အခန်း (၁၂၃၅-၁၂၃၆)
Vol. 107 Ch. 1235-1236
အခန်း ၁၂၃၅
ကျန်းယွင်ထျန်း၏ အမိန့်အရ ရေငုပ်သင်္ဘောများတွင် အသုံးပြုသည့် ရေအောက်ဗုံးအားလုံးကို ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးများဖြင့် လဲလှယ်တပ်ဆင်လိုက်၏။
အခြားမဟာမိတ်အဖွဲ့များကို သွားရောက်ကူညီပေးရသည့် ရေငုပ်သင်္ဘောအရေအတွက်ကိုလည်း နှစ်စီးမှ တစ်စီးသို့ လျှော့ချလိုက်နိုင်သဖြင့် ရေငုပ်သင်္ဘောပြတ်လပ်သည့် အခက်အခဲကို အကြီးအကျယ် သက်သာလျော့ပါးသွားစေခဲ့သည်။
ထို့တင်မကဘဲ ရှေးဦးဧရာမသားရဲကြီးများကို ရှင်းလင်းရသည့် ထိရောက်မှုနှုန်းကလည်း ပိုမိုမြင့်တက်လာခဲ့သည်။
အခြေခံအားဖြင့် တစ်ကောင်နှင့် ထိပ်တိုက်တွေ့ပြီဆိုလျှင် ရေအောက်ဗုံး တစ်လုံးတည်းဖြင့်တင် လုံးဝ အပြတ်ရှင်းပစ်နိုင်ပြီ ဖြစ်သည်။
ဟုတ်ပါသည်။ ပထမပိုင်းတွင် ရေငုပ်သင်္ဘောဝန်ထမ်းများမှာ အနည်းငယ် လက်ကြောမတင်းသေးသဖြင့် သဘာဝအတိုင်း လွဲချော်မှုအချို့ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပိုမိုကျွမ်းကျင်လာကြသည်နှင့်အမျှ ပစ်မှတ်ထိမှန်မှုနှုန်းကလည်း တဖြည်းဖြည်း ပိုမိုမြင့်မားလာခဲ့သည်။
မကြာမီမှာပင် ယီရန်ပင်းမဟာမိတ်အဖွဲ့သည် ဧရာမသားရဲအသား အမြောက်အမြားကို ထပ်မံစုဆောင်းမိခဲ့ပြန်ရာ မနေ့ကကဲ့သို့ပင် ဂရုချက်ထဲ၌ အောက်ဈေးဖြင့် ဆက်လက်ထုတ်ရောင်းပေးခဲ့သည်။
ဤအချိန်တွင် ဧရာမဘီလူးကြီးအချို့သည် ဗီလာရှေ့ရှိ ခြံဝင်းထဲသို့ ရောက်ရှိလာကြသည်။
“အကြီးအကဲယွမ် အကြီးအကဲတို့ ဟို ‘ကြက်ငှက်’ အင်ဂျင်နီယာအတတ်ပညာနဲ့ တခြားအပင်တွေကို ဧရာမအပင်ကြီးတွေဖြစ်အောင် လုပ်နိုင်တယ်လို့ ကြားထားလို့ပါ။ အဲ့ဒါ အမှန်ပဲလား “
မီစိက မေးလိုက်သည်။ ယွမ်နွန်က ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒါကို မျိုးဗီဇအင်ဂျင်နီယာအတတ်ပညာလို့ ခေါ်တယ်။ ဧရာမမျိုးဗီဇတွေကို ဖြတ်တောက်ပြီး ငါတို့ရဲ့ သာမန်ကောက်ပဲသီးနှံတွေထဲကို ကူးယူထည့်သွင်းလိုက်တာပေါ့။”
“ဒါဆိုရင် ကျွန်မတို့ဆီမှာမရှိတဲ့ ကောက်ပဲသီးနှံတွေအတွက် မျိုးစေ့အချို့ ထုတ်ပေးဖို့ ကူညီပေးနိုင်မလား။”
မီစိက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။
“ဒါပေါ့၊ ကူညီပေးနိုင်ပါတယ်။”
ယွမ်နွန်က ပြုံးကာ ပြန်ဖြေလိုက်သည်။
“တကယ်တော့ ဦးလေးတို့ ဒါကို ကြိုတင်ပြင်ဆင်ထားတာ ကြာပါပြီ။ မင်းတို့ဆီကို ပို့ပေးဖို့ အခွင့်မကြုံသေးရုံပဲ ရှိတာပါ။”
ယွမ်နွန်သည် သူအထူးတလည် စိုက်ပျိုးပျိုးထောင်ထားသည့် ဧရာမကောက်ပဲသီးနှံမျိုးစေ့များကို ယူဆောင်လာရန် ဘေးနားရှိ တပည့်ဖြစ်သူကို အချက်ပြလိုက်၏။
“မင်းတို့နယ်မြေရဲ့ မြေဆီလွှာက သာမန်မြေပဲမို့လို့ ငါ မင်းတို့အတွက် သာမန်ဧရာမကောက်ပဲသီးနှံမျိုးစေ့တွေကိုပဲ အထူးထုတ်လုပ်ပေးထားတယ်။”
ယွမ်နွန်က ပြောလိုက်၏။ မီစိက ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် အဘိုးယွမ်။ ပင်ပန်းသွားရပါပြီ။”
“အားနာစရာမလိုပါဘူး။ ငါတို့အားလုံးက မိသားစုတွေပဲ။ အချင်းချင်း ကူညီကြတာက သဘာဝကျပါတယ်။”
မီစိက ခေါင်းညိတ်ပြလိုက်သည်။
“ဒါနဲ့ လယ်ကွင်းတွေထဲက ရိတ်သိမ်းမှုအခြေအနေရော ဘယ်လိုရှိလဲ။”
ယွမ်နွန်က စိုးရိမ်တကြီး မေးလိုက်သည်။
“ဦးလေးသင်ပေးထားတဲ့ စိုက်ပျိုးရေးနည်းစနစ်တွေကို သုံးထားတော့ အထွက်နှုန်းက နှစ်ဆထက်မက ပိုတိုးလာပါတယ်။ ဦးလေးရဲ့ သွန်သင်ဆုံးမမှုတွေအတွက် ကျေးဇူးတင်ပါတယ်။”
မီစိက ရိုသေစွာ ပြောလိုက်သည်။
“အထွက်နှုန်း နှစ်ဆတိုးလာတာက မင်းတို့ မျိုးနွယ်စုဝင်တွေကို ကျွေးမွေးဖို့ လုံလောက်ရဲ့လား။”
ယွမ်နွန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ယခင် မီစိနှင့် စကားပြောဖူးသည့် အတွေ့အကြုံများအရ ဧရာမဘီလူးမျိုးနွယ်စု၏ ယခင်ကောက်ပဲသီးနှံအထွက်နှုန်းက နှစ်ဆတိုးလာလျှင်ပင် ဧရာမဘီလူးတိုင်း ဗိုက်ပြည့်အောင် စားနိုင်ရန် မလုံလောက်နိုင်သေးကြောင်း သူသိထားပေသည်။
မီစိက ပြုံးလိုက်သည်။
“ဦးလေးက အပင်ရဲ့ ကြီးထွားမှုသံသရာ တိုတောင်းသွားတာကို မေ့သွားပုံပဲ။”
ထိုစကားကို ကြားလိုက်ရသောအခါ ယွမ်နွန်တစ်ယောက် ခေတ္တမျှ ကြောင်အသွားပြီးနောက် သူ့နဖူးသူရိုက်ကာ ရယ်မောလိုက်မိသည်။
“ကြည့်စမ်း... ငါ့မှတ်ဉာဏ်ကတော့”
အထွက်နှုန်း နှစ်ဆတိုးရုံမျှဖြင့် ဧရာမဘီလူးမျိုးနွယ်စု၏ အစားအစာပြဿနာကို မဖြေရှင်းနိုင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း ယခုအခါ အပင်ကြီးထွားမှုသံသရာက အလွန်တိုတောင်းသွားခဲ့ပြီဖြစ်သည်။ ယခင်က သုံးလေးလကြာတတ်သော အပင်များသည် ယခုအခါ သုံးလေးရက်အတွင်းမှာတင် ရိတ်သိမ်းနိုင်ပြီ မဟုတ်ပါလော။
“ကျွန်မတို့ ဧရာမဘီလူးမျိုးနွယ်စုရဲ့ အစားအစာပြဿနာက ပြေလည်သွားပါပြီ။ အခုဆို မျိုးနွယ်စုထဲက လူတော်တော်များများက ကလေးယူဖို့တောင် စီစဉ်နေကြပြီ။”
“ကောင်းတယ်၊ ကောင်းတယ် “
ယွမ်နွန်က ပြုံးလိုက်၏။
“အခု သမီးယူသွားမယ့် ကောက်ပဲသီးနှံတွေနဲ့ဆိုရင် အစားအစာ ပြတ်လပ်ဖို့ဆိုတာ ပိုလို့တောင် မဖြစ်နိုင်တော့ဘူး။”
“ဟုတ်ကဲ့။ ကောက်ပဲသီးနှံတွေ မလုံလောက်ရင်တောင် အနီးနားက တောအုပ်ထဲမှာရှိတဲ့ တောလိုက်လို့ရတဲ့ သားကောင်တွေက ကျွန်မတို့ စားဖို့ လုံလောက်ပါတယ် “
ယခုအခါ မဟာမိတ်ကျွန်း၏ ဧရိယာက အလွန်ကျယ်ဝန်းလှသဖြင့် ပေါ်ထွက်လာသည့် တိရစ္ဆာန်အမျိုးအစားနှင့် အရေအတွက်မှာလည်း အလွန်များပြားလာခဲ့ရာ ဧရာမဘီလူးမျိုးနွယ်စု စားသုံးရန် အမှန်ပင် လုံလောက်သည်။
“အင်း... စားဖို့ သောက်ဖို့ လုံလောက်ရင်ပြီးတာပါပဲ။”
ထိုအချိန်တွင် ရှောင်းယီသည်လည်း ဗီလာအတွင်းမှနေ၍ မီစိ၏ အရပ်မြင့်မြင့် ခန္ဓာကိုယ်ကြီးကို လှမ်းမြင်လိုက်ရ၏။ ထို့နောက် အပြင်သို့ လျှောက်ထွက်လာကာ ခြံဝင်းထဲသို့ ဝင်လာခဲ့လိုက်သည်။
“သခင်မမီစိ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ။”
ရှောင်းယီက ပြုံးကာ မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကို နှုတ်ဆက်ပါတယ်။ ကျွန်မ ဒီတစ်ခေါက် လာတာက အကြီးအကဲယွမ်ဆီကနေ မျိုးစေ့အချို့ တောင်းဖို့ပါ။”
“မျိုးစေ့တောင်းတာလား။ ငါတို့ကျွန်းပေါ်မှာ ဘာမှစိုက်လို့မရလို့လား။”
ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။
“မဟုတ်ပါဘူး ကျွန်းပိုင်ရှင်...လူကြီးမင်း နားလည်မှုလွဲနေပါပြီ။”
မီစိက ပြုံးကာ ရှင်းပြလိုက်သည်။
“ကျွန်မက မျိုးဗီဇအင်ဂျင်နီယာနည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ ဧရာမမျိုးစေ့မျိုးကို လိုချင်တာပါ။”
မီစိ၏ ရှင်းပြချက်ကို ကြားမှ ရှောင်းယီ သဘောပေါက်သွားပြီး ပြုံးကာ ပြောလိုက်သည်။
“ဟုတ်သားပဲ...။ ခင်ဗျားတို့ ဧရာမဘီလူးမျိုးနွယ်စုရဲ့ အစားအစာက အခုထိ သိပ်ပြီးစုံစုံလင်လင် မရှိသေးဘူးပဲ။”
“ကျွန်မတို့ မျိုးစေ့တွေလည်း ရပြီးပြီဆိုတော့ ပြန်ခွင့်ပြုပါဦး။”
မီစိက နှုတ်ဆက်စကားဆိုလိုက်သည်။
“ခဏနေဦး။ လောင်ယွမ်... ကျုပ်တို့ ဂိုဒေါင်ထဲမှာ SSS အဆင့် အစားအစာတွေ အများကြီး ကျန်သေးတယ်မလား။ သူတို့ ပြန်ယူသွားဖို့ နည်းနည်းလောက် ထုတ်ပေးလိုက်ပါဦး။”
“အင်း ငါ အကုန်လုံး အဆင်သင့် ပြင်ထားပြီးသားပါ။”
“မဖြစ်ပါဘူး ကျွန်းပိုင်ရှင်။ ဒါတွေက အရမ်းတန်ဖိုးကြီးလွန်းတယ်။ ကျွန်မတို့အတွက် ဒီမျိုးစေ့တွေရတာနဲ့တင် တကယ့်ကို ကျေးဇူးတင်လှပါပြီ။”
မီစိက ချက်ချင်း ငြင်းလိုက်၏။
“ရပါတယ်။ ကျွန်းပေါ်မှာ SSS အဆင့် အစားအစာတွေ အများကြီးရှိပါတယ်။ ဒီမှာ ရှေးဦးဧရာမသားရဲသားတွေလည်း ရှိသေးတယ်။ အရသာက ပိုကောင်းလိမ့်မယ်။ အဲ့ဒါကိုပါ နည်းနည်းလောက် ယူသွားလိုက်ပါ။”
ရှောင်းယီက ဆက်ပြောလိုက်သည်။
ဧရာမဘီလူးမျိုးနွယ်စုသည် အရွယ်ရောက်လာသည်နှင့်အမျှ SSS အဆင့် အစားအစာများကို စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ SSS အဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ကြပြီးသား ဖြစ်သည်။ သို့သော်လည်း သူတို့သာ SSS အဆင့် အစားအစာများကို စားသုံးခွင့်ရပါက သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်က ပိုမိုတောင့်တင်းခိုင်မာလာမည် မဟုတ်ပါလော။
နောင်အနာဂတ်တွင် ဤနေရာကို စောင့်ရှောက်ရန်အတွက် ဧရာမဘီလူးမျိုးနွယ်စုကို လိုအပ်နေသေးသည်။ မျိုးနွယ်ခြားများမှာလည်း အလွန်အင်အားတောင့်တင်းကြသော်လည်း မည်သူမျှ ဧရာမဘီလူးမျိုးနွယ်စုကို မယှဉ်နိုင်ကြပေ။
ရှောင်းယီက သူတို့အတွက် ပစ္စည်းများကို ကုန်တင်ကား အနည်းငယ်စာ အပြည့်ပြင်ဆင်ပေးပြီး အိမ်အရောက် ပို့ဆောင်ပေးရန် စီစဉ်နေသည်ကို မြင်သောအခါ မီစီတစ်ယောက် စိတ်လှုပ်ရှားသွားခဲ့သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ကျွန်းပိုင်ရှင်။”
“ငါတို့က မိသားစုတွေပဲ။ အားနာစရာမလိုပါဘူး။ ကောင်းပြီ... ပြန်ကြတော့။ တကယ်လို့ SSS အဆင့် အစားအစာတွေ ကုန်သွားရင် ဒီကိုပြန်လာပြီး ထပ်ယူကြပါ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကျွန်မတို့ သာမန်အစားအစာတွေကိုလည်း စားလို့ရပါတယ်။”
မီစီက အလျင်အစလို ပြောလိုက်သည်။
ထိုစကားကို ကြားရုံဖြင့် သူတို့ နောက်တစ်ကြိမ် လာယူတော့မည်မဟုတ်ကြောင်း ရှောင်းယီ သိလိုက်သည်။ ထို့ကြောင့် သူက စိတ်ကူးတစ်ခု ရသွားပြီး ပြုံးလိုက်၏။
“သခင်မတို့က ကျုပ်တို့ရဲ့ SSS အဆင့်ရှိတဲ့ အစားအစာတွေကို မယူချင်ဘူးဆိုရင်တော့... သခင်မတို့ စိုက်ပျိုးလို့ရတဲ့ သာမန်အစားအစာတွေကို ဒီကို ယူလာခဲ့လေ။ ကျုပ် အဲဒါတွေကို အဆင့်မြင့်အစားအစာတွေဖြစ်အောင် မျိုးစပ်ပေးမယ်။”
“ဘာ... ဘာပြောလိုက်တာ...။”
မီစီတစ်ယောက် ဆွံ့အသွားခဲ့သည်။
ဧရာမဘီလူးမျိုးနွယ်စုသည် စူပါပေါင်းစပ်ခြင်းစက်ကို တစ်ခါမျှ မမြင်ဖူးကြသေးသဖြင့် မီစီအနေဖြင့် ရှောင်းယီ၏ စကားမှာ စိတ်ကူးယဉ်ဆန်လွန်းသည်ဟု ခံစားလိုက်ရခြင်း ဖြစ်သည်။
မီစီက အနည်းငယ် သံသယဝင်နေသည်ကို မြင်သောအခါ ရှောင်းယီက ယွမ်နွန်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
“လောင်ယွမ်... ကျုပ်တို့ ဂိုဒေါင်ထဲမှာ သာမန်ကောက်ပဲသီးနှံတွေ ရှိသေးလား။”
ယွမ်နွန် အနည်းငယ် ကြောင်အသွားပြီးနောက် ခေါင်းခါပြလိုက်သည်။
“မရှိတော့ဘူး။ ငါတို့ ဂိုဒေါင်ထဲမှာ သာမန်အစားအစာတွေကို မသိုလှောင်ထားတာ ကြာလှပြီ။ SSS အဆင့်တွေချည်းပဲ ရှိတော့တယ်။”
ရှောင်းယီ ကူကယ်ရာမဲ့သွားခဲ့လေသည်။ သူ အနည်းငယ် စဉ်းစားကြည့်လိုက်သည်။
“ဒီလိုလုပ်ရအောင်... ကျုပ် သခင်မတို့နဲ့အတူ ဧရာမဘီလူးမျိုးနွယ်စုဆီကို လိုက်ခဲ့မယ်။ ပြီးရင် သခင်မတို့ရဲ့ သာမန်အစားအစာတွေကို သုံးပြီး ပေါင်းစပ်ပြမယ်။ ဘယ်လိုလဲ...။”
မီစီသည်မူ ရှောင်းယီကို အံ့အားသင့်တုန်လှုပ်နေသော မျက်နှာပေးဖြင့် ကြည့်နေဆဲပင်။ အတော်ကြာမှ သူမ ခေါင်းညိတ်ပြလိုက်မိသည်။
“ကောင်းပါပြီ။ ရှင် ကျွန်မနဲ့အတူ လိုက်ခဲ့လိုက်ပါ။”
ရှောင်းယီသည် ဗီလာအတွင်းမှ စူပါပေါင်းစပ်စက်ကို သွားရောက်ယူဆောင်ကာ ကုန်တင်ကားပေါ်သို့ တက်လိုက်ပြီး မီစီတို့နှင့်အတူ ဧရာမဘီလူးမျိုးနွယ်စုနယ်မြေဆီသို့ ဦးတည်ကာ ထွက်ခွာလာခဲ့ကြသည်။
လမ်းခရီးတွင် အခြားဧရာမဘီလူးကြီးများသည် တိုးတိုးတိတ်တိတ်ဖြင့် အချင်းချင်း ဆွေးနွေးနေကြ၏။
“ကျွန်းပိုင်ရှင်ပြောတာ တကယ်ပဲလား။ သူက တကယ်ပဲ သာမန်အစားအစာတွေကို အဆင့်မြင့်အစားအစာတွေဖြစ်အောင် ပေါင်းစပ်ပေးနိုင်လို့လား။”
“ငါ့အထင်တော့ မဖြစ်နိုင်ဘူးထင်တယ်။ ကျွန်းပိုင်ရှင်က ငါတို့ကို SSS အဆင့် အစားအစာတွေကို စိတ်လက်သက်သာ စားစေချင်လို့ ဒီလိုမုသားစကားမျိုး ပြောပြီး ဖျောင်းဖျနေတာ ဖြစ်ရမယ်။”
“ကျွန်းပိုင်ရှင်က တကယ့်ကို ကြင်နာတတ်လွန်းပါတယ်။ ဒီကျွန်းပေါ်မှာ နေထိုင်ခွင့်ရတာက တကယ့်ကို ငါတို့ရဲ့ ကံကောင်းခြင်းပဲ။”
“အဲ့ဒီတုန်းက တချို့လူတွေဆို ဒီကို မပြောင်းချင်ကြဘူးလေ။ အခု ပြန်စဉ်းစားကြည့်ရင် တကယ်ကို ရယ်စရာပဲ။”
“ဟုတ်တယ်။ အစက မျိုးနွယ်ခြားတွေလည်း တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်နေကြသေးတာ။ တော်သေးတာပေါ့ အကုန်လုံး ပြောင်းလာကြလို့။”
“အမှန်ပဲ။ မဟုတ်ရင် သူတို့တစ်သက်လုံး နောင်တရနေကြမှာ သေချာတယ်။”
အခန်း ၁၂၃၆
ဧရာမဘီလူးမျိုးနွယ်စုနယ်မြေသည် ဗဟိုနယ်မြေအတွင်း၌ပင် တည်ရှိသောကြောင့် ဗီလာနှင့် ဧရာမဘီလူးမျိုးနွယ်စုကြား အကွာအဝေးမှာ သိပ်မဝေးလှပေ။
ကုန်တင်ကားကို နှစ်နာရီခန့် မောင်းနှင်ပြီးနောက် ရှောင်းယီတို့သည် ဧရာမဘီလူးမျိုးနွယ်စုနယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ကြလေသည်။
ကျားကျန့်သည် ရှောင်းယီ ရောက်ရှိလာသည့် သတင်းကို ချက်ချင်းပင် ရရှိခဲ့သည်။
“ကျွန်းပိုင်ရှင် ဘာကိစ္စရှိလို့ ဒီကို ကိုယ်တိုင် ကြွလာရတာလဲ။”
ကျားကျန့်က အနည်းငယ် အံ့အားသင့်နေဟန်ဖြင့် မေးလိုက်သည်။
“ဒီတစ်ခေါက် ကျုပ်လာတာက သခင်မမီစီတို့ရဲ့ သာမန်အစားအစာတွေကို အဆင့်မြင့်အစားအစာတွေဖြစ်အောင် ပြောင်းလဲပေးတဲ့နေရာမှာ ကူညီချင်လို့ပါ။”
ကျားကျန့် အနည်းငယိ ဆွံ့အသွား၏။ သူသည် ရှောင်းယီ၊ မီစီနှင့် အခြားသူများကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။
“ဒါက... ဘာကို ဆိုလိုတာလဲ။”
မီစီက ချက်ချင်းပင် ရှေ့တက်ကာ ရှင်းပြလိုက်သည်။
“ကျွန်းပိုင်ရှင်က သာမန်အစားအစာတွေကို အဆင့်မြင့်အစားအစာတွေဖြစ်အောင် ပေါင်းစပ်ပေးနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ပြောလို့ပါ...။ အဲ့ဒါကြောင့် အတူတူ လိုက်လာတာပါ။”
“ပေါင်းစပ်တယ် ဟုတ်လား။”
ကျားကျန့်တစ်ယောက် ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့သည်။ အစားအစာများကို ပေါင်းစပ်နိုင်သည်ဟူ၍ သူတစ်ခါမျှ မကြားဖူးခဲ့ပေ။
“မှန်တယ်။ ပေါင်းစပ်တာပဲ။”
ရှောင်းယီက ပြုံးကာ ဆိုသည်။
“သထင်မမီစီတို့က ကျုပ်တို့ဆီက SSS အဆင့် အစားအစာတွေကို အလကားယူရမှာ အားနာနေကြတယ်လေ။ အဲ့တော့... ကျုပ်တို့အနေနဲ့ ဘာရင်းနှီးမှုမျှ ပေးစရာမလိုဘဲ အဆင့်မြင့်ဆုံး အစားအစာတွေကို တကယ် အချိန်မရွေး ရနိုင်တယ်ဆိုတာကို သက်သေပြဖို့ ကျုပ်ကိုယ်တိုင် လိုက်လာခဲ့ရတော့တာပေါ့။”
ကျားကျန့်တစ်ယောကိ အနည်းငယ် ကြောင်အသွား၏။ ထို့နောက်မှ...
“အော်...ငါ သဘောပေါက်ပြီ။ ဒါပေမဲ့ ကျွန်းပိုင်ရှင် သာမန်အစားအစာတွေကို ပိုပြီးအဆင့်မြင့်တဲ့ အစားအစာတွေဖြစ်အောင် ပေါင်းစပ်ပေးနိုင်တယ်ဆိုတာ တကယ် သေချာလို့လား။”
“သေချာတာပေါ့။”
ရှောင်းယီက ပြုံးလိုက်သည်။
“စကားအဖြစ် ပြောနေတာထက် လက်တွေ့ပြတာက ပိုကောင်းပါတယ်။ သခင်မတို့ သိုလှောင်ထားတဲ့ သာမန်အစားအစာတွေကိုသာ ယူလာခဲ့လိုက်တော့။”
ကျားကျန့်က ခေါင်းညိတ်ပြလိုက်ရာ ဘေးနားရှိ မီစီသည်လည်း အခြားဧရာမဘီလူးအချို့ကို ခေါ်ကာ ဂိုဒေါင်ဘက်သို့ ချက်ချင်း ဦးတည်သွားတော့သည်။
ဤအချိန်တွင် အခန်းထဲတွင် အပျင်းတက်နေသော ဟူကျဲ့တစ်ယောက် အပြင်ဘက်မှ ဆူညံသံများကို ကြားရသဖြင့် ချက်ချင်း လျှောက်ထွက်လာခဲ့သည်။
သူသည် ရှောင်းယီကို မြင်လိုက်ရသည်နှင့် တပြိုင်နက် အပြေးအလွှား ရောက်လာ၏။
“ကျွန်းပိုင်ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ။
ရှောင်းယီက ပြုံးလိုက်သည်။
“ငါ အချက်တစ်ခုကို သက်သေပြချင်လို့ပါ။ ဒါနဲ့ မင်းက ဘာလို့ ငါတို့ကျွန်းရဲ့ တခြားနေရာတွေကို သွားမလည်တာလဲ။”
“ခေါင်းဆောင်က ကျုပ်တို့ကို ခင်ဗျားတို့အတွက် ပြဿနာမဖြစ်စေချင်လို့ဆိုပြီး လျှောက်မသွားရဘူးလို့ အမိန့်ထုတ်ထားတယ်လေ။”
ဟူကျဲက ကျားကျန့်ကို မကျေနပ်သော မျက်နှာပေးဖြင့် လှမ်းကြည့်လိုက်သည်။ ကျားကျန့်က သူ့ကို စိုက်ကြည့်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ငါတို့ရဲ့ ခန္ဓာကိုယ် အရွယ်အစားက အရမ်းကြီးမားလွန်းတော့... သူ လျှောက်သွားရင် ကျွန်းပေါ်က တခြားလူတွေကို ထိတ်လန့်သွားစေမှာ စိုးရိမ်လို့ပါ။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းခါလိုက်သည်။
“ကျုပ်တို့မဟာမိတ်အဖွဲ့က လူတွေက ထင်ဗျားတို့ကို ကြောက်မနေပါဘူး။ ကျုပ်တို့ မဟာမိတ်အဖွဲ့ထဲမှာ မျိုးနွယ်ခြားတွေ အများကြီး ရှိနေပြီးသားပဲ။ လူတိုင်းက အပြင်ပန်းသဏ္ဌာန်ပဲ ကွဲပြားကြတာပါ။ ဒါက သက်ရှိတွေရဲ့ ပုံစံတစ်မျိုးပဲလေ။ ခင်ဗျားတို့ရဲ့ ရုပ်ရည်ကြောင့် ဘယ်သူမှ ကြောက်လန့်နေမှာ မဟုတ်ပါဘူး။”
“တွေ့လား...ခေါင်းဆောင်။ ကျွန်းပိုင်ရှင်ကတောင် ရတယ်လို့ ပြောနေပြီပဲဟာကို။ အခု ကျုပ်တို့ အပြင်ထွက်ပြီး လည်လို့ရပြီ မလား။”
ဟူကျဲက ချက်ချင်းပင် ထောက်ခံပြောဆိုလိုက်သည်။
သူသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အပန်းဖြေစခန်းထဲတွင် ပျော်စရာကောင်းသောအရာများ အများကြီးရှိကြောင်း ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အရွယ်အစားကြောင့် ထိုအရာများကို ကစားနိုင်ချင်မှ ကစားနိုင်မည်ဖြစ်သော်လည်း သွားရောက်ကြည့်ရှုချင်စိတ်ကတော့ အပြည့်ရှိနေသည် မဟုတ်ပါလော။
ကျားကျန့်က သူ့ကို စိုက်ကြည့်လိုက်သည်။
“ကောင်းပြီ။ ဒါပေမဲ့ မင်းသာ ပြဿနာတစ်ခုခု ရှာရဲရင် ငါ မင်းကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။”
ရှောင်းယီက ပြုံးလိုက်၏။
“ခေါင်းဆောင်ကျား... ဒီနေရာမှာ စည်းကမ်းတွေကို ဒီလောက်အထိ တင်းကျပ်ထားဖို့ မလိုပါဘူး။ လူတိုင်း အတူတူ နေထိုင်ကြတဲ့အခါ အနည်းနဲ့အများတော့ ထိခိုက်ငြိစွန်းမှုတွေ ရှိတတ်ကြတာပဲလေ။ လင်မယားအချင်းချင်းတောင် ခလောက်ဆန်ကြသေးတာပဲ။ ပြဿနာဖြစ်မှာကို ကြောက်စရာမလိုပါဘူး။ ကျုပ်တို့ အဲ့ဒါကို ဖြေရှင်းနိုင်ဖို့ပဲ လိုတာပါ။ ဟုတ်တယ်မလား။”
ကျားကျန့်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပါတယ်။ ဒီနေ့ ငါ့အတွက် တကယ့်ကို အသိအမြင်အသစ်တွေ ရသွားရပြီ။ အမှန်အတိုင်းပြောရရင် အရင်က ငါ တခြားအပြင်လူတွေနဲ့ ထိတွေ့ဖူးပေမဲ့... သူတို့မှာ ကျွန်းပိုင်ရှင်လိုမျိုး မြင့်မြတ်တဲ့ အမြင်မျိုး လုံးဝမရှိကြဘူး။ ယေဘုယျအားဖြင့်တော့ သူတို့က မျိုးနွယ်ခြားတွေအပေါ် ခွဲခြားဆက်ဆံတတ်ကြတယ်။”
“ဒါဆိုရင် ဆုံးဖြတ်လိုက်ပြီနော်။ ဟူကျဲ... မင်းနဲ့ အခြားဧရာမဘီလူးကြီးတွေ အပြင်ထွက်ပြီး ပတ်ဝန်းကျင်ကို လျှောက်ကြည့်ချင်ရင် သွားလို့ရပြီ။ ကိုယ့်မျိုးနွယ်စုထဲမှာ အောင်းနေစရာ မလိုတော့ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ဒါပေမဲ့ အချက်တစ်ချက်တော့ မှတ်ထားရမယ်။ အဲ့ဒါက လေးစားမှုနဲ့ ဂရုစိုက်မှုဆိုတာ အသွားအပြန် ရှိရတယ်ဆိုတာပဲ။”
“ဟုတ်ကဲ့...ကျေးဇူးအများကြီးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ဟူကျဲတစ်ယောက် ချက်ချင်းပင် ဝမ်းသာအားရ ပြောလိုက်ပြီးနောက် ကျားကျန့်ကို ထပ်မံလှမ်းကြည့်လိုက်သည်။
ကျားကျန့်မှာမူ ပြောစရာစကား မရှိတော့ပေ။
“ကျွန်းပိုင်ရှင်ကတောင် ခွင့်ပြုပေးပြီးပြီလေ။ မင်းက ငါ့ကို ဘာလို့ လာကြည့်နေသေးတာလဲ။”
“အော်... ဒါဆို အရမ်းကောင်းတာပေါ့။”
ဟူကျဲသည် ချက်ချင်းပင် ဝမ်းသာအားရဖြင့် အထက်သို့ ခုန်တက်လိုက်ပြီး “ကျုပ် အခုချက်ချင်း တခြားသူတွေကို သွားပြောလိုက်ဦးမယ်” ဟု အော်ဟစ်ကာ နောက်သို့ ပြန်ပြေးသွားတော့သည်။
ထိုအချိန်တွင် မီစီသည် လူအများကိုခေါ်ကာ ဂိုဒေါင်ထဲမှ ရိက္ခာများကို သယ်ဆောင်၍ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဟူကျဲတစ်ဟုန်ထိုး ပြန်ပြေးသွားသည်ကို မြင်သောအခါ မီစီက စူးစမ်းလိုစိတ်ဖြင့်မေးလိုက်သည်။
“ဟူကျဲ ဘာတွေ အရူးထနေပြန်တာလဲ။”
“ကျွန်းပိုင်ရှင်က သူတို့အတွက် ကြားဝင်ဖျောင်းဖျပေးလိုက်လို့လေ။ အခု သူတို့ အပြင်ထွက်ပြီး လည်လို့ ရသွားပြီ။”
ကျားကျန့်က အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်သည်။
“ဒါကြောင့်ကိုး။”
မီစီ ပြုံးလိုက်မိသည်။
“သူတို့လည်း ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး တကယ်ကို ပိတ်လှောင်ခံထားရတာပါ။ ဒီလို ဆန်းသစ်တဲ့ ကျွန်းကြီးပေါ် ရောက်နေပြီးမှ အပြင်ထွက်မလည်ရဘူးဆိုတာက... တောရိုင်းထဲမှာ ကျင်လည်ကျန်းမာနေကျဖြစ်တဲ့ ဒီဧရာမဘီလူးအုပ်စုအတွက်တော့ တကယ့်ကို နှိပ်စက်ညှင်းပန်းမှုတစ်ခုပဲ။”
“သထင်မက သူတို့အကြောင်းကို တော်တော်နားလည်တာပဲ။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“သူတို့ရဲ့ အပျော်၊ ဒေါသ၊ အပူ၊ အဆွေးတွေအားလုံးက မျက်နှာပေါ်မှာ တိုက်ရိုက်ပေါ်နေတာပဲလေ။ ဘယ်သူမဆို တစ်ချက်ကြည့်ရုံနဲ့ နားလည်နိုင်ပါတယ်။”
မီစီက ခေါင်းခါကာ ပြောလိုက်ပြီးနောက် ဧရာမဘီလူးကြီးများကို သာမန်ရိက္ခာများအား ချထားရန် ညွှန်ကြားလိုက်သည်။
ရှောင်းယီသည် ထိုသာမန်ဧရာမရိက္ခာများကို ကြည့်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
“ဒါကို ဘယ်အဆင့်အထိ ပေါင်းစပ်ချင်လဲ။”
ကျားကျန့်နှင့် အခြားသူများမှာ ခဏကြာအောင် ကြောင်အသွားပြီးနောက် မသေချာမရေရာသော လေသံဖြင့် ပြန်မေးလိုက်ကြသည်။
“ကျွန်မတို့က အဆင့်ကို စိတ်ကြိုက်ရွေးလို့ရတာလား။”
“ဟုတ်တယ်။ C အဆင့်ကနေ SSS အဆင့်အထိ သခင်မတို့ စိတ်ကြိုက်ရွေးချယ်လို့ ရတယ်။”
ရှောင်းယီက အသေအချာ ပြန်ဖြေလိုက်သည်။
“ရွေးနေစရာ မလိုပါဘူး။ ကျွန်မတို့ သေချာပေါက် အမြင့်ဆုံးအဆင့်ပဲ လိုချင်တယ်။”
ရှောင်းယီက ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။
“ပေါင်းစပ်မယ့် အဆင့်မြင့်လေလေ၊ လိုအပ်တဲ့ အရေအတွက်က ပိုများလေလေပဲ။ ဥပမာ သာမန်အဆင့် ရိက္ခာကနေ C အဆင့်ဖြစ်ဖို့ ၂ ခု၊ B အဆင့်ဖြစ်ဖို့ ၄ ခု၊ A အဆင့်ဖြစ်ဖို့ ၈ ခု စသဖြင့် လိုအပ်တယ်ပေါ့။ တကယ်လို့ အားလုံးကို SSS အဆင့်အထိ ပေါင်းစပ်မယ်ဆိုရင် သာမန်အဆင့် ရိက္ခာ ၆၄ ခု လိုအပ်လိမ့်မယ်။”
ကျားကျန့်နှင့် မီစီတို့ အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
“အခု ဒါတွေကို SSS အဆင့် ရိက္ခာဖြစ်အောင် ပေါင်းစပ်မယ်ဆိုတာ သေချာပြီလား။”
ရှောင်းယီက ထပ်မေးလိုက်သည်။
“ကျွန်မတို့မှာ အခုလောလောဆယ် စားဖို့ ရိက္ခာအလုံအလောက် ရှိနေတယ်လေ...။ အဲ့တော့ အကုန်လုံးကို SSS အဆင့်အထိ ပေါင်းစပ်လိုက်ပါ။”
မီစီ၏ စကားကို ကြားသောအခါ ကျားကျန့်ကလည်း ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ။ ဒါဆို အကုန်လုံး ပေါင်းစပ်လိုက်ကြရအောင်။”
အမှန်အတိုင်းပြောရလျှင် မီစီ ထုတ်မပြောလျှင်ပင် ကျားကျန့်အနေဖြင့် ဤဆုံးဖြတ်ချက်ကို ချနိုင်ပါသေးသည်။ သူတို့ကိုယ်တိုင် စိုက်ပျိုးထားသော ရိက္ခာများ မရှိလျှင်ပင် အနီးနားရှိ ထူထပ်သော တောအုပ်ထဲမှ သားကောင်များကို ရှာဖွေကာ ဗိုက်ပြည့်အောင် စားနိုင်ကြသေးသည် မဟုတ်ပါလော။
ပြောရမည်ဆိုလျှင် ရှောင်းယီ၏ ကျွန်းပေါ်ရှိ သယံဇာတများ ပြန်လည်ပေါ်ထွက်မှုနှုန်းက တကယ့်ကို မြန်ဆန်လွန်းလှသည်။
“ကောင်းပြီ။”
ရှောင်းယီက ပြန်ပြောလိုက်ပြီး စူပါပေါင်းစပ်ခြင်းစက်ကို ထုတ်ယူလိုက်တော့သည်။
ထို့နောက် သူသည် မီစီတို့ သယ်ဆောင်လာသော ရိက္ခာများကို ချက်ချင်း စတင်ပေါင်းစပ်ပေးလိုက်တော့သည်။
စူပါပေါင်းစပ်ခြင်းစက်ဆီမှ အဖြူရောင်အလင်းတန်းတစ်ခု ဖြာထွက်လာပြီး ရိက္ခာအားလုံးကို လွှမ်းခြုံသွားခဲ့ကာ ၎င်းတို့မှာ စတင်ကျုံ့ဝင်လာခဲ့သည်။ မူလက ရင်ပြင်တစ်ခုလုံး၏ ထက်ဝက်ကျော်မျှ ပုံထားသော ရိက္ခာများသည် ပေါင်းစပ်ပြီးနောက်တွင်မူ နည်းနည်းလေးသာ ကျန်ရှိတော့သည်။
အဖြူရောင်အလင်းတန်း ကွယ်ပျောက်သွားသည့်အခါ မီစီတို့ သယ်ဆောင်လာသော ရိက္ခာအားလုံးသည် SSS အဆင့်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
“ကဲ... ကြည့်လိုက်ကြပါဦး။”
ရှောင်းယီက ပေါင်းစပ်ပြီးသား ရိက္ခာများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
ကျားကျန့်နှင့် မီစီတို့သည် ချက်ချင်းပင် ရှေ့တက်သွားကြပြီး ပေါင်းစပ်ထားသော ကောက်နှံများကို လက်တစ်ဆုပ်စာ ယူကာ နှာခေါင်းနားကပ်၍ ညင်သာစွာ အနံ့ခံကြည့်ပြီးနောက် ပါးစပ်ထဲသို့ ထည့်ကာ ဝါးစားကြည့်လိုက်ကြသည်။
နောက်အခိုက်တွင် သူတို့၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားကြ၏။
ဒါက တကယ်ကြီး SSS အဆင့် ဖြစ်သွားတာလား။
ထိုအချိန်တွင် ဟူကျဲသည်လည်း ပြန်ရောက်လာခဲ့သည်။ ရင်ပြင်ပေါ်ရှိ ရိက္ခာများ သိသိသာသာ နည်းပါးသွားသည်ကို မြင်သောအခါ သူက မေးလိုက်၏။
“ဟမ်... ခုနက သယ်လာတဲ့ ရိက္ခာတွေ အကုန် ဘယ်ရောက်ကုန်တာလဲ။”
“အဲ့ဒီမှာ နည်းနည်းလေးပဲ ကျန်တော့တယ်လေ။”
ရှောင်းယီက ကျားကျန့်နှင့် မီစီတို့ ရှေ့ရှိ ရိက္ခာပုံအငယ်စားလေးကို လက်ညှိုးထိုးပြကာ ပြန်ပြောလိုက်တော့သည်။