အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) ခြုံခိုတိုက်ခိုက်သူ။
"ဆရာ ခယ်ပေ... မြန်မြန်၊ ကျွန်တော်တို့ ဘိုးဘေးနဂါးမြို့တော်ဆီကို အမြန်ဆုံး ပြန်လည် ပျံသန်းပြီး မြို့သခင်ကို ဒီအကြောင်း အသိပေးရမယ်"
"ဒါက သတင်းပို့ရုံသက်သက်ပဲ မဟုတ်လား။ နဂါးထိန်း ကျောင်းသားတွေအတွက် သတ်မှတ်ထားတဲ့ တားမြစ်ချက်တွေကို ချိုးဖောက်တာ မဟုတ်ဘူးမလား။"
ဆရာ ခယ်ပေက ခေါင်းညိတ်လိုက်သည်။ ဘိုးဘေးနဂါးမြို့တော်မှ လူတစ်ဦးအနေဖြင့် သူကိုယ်တိုင်လည်း သဘာဝအတိုင်း ရုန်တောင်ကြားမြို့တော် အောင်ပွဲခံသည်ကိုသာ မြင်တွေ့လိုပေသည်။
"ဒါဆိုရင် ဆရာက အရင်သွားနှင့်ပါ၊ ကျွန်တော်တို့က အကယ်ဒမီကို နောက်ကနေ လိုက်ခဲ့ပါ့မယ်" နန်ရီက အလျင်စလို တိုက်တွန်းလိုက်သည်။
လင်းယုန်သားရဲနဂါး၏ ပျံသန်းနှုန်းမှာ သဘာဝအတိုင်း နဂါးတစ်ပိုင်းငှက်ပျံထက် များစွာ သာလွန်ရုံမျှမက၊ စစ်တပ်၏ သတင်းပို့စနစ်ထက်ပင် ပိုမိုမြန်ဆန်လှပေသည်။ ရုန်တောင် ကြားမြို့တော်မှ စစ်ရေးသတင်းပို့ချက်များ နောက်ကျနေခဲ့လျှင် ခံတပ်ကြီးမှာ အလွန်တရာ ရုတ်တရက်ဆန်ဆန် ထိုးဖောက်ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်...။
"ဒါဆိုရင် မင်းတို့အားလုံးလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ကြ၊ စစ်ပွဲထဲမှာ ဝင်မပါကြနဲ့ဦး။ မင်းတို့က စစ်ပွဲရဲ့လားရာကို မပြောင်းလဲနိုင်သေးဘူး" ဆရာခယ်ပေက မှာကြားလိုက် သည်။
နဂါးတစ်ပိုင်းငှက်ပျံပေါ်မှ ဆင်းမသွားသရွေ့တော့ ဤကျောင်းသားများအနေဖြင့် အသက် အန္တရာယ် ကြုံတွေ့နိုင်စရာ မရှိဘဲ စစ်မြေပြင်မှ လျင်မြန်စွာ လွတ်မြောက်နိုင်ပေမည်။
လင်းယုန်သားရဲနဂါး၏ အရှိန်ဟုန်မှာ အလွန်တရာ မြန်ဆန်သဖြင့် စစ်ရေးသတင်းပို့ချက် ဘိုးဘေးနဂါးမြို့တော်ဆီသို့ မရောက်ခင်မှာပင် မြို့သခင်၏ လက်ထဲသို့ သတင်း အရောက် ပို့နိုင်လိမ့်မည်။
ခယ်ပေသည် ရုန်တောင်ကြားမြို့တော်အနေဖြင့် ရေအိုင်ကို အသုံးပြု၍ အချိန်ဆွဲနေရုံ သက်သက်သာ ဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။ တောင်ကျရေများ လျော့ပါးသွား ပြီး မြေဆီလွှာက ရေများကို စုတ်ယူလိုက်သည်နှင့် တစ်ပြိုင်နက် သူပုန်တပ်ဖွဲ့ကြီးသည် မြို့ထဲသို့ ဆက်လက်၍ အလုံးအရင်းနှင့် စီးနင်းဝင်ရောက်လာဦးမည်သာ။
အချိန်က အလွန်အရေးကြီးလှသဖြင့် သူတို့ အရှိန်ဟုန် အပြည့်ဖြင့် ပျံသန်းရပေမည်...။
ထုထည်ကြီးမားလှသော လင်းယုန်အတောင်ပံများကို ခတ်ရင်း၊ လင်းယုန်သားရဲနဂါးကြီး သည် မိုးရေလိုက်ကာများကို ဖြတ်သန်းကာ လေထဲတွင် အကြိမ်အနည်းငယ် နိမ့်ချည် မြင့်ချည် ပျံသန်းပြီးနောက်... တောင်ကြားမှ ထွက်ခွာ၍ လီချွမ်းလွင်ပြင်ကျယ်ကြီး ရှိရာ ဘက်ဆီသို့ ပျံသန်းသွားခဲ့တော့သည်။
တောင်တန်းကြီးများမှာ သူတို့၏ နောက်ကွယ်တွင် ကျန်ရစ်ခဲ့ကာ မိုးကုတ်စက်ဝိုင်း အောက်သို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့သည်။ ခယ်ပေ၏ မျက်နှာမှာ တည်ကြည်လေး နက်နေပြီး သူ၏ လင်းယုန်သားရဲနဂါးကို အရှိန်မြှင့်ရန် တိုက်တွန်းနေခဲ့သည်။
သူတို့ မိုးတိမ်တိုက်များအောက်မှ လုံးဝ မလွတ်မြောက်သေးသော်လည်း ရုန်တောင်ကြား မြို့တော်မှာမူ ပို၍ပို၍ ဝေးကွာသွားခဲ့ချေပြီ။ လင်းယုန်သားရဲနဂါး၏ အရှိန်ဖြင့်ဆိုလျှင် ဘိုးဘေးနဂါး မြို့တော်ဆီသို့ ပြန်ရောက်ရန် နေ့တစ်ဝက်ခန့်သာ ကြာမြင့်ပေလိမ့်မည်။
နွေးထွေးသော အနီရောင်အလင်းတန်းများက မှောင်မိုက်သော တိမ်တိုက်များကို ဖောက်ထွက်ကာ ပိုမိုမြင့်မားသော ကောင်းကင်ယံမှ ဤမြေပြင်ပေါ်သို့ ဖြာကျလာခဲ့သည်။ ကျယ်ပြောလှသော တောအုပ်ကြီးမှာ မေပယ်ရွက်များကဲ့သို့ တဖြည်းဖြည်း နီရဲလာသည် ကို မြင်တွေ့နိုင်ပေသည်။
ကျူးမင်လန်သည် သူ့ကိုယ်မိမိ သတိမထားမိဘဲ ခေါင်းကို အလိုလို လှည့်ကြည့်ရင်း တိမ်တိုက်များ ဖုံးလွှမ်းနေသော ကောင်းကင်ယံနှင့် ထို့ထက်မြင့်မားသော နေရာတွင် လွင့်မျောနေသည့် မြူခိုးများကို လှမ်းကြည့်မိသွားသည်။ မည်သည့်အချိန်ကတည်းက ပြောင်းလဲသွားသည်မသိ... မှောင်မိုက်သော တိမ်တိုက်များသည် တောက်လောင်နေသော မီးတောက်များကဲ့သို့ အနီရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မြူခိုးများကို ပါးလွှာသွားစေကာ တိမ်တိုက်များအောက်တွင် ရေနွေးအိုး အဖုံးဖွင့်လိုက်သည့်အလား ဖြူဖွေးသော အခိုးအငွေ့များ ထွက်ပေါ်လာခဲ့ချေပြီ။
၎င်းမှာ ကောင်းကင်နီ ဖြစ်စဉ်ပင် ဖြစ်၏။
ကျူးမင်လန်သည် ဤမြင်ကွင်းကို တစ်ကြိမ်ထက်မက မြင်တွေ့ဖူးခဲ့သည်။
သူ့ပခုံးပေါ်တွင် ငိုက်မြည်းနေခဲ့သော ငွေနှင်းအရုဏ်ဦးနဂါးဖြူလေးသည် ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့၏။ ၎င်း၏ ကြယ်တာရာအလား အေးစက်စူးရှသော မျက်လုံးများမှာ လင်းယုန်သားရဲနဂါးကြီး ပျံသန်းနေသည့် လမ်းကြောင်း၏ အပေါ်တည့်တည့်ရှိ အနီရောင် တိမ်တိုက်တစ်ခုဆီသို့ စိုက်ကြည့်နေခဲ့သည်။
"သတိထား..." ကျူးမင်လန်က အော်ဟစ်လိုက်သည်။
မီးတောက်ကဲ့သို့ နီရဲနေသော တိမ်တိုက်များထဲမှ ရွှေရောင်အကြေးခွံအလင်းတန်းများ စီးဆင်းနေသည့် ဧရာမနဂါးကြီးတစ်ကောင်သည် ပြင်းထန်စွာ ခုန်ဆင်းလာခဲ့သည်။ ၎င်း၏ အလွန်အမင်း သန်မာသော ခန္ဓာကိုယ်ကြီးက ထိတ်လန့်ဖွယ်ရာ ကောင်းလှသော အရှိန် အဟုန်ဖြင့် လင်းယုန်သားရဲနဂါးကြီးကို ဝင်ရောက် တိုက်ခိုက်တော့သည်။
ခယ်ပေမှာ လုံးဝ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် လင်းယုန်သားရဲနဂါးကြီးမှာ မီးတောက်နေသော ဥက္ကာခဲတစ်ခုဖြင့် အတိုက်ခံလိုက်ရသည့်အလား ဖြစ်သွားခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးမှာ အောက်ဘက်သို့ လျှောကျသွားကာ အောက်ရှိ တောအုပ်ဆီသို့ ပြုတ်ကျသွားခဲ့သည်။
တောမီးက ပတ်ဝန်းကျင်ရှိ သစ်ပင်များကို ရုတ်တရက် လောင်ကျွမ်းသွားပြီး လေနှင့်အတူ ရွေ့လျားနေသော မီးတောက်တံတိုင်းကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
လင်းယုန်သားရဲနဂါးကြီးမှာ မြေကျင်းထဲမှ ရုန်းကန် ထွက်လာခဲ့၏။ ပြုတ်ကျလာစဉ် အတွင်း သူတို့သုံးယောက်ကို ကာကွယ်ရန် သူ့အတောင်ပံများကို အသုံးပြုခဲ့သဖြင့် ရလဒ် အနေဖြင့် ညာဘက်အတောင်ပံ ကျိုးသွားခဲ့ရသည်။ သူမတ်တတ်ရပ်လိုက်သည့်အခါ လင်းယုန်အတောင်ပံကြီးမှာ ဆန့်ထုတ်နိုင်ခြင်း မရှိတော့ဘဲ ပခုံးပေါ်မှ အချိန်မရွေး ပြုတ်ကျသွားတော့မည့်အလား ဖြစ်နေခဲ့သည်။
လင်းယုန်သားရဲနဂါးကြီးသည် မြေပြင်ပေါ်သို့ ခြေချလိုက်ရင်း၊ ပတ်ဝန်းကျင်မှ မီးတောက် များကို မမှုဘဲ ကောင်းကင်ယံထက်ရှိ ရွှေရောင် မီးနဂါးကြီးကို ၎င်း၏ စူးရှသော လင်းယုန် မျက်လုံးများဖြင့် ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"ဝူထူမှာလည်း နဂါးထိန်းတစ်ယောက် ရှိနေတာလား..." ခယ်ပေ၏ မျက်နှာမှာ အုံ့မှိုင်းသွား ပြီး တွမ်လန်နှင့် ကျူးမင်လန်တို့ရှိရာ ဘက်သို့ လှည့်ကြည့်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့် သူတို့နှစ်ဦးစလုံး ဒဏ်ရာအနာတရ မရရှိခဲ့ကြပါချေ။
ဆရာမ တွမ်လန်မှာ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် မှင်သက်သွားရာမှ လျင်မြန်စွာ သတိပြန်ဝင်လာခဲ့ပြီး၊ သူမလက်ဝါးကို ဆန့်ထုတ်ကာ တောက်လောင်နေသော တောအုပ် ဆီသို့ အားပြင်းစွာဖြင့် အောက်ဘက်သို့ ဖိချလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူမလက်ဝါး ရိုက်ခတ်မိရာနေရာမှ ခန့်ညားထည်ဝါသော ရေလှိုင်း ဂယက်တစ်ခု ဖြန့်ကျက်သွားခဲ့တော့သည်။
မရေတွက်နိုင်သော ရေစက်ရေပေါက်များ ပန်းထွက်လာကာ မြင့်မားသော မီးတောက် တံတိုင်းကြီးဆီသို့ လွင့်ပျံသွားခဲ့ပြီး၊ ထိုရေလှိုင်းဂယက်၏ စွမ်းအားမှာ အလွန်ပင် ပြင်းထန် လှသဖြင့် တောအုပ်အတွင်းရှိ တောမီးများမှာ လျင်မြန်စွာ ငြှိမ်းသတ်သွားရသည်။
တစ်ချိန်တည်းမှာပင် ရေလှိုင်းဂယက်များ ဖြန့်ကျက်သွားသော နေရာသည် လျှို့ဝှက် ဆန်းကြယ်သည့် ရေကန်နက်ကြီးတစ်ခုဆီသို့ ဦးတည်နေသော လမ်းကြောင်းတစ်ခုနှင့်ပင် တူလှပေသည်။ ဝိညာဉ်နယ်မြေသင်္ကေတက ရေလှိုင်းများအတွင်း၌ ထင်ရှားပြတ်သားစွာ ပေါ်ပေါက်လာခဲ့သည်။ ထိုရေလှိုင်းများ ဖြစ်ပေါ်ရာနေရာမှ 'ရေတံခွန်နဂါးကြီး' သည် တစ်ဟုန်ထိုး ပျံသန်းထွက်ပေါ်လာခဲ့ပြီး... ခဏတာအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ ပူပြင်းလှ သော လေထုမှာ နဂါးထွက်သက်ကြောင့် လုံးဝ ဥဿုံ ငြိမ်းအေးသွားကာ ထိုနေရာတစ်ခုလုံး သိသိသာသာ အေးမြသွားခဲ့သည်။
ကျူးမင်လန်နှင့် အဖြူလေးတို့မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့ကြပေ။
ကျူးမင်လန်၏ မျက်လုံးများက အလွန်အမင်း ထောင်လွှားဝါကြွားနေသော ရွှေရောင် မီးနဂါးကြီးဆီသို့ စိုက်ကြည့်နေမိပြီး သူ့မျက်မှောင်များမှာလည်း တင်းကြပ်စွာ တွန့်နေခဲ့ သည်။
ဒါ…. ဘာလို့ သူဖြစ်နေရတာလဲ...။
ရွှေရောင်မီးနဂါးကြီး......
"ကျူးသခင်လေးလည်း ဒီမှာ ရှိနေတာပဲကိုး... ဒီနေ့တော့ တကယ့်ကို နေ့ကောင်းရက်မြတ် ကြီး ဖြစ်သွားပြီပဲ" မျှော်လင့်ထားသည့်အတိုင်း ရွှေရောင်မီးနဂါးကြီးထံမှ လော့ရှောင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
ခယ်ပေက ကျူးမင်လန်ရှိရာဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။ "ဒီလူက ဘယ်သူ လဲ..."
"ရွှေရောင်မီးနဂါး… လော့ရှောင်... သူက ဒုံးရွှီခံတပ်မှာ တပ်စွဲထားရမယ့်လူလေ" ဆရာမ တွမ်လန်က ဤအချိန်တွင် ဝင်ရောက်ပြောဆိုလိုက်သည်။
ကျူးမင်လန်က ခေါင်းညိတ်ပြလိုက်သည်။
"သူက ခံတပ်က တပ်မှူးတစ်ယောက် ဖြစ်နေမှတော့ စစ်ရေးသတင်းတွေကို အမြန်ဆုံး အစီရင်ခံရမှာ မဟုတ်ဘူးလား၊ အခုတော့ ဒီမှာလာပြီး လူတွေကို ရန်ရှာနေတာလား" ခယ်ပေက ဒေါသတကြီး ဆိုလိုက်သည်။
"ဟားဟားဟားဟား... စစ်မြေပြင်ရဲ့ သတင်းပို့ချက်တွေ ဘာလို့ နှောင့်နှေးနေရတယ်လို့ မင်းတို့ ထင်လဲ။ စစ်မြေပြင်က သတင်းပို့တဲ့လူတွေ အားလုံးကို ငါ သတ်ပစ်လိုက်လို့ပေါ့... ပြီးတော့ သေချာတာက… အဲဒီအထဲမှာ မင်းတို့လို နေရာတကာ ဝင်ပါချင်နေတဲ့ လူတွေ လည်း ပါတာပေါ့" လော့ရှောင်၏ ဖြူလျော်နေသော မျက်နှာပေါ်တွင် ပုံမှန်မဟုတ်သည့် အရူးတစ်ယောက်အသွင် ကြမ်းကြုတ်ရက်စက်မှုများ ဖြတ်သန်းသွားခဲ့သည်။
ဤစိတ်ဝေဒနာရှင် အရူးတစ်ယောက် နောက်ဆုံးတော့ သူ့အစစ်မှန် မျက်နှာဖုံးကို ချွတ်ပစ် လိုက်ချေပြီ။
"မင်း... မင်းလို သစ္စာဖောက်ကောင်၊ ဘာဖြစ်လို့ ဝူထူ သူပုန်တပ်ဖွဲ့ကို ကူညီနေရတာလဲ" ခယ်ပေက လော့ရှောင်ကို လက်ညှိုးထိုးလျက် အော်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ... ဟုတ်လား... ဘာဖြစ်လို့လဲ..." လော့ရှောင်၏ မျက်နှာမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းအောင် ကြမ်းကြုတ်လာခဲ့တော့သည်။
အစောတည်းကပင် ရူးသွပ်လုမတတ် ဖြစ်နေသော လော့ရှောင်သည် ကျူးမင်လန်ကို မြင်လိုက်ရသောအခါ ကုစား၍မရနိုင်တော့သည်အထိ အဆုံးစွန်ရောက်အောင် တွန်းပို့ခံ လိုက်ရသည့် အလားပင်။
ကျူးမင်လန်လည်း ထိုနည်းတူစွာပင် ဇဝေဇဝါ ဖြစ်နေခဲ့သည်။
အကယ်၍ လော့ရှောင်သာ သူနှင့် လီယွင်ဇီတို့အကြားက ကိစ္စများကို သိရှိထားလျှင် ကျူးမင်လန်အပေါ် တိုက်ရိုက် ကလဲ့စားချေသင့်သည် မဟုတ်ပါလား။ ဘိုးဘေးနဂါး မြို့တော်၏ အရှေ့ဘက်ခြမ်းတစ်ခုလုံးကို အခုလို အကျပ်အတည်းနှင့် ပရမ်းပတာ အခြေ အနေထဲ ကျရောက်စေပြီး စစ်မြေပြင်က သတင်းပို့သူအားလုံးကို သတ်ပစ်ရန်မလိုချေ...။
လီမျိုးနွယ်စုအတွင်းမှာ တခြားတစ်ခုခုများ ဖြစ်ပွားခဲ့လို့လား။
လော့ရှောင်ကို ဤကဲ့သို့ အစွန်းရောက် ရူးသွပ်စေပြီး သစ္စာဖောက်ရသည်အထိ ကျူးလွန် ရအောင် တစ်ခုခုက တွန်းအားပေးခဲ့ခြင်းသာ ဖြစ်ရမည်။ သူ့ရင်ထဲ၌ နက်ရှိုင်းစွာ စွဲလမ်းနေ သော အရာတစ်ခု လုံးဝဥဿုံ ရစရာမရှိအောင် ရိုက်ချိုးခံလိုက်ရသည့်အလားပင်။
"ငါက သူတို့လီမျိုးနွယ်စုအတွက် ကျွန်ခံပေးခဲ့တာ... ဒါပေမဲ့ သူတို့က ငါ့ကို ဟောင်ခွင့် တောင်မရှိတဲ့ ခွေးတစ်ကောင်လို ဆက်ဆံခဲ့ကြတယ်။ ဒီကြိမ်ဒဏ်ချက်အတွက် လီမျိုးနွယ် စုတစ်ခုလုံး နောင်တရစေရမယ်" လော့ရှောင်က သူ့ဝတ်ရုံခေါင်းစွပ်ကို ချွတ်ပစ်လိုက်ရာ သူ့မျက်နှာတစ်ခုလုံး ပေါ်ထွက်လာခဲ့သည်။
သူ့မျက်နှာဘေးဘက်မှ စတင်ကာ နားရွက်ကို ဖြတ်သန်းလျက် ဦးခေါင်းနောက်ဘက်အထိ ရှိသည့် ပြင်းထန်သော ကြိမ်ဒဏ်ရာ အမာရွတ်ကြီးတစ်ခု...။ သူ့မျက်နှာဘေးမှ ပေါက်ပြဲနေ သော အသားစများမှာ ယခုထက်ထိ အနာမကျက်သေးဘဲ သွေးစိမ်းများနှင့် သွေးခဲစများ ရောပြွမ်းနေခဲ့ရာ ဤကြိမ်ဒဏ်ချက် မည်မျှ ပြင်းထန်ခဲ့ကြောင်း ထင်ရှားစွာ ပြသနေပေ သည်။
ဤကြိမ်ဒဏ်ချက်ကား လီမျိုးနွယ်စု၏ မျိုးနွယ်စုသခင်ဖြစ်သူ လီရင်းထံမှ ရရှိခဲ့သော 'လက်ဆောင်' ပင် ဖြစ်၏။
အစည်းအဝေး ပြီးဆုံးသွားပြီးနောက် သူသည် လီယွင်ဇီနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ပြန်လည်စဉ်းစားပေးရန် လီမျိုးနွယ်စု သခင်အား တောင်းပန်တိုးလျှိုးခဲ့ပြီး သူမအပေါ် ထားရှိသည့် သူ၏ တစ်ဖက်သတ်အချစ်များကို ဖွင့်ဟခဲ့မိသည်။
သို့သော်လည်း လီရင်း၏ တုံ့ပြန်မှုမှာမူ သူ့အား ကြိမ်လုံးဖြင့် ဆုချီးမြှင့်လိုက်ခြင်းသာ ဖြစ်သည်။
"သူမဂုဏ်သတင်းက ဘယ်လိုပဲ ညှိုးမှိန်နေပါစေ... သူမက လီမျိုးနွယ်စုရဲ့ သမီးတော်ပဲ။ မင်းက ဘာကောင်မို့လို့လဲ... မဟုတ်တမ်းတရားတွေ စိတ်ကူးမယဉ်နဲ့၊ မင်းကိုယ်မင်း ဘယ်သူလဲဆိုတာ မမေ့နဲ့။ ဒီကြိမ်ဒဏ်က မင်းရဲ့အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ သတိပေးဖို့ပဲ။ နောက်တစ်ခါ အစည်းအဝေးခန်းမထဲက ဆုံးဖြတ်ချက်တွေကို ထပ်ပြီး စောဒကတက်ရဲရင်... လီမျိုးနွယ်စုကနေ အပြီးထွက်သွားတော့"
ရက်အတော်ကြာအောင် လီရင်း၏ စကားလုံးများက သူ့ကို နှိပ်စက်ညှဉ်းပန်းနေခဲ့ပြီး သူ့ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေကာ... သူ့ကို နာကျင်ပြီး ရူးသွပ်လုမတတ် အခြေအနေအထိ တွန်းပို့ခဲ့ခြင်း ဖြစ်ပေသည်။