်လိုက်၏။
“အခု ကျုပ်တို့ ပင်မကျွန်းရဲ့ သယံဇာတ အခြေအနေက ဘယ်လိုရှိလဲ။”
“သူဌေးကြီး ဖြစ်နေပြီပေါ့ကွာ။”
အန်းယွဲ့က အနည်းငယ် စဉ်းစားပြီး ထိုစကားလုံးဖြင့် ဖော်ညွှန်းလိုက်သည်။ ရှောင်းယီတစ်ယောက် အနည်းငယ် ဆွံ့အသွားခဲ့သည်။
“တကယ်ပဲ အဲ့လောက်အထိ ချမ်းသာနေတာလား။”
“ဒါပေါ့။ အခု ကျွန်းပေါ်က ရေနံ သယံဇာတတွေဆိုရင် မြေပြင်ပေါ်ကို တောက်လျှောက် လျှံထွက်နေတာ။ အဲ့ဒါကို သူဌေးကြီးလို့ မခေါ်ရင် ဘာလို့ခေါ်မလဲ။”
အန်းယွဲ့က ရှင်းပြလိုက်သည်။
“ခန့်မှန်းချက်တွေအရ အခု ငါတို့ တူးဖော်နေတဲ့ သယံဇာတမျိုးစုံက ကျွန်းတစ်ခုလုံးရဲ့ တစ်ရာခိုင်နှုန်းတောင် မရှိသေးဘူး။”
“ဒါဆိုရင် ကျုပ်တို့ရဲ့ သတ္တုတူးဖော်ရေးကိရိယာတွေက လိုက်နိုင်မှာမဟုတ်တော့ဘူး။”
ရှောင်းယီက ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်သည်။ ဤသည်မှာ ပျော်စရာကောင်းသော ပြဿနာတစ်ခုပင်။
“မင်းပေးထားတဲ့ အဆင့်မြင့်သတ္တုတူးဖော်ရေးကိရိယာတွေနဲ့ပဲဆိုရင်တော့ သေချာပေါက် မလိုက်နိုင်ဘူး။ ငါတို့ ခေတ်မမှီတော့တဲ့ စက်အဟောင်းတွေကိုပဲ သုံးနိုင်တော့မယ်။ နည်းနည်း တူးနိုင်တာက ဘာမှမတူးတာထက်တော့ ပိုကောင်းပါသေးတယ်။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
“အင်း...လောလောဆယ်တော့ ဒီအတိုင်းပဲ ထားလိုက်ဦးစို့။ ဒီနေရာကို နောက်ကျရင် ဒေသခံတွေဆီ လွှဲပေးမှာဆိုတော့ သူတို့ဘာသာသူတို့ အသားကျအောင် လုပ်ပါစေ။”
ရှားနိုင်ငံ၏ အသက်ရှင်ကျန်ရစ်သူများသည် အလွန်အေးချမ်းသော နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရ၏။ မည်သူမျှ သူတို့ကို လာရောက်ရန်စတိုက်ခိုက်ဝံ့ခြင်း မရှိကြတော့ပေ။ ဘာပဲဖြစ်ဖြစ် ရှောင်းယီ၏ အဖွဲ့က အလွန်အင်အားတောင့်တင်းပြီး သူတို့၏ လက်နက်များကလည်း ပိုမိုခေတ်မီဆန်းပြားလွန်းသဖြင့် သူတို့နှင့် အဆင့်အတန်းချင်း လုံးဝ မတူညီတော့ပေ။
အခြားနိုင်ငံများတွင်မူ ပြင်းထန်စွာ တိုက်ခိုက်နေကြရသည်။ ယနေ့တွင် မဟာမိတ်အဖွဲ့ အမြောက်အမြား အမြစ်ပြတ်ချေမှုန်းခြင်း ခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူ တော်တော်များများလည်း အသတ်ခံခဲ့ရသည်။
ယခုအခါ သင်္ဘောအမြောက်အမြား ရှိနေပြီဖြစ်သောကြောင့် အသက်ရှင်ကျန်ရစ်သူတစ်ဦး အသတ်ခံရလျှင်ပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပင်။
ရှောင်းယီနှင့် တခြားသူများသည် ညစာစားပြီးနောက် ခေတ္တမျှ စကားစမြည်ပြောဆိုကာ အသီးသီး အနားယူရန် အခန်းထဲသို့ ပြန်သွားခဲ့ကြသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ရှောင်းယီသည် ပုံမှန်အတိုင်း ကျင့်ကြံပြီးနောက် လက်မှတ်ထိုးဝင်လိုက်သည်။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသည့်ဆုလာဘ် - ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးပုံစံခွက် (SSS အဆင့်) ၁။”
“ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးဟုတ်လား။”
စနစ်က သူ့ကို နောက်ထပ် လက်နက်ပုံစံခွက်တစ်ခု ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရှောင်းယီ အံ့အားသင့်သွားပြီး ၎င်းက ဝမ်းသာစရာ အံ့အားသင့်မှုတစ်ခု ဖြစ်ခဲ့သည်။
ရှောင်းယီသည် တစ်ယောက်တည်း ရေရွတ်ရင်း အောက်ထပ်သို့ ဆင်းလာခဲ့၏။
ကျန်းယွင်ထျန်းကတော့ အလွန်အားယားနေပုံရသည်။ သူက ဧည့်ခန်းထဲတွင် ထပ်မံစောင့်ဆိုင်းနေပြီး ရှောင်းယီ အပေါ်ထပ်မှ ဆင်းလာသည်ကို မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာဖြင့် ကြည့်နေလေသည်။ ရှောင်းယီ မျက်လုံးသာ လှန်လိုက်မိ၏။
“ဒီနေ့ လက်နက်အသစ်ရထားတယ်။ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးပဲ။”
အခန်း ၁၂၃၄
ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းတ်မယောက် ချက်ချင်းပင် စိတ်ဝင်စားသွား၏။
“ဟားဟား... နောက်ဆုံးတော့ လက်နက်အသစ် ရလာပြန်ပြီပဲ။”
“ငါ့ကို ဒီကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးအကြောင်း နည်းနည်းလောက် ရှင်းပြပါဦး။”
ရှောင်းယီက ထမင်းစားပွဲတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
“ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးဆိုတာ လျှပ်စစ်စွမ်းအင်သုံး ရေအောက်ဗုံးတစ်မျိုးပဲ။ သူက ကြိုးတပ်ထိန်းချုပ်စနစ်နဲ့အတူ ပန်းတိုင်ရောက်ခါနီး အသံလှိုင်းဖမ်းစနစ်ကို ပေါင်းစပ်အသုံးပြုထားတာလေ။ ပစ်လွှတ်လိုက်တဲ့ရေယာဉ်ကနေ ရေအောက်ဗုံးဆီကို ကြိုးတစ်ချောင်းနဲ့ ချိတ်ဆက်ထားပြီး အဝေးထိန်းစနစ်နဲ့ ထိန်းချုပ်နိုင်တယ်။ အဲ့ဒါကြောင့် အချက်ပြနှောင့်ယှက်မှုတွေကို ခံရနိုင်ခြေ အရမ်းနည်းတယ်။”
ကျန်းယွင်ထျန်းတစ်ယောက် အလွတ်ကျက်မှတ်ထားသည်များကို ရွတ်ပြနေသကဲ့သို့ ပြောလိုက်သည်။ ရှောင်းယီ သူ့ကို လက်မထောင်ပြလိုက်မိ၏။ “
မင်းက တကယ့်ကို စစ်ဘက်ဆိုင်ရာ စွယ်စုံကျမ်းကြီးပဲကွ ဟေ။ မင်းမသိတဲ့အရာရော ရှိသေးရဲ့လား။”
“ရှိတာပေါ့။”
ကျန်းယွင်ထျန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဘာလဲ။”
ရှောင်းယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အနာဂတ်လက်နက်တွေကိုလေ။”
“ဖွတ်ပဲဘေ မင်း...”
ထိုအချိန်တွင် ကျန်းယွင်ထျန်း၏ လက်ကိုင်ဖုန်း အသံမြည်လာ၏။ သူက ချက်ချင်း ဖုန်းလက်ခံဖြေကြားလိုက်သည်။
“ကောင်းပြီ၊ ငါနားလည်ပါပြီ။ ဟင်းလင်ပြင်အက်ကွဲကြောင်းဘက်က ရေငုပ်သင်္ဘောတွေကို ဆက်ပြီး ပြန်ခေါ်လိုက်။ အင်း...ကောင်းပြီ လောလောဆယ်တော့ ဒီလောက်ပဲ။”
ကျန်းယွင်ထျန်းက ညွှန်ကြားချက်အချို့ ပေးလိုက်ပြီးနောက် ဖုန်းချလိုက်သည်။
“ဘာဖြစ်လို့လဲ။”
“ဒီနေ့ ကူညီကယ်ဆယ်ရေးတောင်းဆိုတဲ့ မဟာမိတ်အဖွဲ့တွေ ပိုများလာပြန်ပြီ။ အခုဆို မဟာမိတ်အဖွဲ့ တစ်ထောင်ကျော်က အကူအညီ တောင်းထားကြတယ်။”
ကျန်းယွင်ထျန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဒါက ကောင်းတဲ့အချက်ပဲလေ။”
ရှောင်းယီက ပြုံးလိုက်၏။ “
အကူအညီတောင်းတဲ့ မဟာမိတ်အဖွဲ့တွေ ပိုများလာလေလေ SSS အဆင့်ကို ရောက်သွားတဲ့ အသက်ရှင်ကျန်ရစ်သူ အရေအတွက် ပိုများလာလေလေပဲ။ ဒါက ငါတို့ ဒီကမ္ဘာကနေ ထွက်ခွာခွင့်ရဖို့ တစ်ဆင့်ချင်း ပိုနီးစပ်လာနေပြီဆိုတဲ့ သဘောပဲ။”
“အဲ့ဒါလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ လောလောဆယ် ငါတို့ဆီမှာ ရေငုပ်သင်္ဘောတွေ ပြတ်လပ်နေတာက ပြဿနာပဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီးနောက် ရုတ်တရက် သူ့နဖူးသူ ရိုက်လိုက်မိသည်။
“ငါ ဒီကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးကို ဘယ်လိုတောင် မေ့သွားရတာလဲ။ ဒီရေအောက်ဗုံးသာ ရှိရင် ရေငုပ်သင်္ဘော ပြတ်လပ်နေတဲ့ အခက်အခဲကို အကြီးအကျယ် သက်သာစေမှာပဲ။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ကျွန်းပိုင်ရှင် ဒီကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံး လက်တွေ့စမ်းသပ်ပစ်ခတ်တာကို အတူတူ သွားကြည့်ကြမလား။”
ကျန်းယွင်ထျန်းက အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
“ဒါပေါ့။ သွားကြတာပေါ့။”
ရှောင်းယီက မနက်စာကို အမြန်ပြီးစားကာ ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့နှစ်ဦးသား မြို့တော်ပြန်ကျောက်ကို အသုံးပြု၍ ကမ်းခြေသို့ ချက်ချင်း ရောက်ရှိသွားကြသည်။ သူတို့သည် ကမ်းခြေရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးပုံစံခွက်ကို အသုံးပြုကာ ယင်းတို့ကို စတင်ထုတ်လုပ်လိုက်တော့သည်။
ထုတ်လုပ်ပြီးနောက် ၎င်းတို့ကို ရေငုပ်သင်္ဘောအသီးသီးထံသို့ ဖြန့်ဝေပေးလိုက်၏။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသော ရေငုပ်သင်္ဘောများကိုမူ တိုက်ရိုက်လွှဲပြောင်းပေးလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိသော ရေငုပ်သင်္ဘောများမှာမူ ကမ်းခြေသို့ တစ်ခေါက် ပြန်လာခဲ့ကြရသည်။
ထို့နောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ဖန်းဝူ၏ မဟာမိတ်အဖွဲ့ဆီသို့ ချက်ချင်း ကူးပြောင်းသွားလိုက်ကြ၏။
ဟုတ်ပါသည်။ ရှောင်းယီသည် ဖန်းဝူ၏ မဟာမိတ်အဖွဲ့ထံသို့ ကိုယ်တိုင်ကိုယ်ကျ ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။
“သူဌေး ဘာဖြစ်လို့ ဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ ထပ်ရောက်လာတာလဲ။”
ဖန်းဝူတစ်ယောက် ရှောင်းယီကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“အင်း... ငါလောလောဆယ် အားနေတာနဲ့ လာကြည့်တာပါ။”
ရှောင်းယီက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
“သူဌေး ကိုယ်တိုင် ကြွလာပေးတာက ကျုပ်တို့ မဟာမိတ်အဖွဲ့အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။”
ဖန်းဝူက ချက်ချင်းပင် ဖားယားတော့လေသည်။ ရှောင်းယီက လက်ကာပြလိုက်သည်။
“အရင်ဆုံး အဲ့ဒီရှေးဦးဧရာမသားရဲကြီးကို ရှင်းလိုက်ကြရအောင်။”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဟုတ်ကဲ့။”
ဖန်းဝူက ချက်ချင်း တုံ့ပြန်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဘေးသို့ ဖယ်ပေးလိုက်သည်။
ရှောင်းယီက ထိုနေရာသို့လျှောက်သွားကာ ရေငုပ်သင်္ဘောတစ်စီးကို လဲလှယ်ရယူလိုက်ပြီး ထိုရေငုပ်သင်္ဘောစစ်သည်များကိုပါ ကူးပြောင်းလာစေခဲ့သည်။
ကမ်းခြေရှိ ဖန်းဝူမဟာမိတ်အဖွဲ့မှ လူများသည် ရေငုပ်သင်္ဘောကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် အချင်းချင်း ဆွေးနွေးကြတော့သည်။
“ပြီးခဲ့တဲ့အပတ်က ယီရန်ပင်းမဟာမိတ်အဖွဲ့ ငါတို့ကို လာကူညီတုန်းက ရေငုပ်သင်္ဘော နှစ်စီး လာတယ် မဟုတ်လား။”
“ဘာ ‘မဟုတ်လား’ လဲ။ သေချာပေါက် နှစ်စီး လာခဲ့တာပဲ။”
“ဒါဆို ဒီတစ်ခေါက် ဘာလို့ တစ်စီးတည်းပဲ လာတာလဲ။”
“ဒါက အရမ်းရိုးရှင်းပါတယ်။ အခု SSS အဆင့်ကို ရောက်တဲ့ အသက်ရှင်ကျန်ရစ်သူတွေ ပိုများလာတော့ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ လုပ်ငန်းကလည်း ပိုပြီး သွက်လာပြီလေ။ အဲ့ဒါကြောင့် သဘာဝအတိုင်း ရေငုပ်သင်္ဘောတွေ ပြတ်လပ်နေမှာပဲ။ တစ်စီးတည်းပဲ လာတာကလည်း နားလည်ပေးလို့ ရပါတယ်။”
“နားလည်ပေးလို့ ရတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီရေငုပ်သင်္ဘော တစ်စီးတည်းနဲ့ ဖြစ်ပါ့မလား။”
“အမှန်ပဲ ပြီးခဲ့တဲ့အပတ်က အဲ့ဒီရှေးဦးဧရာမသားရဲကြီးကို တိုက်တုန်းက ရေငုပ်သင်္ဘော နှစ်စီးနဲ့တောင် အတော်လေး အချိန်ယူပြီးမှ အပြတ်ရှင်းနိုင်ခဲ့တာလေ။”
“ပြဿနာတော့ ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ရေအောက်ဗုံးတော့ နည်းနည်း ပိုကုန်သွားမယ့်သဘောပဲ။”
လူအုပ်ကြီး တစ်ယောက်တစ်ပေါက် ပြောဆိုနေကြစဉ်အတွင်း ရှောင်းယီသည် ကူးပြောင်းလာသော ရေငုပ်သင်္ဘောစစ်သည်များကို ခေါ်ဆောင်ကာ ရေငုပ်သင်္ဘောပေါ်သို့ တက်သွားပြီး ပင်လယ်ရေအောက်သို့ ငုပ်လျှိုးဝင်ရောက်သွားတော့သည်။
“ဒီတစ်ခေါက် သူတို့ ရေငုပ်သင်္ဘော တစ်စီးတည်းပဲ လဲလှယ်လိုက်တာလား။”
ဖန်းဝူက လျှောက်လာပြီး မေးလိုက်သည်။
“ဟုတ်ပါတယ်။ တစ်စီးတည်းပါပဲ။”
ကမ်းခြေရှိလူများက ချက်ချင်း ပြန်ဖြေလိုက်ကြသည်။
ဖန်းဝူ မျက်မှောင်ကြုတ်လိုက်မိပြီး အဝေးတစ်နေရာရှိ ရှေးဦးဧရာမသားရဲကြီးကို စိုးရိမ်ပူပန်သော မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်သည်။
ရေငုပ်သင်္ဘော တစ်စီးတည်းက နည်းနည်း နည်းလွန်းနေမလား။
ရေငုပ်သင်္ဘောပေါ်တွင်မူ ကျန်းယွင်ထျန်းက “ဒီအတိုင်းပဲ ရှေးဦးဧရာမသားရဲကြီးဆီကို ဆက်ပြီး ချဉ်းကပ်လိုက်။” ဟု ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့။”
မကြာမီ ရေငုပ်သင်္ဘော၏ ရေဒါမှ သတိပေးချက် တက်လာခဲ့လေသည်။
“ရှေ့တွင် ဧရာမသက်ရှိသတ္တဝါတစ်ကောင်ကို ရှာဖွေတွေ့ရှိထားပါသည်။ ကျေးဇူးပြု၍ ရှောင်ကွင်းမောင်းနှင်ပါ။”
“ကျွန်းပိုင်ရှင် ဒီတစ်ခေါက် ငါ မင်းကို ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးရဲ့ တိကျမှုကို ငါပြမယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်ပြီးနောက် ရေအောက်ဗုံးတစ်လုံးကို ချက်ချင်း ပစ်လွှတ်လိုက်တော့သည်။
ကျန်းယွင်ထျန်း ရေအောက်ဗုံး ပစ်လွှတ်လိုက်သည့် တစ်ချိန်တည်းမှာပင် ရှေးဦးဧရာမသားရဲကြီးသည် အလွန်တရာ လျင်မြန်ဖြတ်လတ်သော လှုပ်ရှားမှုဖြင့် ဘေးတစ်ဖက်သို့ ချက်ချင်း စတင်ရှောင်တိမ်းတော့လေသည်။
ကျန်းယွင်ထျန်းက အနည်းငယ် ပြုံးလိုက်၏။ ပြီးနောက် ရေအောက်ဗုံးကို လမ်းကြောင်းပြောင်းရန် ချက်ချင်း ထိန်းချုပ်မောင်းနှင်လိုက်ရာ ၎င်းက ရှေးဦးဧရာမသားရဲကြီးထံသို့ ဆက်လက်ဦးတည် ပြေးဝင်သွားခဲ့သည်။
ရှေးဦးဧရာမသားရဲကြီးသည် အနည်းငယ် ဆွံ့အမှင်တက်သွားပုံရပြီးနောက် ဘေးတစ်ဖက်သို့ ထပ်မံရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း ရေအောက်ဗုံးက လမ်းကြောင်းကို နောက်တစ်ကြိမ် ထပ်မံပြောင်းလဲကာ ၎င်း၏နောက်သို့ တောက်လျှောက် လိုက်လံတိုက်ခိုက်လာခဲ့သည်။
ဤတစ်ကြိမ်တွင်မူ ရှေးဦးဧရာမသားရဲကြီးအနေဖြင့် ရှောင်တိမ်းရန် အခွင့်အရေး မရှိတော့ပေ။
ရေအောက်ဗုံးက ၎င်း၏ဦးခေါင်းတည့်တည့်ကို အမိအရ ထိမှန်သွားခဲ့တော့လေသည်။
“ဘမ်း....”
ပြင်းထန်ကျယ်လောက်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤရေအောက်ဗုံးတစ်လုံးတည်းဖြင့် ရှေးဦးဧရာမသားရဲကြီး၏ ဦးခေါင်းကို အပိုင်းပိုင်းအစစ ဖြစ်သွားစေခဲ့၏။
“လျှပ်စစ်အသံလှိုင်းဖမ်း ရေအောက်ဗုံးနဲ့ ယှဉ်ရင် ဒီကောင်ရဲ့ အဖျက်စွမ်းအားက ပိုပြီး မြင့်တက်လာပုံပဲ။”
ရေအောက်ဗုံးတစ်လုံးတည်းဖြင့် ရှေးဦးဧရာမသားရဲကြီးအား အပြတ်ရှင်းနိုင်ခဲ့သည်ကို မြင်သောအခါ ရှောင်းယီက အံ့အားသင့်စွာ ပြောလိုက်သည်။
“အင်း...တကယ်ကို ပိုပြီး အစွမ်းထက်လာတယ်။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ... အဲ့ဒါကြီးကို ပြန်ဆွဲသွားကြတော့။”
ဤအချိန်တွင် ကမ်းခြေရှိ လူများမှာမူ ဆွံ့အမှင်တက်နေကြပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပေါက်ကွဲသွားသော ရှေးဦးဧရာမသားရဲကြီး၏ အလောင်းသည် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါ်လောပေါ်နေပြီဖြစ်သောကြောင့်ပင်။
“သူတို့ ရေအောက်ဗုံး တစ်လုံးတည်းပဲ ပစ်လိုက်သလိုပဲနော်။”
“သလိုပဲ မဟုတ်ဘူး။ သေချာပေါက် တစ်လုံးတည်း ပစ်လိုက်တာ။ ပြီးတော့ ဒီရေအောက်ဗုံးရဲ့ အဖျက်စွမ်းအားကလည်း အရင်ကထက် ပိုကြီးလာတယ်။ ရေလှိုင်းတွေ ထသွားတာက အရင်ကထက် ပိုမြင့်တယ်။”
“ရှေးဦးဧရာမသားရဲကြီးက ပိုတုံးသွားလို့ ရေအောက်ဗုံး တစ်လုံးတည်းနဲ့ အပြတ်ရှင်းခံလိုက်ရတာလား။”
ဖန်းဝူက ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ ဧရာမသားရဲကြီး၏ အလောင်းကို ကြည့်ကာ ခေါင်းခါလိုက်သည်။
“သားရဲကြီးက တုံးအသွားတာမဟုတ်ဘူး။ သူဌေးက ထပ်ပြီး သန်မာလာတာပဲ။”
“ထပ်ပြီး သန်မာလာတာ ဟုတ်လား။”
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် တံတွေးမြိုချမိလိုက်ကြသည်။
“သူဌေးရဲ့ ရေအောက်ဗုံးတွေက ထပ်ပြီး အဆင့်မြင့်သွားတာလား။ ငါတို့ မဟာမိတ်အဖွဲ့ကျတော့ ဘာလို့ ဒီလို အဆင့်မြင့်ပုံစံခွက်တွေကို မရနိုင်ရတာလဲ။”
“ငါမေးပါရစေဦး။ ငါတို့မဟာမိတ်အဖွဲ့က ဘယ်တုန်းက ပုံစံခွက်ရဖူးလို့လဲ။ ရသမျှ အကုန်လုံးက ထုတ်လုပ်မှုပုံစံတွေချည်းပဲ မဟုတ်ဘူးလား။”
“ဘဝက ခက်ခဲလွန်းပါတယ်ကွာ။ အရှိတရားကို လာပြီး မခွဲခြမ်းစိတ်ဖြာပြစမ်းပါနဲ့။ ဟူး... ကံတရားဆိုတာ တကယ်ပဲ မနာလိုဖြစ်လို့ရတဲ့ အရာမဟုတ်ဘူး။”
“ငါ့အထင်တော့ ဒါက ကံတရားကြောင့်ပဲ မဟုတ်လောက်ဘူး။ ထောက်ပံ့ရေးသေတ္တာထဲကနေ ပုံစံခွက်တစ်ခု ရနိုင်ခြေက အစကတည်းက အလွန်နည်းလွန်းတယ်။ ဒါပေမဲ့ သူဌေးမှာက ပုံစံခွက်တွေ အများကြီး ရှိနေတယ်။ သူဌေးရဲ့ ပုံစံခွက်တွေက သေချာပေါက် ထောက်ပံ့ရေးသေတ္တာတွေ ဖွင့်ရာကနေ ရလာတာ မဟုတ်ဘူးလို့ ငါခံစားရတယ်။”
“ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ သူဌေးမှာ ထောက်ပံ့ရေးပစ္စည်းတွေ ရနိုင်တဲ့ တခြားလမ်းကြောင်းတွေ ရှိနေမှာပဲ။ ဒါပေမဲ့ ငါတို့ကတော့ မသိရဘူး။ ဝမ်းနည်းစရာပဲ။”
မကြာမီ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် ရေငုပ်သင်္ဘောပေါ်မှ ထွက်လာခဲ့ကြ၏။ ထိုအခါ ဖန်းဝူတစ်ယောက် အလျင်အမြန် ရှေ့တက်ကာ ကြိုဆိုလိုက်သည်။
“သူဌေး သူဌေးတို့ရဲ့ ရေအောက်ဗုံးတွေကို ထပ်ပြီး အဆင့်မြှင့်လိုက်ပြန်ပြီလား။”
“ဟုတ်တယ်။ တိကျမှုနဲ့ အဖျက်စွမ်းအားကို မြှင့်တင်ထားတာ။ ဒါက တခြားမဟာမိတ်အဖွဲ့တွေကို ပိုပြီး ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါက တကယ့်ကို အံ့ဩစရာပဲ။”
ဖန်းဝူက အံ့ဩတကြီး ရေရွတ်လိုက်သည်။
“ဒီက ကိစ္စတွေကိုတော့ အရင်အတိုင်းပဲ ကိုင်တွယ်လိုက်ပါ။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် မြို့တော်ပြန်ကျောက်ကို အသုံးပြုကာ ယီရန်ပင်းမဟာမိတ်အဖွဲ့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။
“ငါတို့ ရေငုပ်သင်္ဘောတွေပေါ်မှာ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကို အပြည့်အဝ တပ်ဆင်အသုံးပြုရမယ်။”
ရှောင်းယီက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
“ငါ အခုချက်ချင်း အမိန့်ထုတ်လိုက်မယ်။ ဒီပစ္စည်းက ကိုင်တွယ်ရတာ အတော်လေး ရိုးရှင်းပြီး အထူးတလည် လေ့ကျင့်ပေးစရာလည်း မလိုပါဘူး။ ဂိမ်းနည်းနည်းပါးပါး ဆော့ဖူးတဲ့သူဆိုရင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ချက်ချင်း သိမှာပါ။”