အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) ကြီးထွားမှုကာလ နဂါးဖြူ။
လော့ရှောင်သည် အမိန့်ကိုသာ နာခံတတ်သည့် သာမန် အိမ်မွေးခွေးတစ်ကောင် မဟုတ်ပါ ချေ။
ခံတပ်ကြီးကျရှုံးသွားသည်နှင့် လော့ရှောင်အနေဖြင့် ပရမ်းပတာအခြေအနေကို ပိုမိုဆိုးရွား အောင် လုပ်ဆောင်ရန်လည်း မလိုပေ။ ဝူထူတပ်ဖွဲ့များသည် ဒုံးရွှီခံတပ်မြို့ကို လွယ်ကူစွာ ဖောက်ထွက်နိုင်ခဲ့ကြသည်။ လော့ရှောင်ကိုယ်တိုင်လည်း သူ၏ သစ္စာဖောက်မှုကို ဗြောင်ကျကျ ထုတ်ဖော်ပြသရန် မလိုဘဲ... သတင်းပို့သူများကို တိတ်တဆိတ် သတ်ဖြတ် ပစ်ရုံမျှဖြင့် ဝူထူသူပုန်တပ်ဖွဲ့များကို ဘိုးဘေးနဂါး မြို့တော်၏ အသည်းနှလုံးနယ်မြေထဲသို့ နောက်ထပ် ရက်အနည်းငယ်ခန့် ပိုမိုနက်ရှိုင်းစွာ ချီတက်ဝင်ရောက်ခွင့် ပေးထားခဲ့ခြင်း ဖြစ်သည်...။
သို့သော် ကံမကောင်းစွာဖြင့် ရုန်တောင်ကြားမြို့တော်မှ လီချွမ်းနဂါးထိန်းအကယ်ဒမီ၏ လူများ ရောက်ရှိလာခြင်းက ပြဿနာတစ်ခု ဖြစ်စေခဲ့ရာ... လော့ရှောင်အနေဖြင့် သူကိုယ်တိုင် လက်စွမ်းပြဖို့ ဖြစ်လာခဲ့ရသည်။
သတင်းပို့သူအားလုံးကို ကြားဖြတ်တားဆီးရန် မလိုဘဲ ဤလင်းယုန်သားရဲနဂါးနှင့် ဤလူ သုံးယောက်ကို ရှင်းပစ်နိုင်လျှင်... နဂါးတစ်ပိုင်းငှက်ပျံများ ဘိုးဘေးနဂါး မြို့တော်သို့ အချိန် မီ ရောက်ရှိသွားဦးတော့ အရာရာမှာ နောက်ကျသွားပြီ ဖြစ်လိမ့်မည်။
သေချာသည်မှာ….. ဤသုံးယောက်ထဲတွင် ကျူးမင်လန် ပါဝင်နေခြင်းက လော့ရှောင် အတွက် မျှော်လင့်မထားသော ဆုလာဘ်တစ်ခုပင်။
ခုန်ထုန်က လော့ရှောင်အား ကျူးမင်လန်အကြောင်း စတင်ပြောပြကတည်းက သူသည် တစ်ခုခုကို ရိပ်စားမိခဲ့သည်။ ကျူးမင်လန်က လီချွမ်းနဂါးထိန်းအကယ်ဒမီတွင် သောင်တင် နေခဲ့ပြီး လော့ရှောင်ကိုယ်တိုင်မှာမူ စစ်မြေပြင်တွင် ရှိနေခဲ့သဖြင့် သူ၏ သံသယများကို အတည်ပြုရန် အချိန်မရခဲ့ပါချေ။ သတင်းပို့ရန် ကြိုးစားနေသည့် ဤသုံးယောက်ထဲတွင် ကျူးမင်လန် ပါဝင်နေလိမ့်မည်ဟု မည်သူက ကြိုတင်သိနိုင်မည်နည်း။ ဒါက တကယ့်ကို ကျီစားသည့် ဖြစ်ရပ်တစ်ခုပင်။
အကယ်၍ သူသာ လီချွမ်းနဂါးထိန်း အကယ်ဒမီအတွင်း၌ ပုန်းအောင်းနေခဲ့လျှင် လော့ရှောင်အနေဖြင့် သူ့ကို မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ၊ အကြောင်းမူကား အကယ်ဒမီတွင် အစွမ်းထက် ပညာရှင်များ မရှားပါးသောကြောင့် ဖြစ်သည်။
"လီယွင်ဇီက မင်းကို လီချွမ်းနဂါးထိန်းအကယ်ဒမီထဲမှာ အကာအကွယ် ပေးထားတာကို... မင်းကတော့ ကိုယ့်ဖောင်ကိုယ်ဖျက်ပြီး သေမင်းဆီကို ကိုယ်တိုင် ရောက်လာခဲ့တာပဲ။ ဟဲဟဲ... ကျူးမင်လန်၊ ကျူးမင်လန်... မင်းနဲ့ လီယွင်ဇီတို့ကတော့ တကယ့်ကို ပြဇာတ် ကောင်းတစ်ပုဒ် ကပြခဲ့ကြတာပဲ" လော့ရှောင်က ကျူးမင်လန်ကို စိုက်ကြည့်ရင်း သူ၏ စိတ်ခံစားချက်များမှာ တဖြည်းဖြည်းနှင့် ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့သည်။
သူရှေ့မှ ဤလူသားသည် သူ့အား ညတိုင်း အိပ်မပျော်နိုင်အောင် နှိပ်စက်နေသည့် ရင်ဘတ် ထဲက ဆူးတစ်ချောင်း ဖြစ်နေသည်ကို တွေးမိရင်း... မျက်နှာပေါ်မှ ကြိမ်ဒဏ်ရာဖြင့် အရှက်ခွဲခံရမူ၊ လီမျိုးနွယ်စုမှ နှင်ထုတ်ခံရသည့် နာကျင်မှုများကို သတိရမိသောအခါ သူ၏ ရင်ဘတ်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်လာခဲ့တော့သည်။
"ကျူးမင်လန်... ငါ ဒီနှစ်ယောက်ကို အရင်သတ်မယ်၊ ပြီးရင်တော့ မြေအောက် အကျဉ်း ထောင်ထဲက မင်းနဲ့ လီယွင်ဇီတို့ရဲ့ ဇာတ်လမ်းကို အေးအေးလူလူ နားထောင်ရင်း... မင်းရဲ့ အသားတွေကို တစ်စစီ လှီးဖြတ်ပစ်မယ်" လော့ရှောင်သည် လူသားဆန်မှု အနည်းငယ်မျှ မကျန်တော့ဘဲ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည့် သရဲတစ္ဆေ တစ်ကောင်အလား ဖြစ်နေခဲ့ချေပြီ။
သူ ပြောပြီးသည်နှင့် ရွှေရောင်မီးနဂါးကြီးက မရေတွက်နိုင်သော ချော်ရည်များကို မှုတ်ထုတ်နေသည့် မီးတောင်ပေါက်ကွဲမှုကြီးအလား ထိတ်လန့်ဖွယ်ရာ မီးတောက်များကို ထပ်မံထုတ်လွှတ်လိုက်ရာ... အကာအကွယ်မဲ့နေသော တောအုပ်ကြီးပေါ်သို့ ဖုံးလွှမ်းသွားခဲ့ သည်။ ဆရာမ တွမ်လန်၏ 'ရေတံခွန်နဂါး' မှ ထွက်ပေါ်လာသော မြူခိုးများပင် ဤတိုက်ခိုက်မှုကို မတားဆီးနိုင်ခဲ့ပေ။
ပူပြင်းလှသော အပူရှိန်က သူတို့ကို လျင်မြန်စွာ လွှမ်းခြုံသွားခဲ့ပြီး... အတောင်ပံကျိုးနေ သော လင်းယုန်သားရဲနဂါးက 'ရေတံခွန်နဂါး' ၏ ဘေးတွင် မတ်မတ်ရပ်နေခဲ့သည်။ မျှော်စင်ကြီးပမာ ကြီးမားသော ရွှေရောင်မီးနဂါးကြီးသည် ကောင်းကင်ယံမှနေ၍ ကိုယ်ကို စောင်းပြီး တောအုပ်ထဲသို့ ဒလဟော ဆင်းသက်လာကာ... ကြောက်မက်ဖွယ်ကောင်းသော မီးလှိုင်းကြီးများကို အထက်မှ အောက်သို့ လိမ့်ဆင်းသွားစေခဲ့သည်။ ၎င်း၏ အရှိန်အဟုန်မှာ အလွန်ပင် ကြီးမားလွန်းသဖြင့် တောအုပ်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရ၏။
လင်းယုန်သားရဲနဂါးသည် ခန္ဓာကိုယ်ထုထည်ရော အင်အားပါ ရွှေရောင် မီးနဂါးကြီးကို မယှဉ်နိုင်ပေ။ အထူးသဖြင့် ၎င်း၏အတောင်ပံတစ်ဖက် ကျိုးနေချိန်တွင် ပိုဆိုးသည်။ သူက ကောင်းကင်မှ ကျဆင်းလာသော မီးလှိုင်းများကို ရှောင်တိမ်းရန်အတွက် သူ၏ လျင်မြန် သော ခန္ဓာကိုယ်ဖြင့် အလွန်ရုန်းကန်လှုပ်ရှားနေရသည်။
ရေတံခွန်နဂါးသည် တိုက်ခိုက်မည့် နေရာကို အဆက်မပြတ် ရွှေ့ပြောင်းရင်း ရွှေရောင် မီးနဂါးဆီသို့ ဒလဟော စီးဆင်းသွားမည့် ရေတံခွန်ကြီးများကို ဖန်တီးကာ တိုက်ခိုက်နေခဲ့ သည်။ သို့သော် လေထုထဲတွင် ကျယ်ပြန့်စွာ မိုးရွာသွန်းခဲ့ရမူကြောင့် ဤသန်မာလှသော နဂါးသားရဲကြီးမှာ စွမ်းအင်အမြောက်အမြား ကုန်ခမ်းနေပုံရပြီး သာမန်အချိန်ထက်စာလျှင် အားနည်းချိနဲ့ကာ နုံးခွေနေပုံပေါ်သည်။
ရွှေရောင်မီးနဂါးမှာမူကား အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိနေသည်။ ၎င်းသည် ကောင်းကင် ယံမှ ဟုန်းဟုန်းတောက်နေသော မီးလှိုင်းကြီးများကို စီးနင်းကာ အောက်သို့ ဆင်းသက် လာပြီး လင်းယုန်သားရဲနဂါးကြီးကိုပါ တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
ထို့နောက် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော နဂါးစွယ်များကို ဖြဲထုတ်လိုက်ရာ... ပါးစပ်အတွင်း၌ နီရဲကာ အရည်ပျော်နေသော ချော်ရည်ပူများ ပြည့်နှက်နေပြီး လင်းယုန် သားရဲနဂါးကြီး၏ လည်ပင်းကို ပြင်းထန်စွာ ကိုက်ခဲလိုက်တော့သည်။ ထက်ရှသော နဂါးစွယ်ကြီးများက အသားထဲသို့ နက်ရှိုင်းစွာ စိမ့်ဝင်သွားခဲ့ပြီး လင်းယုန်သားရဲနဂါးကြီး၏ လည်ပင်းကို ကျိုးပြတ်လုမတတ် ဖြစ်သွားစေခဲ့သည်။
ထိုအခြေအနေတွင် ရေတံခွန်နဂါး၏ ခန္ဓာကိုယ်ပေါ်မှ အေးစက်သော ရေအလျင်များ ဝုန်းခ နဲ ပြည့်လျှံတက်လာခဲ့၏။ ရေတံခွန်းနဂါးက ရေမြွေကြီးတစ်ကောင်အလား ရွှေရောင် မီးနဂါး၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ရစ်ပတ်လိုက်ပြီး... လင်းယုန်သားရဲနဂါးကြီးအနေဖြင့် ရွှေရောင်မီးနဂါး၏ ကြမ်းကြုတ်သော ကိုက်ခဲထားသည့်အခြေအနေမှ လွတ်မြောက်နိုင်ရန် အတွက် ၎င်း၏လည်ပင်းနှင့် ရင်ဘတ်တို့ကို တင်းကြပ်စွာ ရစ်ပတ်ထားတော့သည်။
"အူးဝူ….."
ရွှေရောင်မီးနဂါးကြီးက ခေါင်းကို မော့ကာ ဟိန်းဟောက်လိုက်၏။ မီးအကြေးခွံများ ဖုံးလွှမ်းထားသည့် ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် ကန့်ကျောက်များအလား ပေါက်ကွဲသွားခဲ့ပြီး နဂါးကြီးအား ခံတပ်တစ်ခုပမာဏရှိသော ယမ်းပုံကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။ ၎င်းသည် အေးစက်သော ရေများဖြင့် အကာအကွယ်ယူထား သည့် ရေတံခွန်နဂါးကို ပြင်းထန်သော ပေါက်ကွဲမှုအရှိန်ဖြင့် လွင့်စင်ထွက်သွားစေခဲ့တော့ သည်။
"အဆင့်နိမ့် နဂါးနှစ်ကောင်ကများ ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား" လော့ရှောင်က ရင်ကော့ကာ အားရပါးရ ရယ်မောလိုက်သည်။
သူတို့အားလုံးသည် အဆင့်တူ နဂါးစစ်သူကြီးအဆင့်တွင် ရှိနေကြသော်လည်း... လင်းယုန် သားရဲနဂါးနှင့် ရေတံခွန်နဂါးတို့သည် ကြံ့ခိုင်သန်စွမ်းသော အခြေအနေတွင် ရှိနေခဲ့လျှင်ပင် ရွှေရောင်မီးနဂါးကို ယှဉ်နိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်ရမည် ဖြစ်သည်။ အဆုံးတွင်... ရွှေရောင်မီးနဂါးကြီးက ယခုအခါ အဆင့်မြင့်အဆင့် နဂါးစစ်သူကြီးတစ်ကောင် ဖြစ်နေ သောကြောင့်ပင်။
လင်းယုန်သားရဲနဂါးကြီး၏ လည်ပင်းမှ လတ်ဆတ်သော သွေးများ ဒလဟော စီးကျလာခဲ့ ပြီး ၎င်း၏သန်မာသော အမွေးအတောင် အများအပြားမှာလည်း စုတ်ပြတ် ကျွတ်ထွက် ကုန်ချေပြီ။ ခယ်ပေသည် အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားပုံရသည်၊ အင်အားကွာခြား ချက်က ကြီးမားလွန်းသည်ကို သူ ကောင်းစွာသိရှိထားသည်။ အကယ်၍ သူတို့အနေဖြင့် ဝိညာဉ်နယ်မြေမှ အခြားသော နဂါးသားပေါက်များကို ထပ်မံဆင့်ခေါ်ဦးတော့... ရွှေရောင် မီးနဂါးကြီး၏ အင်အားကို တောင့်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
ထိုနည်းတူစွာပင် ဆရာမ တွမ်လန်၏ အသန်မာဆုံး နဂါးမှာ ရေတံခွန်နဂါး ဖြစ်သည်။ ကျယ်ပြန့်လှသော မိုးတိမ်တိုက်များနှင့် မိုးရေများကို ဖန်တီးပေးခဲ့ရခြင်း မရှိလျှင်တော့... သူမအနေဖြင့် အချိန်အနည်းငယ် ပိုမိုဆွဲထားနိုင်ကောင်း ဆွဲထားနိုင်လိမ့်မည် ဖြစ်သော် လည်း၊ ယခုအချိန်တွင်မူ ဤအရူး၏ လက်ချက်ဖြင့် သူတို့ တကယ်ပဲ အသက်ပျောက်သွား ရနိုင်ချေ ရှိပေသည်။
"မင်းနဲ့လီမျိုးနွယ်စုကြားက ရန်ငြိုးတွေကို ငါတို့ မျက်ကွယ်ပြုပေးလို့ ရပေမဲ့... လီချွမ်း နဂါးထိန်းအကယ်ဒမီက တခြားမျိုးနွယ်စုတွေလို မဟုတ်ဘူးဆိုတာ မင်း သိသင့်တယ်။ တကယ်လို့ မင်းသာ အကယ်ဒမီရဲ့ဆရာ ဒါမှမဟုတ် သင်တန်းသားတစ်ယောက်ကို သတ်ခဲ့ ရင်... မင်းလည်း အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး" ခယ်ပေက ဆိုလိုက်သည်။
"အဲဒါကြောင့်ပဲ... မင်းက အရင်ဆုံး သေရမှာပေါ့၊ အဲဒီနောက်မှ ငါ သူတို့ကို သတ်မှာ၊ ဟားဟားဟားဟား၊" လော့ရှောင်က လှောင်ပြုံး ပြုံးလျက် နှာခေါင်းရှုံ့လိုက်၏။
ရွှေရောင်မီးနဂါးကြီးက ကန့်ပေါက်ကွဲအတွင်း လုံးဝ ဖုံးလွှမ်းသွားခဲ့ပြီး မီတာငါးဆယ် ပတ်လည်အတွင်း ကန့်မီးလောင်ဒဏ်များ ဖြစ်ပေါ်စေခဲ့သည်။ မီးနဂါးကြီးက တစ်ချက် တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်လျက် နောက်ဆုံးတိုက်ခိုက်မူအဖြစ် ဤထိတ်လန့်ဖွယ် စွမ်းအင်များနှင့်အတူ လင်းယုန်သားရဲနဂါးကြီးဆီသို့ ပြေးဝင်သွားခဲ့တော့သည်။
အတောင်ပံတစ်ဝက်သာ ကျန်တော့သည့် လင်းယုန်သားရဲနဂါးကြီးမှာ ပျံသန်းရန် အလွန် ရုန်းကန်နေရပြီး ရွှေရောင်မီးနဂါးကြီး၏ ကန့်ပေါက်ကွဲဒဏ်မှ ပုန်းကွယ်စရာ နေရာလည်း မရှိတော့ပေ...။
လင်းယုန်သားရဲနဂါးကြီး သေဘေးနှင့် ရင်ဆိုင်နေရသည့် အရေးကြုံချိန်မှာပင်... စူးရှလှ သော လေပြင်းတစ်ချက် ဖျတ်ခနဲ ဖြတ်သန်းတိုက်ခတ်သွားခဲ့ပြီး ရွှေရောင်မီးနဂါးကြီး၏ ဧရာမခန္ဓာကိုယ်ကြီးကို ဖောက်ထွက်ကာ ထင်းရှူးပင်ကြီးတစ်ပင်၏ ထိပ်ဖျားတွင် ရပ်နေ သော လော့ရှောင်ဆီသို့ တည့်တည့် ဦးတည်သွားတော့သည်။
ထိုလေပြင်းလှိုင်းအတွင်း၌ နှင်းခဲနှင့် လေပြေနတ်ဆိုးလေးတစ်ကောင်အလား ဖြူစင် သန့်ရှင်းသော ခန္ဓာကိုယ်အလှတစ်ခုကို မြင်တွေ့လိုက်ရပြီး... အစွမ်းထက် မှော်ပညာရပ် တစ်ခုကို အသုံးပြုလျက် နဂါးထိန်း လော့ရှောင်ကို တိုက်ခိုက်လိုက်တော့သည်။
"ငွေနှင်းအရုဏ်ဦးနဂါးဖြူလား..." တွမ်လန်က ထိုပုံရိပ်ကို မှတ်မိသွားခဲ့ပြီး ရေရွတ်လိုက်မိ တော့သည်။
၎င်းကား အကယ်ဒမီတွင် ရှိခဲ့စဉ်ကထက် များစွာ ပိုမိုသန်မာလာခဲ့သည့် ကျူးမင်လန်၏ ငွေနှင်းအရုဏ်ဦးနဂါးဖြူပင် ဖြစ်ချေသည်။ ယခုတစ်ကြိမ် ၎င်းဖန်တီးလိုက်သော လေဆင် နှာမောင်းမှာ ပိုမိုပြင်းထန်ပြီး၊ ထက်ရှသော နှင်းခဲအစအန အလွှာလွှာတို့ကို သယ်ဆောင် လာသည့် အလျားလိုက် လေပြင်းမုန်တိုင်းကြီးတစ်ခုပင် ဖြစ်၏။
ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် ကြီးထွားမှုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။
ကျူးမင်လန်သည် ၎င်းအား အင်အားကြီးမားသော ရွှေရောင်မီးနဂါးကြီးကို သွားရောက် ရင်ဆိုင်ရန် အမိန့်မပေးခဲ့ဘဲ... သူ့ဘာသာ နဂါးထိန်း လော့ရှောင်ဆီသို့ အရှိန်အဟုန်ဖြင့် တိုက်ရိုက် ထိုးနှက် တိုက်ခိုက်ခိုင်းလိုက်ခြင်း ဖြစ်ပေသည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူကို မြင်လိုက်ရသောအခါ လော့ရှောင်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားခဲ့သည်။ သူသည် အစမှအဆုံးအထိ ကျူးမင်လန်ကို ခြိမ်းခြောက်မှုတစ်ခု အဖြစ် လုံးဝ ထည့်မတွက်ခဲ့သလို၊ ခယ်ပေနှင့် တွမ်လန်တို့က အခြား နဂါးသားရဲများကို ဆင့်ခေါ်ခြင်း ရှိမရှိကိုလည်း သတိမထားပေ။ ထို့ကြောင့် ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ရုတ်တရက် ခြုံခိုတိုက်ခိုက်မှုက သူ့အတွက် တကယ့်ကို အံ့အားသင့်ဖွယ်ရာ ဖြစ်သွားခဲ့ရ တော့သည်။
"မင်းတို့က ငါလော့ရှောင်ကို အရူးလို့ ထင်နေတာလား..." လော့ရှောင်က ရုတ်တရက် အော်ဟစ်ကာ အားရပါးရ ရယ်မောလိုက်သည်။
သူက ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်သော်လည်း သူ့လက်ချောင်းမှ လက်စွပ်က စူးရှတောက်ပသော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး၊ လျင်မြန်စွာပင် လော့ရှောင်၏ ရှေ့မှောက်၌ ထူထပ်လှသော အလင်းတန်းများ ယှက်နွှယ်ကာ ဧရာမ အနီရောင် ပုံရိပ်ကြီးတစ်ခုအဖြစ် ပုံပေါ်လာခဲ့တော့သည်။
ထိုပုံရိပ်မှာ သိသာထင်ရှားစွာ ရွှေရောင်မီးနဂါးကြီး၏ ပုံရိပ်ဖြစ်ပြီး၊ ဒြပ်မဲ့ဟု ထင်ရသော ထိုအနီရောင်အလင်းတန်းများက တစ်စုံတစ်ခုသော နည်းလမ်းဖြင့် အနီရောင်ချပ်ဝတ် တန်ဆာအဖြစ် သိပ်သည်းခိုင်မာသွားခဲ့ခြင်း ဖြစ်သည်။
ခန့်ညားထည်ဝါသော ချပ်ဝတ်ဝတ်စုံကြီးတစ်ခု လော့ရှောင်၏ ခန္ဓာကိုယ်ပတ်လည်တွင် ထွက်ပေါက်လာပြီး သူ့အား တင်းကြပ်စွာ ကာကွယ်ပေးထားခဲ့သည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ အေးစက်လှသော နှင်းခဲလေပြင်းမှာ လေဆင်နှာမောင်းအလား အောက်သို့ ထိုးဆင်းလာခဲ့သော်လည်း... လော့ရှောင်၏ ချပ်ဝတ်တန်ဆာ အသွင်ပြောင်း လဲမှုလောက် မမြန်ဆန်ခဲ့ပေ။
"ချလွင်... ချလွင်... ချလွင်-"
လေပြင်းမုန်တိုင်း လိုဏ်ခေါင်းအတွင်း၌ ဖြူဖွေးသော လေလှိုင်းများနှင့် ဝဲလည်နေသော နှင်းစက်များကြားတွင်... ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ နုနယ်လှသော ခန္ဓာကိုယ်လေးမှာ ဖြည်းညှင်းစွာ ကြီးထွား ကျယ်ပြန့်လာခဲ့သည်။ ၎င်း၏ အတောင်ပံများသည် ဧရာမ လင်းယုန်ကြီးတစ်ကောင်၏ ပမာဏအထိ ပြည့်စုံစွာ ဆန့်ထွက်လာခဲ့ပြီး၊ လှပလွန်းသော နောက်ထပ် အတောင်ပံငယ်လေးများမှာမူ မြင့်မြတ်သော လိပ်ပြာနတ်သမီးတစ်ကောင်၏ အတောင်ပံများနှင့် ဆင်တူပေသည်။ နှင်းခဲမွေးနုလေးများ လွင့်စင်ကျဲပက်နေသည့် မြင်ကွင်းမှာ အလွန်တရာ ထူးကဲလှပပေသည်...။
၎င်း၏ခန္ဓာကိုယ်မှာလည်း များစွာ ပိုမိုရှည်လျားလာခဲ့ပြီး၊ ဝိညာဉ်သမင်တစ်ကောင်၏ သွက်လက်ဖျတ်လတ်မှုနှင့် နှင်းကျားသစ်တစ်ကောင်၏ သန်စွမ်းဖျတ်လတ်မှုတို့ကို ပိုင်ဆိုင်ထားချေပြီ။ ၎င်း၏ရှည်လျားသော အမြီးကြီးမှာ မြေပြင်ပေါ်သို့ ဆွဲချလာရင်း ရင်သပ်ရှုမောဖွယ်ရာ နှင်းခဲလမ်းကြောင်းကြီးတစ်ခုကို ဖန်တီးနေသည်။
လေပြင်းမုန်တိုင်းလှိုင်ခေါင်း၏ အရှိန်ဟုန်ဖြင့် ထိုးဆင်းတိုက်ခိုက်မှုက လော့ရှောင်၏ အနီရောင်ချပ်ဝတ် ပုံရိပ်ယောင်ကို မဖောက်ထွက်နိုင်ခဲ့သည့် အခိုက်တန့်မှာပင်... ငွေနှင်း အရုဏ်ဦးနဂါးဖြူ၏ အမြီးက သေစေနိုင်သည့် လက်နက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ တော့သည်။
"ဝှီး…."
မဖောက်ထွက်နိုင်ဟု ထင်ရသော ချပ်ဝတ်တန်ဆာကြီးမှာ အပေါက်တစ်ပေါက် ထိုးဖောက် ခံလိုက်ရသဖြင့်... လော့ရှောင်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။ လတ်ဆတ်သော သွေးများ ပန်းထွက်လာခဲ့ပြီး စူးရှသော အော်ဟစ်သံနှင့်အတူ လော့ရှောင်သည် မြင့်မားသော ထင်းရှူးပင်ကြီးပေါ်မှ ပြုတ်ကျသွားခဲ့တော့သည်...။
ရွှေရောင်မီးနဂါးကြီးက ဒေါသတကြီး ဟိန်းလိုက်ပြီး လင်းယုန်သားရဲနဂါး၏ အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ... တောက်လောင်နေသော သစ်ပင်များကို အတင်းအကြပ် ဖြတ်ကျော်လျက် မြေပြင်ပေါ်သို့ ပစ်ကျလုနီးပါးဖြစ်နေသော လော့ရှောင်ကို အချိန်မီ လှမ်း၍ ဖမ်းယူလိုက်သည်။
လော့ရှောင်က သူ့နဖူးဘယ်ဘက်ခြမ်းကို အုပ်ကိုင်ထားခဲ့ပြီး နာကျင်လွန်းသဖြင့် သူ့ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေခဲ့သည်။ သွေးများက သူ့နဖူးပေါ်က ဆံပင်များကို နီရဲသွားစေကာ ဖြူလျော်နေသော ပါးပြင်ပေါ်သို့ စီးကျနေခဲ့ပြီး... သူ့မျက်လုံးများထဲတွင်မူ ရက်စက် ကြမ်းကြုတ်သည့် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ "ကျူးမင်လန်......" လော့ရှောင်က အော်ဟစ်ကြုံးဝါးလိုက်၏။
ကျူးမင်လန်၏ နှလုံးသားမှာ လေးလံသွားခဲ့သည်။
သူ့ဦးခေါင်းတွင် အပေါက်တစ်ပေါက် ထိုးဖောက်ခံရသည့်တိုင်အောင် သေဆုံးမသွားခဲ့ပါ လား...။
အဆုံးတွင်... ထိုချပ်ဝတ်တန်ဆာ၏ ပုံရိပ်က ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ သေစေလောက် သည့် ထိုးနှက်ချက်ကို တားဆီးပေးခဲ့ခြင်းကြောင့် ဖြစ်ပေသည်၊ သို့မဟုတ်ပါက လော့ရှောင် မှာ အပြီးတိုင် သေဆုံးသွားလိမ့်မည်။
နဂါးထိန်းများမှာ အလွန်ပင် အားနည်းကြသည်။ အကယ်၍ အခွင့်အရေးရှိလျှင် နဂါးထိန်း ကို အရင်ဆုံး သတ်ပစ်ရမည်။ ကျူးမင်လန်သည် အဖြူလေးအား အစောပိုင်းကတည်းက တိုက်ခိုက်ခွင့်မပေးခဲ့ခြင်းမှာ ဤကဲ့သို့သော အခွင့်ကောင်းကို စောင့်ဆိုင်းနေခဲ့ခြင်းကြောင့် ဖြစ်ပေသည်။ လော့ရှောင်တွင် သူ့ကိုယ်ကိုယ် ကာကွယ်ရန် ပုံရိပ်ယောင်ချပ်ဝတ် ရှိနေခဲ့ သည်က တကယ့်ကို နှမြောစရာပင်။
နဂါးချပ်ဝတ်သည် နဂါးသားရဲများအတွက် ကာကွယ်ရေးပစ္စည်းတစ်ခု ဖြစ်သော်လည်း... လော့ရှောင်၏ အဆင့်နှင့်ဆိုလျှင် သူသည် နဂါးသားရဲ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ချပ်ဝတ်တန်ဆာကို ဟင်းလင်းပြင်ထဲမှနေ၍ ဆင့်ခေါ်ကာ နဂါးထိန်းဖြစ်သည့် သူ့အား ယာယီကာကွယ်ပေးနိုင်သည့် ပုံရိပ်ယောင်နည်းလမ်းတစ်ခုကို တည်ဆောက်နိုင်စွမ်း ရှိနေခဲ့ပြီ။
ဤချပ်ဝတ်ပုံရိပ်ယောင်က လော့ရှောင်၏ အသက်ကို ကယ်တင်ပေးခဲ့ရုံမျှမက ရွှေရောင် မီးနဂါးကြီးအနေဖြင့် သူ့သခင်ကို ပြန်လည်ကာကွယ်ပေးရန် အချိန်ရသွားစေခဲ့သည်ဟု ဆိုရပေမည်။ အခွင့်ကောင်းကို လွဲချော်သွားခဲ့ရသော်လည်း ကျူးမင်လန်အနေဖြင့် များစွာ နောင်တရခြင်းတော့ မရှိခဲ့ပေ။
လော့ရှောင် သေဆုံးသွားခဲ့လျှင်ပင်... သူ၏ ရွှေရောင်မီးနဂါးကြီးကမူ ထိုအကြောင်းကြောင့် သေဆုံးပျက်စီးသွားလိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူ့သခင်သေဆုံးခြင်းက မီးနဂါးကြီးအား သေသည်အထိ မရပ်မနားဘဲ ပိုမိုပြင်းထန်စွာ ကလဲ့စားချေရန် လှုံ့ဆော်ပေးသလို ဖြစ်သွား လိမ့်မည်။ သူတို့အတွက် ဤနေရာမှ အသက်ရှင် လွတ်မြောက်ရန် ခက်ခဲနေဦးမည်သာ။
ရွှေရောင်မီးနဂါးကြီးသည် တစ်ကိုယ်လုံးတွင် မီးတောက်များ ဖုံးလွှမ်းလျက် ရပ်တည်နေ ပြီး၊ ၎င်း၏ ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်ကြီးမှာ တောက်လောင်နေသည့် မျှော်စင်ကြီး တစ်ခုအလားပင်။ သူက ခေါင်းမော့ကာ ငွေနှင်းအရုဏ်ဦးနဂါးဖြူဆီသို့ တောက်လောင်နေ သော ချော်ရည်ပူများကို အရှိန်အဟုန်ဖြင့် မှုတ်ထုတ်လိုက်တော့သည်။
ချော်ရည်ပူတစ်စက်တည်းဖြင့်တင် မြက်ပင်များကို ပြာအတိဖြစ်သွားစေနိုင်ပြီး... အပူချိန် မြင့်မားလှသော ထိုအရည်ပျော် ကျောက်တုံးကြီးများက ကျောက်ဆောင်များကိုပင် အရည် ပျော်သွားစေနိုင်သည်။ ရဲရဲနီနေသည့် သေစေလောက်သော ထိုချော်ရည်များက ငွေနှင်း အရုဏ်ဦးနဂါးဖြူဆီသို့ ဦးတည် ပျံသန်းတိုးဝင်လာခဲ့ရာ... အရုဏ်ဦးနဂါးဖြူသည် လေထဲ တွင် ကပြကူးခတ်နေသော လိပ်ပြာတစ်ကောင်အလား သူ့ နောက်ထပ်အတောင်ပံငယ် လေးများ၏ လျင်မြန်ဖျတ်လတ်မှုကို အသုံးပြု၍ ရှောင်တိမ်းလိုက်သည်။
လေထုထဲတွင် ဧရာမ မီးတောက်ကြီးများ တောက်လောင်လာခဲ့ပြီး၊ အဖြူလေးသည် ချော်ရည်များ၏ ပတ်ပတ်လည် တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ထိုမီးတောက်များ၏ အောက်ခြေမှ ဖြတ်သန်းသွားစဉ်... ရုတ်တရက် မည်သည့်နေရာက ရောက်လာမှန်းမသိဘဲ ရွှေရောင်မီးနဂါးကြီးက တစ်ဟုန်ထိုး ပြေးဝင်လာကာ ၎င်း၏ ထက်ရှသော လက်သည်းများ ဖြင့် ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်လိုက်တော့ သည်...။
လင်းယုန်သားရဲနဂါးကြီးမှာလည်း ထိုရွှေရောင်လက်သည်းများအောက်တွင် အသက် ပျောက်ခဲ့ရခြင်း ဖြစ်သည်။ ရွှေရောင်မီးနဂါးကြီးသည် ကိုယ်ထည်ကြီးမားသည်ဟု ထင်ရ သော်လည်း အမှန်စင်စစ်တွင်မူ မယုံနိုင်လောက်အောင် လျင်မြန်လွန်းလှပေသည်။
"မြွေနဂါးဝဲဂရက်...!"
ဆရာမ တွမ်လန်၏အသံ ထွက်ပေါ်လာသည်နှင့်... ရေတံခွန်နဂါး၏ မျက်ဝန်းအိမ်များထဲ တွင် မိုးပြာရောင်အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။ ၎င်း၏အကြည့် ကျရောက် ရာ နေရာတိုင်းတွင် ကြမ်းတမ်းသော ရေအလျင်များက ပြင်းထန်သည့် ရေဒြဗ်စင် မြွေနဂါး ကြီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး၊ ၎င်းတို့၏ ရှည်လျားသော ခန္ဓာကိုယ်များကို အတူ တကွ ရစ်ပတ်ကာ တဟုန်ထိုး မြည်ဟီးနေသော ဝဲဂယက်ကြီးတစ်ခုအဖြစ် ပုံပေါ်လာခဲ့ သည်။
ထိုရေမြွေနဂါးဝဲဂယက်ကြီးသည် ဘေးဘက်မှနေ၍ တိုက်ခတ် ဝင်ရောက်လာပြီး ရွှေရောင် မီးနဂါးကြီးကို တိကျစွာ ရိုက်ခတ်ကာ မြေပြင်ပေါ်သို့ လွင့်စင်သွားတော့သည်။
ထိုရေဒြဗ်စင် မြွေနဂါးကြီးများသည် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ပျက်ပြယ်သွားခြင်း မရှိဘဲ ပိုမိုသေးငယ်သော ရေမြွေလေးများအဖြစ်သို့ ပြောင်းလဲကာ... ရွှေရောင်မီးနဂါးကြီး ၏ ခြေလက်အင်္ဂါများကို တင်းကြပ်စွာ ရစ်ပတ်ကြတော့သည်။
"ရှဲ…. ရှဲ…. ရှဲ…. ရှဲ…."
တစ်ချိန်က အေးမြသော ရေကန်ကြီးတစ်ခုကဲ့သို့ အစွမ်းထက်သော ဆန်းကြယ် ရေပညာ ရပ်မှာ ယခုအခါ ဆူပွက်ပြီး ရေငွေ့ပျံလာခဲ့ရချေပြီ။ ထိုဆန်းကြယ်ပညာရပ်၏ ထိုမြွေနဂါး များမှာလည်း တဖြည်းဖြည်းနှင့် အငွေ့ပျံ ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။