အခန်း ၃၈၃
Vol. 39 Ch. 383
အခန်း။ ၃၈၃
ဘုန်း
တစ်ခဏချင်းတွင်ပင် ချန်ကျီရှင်း၏ ရင်ဘတ်မှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်အတွင်းမှ မျက်စိကျိန်းမတတ် ရွှေရောင်တောက်ပနေသော အသက်ရှည် နတ်ဘုရားအရိုးတစ်ခု ပေါ်ထွက်လာသည်။
ထိုနတ်ဘုရားအရိုးပေါ်တွင် ထူထပ်လှသော မဟာတာအိုအဆောင်အယောင်စာလုံးများမှာ ရေးထိုးထားသည်။
"လာခဲ့"
ချန်ကျီရှင်းက စကားလုံးတစ်လုံးကို ပြောလိုက်သည်။
ထိုစကားသံအဆုံးတွင် အသက်ရှည် နတ်ဘုရားအရိုးမှာ ချန်ကျီရှင်း၏ ရင်ဘတ်အတွင်းသို့ ဖြည်းညှင်းစွာ စီးဝင်သွားသည်။
သွေးသားအသားစတို့မှာ ထိုအရိုးနှင့် ချက်ချင်းပင် ဆက်သွယ်မိသွားပြီး သူ၏ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားတော့သည်။
ချန်ကျီရှင်း၏ အရေပြားတိုင်း၊ အသားစတိုင်းတွင် မဟာတာအိုစာလုံးများဖြင့် ပြည့်နှက်နေသည်။
"အသက်ရှည် နတ်ဘုရားစွမ်းရည်..."
သူ၏ စိတ်ထဲသို့ စီးဝင်လာသော အသိပညာသစ်များကြောင့် ချန်ကျီရှင်းမှာ မျက်လုံးကို အသာမှိတ်လိုက်မိသည်။
...
...
နောက်တစ်နေ့ အရုဏ်ဦးတွင် ဇီဝေချန်မိသားစုတစ်ခုလုံး ပျော်ရွှင်ပွဲဆင်နွှဲနေကြသည်။
ဇီဝေချန်မိသားစုသည် ပြင်ပမှ တပည့်သစ်များကို ပထမဆုံးအကြိမ် ခေါ်ယူခြင်းဖြစ်သဖြင့် အလွန်အရေးကြီးသည့်ကိစ္စသဖွယ် သဘောထားကာ ကြိုဆိုရေးအခမ်းအနားကို ကျင်းပခဲ့ကြသည်။
တတိယမြောက် တောင်ထွတ်ရှိ လျှို့ဝှက်အခန်းတွင် ချန်ကျီရှင်းမှာ မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
တစ်ညလုံး ကြိုးစားပြီးနောက်တွင် အသက်ရှည် နတ်ဘုရားအရိုးကို အပြည့်အဝ စုပ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် နိဗ္ဗာနအဆင့် ငါးသို့ ရောက်ရှိနေသည့် ချန်ကျီရှင်းအတွက်မူ အရိုးတစ်ချောင်း တိုးလာရုံဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာခြင်း မရှိပေ။
"အသက်ရှည် အရိုးက သိပ်ပြီး ထိရောက်မှုမရှိပေမဲ့ ဒီ အသက်ရှည် နတ်ဘုရားစွမ်းရည်ကတော့ တော်တော်လေး ကောင်းတာပဲ..."
ချန်ကျီရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဤအရိုး၏ အမှန်တကယ် ဆွဲဆောင်မှုမှာ ခန္ဓာကိုယ်ကို မြှင့်တင်ပေးခြင်းထက် သူနှင့်အတူ ပါလာသည့် အသက်ရှည် နတ်ဘုရားစွမ်းရည်ပင်။
သူသည် တစ်ညလုံး ထိုစွမ်းရည်ကို လေ့လာခဲ့ပြီး ဖြစ်သည်။
ကောင်းကင်ဘုံ၏ လက်ဟု အမည်ရသည့် ဤစွမ်းရည်မှာ အဆုံးမရှိသော ကောင်းကင်ဘေးအန္တရာယ်များကို ပေါင်းစပ်ထားခြင်းပင်။ ၎င်းမှာ ပရမ်းပတာဓားအလင်းတန်းပြီးနောက် သူ၏ ဒုတိယမြောက် အရေးကြီးဆုံး လက်နက် ဖြစ်လာတော့မည်ပင်။
ဒုန်း…..
ရှေးဟောင်းခေါင်းလောင်းသံမှာ ဇီဝေတောင်ထွတ် ကိုးခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
"အခမ်းအနား စတော့မှာလား"
အပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ချန်ကျီရှင်းမှာ တတိယမြောက် တောင်ထွတ်၏ ခန်းမဆောင်ဆီသို့ ဦးတည်သွားသည်။
သူ အလျင်မလိုပေ။
ဇီဝေကြယ်တာရာ၏ ဆရာသခင် ဖြစ်သည့်အတိုင်း နောက်ဆုံးမှ ခမ်းနားစွာ ဝင်ရောက်ရမည်ပင်။ အခမ်းအနားမတက်မီ ပိလော့၏ ဟင်းချက်လက်ရာကို မြည်းစမ်းကြည့်ဦးမည်။
...
...
ကလင်
ပိလော့မှာ ပဲစိမ်းမုန့်များ ပြည့်နေသော သံခွက်ကို ချန်ကျီရှင်း၏ စားပွဲပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်သည်။
"စား"
ချန်ကျီရှင်းက လက်ရာမပါသော ပဲစိမ်းမုန့်များကို ကြည့်လိုက် ဒေါသထွက်နေသည့် ပိလော့ကို ကြည့်လိုက်နှင့် မနေနိုင်ဘဲ မေးလိုက်သည်။
"မနက်ခင်းကတည်းက ဆေးတွေ မှားစားထားတာလား"
ပိလော့မှာ ချန်ကျီရှင်းကို စောင်းကြည့်ကာ နှာခေါင်းမှ ဟွန်းခနဲ အသံပြုလိုက်သည်။
"ကျွန်မ ဂိုဏ်းချုပ်ကြီးကို ဒေါသထွက်ရဲပါ့မလား။ ဂိုဏ်းချုပ်ကြီးက ငယ်ငယ်က အရမ်းဆင်းရဲခဲ့တာ၊ အကြွင်းအကျန်တွေနဲ့ပဲ ရှင်သန်ခဲ့ရတာ၊ အိမ်ဖော်မတွေကလည်း အရသာမရှိတဲ့ အဆိပ်လို ဟင်းတွေကိုပဲ ကျွေးခဲ့တာ၊ ပဲစိမ်းမုန့်တောင် မဝယ်နိုင်ဘဲ သူများစားတာကိုပဲ ငေးကြည့်ပြီး မျက်ရည်ကျခဲ့ရတာ... ဒီနေ့များ ကျွန်မက ဂိုဏ်းချုပ်ကြီးကို ဒေါသထွက်မိရင် ဂိုဏ်းချုပ်ကြီးရဲ့ တပည့်က နောက်တစ်ခေါက် လာပြီး ကျွန်မခေါင်းကို ဖြတ်ပစ်မယ်လို့ ကျိန်ဆိုသွားဦးမှာပေါ့"
ထိုစကားကြောင့် ချန်ကျီရှင်းမှာ ရယ်မောလိုက်မိသည်။
"ဟားဟား ဝမ်လင်နဲ့ တွေ့ခဲ့တာလား သူ ဘာပြောသေးလဲ"
"တွေ့တာပေါ့ သူပြောတဲ့အကြောင်းက..."
ပိလော့မှာ မျက်လုံးကို လှိမ့်လိုက်ပြီး ဝမ်လင်၏ အမူအရာကို အတုခိုးကာ ပြောသည်။
"ခင်ဗျားက ကျွန်တော့်ဆရာရဲ့ အိမ်ဖော်လား။ ကျွန်တော့်ဆရာက စိတ်ထားကောင်းပြီး အရမ်းသဘောထားကြီးတဲ့သူပါ။ ဆရာ့ကို အရင်က မကောင်းဆက်ဆံခဲ့တာတွေကို ခွင့်လွှတ်ပေးနိုင်ပေမဲ့ ကျွန်တော်ကတော့ ခွင့်မလွှတ်နိုင်ဘူး။ ကျွန်တော် ဝမ်လင် ကျိန်ဆိုပါတယ်။ ကောင်းကင်နဲ့ မြေကြီးကို မရှိခိုးတော့ဘူး။ မိဘနဲ့ ဆရာကိုပဲ ရိုသေမယ်။ အခု အားမရှိသေးပေမဲ့ အားရှိလာရင် ပြောင်းလဲပစ်မယ်။ နောက်တစ်ခါ ဆရာ့ကို အထင်သေးတာ ဒုက္ခပေးတာမျိုး လုပ်ရင် ကျွန်တော့်ကို အပြစ်မတင်နဲ့"
အတုခိုးပြီးနောက် ပိလော့မှာ ဒေါသဖြင့် မျက်နှာနီရဲလာကာ
"ကျွန်မ ဒေါသထွက်လိုက်တာ သူက ဂိုဏ်းချုပ်ကြီးရဲ့ တပည့်ဆိုတာ သိလို့ မနက်စောစောကတည်းက ခေါက်ဆွဲပြုတ်ပေးတာကို သူက ပြန်ပြီး ကျွန်မကို မိန်းမဆိုးကြီးတဲ့ နောက်ဆို သူ တတိယတောင်ထွတ်မှာ ရှိနေရင် ကျွန်မချက်တာကို လုံးဝ မကျွေးတော့ဘူး"
ချန်ကျီရှင်းမှာ စိတ်ထဲမှ အသာအယာ ပြုံးလိုက်မိသည်။
ဝမ်လင်သည် ဤမျှအထိ ရဲရင့်လိမ့်မည်ဟု သူ မထင်ထားမိပေ။
ပိလော့ကို တည့်တည့်ပင် ရင်ဆိုင်ပြီး ထိုသို့သော စကားမျိုး ပြောဆိုခဲ့ခြင်းပင်။
"ဟားဟား ငါ့တပည့်က ငယ်သေးပေမဲ့ စိတ်ထားဖြူစင်ပြီး ဘဝမှာ နွေးထွေးမှုကို မခံစားဖူးတဲ့သူပါ။ သူ မင်းကို ဒီလိုစကားတွေ ပြောတယ်ဆိုတာ မင်း ပျော်သင့်ပါတယ်။ ဒါက သူ ငါ့ကို ဘယ်လောက်တောင် တန်ဖိုးထားတယ်ဆိုတာ သွယ်ဝိုက်ပြီး ပြသနေတာ မဟုတ်လား။ ကိုယ့်ကို ကာကွယ်ရဲတဲ့ တပည့်မျိုး မလိုချင်တဲ့ ဆရာဆိုတာ ရှိပါ့မလား"
ထိုစကားကို ကြားသောအခါ ပိလော့မှာ ခဏမျှ ရပ်တန့်သွားပြီးနောက် စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်နော်... ပြောတာလည်း ဟုတ်သားပဲ..."
ပိလော့မှာ မသိမသာ ပြုံးလိုက်မိပြီး သူမ၏ ရင်ထဲရှိ ဒေါသများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူမသည် ထိုသို့သောသူမျိုး ဖြစ်သည်။
သူတို့၏ ဆရာကောင်းမွန်သရွေ့ သူမအနေဖြင့် မည်မျှပင် ခံစားခဲ့ရပါစေ ထိုသူတို့အပေါ် ကောင်းမွန်စွာ ဆက်ဆံတတ်သည်။
"ဒေါသ ပြေပြီလား"
ချန်ကျီရှင်းက ပဲစိမ်းမုန့်တစ်ဖဲ့ကို ကောက်ယူကာ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။
"အင်း... ဒီနေ့ ပဲစိမ်းမုန့်တွေက ဝါးလို့ကောင်းသားပဲ"
စောစောက အပြုံးများ ပေါ်လာသည့် ပိလော့မှာ ချက်ချင်းပင် မျက်နှာတည်သွားပြီး "မပြေဘူး ကျွန်မ ဒေါသထွက်တုန်းပဲ အဲ့ဝမ်လင်က အရမ်းလွန်တယ်။ နောက်ဆို သူ့ကို ဝက်သားဟင်း လုံးဝ ချက်မကျွေးတော့ဘူး"
သူမ ပြောနေရင်း ချန်ကျီရှင်း၏ ပါးစပ်ထောင့်တွင် ကပ်နေသော မုန့်အမှုန်လေးကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
"ဆရာရယ်... အခု ဆရာက ဇီဝေကြယ်တာရာရဲ့ ဆရာသခင်။ လောကမှာ ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းကြီး ဖြစ်နေပြီကို ဘာလို့ ငယ်ငယ်တုန်းကလိုပဲ စားရင် အမှုန်တွေ ကျနေတုန်းလဲ"
သူမသည် စကားပြောရင်း ချန်ကျီရှင်းငယ်စဉ်က ပြုလုပ်ပေးခဲ့သကဲ့သို့ပင် ပါးစပ်ထောင့်မှ မုန့်အမှုန်ကို ညင်သာစွာ သုတ်ပေးလိုက်သည်။
"ပိလော့"
ရုတ်တရက် ချန်ကျီရှင်းက ခေါ်လိုက်သည်။
"ဘာပြောမလို့လဲ"
ပိလော့မှာ ချန်ကျီရှင်းကို စူးစမ်းစွာ ကြည့်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး ထားလိုက်ပါတော့"
ချန်ကျီရှင်းက အနည်းငယ် ပြုံးလိုက်သည်။
...
...
တစ်ချိန်တည်းမှာပင် ဇီဝေတောင်တံခါးအနီးရှိ ရင်ပြင်တွင် လူငယ်ဒါဇင်နှင့်ချီ စုရုံးကာ ရောက်ရှိနေကြသည်။
သူတို့သည် ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုရင်း အချင်းချင်း တိုးတိုးတိတ်တိတ် စကားပြောနေကြသည်။
သူတို့အထဲတွင် အရပ်ရှည်ပြီး ရုပ်ရည်သန့်ပြန့်သော လူငယ်တစ်ဦးမှာ လူအုပ်စု၏ အလယ်ဗဟိုတွင် ရပ်နေပြီး ဂုဏ်ယူဝံ့ကြွားသော အမူအရာဖြင့် ရှိနေသည်။
"ဒါက စီနီယာအစ်ကိုဝမ်ဟောက် မဟုတ်လား ကျွန်တော်က ကျန်းရှုံပါ။ နောက်ဆို စီနီယာအစ်ကိုရဲ့ လမ်းညွှန်မှုကို အားထားရတော့မှာပါ"
"ဟားဟား စီနီယာအစ်ကိုဝမ်က နတ်ဘုရားတစ်ပါးလိုပဲ။ လူအများကြားမှာ ထူးချွန်တဲ့သူပဲ ဝင်လာတာ မကြာသေးခင်မှာတင် ပဉ္စမမြောက် တောင်ထွတ်ရဲ့ ဂိုဏ်းချုပ်က တပည့်ရင်းအဖြစ် လက်ခံထားပြီးပြီဆိုတော့ အနာဂတ်မှာ အကန့်အသတ်မရှိအောင် တောက်ပတော့မှာပဲ"
"စီနီယာအစ်ကိုဝမ် ကျွန်တော်က လင်းလေပါ။ နောက်ဆို စီနီယာအစ်ကိုကိုပဲ အားကိုးတော့မှာပါ"
"စီနီယာအစ်ကိုဝမ် ကျွန်တော်လည်း လင်အန်းမြို့ကပါ။ ကျွန်တော့်အဖေနဲ့ စီနီယာအစ်ကိုဝမ်ရဲ့ ဖခင်က သူငယ်ချင်းတွေပါ။ ကျွန်တော့်ကိုလည်း တစ်ချက်လောက် ကြည့်ရှုပေးပါဦး"
"ဟီးဟီး ဇီဝေချန်မိသားစုထဲ ဝင်လာရတာ စီနီယာအစ်ကိုဝမ်အတွက်တော့ ရေကန်ထဲက ငါးကြင်းလေးလိုပဲ။ အချိန်တန်ရင် နဂါးဖြစ်လာမှာ သေချာတယ်"
တပည့်သစ်များမှာ အလုအယက် ချော့မော့နေကြသည်။
ဝမ်လင်ကို အနိုင်ကျင့်ရန် ဆေးလုံးများ အများအပြား စားသုံးခဲ့ဖူးသည့် ဖန်းရှီကျဲကလည်း ဝမ်ဟောက်ကို မြှောက်ပင့်နေသည်။
"စီနီယာအစ်ကိုဝမ် ကျွန်တော်က ဖန်းရှီကျဲပါ။ စီနီယာအစ်ကိုကို မြင်လိုက်ကတည်းက လူအများထဲမှာ ထူးချွန်တဲ့သူမှန်း ကျွန်တော် သိလိုက်တာပါ။ စီနီယာအစ်ကိုနဲ့ ယှဉ်ရင် တခြားသူတွေက ဘာမှ မဟုတ်ဘူး"
ဝမ်ဟောက်မှာ လူအုပ်အလယ်တွင် မေးကို ပင့်ကာ ခေါင်းကို မော့ထားသည်။
ဤတစ်ကြိမ်တွင် သူ၏ အရည်အချင်းမှာ အထူးဆုံးပင်။
ရှေးဟောင်းပုံစံ အမှတ်အသားရှစ်ခုမှာ အလွန်ပင် ထူးချွန်သော အရည်အချင်းဖြစ်သည်။ အရှေ့မြေပြင်တစ်ခုလုံးတွင် ဤအမှတ်အသားရှိသူမှာ ထူးချွန်သူဟု သတ်မှတ်ခံရသည်။
သူ့အရည်အချင်းကို သိရသောအခါ ဂိုဏ်းချုပ်များပင် အံ့ဩသွားပြီး တပည့်အဖြစ် ရယူရန် အလုအယက် ပြိုင်ဆိုင်ခဲ့ကြသည်။
သူ မကျေနပ်စရာနှင့် ဂုဏ်မယူစရာ အကြောင်းမရှိပေ။