← Chapters

အခန်း (၁၂၃၉-၁၂၄၀)

Vol. 107 Ch. 1239-1240

အခန်း (၁၂၃၉-၁၂၄၀)

Vol. 107 Ch. 1239-1240

အခန်း ၁၂၃၉

ဘေးနားတွင် ရှိနေသော လီယန်သည် အန်းရန်၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိသွားပုံရပြီး တိုးတိုးတိတ်တိတ် လှမ်းမေးလိုက်၏။

“ရန်ရန်... ဘာဖြစ်လို့လဲသမီး။”

အန်းရန်က ခေါင်းမော့ကာ ပြုံးပြလိုက်သည်။

“ဘာမှမဟုတ်ပါဘူး မေမေ။ သမီး ရှေ့ဆက်ကြုံရမယ့် အနာဂတ်က သိပ်ပြီး မရေရာမသေချာသလို ခံစားရလို့ပါ။”

သမီးအကြောင်းကို အသိဆုံးက မိခင်သာ ဖြစ်သည်။ လီယန်သည် အန်းရန်၏ စိတ်ထဲတွင် တစ်စုံတစ်ခု ရှိနေသည်ကို သေချာပေါက် သိလိုက်သော်လည်း သမီးဖြစ်သူက ထုတ်မပြောသဖြင့် သူမ၏ ရွေးချယ်မှုကို လေးစားပေးလိုက်သည်။

“ဒါတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သမီး သိပ်ပြီး စိုးရိမ်မနေပါနဲ့။ သမီးရဲ့ ဖေဖေ၊ မေမေနဲ့ ရှောင်းယီတို့ အားလုံးက သမီးနားမှာ အမြဲတမ်း ရှိနေပေးမှာပါ။”

လီယန်က ပြုံးကာ ဆိုသည်။

“ဟုတ်ကဲ့ပါ မေမေ။”

ညစာစားပြီးနောက် အန်းယွဲ့နှင့် လီယန်တို့ ဇနီးမောင်နှံမှာ အိပ်ခန်းသို့ ပြန်လာခဲ့ကြသည်။ အန်းယွဲ့က ကလေးရယူရေး အစီအစဉ်ကို စတင်ရန် ပြင်ဆင်လိုက်စဉ်မှာပင် လီယန်က သူ့ကို တားမြစ်လိုက်၏။

“ဘာဖြစ်လို့လဲ။”

အန်းယွဲ့ အနည်းငယ် ကြောင်အသွား၏။

“မင်း ဒီနေ့ နေလို့မကောင်းလို့လား။”

လီယန်က ခေါင်းခါပြလိုက်သည်။

“မဟုတ်ပါဘူး။ ဒီနေ့ ညစာစားတုန်းက ရန်ရန်ရဲ့ စိတ်ထဲမှာ တစ်ခုခု ရှိနေသလိုမျိုး ကျွန်မ ခံစားရတယ်။”

“ဟင်... ဟုတ်လို့လား။”

အန်းယွဲ့ ထပ်မံ အံ့အားသင့်သွားခဲ့သည်။

“ငါကြည့်ရသလောက်တော့ သူ ပုံမှန်ပါပဲ။”

လီယန်က မျက်စောင်းထိုးလိုက်၏။

“ရှင် ထူးခြားမှုကို သတိထားမိတဲ့ အချိန်ဆိုရင်တော့ အခွင့်အရေးက ကြာလှပေါ့။”

“မင်းက ထူးခြားတယ်လို့ ခံစားရတယ်ဆိုမှတော့... သူ့ကို သွားမေးကြည့်လိုက်လေ။”

“မေးတော့ မေးကြည့်သားပဲ။ ဒါပေမဲ့ သူက ဘာမှထုတ်မပြောဘူး။”

လီယန်က မျက်မှောင်ကြုတ်ကာ ဆိုသည်။ အန်းယွဲ့က အနည်းငယ် စဉ်းစားကြည့်လိုက်သည်။

“ငါ့အထင်တော့ ရန်ရန်က ပျင်းပြီး အထီးကျန်နေတာ ဖြစ်ရမယ်။ ငါတို့ ရန်ရန်အတွက် မောင်လေး ဒါမှမဟုတ် ညီမလေးတစ်ယောက်လောက် မွေးပေးလိုက်ရင်... သူ ဒီလောက် အထီးကျန်နေတော့မှာ မဟုတ်ဘူး။”

ထိုသို့ပြောရင်း အန်းယွဲ့က သူမအနားသို့ ထပ်မံတိုးကပ်သွားသော်လည်း လီယန်က သူ့ကို တိုက်ရိုက်ပင် တွန်းထုတ်လိုက်သည်။

“ကျွန်မ ဒီနေ့ စိတ်အခြေအနေ မကောင်းဘူး! တော်ပြီ... တော်ပြီ။”

ထိုသို့ပြောပြီးနောက် သူမသည် တစ်ဖက်သို့ လှည့်ကာ လှဲအိပ်ပျော်သွားတော့သည်။ အန်းယွဲ့သည်လည်း မျှော်လင့်ချက်ကင်းမဲ့သွားပြီး ခေါင်းခါကာ ဘေးနားတွင် ဝင်ရောက်လှဲလျောင်းလိုက်ရတော့သည်။

တစ်ညတာလုံး ဘာပြဿနာမျှမရှိဘဲ ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် ရှောင်းယီ နိုးနိုးချင်းမှာပင် သူ့လက်ကိုင်ဖုန်းနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် နှစ်ခုလုံး တစ်ပြိုင်နက်တည်း အဆက်မပြတ် မြည်လာခဲ့ကြသည်။

ရှောင်းယီသည် ဖုန်းနှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အလျင်အစလို စစ်ဆေးကြည့်လိုက်၏...။ ၎င်းတို့အားလုံးမှာ အကူအညီတောင်းခံသည့် မက်ဆေ့ခ်ျများ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

“ငါတို့ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကို ထုတ်ရောင်းပေးထားပြီးပြီ မဟုတ်ဘူးလား။ ဘာဖြစ်လို့ အကူအညီတွေ လာတောင်းနေကြသေးတာလဲ။”

ရှောင်းယီ အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး ဂရုချက်ထဲ၌ တိုက်ရိုက် မေးလိုက်သည်။

“သူဌေး... ခင်ဗျား နောက်ဆုံးတော့ ထွက်လာပြီပဲ။ ကျုပ်တို့က ကိုယ့်ဘာသာကိုယ် အဲ့ဒီ ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကို သုံးရမှာ စိတ်မချလို့ပါ။”

“ဟုတ်တယ်။ ပြီးတော့ သူဌရဲ့ အဖွဲ့က ပိုပြီးတော့ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ခံစားရတယ်။”

“ဘာပဲဖြစ်ဖြစ် ကျုပ်တို့လက်ထဲမှာ အုတ်မြစ်ကျောက်တွေ နည်းနည်း ကျန်သေးတာပဲ။ ဒီအုတ်မြစ်ကျောက်တွေက နောက်တစ်ဆင့်မှာ ကျုပ်အတွက် သိပ်ပြီး အားသာချက် ဖြစ်လာလိမ့်မယ်လို့လည်း မမျှော်လင့်တော့ဘူး။ အဲ့ဒါကြောင့် သူဌေးရဲ့အဖွဲ့ကိုပဲ အခကြေးငွေပေးပြီး ရှင်းခိုင်းလိုက်တာက ပိုစိတ်ချရပါတယ်။”

ဤအချိန်တွင် ကျန်းယွင်ထျန်းက ဂရုထဲ၌ ချက်ချင်း ပြန်ဖြေပေးလိုက်သည်။

“အကူအညီတောင်းတဲ့ အဖွဲ့တွေကိုတော့ တောင်းဆိုတဲ့ အလှည့်ကျစနစ်အတိုင်း စီစဉ်ပေးထားပါတယ်။ အားလုံးပဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြပါ။”

“ကျေးဇူးအများကြီးတင်ပါတယ် နည်းပြချုပ်ကျန်း။”

ရှောင်းယီ အချိန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် ဂရုထဲတွင် မေးလိုက်ပြန်သည်။

“အခုမှ ငါးနာရီပဲ ရှိသေးတာကို... မင်းတို့ ရှေးဦးဧရာမသားရဲကြီးတွေနဲ့ ထိပ်တိုက်တွေ့နေကြပြီလား။”

“ဟုတ်တယ်။ ကျွန်တော်တို့လည်း အံ့ဩနေတာ။ တော်သေးတာပေါ့ ညဆိုင်းကင်းလှည့်တွေ သေချာချထားလို့။ မဟုတ်ရင် ဧရာမသားရဲကြီးက ကျွန်းကို လာပြီး မဖျက်ဆီးမချင်း ကျွန်တော်တို့ သတိထားမိမှာတောင် မဟုတ်ဘူး။”

“ကျွန်တော်တို့လည်း ရှေးဦးဧရာမသားရဲကြီးတွေနဲ့ ဒီလောက်အစောကြီး မတွေ့ချင်ပါဘူး။ တကယ် အစောကြီး ရှိသေးတယ်။ တခြားလူတွေ အိပ်ကောင်းခြင်း အိပ်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ ထပြီး တိုက်ပွဲဝင်နေရတယ်...။ တကယ့်ကို သနားစရာပဲ။”

“ဒီနေ့ တကယ်ပဲ နည်းနည်း ထူးဆန်းတယ်။ ရှေးဦးဧရာမသားရဲကြီးတွေက ဘာဖြစ်လို့ ဒီလောက် အစောကြီး ထွက်လာကြတာလဲ။”

“သားရဲကြီးတွေ စောစောထတာ နောက်ကျမှထတာကို ငါ စိတ်မဝင်စားဘူး။ သူတို့ကို ဘယ်လိုမျိုး ပိုပြီး မြန်မြန်ဆန်ဆန် ရှင်းပစ်နိုင်မလဲဆိုတာပဲ စိတ်ဝင်စားတယ်။”

“ဟုတ်တယ်။ တစ်နေ့တည်းနဲ့ အကောင်တွေ အများကြီးနဲ့ ထိပ်တိုက်တွေ့နေရတာ...တောင့်မခံနိုင်တော့ဘူး။”

“ငါတို့ဆီမှာ SSS အဆင့် အသက်ရှင်ကျန်ရစ်သူတွေ ပိုပြီးများပြားလာတာနဲ့အမျှ... ရှေးဦးဧရာမသားရဲကြီးတွေလည်း သေချာပေါက် ပိုများလာမှာပဲ။ ဒါက ရှောင်လွှဲလို့မရတဲ့ ကိစ္စပဲ။”

“ဟူး... တောင်းပန်ပါတယ် ညီအစ်ကို မောင်နှမတို့ရေ... မြန်မြန်လေး ဧရာမသားရဲအသားတွေကို ပိုစားကြပြီး အဆင့်မြန်မြန်တက်အောင် လုပ်ကြပါဦး။”

“လူတိုင်း SSS အဆင့်ကို ရောက်ပြီးတာနဲ့ နောက်တစ်ဆင့်ကို မြန်မြန်လေး ကူးပြောင်းကြရအောင်။ ဒီနေရာမှာ ဆက်နေပြီး ရှေးဦးဧရာမသားရဲကြီးတွေရဲ့ နှိပ်စက်မှုကို ခံမနေကြပါနဲ့တော့။”

လူတိုင်း၏ ညည်းတွားသံများကို ကြားလိုက်ရသောအခါ ရှောင်းယီသည် ဖြစ်နိုင်ချေတစ်ခုကို ရုတ်တရက် တွေးမိသွားပြီး အန်းယွဲ့ထံသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။

အန်းယွဲ့က ဖုန်းကို ချက်ချင်း ကိုင်လိုက်သည်။

“ကျွန်းပိုင်ရှင်... ဒီလောက်အစောကြီး ဖုန်းခေါ်တာ ဘာကိစ္စ ရှိလို့လဲ။”

ရှောင်းယီက သူ မေးချင်သည်ကို တိုက်ရိုက်ပင် မေးလိုက်သည်။

“ကျုပ်တို့မဟာမိတ်အဖွဲ့ထဲမှာ ရှေးဦးဧရာမသားရဲကြီးတွေ လာရောက်တိုက်ခိုက်တဲ့ အချိန်တွေကို စာရင်းဇယားနဲ့ မှတ်တမ်းတင်ထားတာ ရှိလား။”

“ဒါကတော့ သေချာပေါက် ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ငါတို့ဆီမှာ ရေငုပ်သင်္ဘောတွေ ထွက်ခွာခဲ့တဲ့ မှတ်တမ်းတွေ အကုန်ရှိနေလို့ပဲ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို ကျုပ် အစ်ကိုကျန်းဆီကနေပဲ သွားတောင်းလိုက်မယ်။”

ရှောင်းယီက ဖုန်းချလိုက်သည်။

အန်းယွဲ့သည် ဖုန်းထဲမှ တူတူတူ ဟူသော အချက်ပြသံကို နားထောင်ရင်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိ၏။

“ကျွန်းပိုင်ရှင်က ရန်ရန်အပေါ် ဂရုစိုက်တာ နည်းသွားလို့... ရန်ရန် စိတ်ကောက်ပြီး ပုံမှန်မဟုတ် ဖြစ်နေတာလား မသိဘူး။”

“အဲလိုတော့ မဖြစ်နိုင်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အမြဲတမ်း အရမ်းကောင်းနေတာပဲ။ ကျွန်းပိုင်ရှင်က အရမ်းအလုပ်ရှုပ်နေတာ မှန်ပေမဲ့လည်း... ကျွန်းပိုင်ရှင်က သူ့အနားမှာ မရှိပေးနိုင်လို့ဆိုပြီး ရန်ရန်က စိတ်ဆိုးစိတ်ကောက်နေမယ့်လူမျိုး မဟုတ်ပါဘူး။”

ဤအချိန်တွင် လီယန်သည်လည်း အိပ်ရာနိုးနေပြီ ဖြစ်သည်။

အန်းယွဲ့ ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်းယီ၏ ဗီလာသို့ နံနက်စာသွားစားရန် ထွက်လာခဲ့လိုက်တော့သည်။

ရှောင်းယီသည် ကျန်းယွင်ထျန်းထံမှ ရှေးဦးဧရာမသားရဲကြီးများ လာရောက်တိုက်ခိုက်သည့် အချိန်မှတ်တမ်းများကို ရရှိခဲ့ပြီးဖြစ်သည်။ ထိုအချိန်မှတ်တမ်း အချက်အလက်များအပေါ် အခြေခံ၍ သူသည် ပုံစံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

အကယ်၍ ကျွန်းတစ်ကျွန်းပေါ်တွင် SSS အဆင့်သို့ ရောက်ရှိသည့် အသက်ရှင်ကျန်ရစ်သူ အရေအတွက် အများကြီး မရှိသေးပါက...ရှေးဦးဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုကို နေ့ခင်းဘက်တွင်သာ သတ်မှတ်ပေးထားမည်ဖြစ်ပြီး တိုက်ခိုက်မှုတစ်ခုနှင့်တစ်ခုကြား အနည်းဆုံး တစ်နာရီခန့် အချိန်ခြားနားမှု ရှိလိမ့်မည်။

သို့သော်လည်း SSS အဆင့်ရှိသူ အရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ နေ့ခင်းဘက်အချိန်က မလုံလောက်တော့သဖြင့် သဘာဝကျစွာပင် ရှေးဦးဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုကို နံနက် ငါးနာရီမတိုင်မီ အချိန်များသို့ ရွှေ့ဆိုင်းသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ ကျွန်းတစ်ကျွန်းပေါ်တွင် SSS အဆင့်ရှိသူ အရေအတွက်သာ လုံလောက်စွာ များပြားလာပါက... ရှေးဦးဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုအချိန်မှာ ပို၍ပင် စောစီးလာမည်ဖြစ်ပြီး တိုက်ခိုက်မှုကြား ကာလများမှာလည်း ထပ်တူထပ်မျှ တိုတောင်းသွားလိမ့်မည် ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းနိုင်ပေသည်။

ယခုအခါ အသက်ရှင်ကျန်ရစ်သူများ၏ ကျွန်းများ တိုးတက်မှုနှုန်းကို ရှောင်းယီက အရှိန်မြှင့်တင်ပေးထားခဲ့ခြင်း ဖြစ်သည်။ လူတိုင်းသည် ကြီးထွားနှုန်းမြန်အောင် အတင်းဆွဲတင်ခံထားရသည့် ပျိုးပင်များကဲ့သို့ ဖြစ်နေကြရာ... သူတို့၏ အခြေခံအုတ်မြစ်က ခိုင်မာမှုမရှိသလို အရံရိက္ခာ အင်အားစုများလည်း မလုံလောက်ကြပေ။ ထို့ကြောင့် လူတိုင်းသည် အခြေခံအားဖြင့် ထိုအရာများကို တွန်းလှန်ရန်အတွက် ရှောင်းယီဘက်မှ လက်နက်များ သို့မဟုတ် စစ်ကူများကိုသာ မှီခိုအားထားနေကြရခြင်း ဖြစ်သည်။

“ငါ လူတိုင်းကို သတိပေးဖို့ လိုနေသေးတာပဲ။”

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်ပြီးနောက် သူရှာဖွေတွေ့ရှိထားသည့် အချက်အလက်များကို ဂရုချက်ထဲသို့ ချက်ချင်း ရေးသားပေးပို့လိုက်တော့သည်။

ရှောင်းယီ၏ မက်ဆေ့ခ်ျကို မြင်သောအခါ ဂရုထဲမှလူများမှာ ထပ်မံ၍ အုန်းအုန်းကျွက်ကျွက် ဆွေးနွေးကြပြန်သည်။

“သေစမ်း... ဒါက တကယ်ကြီးလား။”

“သူဌေးကိုယ်တိုင် ဒီပုံစံကို အကျဉ်းချုပ် ထုတ်ပြန်ပေးတာပဲ။ မင်းက သံသယဝင်ရဲသေးလို့လား။”

“အမှန်ပဲ။ ပြီးခဲ့တဲ့တစ်ခေါက်က သူဌေးကို သံသယဝင်ခဲ့တဲ့ကောင်ဆိုရင် အခု သူ့အုတ်ဂူတောင် မြေကြီးနဲ့ တညီတည်း ဖြစ်သွားပြီ။”

“သူဌေးပြောတဲ့ ပုံစံအရဆိုရင်တော့... တကယ်လို့ ငါ့ကျွန်းက အသက်ရှင်ကျန်ရစ်သူတွေ တစ်ရက်တည်း SSS အဆင့်ကို ရောက်သွားပြီး အဲ့ဒီအရေအတွက်က ၈၆၄၀၀ ရှိမယ်ဆိုရင်... ၂၄ နာရီပတ်လုံး တစ်စက္ကန့်ကို ရှေးဦးဧရာမသားရဲကြီးတစ်ကောင်နှုန်းနဲ့ ငါတို့ကျွန်းကို လာတိုက်နေတော့မှာပေါ့ ဟုတ်လား။”

“သိပ်ပြီး စိတ်ကူးယဉ်မနေစမ်းပါနဲ့။ ငါတို့ ရှားနိုင်ငံက အသက်ရှင်ကျန်ရစ်သူ အားလုံးပေါင်းမှ တစ်သိန်းဝန်းကျင်ပဲ ရှိတာ။ မင်းရဲ့ ကျွန်းတစ်ကျွန်းတည်းနဲ့တင် အဲ့ဒီလောက် မရှိနိုင်ဘူး။”

“ငါက အယူအဆတစ်ခုအနေနဲ့ ဥပမာပေးတာပါကွာ “

“တစ်စက္ကန့်ကို ရှေးဦးဧရာမသားရဲကြီး တစ်ကောင်နှုန်းဆိုရင်တော့... သူဌေးတောင် ခေါင်းကိုက်သွားလောက်တယ်။”

“ကျုပ်ရဲ့အမှတ်ရချက်အရဆိုရင် သူဌေးရဲ့ မဟာမိတ်အဖွဲ့ထဲမှာ အသက်ရှင်ကျန်ရစ်သူ အများကြီးမရှိဘူးထင်တယ်။ အများစုက ဒေသခံတွေနဲ့ မျိုးနွယ်ခြားတွေချည်းပဲ မဟုတ်လား။”

“အမှန်ပဲ။ သူ‌ေွးရဲ့ လူဦးရေဖွဲ့စည်းပုံကမှ ပုံမှန်ဖြစ်တာ။ ငါတို့မဟာမိတ်အဖွဲ့တွေရဲ့ လူဦးရေဖွဲ့စည်းပုံက ပုံပျက်ပန်းပျက် ဖြစ်လွန်းတယ်။”

“သွားပြီ... မနက်ဖြန်ဆိုရင် ငါတို့မဟာမိတ်အဖွဲ့ရဲ့ ရှေးဦးဧရာမသားရဲကြီး တိုက်ခိုက်မှုက မနက်အစောကြီး နှစ်နာရီလောက်ကတည်းက စတော့မှာ သေချာတယ်။”

“မင်းတို့ မဟာမိတ်အဖွဲ့ထဲမှာ SSS အဆင့်ရှိတဲ့သူ အဲ့ဒီလောက်တောင် များနေပြီလား။”

“ဟုတ်တယ်။ အခုတင်ပဲ လူအယောက်နှစ်ဆယ် SSS အဆင့်ကို တက်သွားတာ။”

“ငါတို့ မဟာမိတ်အဖွဲ့လည်း တူတူပဲ။ မြန်မြန်လေး ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကို အလုံအလောက် ဝယ်ထားရမယ်။ ဒီလို အဆင့်မြင့်ရေအောက်ဗုံးတွေကို ဆက်တိုက်ပစ်ထုတ်လိုက်လို့မှ...အဲ့ဒီရှေးဦးဧရာမသားရဲကြီးကို မနှိမ်နင်းနိုင်ဘူးဆိုတာ မဖြစ်နိုင်လောက်ပါဘူး။”

ရှောင်းယီသည် အဖွဲ့ထဲမှ မက်ဆေ့ခ်ျများကို ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်တော့သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - ...”

အခန်း ၁၂၄၀

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ပုံစံကွက် [SSS အဆင့်] ၁။”

ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီ မျက်မှောင်ကြုတ်သွားခဲ့သည်။

လောလောဆယ်တွင် ဤပစ္စည်းသည် ရှောင်းယီအတွက် သိပ်ပြီး အသုံးမဝင်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူ့ထံတွင်ရှိသော လက်ရှိရေတပ်အင်အားဖြင့်တင် ရန်သူ့တိုက်ခိုက်မှုအားလုံးကို ကောင်းကောင်းကိုင်တွယ်နိုင်သောကြောင့်ပင်ဟ။

ထို့ကြောင့် ဤနျူကလီးယား လေယာဉ်တင်သင်္ဘောကြီးမှာ ရှိရင်းစွဲအင်အားကို ပိုမိုတောက်ပြောင်စေရုံမျှသာ ရှိပေလိမ့်မည်။

ရှောင်းယီသည် စနစ်အနေဖြင့် ယနေ့တွင်လည်း ရေအောက်လက်နက်တစ်ခုခုကို ဆက်လက်ပေးသနားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပေ။ ဤမျှကြီးမားသော အရာတစ်ခုကို ပေးလာလိမ့်မည်ဟု ပို၍ပင် မမျှော်လင့်ထားခဲ့မိပေ။

“ကြည့်ရတာ ဟိုရှေးဦးဧရာမသားရဲကြီးတွေကို နှိမ်နင်းဖို့အတွက် ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေအောက်ဗုံးတွေကိုပဲ ဆက်သုံးနေရဦးမှာပဲ။”

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါလိုက်ပြီးနောက် သူ့၏ နံနက်ခင်း ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

နံနက် ခုနစ်နာရီအချိန်တွင် ရှောင်းယီသည် အချိန်မှန် နံနက်စာစားရန် ဆင်းလာခဲ့ရာ ကျန်းယွင်ထျန်းသည်လည်း ထုံးစံအတိုင်း သူ့ကို စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလေသည်။

“အခု ဧရာမသားရဲကြီးတွေရဲ့ ခြိမ်းခြောက်မှုက တော်တော်လေး ကြီးမားနေပြီ။ မင်း လက်နက်အမျိုးအစားသစ်တွေ ဘာတွေ ထုတ်ဖို့ မစဉ်းစားတော့ဘူးလား။”

ကျန်းယွင်ထျန်းက မေးမြန်းလိုက်သည်။ ရှောင်းယီက ကူကယ်ရာမဲ့စွာ ခေါင်းခါပြလိုက်သည်။

“ဒီနေ့ ငါ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ပုံစံကွက်တစ်ခု ရခဲ့တယ်။ ဒါပေမဲ့ ဒါက ဧရာမသားရဲကြီးတွေကို တိုက်ခိုက်ဖို့အတွက်တော့ သိပ်ပြီး အသုံးမဝင်လှဘူး။”

“ဘာပြောတယ်...။ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ပုံစံကွက် ဟုတ်လား။”

ကျန်းယွင်ထျန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။

ရှောင်းယီက သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်မိသည်။

“ဒါက အဲ့လောက်တောင် အံ့ဩဖို့ကောင်းလို့လား။ အရင်က ငါတို့ ရှားနိုင်ငံမှာလည်း ဒီအရာ ရှိခဲ့တာပဲ မဟုတ်ဘူးလား။”

“ရှိခဲ့တယ် ဟုတ်လား။ ဘယ်သူက မင်းကို အဲလိုပြောတာလဲ။”

ကျန်းယွင်ထျန်းက ချက်ချင်းပင် ပြန်လည်ခြေပလိုက်သည်။

“မရှိဘူးလား။”

ရှောင်းယီက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဟူသော ဝေါဟာရ ထွက်ပေါ်နေခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့်ပင်။

ကျန်းယွင်ထျန်းက ခေါင်းခါပြလိုက်သည်။

“ငါတို့ ဒီကမ္ဘာကို မလာခင်တုန်းက ရှားနိုင်ငံမှာ လေယာဉ်တင်သင်္ဘော သုံးစီး ရှိခဲ့တာ မှန်တယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက သာမန်စွမ်းအင်သုံးတွေချည်းပဲ။ နျူကလီးယားစွမ်းအင်သုံး မဟုတ်ဘူး။”

“အာ... ငါတို့ ရှားနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော မရှိဘူး ဟုတ်လား။”

ရှောင်းယီ လုံးဝ ဆွံ့အသွားခဲ့ရ၏။ ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်သည်။

“ဒါက သုတေသနပြု တီထွင်နေဆဲ အဆင့်ပဲ ရှိသေးတယ်။ ဖြစ်နိုင်တာက လျှို့ဝှက်ဆောက်လုပ်ထားတာမျိုး ရှိနိုင်ပေမဲ့... တရားဝင် ထုတ်ပြန်ချက်အရဆိုရင်တော့ ငါတို့ဆီမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော တကယ် မရှိသေးဘူး။”

ရှောင်းယီက အတွေးနက်သွားသလို ခေါင်းညိတ်လိုက်သည်။ ကျန်းယွင်ထျန်းက ဆက်ပြောသည်။

“အဲ့ဒါကြောင့် ဒီနျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောက တကယ် အစွမ်းထက်လွန်းတယ်။ ဒါသာ ရှိရင် ငါတို့မဟာမိတ်အဖွဲ့က ပင်လယ်ပြင်ရဲ့ ဧကရာဇ်တွေ ဖြစ်လာမှာ သေချာတယ်။ ဘယ်နိုင်ငံ၊ ဘယ်အင်အားစုကမှ ငါတို့ရဲ့ ရေတပ်အင်အား နေရာကို လာပြီး မလှုပ်ခါနိုင်တော့ဘူး။”

ရှောင်းယီ ပခုံးတွန့်ပြလိုက်မိသည်။

“ဒါပေမဲ့ ငါတို့ အခုလည်း ပင်လယ်ပြင်ရဲ့ ဧကရာဇ် ဖြစ်နေတာပဲလေ။ ဒီကမ္ဘာမှာ ငါတို့ရေတပ်ထက် ပိုအစွမ်းထက်တဲ့ နိုင်ငံတို့၊ အင်အားစုတို့ ရှိလို့လား။”

ကျန်းယွင်ထျန်း အနည်းငယ် ဆွံ့အသွားပြီးနောက် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်မိသည်။

“ဒါပေမဲ့ ငါတို့အနေနဲ့ မဟာမိတ်အဖွဲ့ထဲမှာရှိတဲ့ ဒေသခံတွေ ဒါမှမဟုတ် မျိုးနွယ်ခြားတွေအတွက် တစ်ခုခုတော့ ချန်ထားပေးခဲ့ရဦးမယ်လေ။”

“အင်း... ဒါလည်း ဟုတ်တာပါပဲ။ နောက်မှ လေယာဉ်တင်သင်္ဘောအချို့ ဆောက်လို့ရမလားဆိုတာ ကြည့်လိုက်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

ညစာစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံသို့ ပြန်သွားပြီး နျူကလီးယား လေယာဉ်တင်သင်္ဘော ပုံစံကွက်ကို အသုံးပြုကာ လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စတင်စစ်ဆေးကြည့်လိုက်သည်။

အခြားကုန်ကြမ်းပစ္စည်းအားလုံးမှာ အဆင်သင့်ရှိနေသော်လည်း... နျူကလီးယားဓာတ်ပေါင်းဖိုအတွက် လိုအပ်သော ပစ္စည်းများကိုမူ စူပါဓာတ်ခွဲခန်းမှတဆင့် ထုတ်လုပ်ရမည် ဖြစ်သည်။

ထိုအလုပ်ကို စူပါဓာတ်ခွဲခန်းထံသို့ တာဝန်ပေးအပ်လိုက်ပြီးနောက် ရှောင်းယီ ဗီလာသို့ ပြန်လာခဲ့လိုက်တော့သည်။

“ကျွန်းပိုင်ရှင်... စူးစမ်းလေ့လာရေးအဖွဲ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိနေတဲ့ ကျွန်းတစ်ကျွန်းကို ရှာဖွေတွေ့ရှိထားပါတယ်။”

ရှောင်းယီ ဝင်လာသည်ကို မြင်သည်နှင့် တပြိုင်နက် ဆုဝမ်က ချက်ချင်း သတင်းပို့လိုက်သည်။

“ကောင်းပြီ။ ငါ သွားကြည့်လိုက်မယ်။”

ရှောင်းယီက ပြန်ပြောလိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ စူးစမ်းလေ့လာရေးသင်္ဘောပေါ်သို့ တိုက်ရိုက်ကူးပြောင်းသွားတော့သည်။

“ကျွန်းပိုင်ရှင်... ဒီကျွန်းက မီတာလေးရာပတ်လည်လောက်ပဲ ရှိတယ်။ သိပ်တော့မကြီးပါဘူး။ ဒါပေမဲ့ ကျွန်းပေါ်မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိနေတယ်။”

စူးစမ်းလေ့လာရေးစစ်သား၏ သတင်းပို့စကားကို နားထောင်ပြီးနောက် ရှောင်းယီသည် ကျွန်းပေါ်သို့ ဆင်းသက်သွားပြီး ကျွန်း၏အလယ်ဗဟိုတည့်တည့်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိနေသည်ကို အမှန်ပင် တွေ့ရှိလိုက်ရသည်။

သေသေချာချာ စောင့်ကြည့်စစ်ဆေးပြီးနောက် ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရှိရသဖြင့် ရှောင်းယီသည် ထိုကျွန်းကို သိမ်းပိုက်ရန် ရွေးချယ်လိုက်ပြီး... ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရွှေ့ပြောင်းကာ အုတ်မြစ်ကျောက်ကို ပြန်လည်ရယူလိုက်တော့သည်။

ရှောင်းယီအနေဖြင့် နောက်တစ်ဆင့်သို့ ကူးပြောင်းရန်အတွက် လိုအပ်ချက်များမှာ အဖွဲ့ဝင်အားလုံး SSS အဆင့်သို့ ရောက်ရှိရန်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုစီ ပိုင်ဆိုင်ထားရန်ဖြစ်ကြောင်း အချိန်အတော်ကြာကတည်းက သိရှိထားပြီးသားဖြစ်သည်။

လောလောဆယ်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့၌ အသက်ရှင်ကျန်ရစ်သူ အရေအတွက် တစ်ထောင်ကျော် ရှိနေသော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာမူ ခြောက်ရာကျော်သာ ရှိသဖြင့် လေးရာနီးပါးခန့် လိုအပ်နေသေးသည်။

ထို့ကြောင့်ပင် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို လိုက်လံရှာဖွေရန်အတွက် စူးစမ်းလေ့လာရေးအဖွဲ့ အမြောက်အမြားကို စေလွှတ်ထားခြင်း ဖြစ်သည်။

ဤမျှများပြားသော အသက်ရှင်ကျန်ရစ်သူများထဲမှ လူတိုင်းသာ SSS အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က မလုံလောက်ပါက... ကျန်ရှိနေမည့်သူများမှာ ဘာဖြစ်သွားမည်နည်း။

ဘာပဲဖြစ်ဖြစ် သူတို့အားလုံးသည် မဟာမိတ်အဖွဲ့တစ်ခုတည်း၌ အတူတကွ ရှိနေခဲ့ကြသည်မှာ ကြာပြီဖြစ်သောကြောင့် ရှောင်းယီအနေဖြင့် လူတိုင်းအတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တစ်ခုစီ ရရှိစေရန် အစွမ်းကုန် စီစဉ်ပေးသွားမည် ဖြစ်သည်။

အကယ်၍ နောက်ဆုံးအဆင့်အထိမှ မလုံလောက်တော့ဘူးဆိုလျှင်တော့... ရှောင်းယီအနေဖြင့် မိမိ၏ လူရင်းများကိုသာ ဦးစားပေး စီစဉ်ပေးရုံသာ ရှိတော့မည်။

သင်္ဘောပေါ်သို့ ပြန်ရောက်သောအခါ ရှောင်းယီက ပြောလိုက်သည်။

“အကယ်၍ ဒီလိုကျွန်းမျိုးတွေကို ထပ်တွေ့ရင် ပုံမှန်မဟုတ်တဲ့ ထူးခြားမှုတွေ ရှိ၊ မရှိ သေသေချာချာ စောင့်ကြည့်လိုက်။ ဘာပြဿနာမှ မရှိဘူးဆိုရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တိုက်ရိုက်သိမ်းပိုက်လိုက်ပါ။ ငါ့ဆီ သီးသန့် အကြောင်းကြားနေဖို့ မလိုဘူး။”

“ဒါပေမဲ့ တကယ်လို့ ထူးခြားမှုတစ်ခုခု ရှိနေမယ်ဆိုရင်တော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကနေတဆင့် ငါ့ဆီ ချက်ချင်း သတင်းပို့ဖို့ မမေ့နဲ့။”

ရှောင်းယီက လေးလေးနက်နက် မှာကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ထိုသို့ ညွှန်ကြားချက်များ ပေးပြီးနောက် ရှောင်းယီသည် ရီရန်ပင်းမဟာမိတ်အဖွဲ့ဆီ ပြန်လာခဲ့လိုက်တော့သည်။

ယခုအခါ ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်း၌ SSS အဆင့် အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ ခုနစ်ရာနီးပါးအထိ ရှိနေပြီဖြစ်ရာ... ရှေးဦးဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုများမှာ ပုံမှန်ထက်ထူးကဲစွာ စိတ်ပျက်စရာကောင်းလောက်အောင် စိပ်လာခဲ့သည်။

သို့သော်လည်း မဟာမိတ်အဖွဲ့၏ ရေငုပ်သင်္ဘောတပ်ဖွဲ့မှာ အလွန်အမင်း အင်အားတောင့်တင်းလှပြီး သားရဲကြီးများကို တွေ့ရှိသည်နှင့်တပြိုင်နက် ချက်ချင်း နှိမ်နင်းခြေမှုန်းနိုင်ခဲ့ကြပေသည်။ ထို့ကြောင့် ကျွန်းပေါ်ရှိ လူတိုင်း၏ နေ့စဉ်လူနေမှုဘဝအပေါ် သက်ရောက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။

လူအများစုမှာ ရှေးဦးဧရာမသားရဲကြီးများ လာရောက်တိုက်ခိုက်နေသည်ကိုပင် သတိမထားမိကြချေ။

လူတိုင်းသည် အလုပ်လုပ်ရမည့်အချိန်တွင် အလုပ်လုပ်ကြပြီး စာသင်ရမည့်အချိန်တွင် စာသင်ကြဆဲသာ ဖြစ်သည်။

အပန်းဖြေစခန်း ဆိုလျှင်လည်း နေ့စဉ်နေ့တိုင်း လူများဖြင့် စည်ကားနေပြီး ကျွက်ကျွက်ညံလျက် ရှိနေသည်။ ယခုအခါ အပန်းဖြေစခန်းသို့ ဝင်ရောက်ရန်အတွက် ဝင်ခွင့်လက်မှတ် မလိုတော့ဘဲ မည်သူမဆို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပြီ ဖြစ်သည်။

ယနေ့တွင် အပန်းဖြေစခန်း၌ ထူးခြားသော ဝန်ထမ်းအသစ်တစ်ဦးကို ကြိုဆိုခဲ့ကြရ၏။ ထိုသူမှာ ဟူကျဲပင် ဖြစ်သည်။

မနေ့က ကျွန်းပိုင်ရှင်ရှောင်းယီထံမှ ခွင့်ပြုချက်ရရှိပြီးနောက် သူသည် အပန်းဖြေစခန်းသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။ ဆန်းသစ်လှပသော ဖျော်ဖြေရေးဆွဲဆောင်မှု အများအပြားကို မြင်သောအခါ သူကိုယ်တိုင်လည်း ဝင်ရောက်ဆော့ကစားချင်ခဲ့၏။ သို့သော်လည်း... သူ့ခန္ဓာကိုယ်က ကြီးမားလွန်းလှသဖြင့် ဤကစားကွင်းအဆောက်အဦးများနှင့် မကိုက်ညီခဲ့ပေ။

သို့သော်ငြားလည်း ဤအပန်းဖြေစခန်း၌ နေထိုင်ရခြင်းက သူ့ကို အတိုင်းထက်အလွန် သက်တောင့်သက်သာ ရှိစေသည်။

သူ့အနေဖြင့် ဘာတစ်ခုမှ ဝင်ရောက်မကစားရလျှင်ပင်... ဤနေရာ၌ ရှိနေရုံမျှဖြင့်တင် လုံလောက်နေပြီ ဖြစ်သည်။

သူသည် အန်းယွဲ့ကို ချက်ချင်းပင် သွားရောက်ရှာဖွေကာ ပြောခဲ့၏။

“ဗဟိုတိုင်းမှူးအန်း... ကျုပ် ဒီက အပြင်ဘက်က ကစားကွင်းအကြီးစားတွေအတွက် လုံခြုံရေးအလုပ် ဝင်လုပ်လို့ ရမလား။”

ဟူကျဲ၏ တောင်းဆိုမှုကို ကြားသောအခါ အန်းယွဲ့သည် အနည်းငယ် ကြောင်အသွားပြီးနောက် ပြုံးလိုက်မိလေသည်။

“ဒါပေါ့... ရတာပေါ့။ မင်းသာ ဒီမှာရှိနေရင် ချားရဟတ်ကြီးမှာ ပြဿနာတစ်ခုခုဖြစ်ရင်တောင်... လူတွေကို အချိန်မီ ကယ်ဆယ်ပေးနိုင်မှာပဲ။”

“ဒါဆို အတည်ပဲနော်။ ကျုပ် ဒီအပန်းဖြေစခန်းရဲ့ အပြင်ဘက် ကစားကွင်းအကြီးစားတွေအတွက် လုံခြုံရေးဝန်ထမ်း လုပ်မယ်။”

ဟူကျဲက ချက်ချင်း ပြောလိုက်သည်။

“ကောင်းပါပြီ။”

“ကောင်းလိုက်တာ။ အခု ငါ အပန်းဖြေစခန်းကို နေ့တိုင်း တရားဝင် လာလို့ရပြီကွ။”

ဟူကျဲက ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

ဟူကျဲ၏ စကားကို ကြားသောအခါ အန်းယွဲ့ ထပ်မံ၍ အံ့အားသင့်သွားရပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။

“မင်းရဲ့ တကယ့်ရည်ရွယ်ချက်က ဒါကိုး။ မင်းကို ဘယ်သူမှ လာမတားပါဘူး။ ဒီအလုပ်မရှိရင်တောင် မင်း နေ့တိုင်း လာလို့ရပါတယ်။”

“မဟုတ်ဘူး... တားတဲ့လူ ရှိတယ်။”

ဟူကျဲက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ဒါပေမဲ့ အခု ကျုပ်မှာ အလုပ်ရှိသွားပြီဆိုတော့ အဲ့ဒီအတားအဆီးက ပျယ်သွားပြီလေ...ဟားဟားဟား။”

အန်းယွဲ့က ပြုံးလိုက်၏။

“ဒါလည်း ဟုတ်တာပါပဲ။ ဒါဆို နောက်နောင် ဒီအပြင်ဘက် ကစားကွင်းအကြီးစားတွေရဲ့ ဘေးကင်းလုံခြုံရေးကို မင်းလက်ထဲပဲ အပ်လိုက်ပြီနော်။”

“စိတ်သာချထားလိုက်ပါ။ ကျုပ်ရှိနေသရွေ့ ဘာပြဿနာမှ မရှိစေရဘူး။”

ဟူကျဲက ပြန်ပြောလိုက်ပြီးနောက် လွတ်နေသော နေရာအကွက်တစ်ခုကို ရှာကာ တိုက်ရိုက် ထိုင်ချလိုက်တော့သည်။

ဟူကျဲသည် မကြာမီမှာပင် အပန်းဖြေစခန်း၏ ဆွဲဆောင်မှုအသစ်တစ်ခု ဖြစ်လာခဲ့ပြီး လာရောက်လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသွား အများအပြားက ဓာတ်ပုံများ ဝိုင်းဝန်းရိုက်ကူးကြတော့သည်။

“ဟေး...ဟိုမှာကြည့်စမ်း။ ဒီမှာ တကယ့် ဧရာမဘီလူးကြီးတစ်ကောင် ရှိနေတယ်ကွ။”

“ဟုတ်တယ်။ ငါ မြန်မြန် ဓာတ်ပုံရိုက်ပြီး ဖိုရမ်ပေါ် တင်ရမယ်။ ဖြစ်နိုင်ရင် Pointsတွေ အများကြီး ရနိုင်တယ်။”

“ဟားဟား ငါက တင်တောင် တင်ပြီးသွားပြီကွ။”

All Chapters