အခန်း ၃၈၁
Vol. 39 Ch. 381
အခန်း။ ၃၈၁
"တိတ်ဆိတ်ခြင်း..."
ချန်ကျီရှင်း၏ စိတ်အာရုံမှာ တုန်လှုပ်ချောက်ချားသွားပြီး အတွေးစတို့မှာ လေမုန်တိုင်းတစ်ခုသဖွယ် ရှုပ်ထွေးသွားသည်။
ခုနက တစ်ချက်ကြည့်လိုက်သည့် အကြည့်တစ်ချက်တည်းဖြင့်ပင် ကမ္ဘာအဆက်ဆက်က သူ့၏သက်တမ်းကို ဆွဲယူသွားတော့မလိုပင်။
"ထာဝရအသက်ရှည်ခြင်းနယ်ပယ်လား ဒါမှမဟုတ် အဲဒီထက်ကျော်လွန်နေတာလား"
ချန်ကျီရှင်း၏ မျက်ဝန်းတို့မှာ တောက်လျှောက် လှုပ်ရှားနေသည်။
အမှန်စင်စစ် နောက်ဆုံးပေါ်လာမည့် ကောင်းကင်ဘုံက ရွေးချယ်ထားသော ဇာတ်လိုက်များမှာ သာမန်မဟုတ်ကြပေ။
မုန်ဟယ်တုန်း သို့မဟုတ် လီချန်းရှင်းတို့ထက် အဆပေါင်းများစွာ သာလွန်သည်။
ကလေးငယ်လေးဖြစ်သည့် ရှီဟွမ်ကို သက်တမ်းစာအုပ်ဖြင့် စစ်ဆေးစဉ်ကပင် သူ့ကို စောင့်ကြည့်နေသည့် မျက်လုံးတစ်စုံကို သူ ခံစားမိခဲ့သည်။
ထိုအကြည့်မျိုးမှာ အရှေ့မြေပြင်မှ လာခြင်းမဟုတ်ဘဲ ဤသမိုင်းကြောင်း၏ ရှေးဦးခေတ်ကာလမှ လာခြင်းဖြစ်သည်ဟု သူ ခံစားရသည်။
"ဒီ တိတ်ဆိတ်ခြင်းဆိုတာ ဘယ်သူလဲ... ဝမ်လင်နဲ့ ဘာပတ်သက်မှု ရှိနေတာလဲ။ ဝမ်လင်ရဲ့ ကံကြမ္မာမှာ သူ ဘာလို့ ပေါ်လာရတာလဲ"
ချန်ကျီရှင်း ဆက်လက်တွေးတောနေမိသည်။
ယခင်ဘဝ ဂိမ်းဖြစ်သည့် မဟာကျင့်ကြံခြင်းဇာတ်လမ်းတွင် ဇာတ်လိုက်ကိုးဦး၏ အကြောင်းကို သူ အလွန်ရင်းနှီးနေသည်။
ပုံမှန်ဇာတ်လမ်းအတိုင်းဆိုလျှင် ဇီဝေချန်မိသားစုမှာ ကျဆင်းသွားမည်ဖြစ်ပြီး ဝမ်လင်မှာ ယန်ကျိုးရှိ တောင်ဟဲ့ဂိုဏ်းသို့ ဝင်ရောက်သွားမည်ဖြစ်ကာ ထိုမှတစ်ဆင့် ချန်ကျီရှင်းနှင့် ရန်ငြိုးဖွဲ့ကာ ဇီဝေချန်မိသားစုကို ဖျက်ဆီးပစ်လိမ့်မည်။
ဝမ်လင်၏ အဓိကစွမ်းအားမှာ စွမ်းအင်အရည်နှင့် အချိန်စီးဆင်းမှု ဆယ်ဆမြန်သော နေရာလပ်ကို ပေးစွမ်းသည့် ပုလဲတစ်လုံးဖြစ်သည်။
ဂိမ်း၏ နောက်ဆုံးပိုင်းတွင် ဝမ်လင်မှာ အရှေ့မြေပြင်မှ ထွက်ခွာသွားသည်ဟုသာ သူ ကြားဖူးသည်။
ထိုဇာတ်လမ်းထဲတွင် တိတ်ဆိတ်ခြင်းဆိုသော အမည်ကို မည်သည့်နေရာတွင်မှ မတွေ့ခဲ့ရပေ။
"ဆရာ…."
သတိထား၍ မေးမြန်းလိုက်သည့် အသံတစ်ခုကြောင့် ချန်ကျီရှင်းမှာ အသိစိတ်ထဲမှ ပြန်လည် နိုးကြားလာသည်။
သူသည် သူ့ရှေ့တွင် ဒူးထောက်နေသော ဝမ်လင်ကို ကြည့်လိုက်သည်။
"ဟားဟား ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တပည့်ရင်းပဲ"
ချန်ကျီရှင်းမှာ ရှုပ်ထွေးနေသော အတွေးများကို ဘေးဖယ်ထားလိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဇာတ်လမ်းမှာ သူကြောင့် လုံးဝ ပြောင်းလဲသွားပြီဖြစ်၍ ယခင်ဘဝဂိမ်းဇာတ်လမ်းအတိုင်း တွက်ချက်နေ၍ မရတော့ပေ။
ထိုသို့ဆိုလျှင် သူစိတ်ဆန္ဒအတိုင်းသာ လုပ်ဆောင်ခြင်းက အကောင်းဆုံးပင်။
"ဂိုဏ်းချုပ်ကြီး ထူးချွန်တဲ့ တပည့်တစ်ယောက် ရလိုက်တဲ့အတွက် ဂုဏ်ပြုပါတယ်"
ဇီဝေချန်မိသားစုမှ အကြီးအကဲများမှာ ရိုသေစွာဖြင့် ဂုဏ်ပြုစကား ပြောကြသည်။
"ထကြပါ။ ငါတို့ဆရာတပည့်ကြားမှာ ဒီလို အခမ်းအနားတွေ မလိုပါဘူး"
ချန်ကျီရှင်းက ပြုံး၍ လက်ကို ဆန့်ထုတ်ကာ ဆွဲမလိုက်ရာ ဝမ်လင်မှာ နူးညံ့သော စွမ်းအားတစ်ခုဖြင့် ထလာသည်။
"ဂုဏ်ပြုတာတွေကို ခဏရပ်ကြဦး။ ငါတို့ လောင်းကြေးထပ်ထားတာကို မှတ်မိကြသေးလား"
ချန်ကျီရှင်းမှာ အကြီးအကဲများကို ကြည့်ကာ တောက်ပသော အပြုံးဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။
သူပြောပြီးသည်နှင့် တောင်ထွတ်ကိုးခုမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နဖူးများကို လက်ဖြင့် ပုတ်လိုက်ကြပြီး အားမလိုအားမရ ဖြစ်နေကြသည်။
သူတို့ ဝမ်လင်ကို ကြိုဆိုခြင်းလက်ဆောင် မပေးချင်၍ မဟုတ်ပေ။
ဂိုဏ်းချုပ်ကြီး လက်ခံထားသော တပည့်ဖြစ်သည့်အတွက် ချန်ကျီရှင်း မပြောလည်း သူတို့ သေချာပေါက် ပေးကြမည်ပင်။
ကလေးငယ်လေးဖြစ်သည့် ရှီဟွမ်ကို ပေးသကဲ့သို့ပင် လက်ဆောင်များကို ကြိုတင် ပြင်ဆင်ထားကြပြီးဖြစ်သည်။
သူတို့ အံ့ဩနေသည်မှာ ဝမ်လင်သည် မတ်စောက်လွန်းသော ကျောက်ကမ်းပါးကို လက်နဲ့
တင် ဘယ်လိုတက်နိုင်ခဲ့တာလဲဆိုသည်ကို နားမလည်နိုင်ခြင်းသာ ဖြစ်သည်။
"သန့်ရှင်းသောသားတော် မင်း ဘယ်လိုတက်လာတာလဲဆိုတာ ပြောပြပေးနိုင်မလား"
အကြီးအကဲ ဇောင်ကွမ်းက ခေါင်းကို ကုတ်ကာ မေးလိုက်သည်။
"ဒါက..."
ဝမ်လင်မှာ တွေဝေသွားသည်။
သူ ဤတစ်ကြိမ် ကျောက်ကမ်းပါးကို တက်နိုင်ခဲ့သည်မှာ သူ တိုက်ရိုက်ရရှိထားသည့် လျှို့ဝှက်ရတနာကြောင့်ပင်။
သို့သော် ထိုရတနာမှာ အလွန်အရေးကြီးသည်ဟု သူယူဆသဖြင့် မပေါက်ကြားစေချင်သေးပေ။ တိုင်ပင်မည်ဆိုလျှင်လည်း သူ၏ဆရာ ချန်ကျီရှင်းကို ဦးစွာ တိုင်ပင်လိုသည်။
သူ အခက်တွေ့နေချိန်တွင် "မင်းနဲ့ ဘာဆိုင်လို့လဲ ကြိုဆိုခြင်းလက်ဆောင်တွေကိုသာ မြန်မြန်ထုတ်ပေးစမ်း လစ်ထွက်ဖို့ မကြံနဲ့"
ချန်ကျီရှင်းက အကြီးအကဲ ဇောင်ကွမ်း၏ နောက်ကျောကို ကန်လိုက်သည်။
"ဂိုဏ်းချုပ်ကြီး ကျွန်တော်က အဘိုးကြီး ဖြစ်နေပြီ။ လူကြားထဲမှာ မျက်နှာလေးတော့ ထောက်ပါဦးဗျာ"
ဇောင်ကွမ်းမှာ ချန်ကျီရှင်းကို အားမလိုအားမရ ကြည့်လိုက်ပြီးနောက် လက်ကို ဝေ့ယမ်းလိုက်ရာ ငွေရောင်ချည်မျှင်ဖြင့် ပြုလုပ်ထားသော သံချပ်ကာအင်္ကျီတစ်ထည် ပေါ်လာသည်။
"ဒီသံချပ်ကာက စစ်မှန်သောကိုယ်ပိုင်အဆင့်ရဲ့ တိုက်ခိုက်မှု သုံးကြိမ်ကို ခံနိုင်ရည်ရှိတယ်။ အရင်က ဒီသံချပ်ကာကြောင့်ပဲ ငါ အသက်လုပွဲတွေမှာ အသက်ရှင်ခဲ့တာ။ ဒီအဆင့် ရတနာဆိုတာ ဒီလောကမှာ အရမ်းရှားပါးတယ်..."
ဇောင်ကွမ်းက မုတ်ဆိတ်ကို ပွတ်ရင်း ကြွားလုံးထုတ်နေတော့သည်။
ပါးစပ်ခြောက်သွားမှသာ သူက ဂုဏ်ယူစွာဖြင့် "ဒီသံချပ်ကာရဲ့ တန်ဖိုးကို မင်း နားလည်ပြီလား" ဟု မေးသည်။
ဝမ်လင်က မျက်နှာပိုးသတ်ကာ "အကြီးအကဲ စစ်မှန်သောကိုယ်ပိုင်ဆိုတာ ဘာလဲခင်ဗျ" ဟု ပြန်မေးလိုက်သည်။
"..."
ဇောင်ကွမ်းမှာ နဖူးကို လက်ဖြင့် ပုတ်လိုက်ပြီး အလကားပင် ကြွားလုံးထုတ်မိမှန်း သိလိုက်ရသည်။
"ကောင်းပြီ ဒါက အရမ်း တန်ဖိုးရှိတာပဲ"
ဇောင်ကွမ်းက ငွေရောင်သံချပ်ကာကို ဝမ်လင်လက်ထဲသို့ အတင်းထိုးထည့်ပေးလိုက်သည်။
"အကြီးအကဲ ကျွန်တော့်ရဲ့ ဝမ်မျိုးနွယ်စုရဲ့ အကြီးအကဲက လင်အန်းမြို့မှာ မြေဧက ဆယ်ဧကလောက်ရှိတဲ့ အိမ်ကြီးတစ်လုံးကို ရွှေတစ်ထောင်လောက်နဲ့ ဝယ်ခဲ့တာ ကြားဖူးတယ်။ အဲဒါနဲ့ ယှဉ်ရင် ဒီသံချပ်ကာက ဘယ်လိုရှိလဲခင်ဗျ"
ဝမ်လင်က သတိထား၍ မေးသည်။ ထိုအိမ်၏ တန်ဖိုးမှာ သူ စိတ်ကူးကြည့်နိုင်သမျှ အမြင့်ဆုံးဖြစ်သည်။
"ရွှေတစ်ထောင်"
ဇောင်ကွမ်းမှာ အံ့အားသင့်သွားပြီးမှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဟားဟား ဒီရတနာက ရွှေတစ်ထောင်နဲ့ မတန်ဘူး။ မင်းမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို ဆယ်ဆမြှောက်လိုက်ရင်တောင် ဒီသံချပ်ကာရဲ့ ထောင့်စွန်းတစ်နေရာကိုတောင် ဝယ်လို့မရဘူး"
"ဒီအင်္ကျီက ချည်မျှင်တစ်ချောင်းတည်းနဲ့တောင် မင်းမိသားစု အကြီးအကဲရဲ့ အသက်တစ်ရာစာတောင် ဖူလုံတယ်"
ဝမ်လင်မှာ မှင်သက်သွားပြီးနောက် ချက်ချင်းပင် သတိဝင်လာကာ ထိုသံချပ်ကာကို ရင်ဘတ်ထဲသို့ အမြန်သိမ်းလိုက်သည်။
ဇောင်ကွမ်းမှာ ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးမိသွားသည်။
ထို့နောက် အခြားသော အကြီးအကဲများကလည်း လက်ဆောင်များ အသီးသီး ပေးကြသည်။ စစ်လက်နက်များ၊ ရတနာဝတ်ရုံများ၊ ပျံသန်းနိုင်သော ရတနာများ၊ အဆောင်များ စသည်တို့မှာ အလွန်ပင် စုံလင်လှသည်။
တန်ဖိုးများကို သိရသောအခါ ဝမ်လင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ပျော်ရွှင်နေတော့သည်။
"ရယ်မောနေတာ ရပ်လိုက်တော့ ဒီပစ္စည်းတွေကို မင်း အခု မသုံးနိုင်သေးဘူး"
ချန်ကျီရှင်းက ခေါင်းခါ၍ လက်ကို ဆန့်လိုက်သည်။
"မင်းက ကျင့်စဉ် မစရသေးတော့ ဒီရတနာတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ မင်းရဲ့ ကျင့်ကြံမှုအတွက်လည်း အကျိုးမရှိဘူး။ ဒါကြောင့် ဆရာ့ဆီမှာပဲ အပ်ထားလိုက်ပါ"
"အာ..."
ဝမ်လင်မှာ လက်ထဲတွင် ပြည့်နေသော ရတနာများကို ကြည့်လိုက်ပြီးနောက် လေလျှော့သွားသော မီးပူဖောင်းလေးကဲ့သို့ပင် ချန်ကျီရှင်းထံသို့ ပေးအပ်လိုက်သည်။
ချန်ကျီရှင်းမှာ အသာအယာ ပြုံးလိုက်မိသည်။
အဆုံးစွန်၌ ဝမ်လင်မှာလည်း အိမ်မှ ပထမဆုံးအကြိမ် ခွဲခွာလာသည့် ဆယ်ကျော်သက်လေးသာ ဖြစ်သည့်အတွက် သူ၏ ကလေးသဘာဝကို ချန်ကျီရှင်း မြင်နေရသည်။
"သွားကြစို့။ မင်းရဲ့ ဂျူနီယာညီလေးနဲ့ သွားတွေ့ရအောင်"
ချန်ကျီရှင်း ထလိုက်ပြီး တတိယမြောက် တောင်ထွတ်ဆီသို့ ဦးတည်သွားသည်။
ဝမ်လင်မှာလည်း အလျင်အမြန်ပင် နောက်မှ လိုက်ပါသွားတော့သည်။