အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) ရေနက်အိုင်ထဲမှ သွေးရဲရဲတိုက်ပွဲ။
ကောင်းကင်ယံကြီးမှာ မိုင်ပေါင်းထောင်ချီဝန်းကျင်အထိ ကြည်လင်နေပြီး လီချွမ်း လွင်ပြင် ကြီးသည်လည်း မျက်စိပသာဒအတွင်းသို့ ဝင်ရောက်လာခဲ့ချေပြီ။ အဝေးတစ်နေရာတွင်မူ ငွေရောင်အတိတောက်ပနေသော လီချွမ်းမြစ်ကြီးက ကောက်ကွေးလျက် စီးဆင်းနေသည် ကို လှမ်းမြင်နေရသည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ခန္ဓာကိုယ်ထုထည်မှာ လင်းယုန်သားရဲနဂါးကြီးလောက် မကြီး မားသေးသဖြင့်... လူနှစ်ယောက်၏ ကိုယ်အလေးချိန်ကို သယ်ဆောင်ထားရခြင်းမှာ သူ့အတွက် အနည်းငယ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့သည်။ ယခုကဲ့သို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက် ပျံသန်းနိုင်နေခြင်းမှာလည်း ၎င်း၏ လေစွမ်းရည်မှော်ပညာရပ်အပေါ် ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိခြင်းကြောင့်သာ ဖြစ်ပေသည်...။
ဆရာမ တွမ်လန်မှာမူ ခယ်ပေ၏ ကြေကွဲဖွယ် သေဆုံးမှု အရိပ်မည်းကြီးထဲမှ ရုန်းမထွက် နိုင်သေးပုံရပြီး သူမ၏ အကြည့်များမှာ အသက်မဲ့နေခဲ့ရှာသည်။
"ကျွန်တော်တို့ ရောက်တော့မယ်..." ကျူးမင်လန်က မြေပြင်ဆီသို့ လက်ညှိုးညွှန်ပြရင်း ပြောလိုက်သည်။
လွင်ပြင်ကြီး၏ အလယ်ဗဟိုတွင် မြစ်သုံးစင်း တဖြည်းဖြည်းချင်း လာရောက်ဆုံဆည်းနေ ကြသည်ကို မြင်တွေ့လိုက်ရသဖြင့်... သူတို့အနေဖြင့် ဘိုးဘေးနဂါးမြို့တော်နှင့် မဝေးတော့ ကြောင်း သိသာလှပေသည်။ လီချွမ်းနဂါးထိန်းအကယ်ဒမီသို့ ရောက်ရှိသွားသည်နှင့်... မည်သူ့ကိုမျှ ဂရုမစိုက်တတ်သော လော့ရှောင်သာ သူတို့နောက်သို့ ရဲရဲဝံ့ဝံ့ လိုက်လံ တိုက်ခိုက်ဝံ့ဦးမည်ဆိုလျှင် ထိုလုပ်ရပ်မှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် အတူတူပင် ဖြစ်လိမ့်မည်။
"အူးဝူး….."
ငွေနှင်းအရုဏ်ဦးနဂါးဖြူက သတိပေးသည့်အနေဖြင့် အော်ဟစ်လိုက်သည်။
ကျူးမင်လန်က မျက်မှောင်ကြုတ်ကာ နောက်သို့ လှည့်ကြည့်လိုက်ရာ... သူတို့၏ နောက်မှ ကြည်လင်နေသော ကောင်းကင်ပြာကြီးသည် မီးပင်လယ်ပြင်ကြီးတစ်ခုအလား နီရဲ နေခဲ့ပြီး၊ ပိုမိုမြင့်မားသော ကောင်းကင်ယံထက်တွင်မူ စူးရှတောက်ပလှသော မီးလျှံလုံးကြီး တစ်လုံးက သူတို့ထံသို့ အရှိန်အဟုန်ပြင်းစွာ နီးကပ်လာနေခဲ့ချေပြီ။
ပူပြင်းလှသော အပူလှိုင်းများက သူတို့၏ မျက်နှာပေါ်သို့ လာရောက် ရိုက်ခတ်နေခဲ့ပြီ ဖြစ်ရာ... ဇွဲကောင်းလွန်းသော လော့ရှောင်နှင့် ရွှေရောင်မီးနဂါးကြီးတို့မှာ နောက်ဆုံးတွင် တော့ သူတို့နောက်သို့ ထပ်ကြပ်မကွာ မှီလာခဲ့ချေပြီ။
"ကျွန်တော်တို့ နဂါးထိန်းအကယ်ဒမီနဲ့ တော်တော်နီးနေပြီ..." မြစ်ဖျား၏ အဝေးတစ်နေရာ တွင် ရှိနေသော ဧရာမ မိုးပြာရောင် ရေကန်ကြီးကို ကျူးမင်လန် လှမ်းမြင်လိုက်ရသည်။
ထိုနေရာကား လီချွမ်းနဂါးထိန်းအကယ်ဒမီ တည်ရှိရာ အရပ်ပင် ဖြစ်သည်။ အဖြူလေး၏ ပျံသန်းနှုန်းအရ... သူတို့အနေဖြင့် လမ်းခရီးအလယ်တွင် လွှမ်းမိုးနိုင်စွမ်း ကြီးမားသော ရွှေရောင်မီးနဂါးကြီး၏ ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်ခြင်း ခံရမည်ကို စိုးရိမ်နေရသည်။
ထိုအခိုက်အတန့်တွင် ရေတံခွန်နဂါး၏ ဟိန်းဟောက်သံကြီး ရုတ်တရက် ထွက်ပေါ် လာခဲ့ပြီး ပုံရိပ်ယောင်တံဆိပ်တစ်ခု ပွင့်ဟလာကာ... မိုးပြာရောင်အကြေးခွံများရှိသော ရေတံခွန်နဂါးတစ်ကောင်က ဟင်းလင်းပြင်ထဲမှ ဝုန်းခနဲ ပျံသန်း ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ပတ်လည်တွင် ရေလှိုင်းဝိုင်းများ ရစ်ပတ်နေပြီး... နီးကပ်လာနေသော ရွှေရောင် မီးနဂါးကြီးထံသို့ အတင်းအကြပ် ပြေးဝင် ဆောင့်လိုက်တော့သည်။
"ချန်လင်း..."
တွမ်လန်သည် ၎င်းအား ဆင့်ခေါ်ခဲ့ခြင်း မရှိပါချေ၊ ရေတံခွန်နဂါးသည် သူ့ဆန္ဒ အလျောက် ဝိညာဉ်နယ်မြေထဲမှနေ၍ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ ဝိညာဉ်နယ်မြေမှ အတင်း အကြပ် ရုန်းထွက်လာခြင်းက ၎င်း၏သခင်အား အတိုင်းအတာတစ်ခုအထိ ဝိညာဉ်ဒဏ်ရာ ရစေနိုင်သော်လည်း... ဤရေတံခွန်နဂါးသည် သူ့သခင်များအား ရွှေရောင်မီးနဂါးကြီး၏ လက်သည်းအောက်တွင် မညှာမတာ သတ်ဖြတ်ခံရမည့် မြင်ကွင်းကို လုံးဝ မမြင်ချင်ပေ။ ထို့ကြောင့် ၎င်းသည် ကျူးမင်လန်နှင့် တွမ်လန်တို့အတွက် နောက်ဆုံးသော အခိုက်အတန့် လေးကို အသက်စွန့်၍ အချိန်ဆွဲပေးရန် ကြိုးစားနေခြင်း ဖြစ်သည်။
"ရေတံခွန်နဂါးကို အမြန်ဆုံး ပြန်ခေါ်လိုက်တော့" ကျူးမင်လန်က စိုးရိမ်တကြီးဖြင့် တိုက်တွန်းလိုက်သည်။
အဖြူလေးသည် လေလှိုင်းများကို စုစည်းထားပြီး ဖြစ်သည်။ ၎င်း၏ အမြင့်ဆုံးအရှိန်နှုန်း ဖြင့်သာ ပျံသန်းမည်ဆိုပါက ရွှေရောင်မီးနဂါးကြီး မမှီခင် နဂါးထိန်းအကယ်ဒမီသို့ အချိန်မီ ရောက်ရှိနိုင်ကောင်း ရောက်ရှိနိုင်လိမ့်မည်...။ သို့သော်လည်း ဤလုပ်ရပ်နောက်ကွယ်တွင် ကြီးမားလှသော စွန့်စားရမှုတစ်ခု ရှိနေသည်မှာ အမှန်ပင် ဖြစ်၏။
အဖြူလေးတွင်လည်း ခန္ဓာကိုယ်အင်အား များစွာ မကျန်တော့သဖြင့် တိုက်ခိုက်ရေး စွမ်းရည် ဆုံးရှုံးနေခဲ့ပြီး ရေတံခွန်နဂါးကို သွားရောက်ကူညီရန် မစွမ်းသာပါချေ။ ရေတံခွန် နဂါးတစ်ကောင်တည်း ရွှေရောင်မီးနဂါးကြီးကို အထီးကျန်စွာ ရင်ဆိုင်ရမည့် အခြေအနေ မှာ လင်းယုန်သားရဲနဂါးကြီးထက် ပိုမိုကောင်းမွန်လာလိမ့်မည် မဟုတ်ပါချေ။
"ပြန်လာခဲ့တော့..." တွမ်လန်သည် ရေတံခွန်နဂါးကို ဝိညာဉ်နယ်မြေအတွင်းသို့ ပြန်လည် သိမ်းဆည်းရန် ဆင့်ခေါ်ခြင်းတံဆိပ်ကို ထပ်မံဖွင့်လှစ်လိုက်သည်။
သို့သော်လည်း ရွှေရောင်မီးနဂါးကြီးက ရောက်ရှိလာခဲ့ချေပြီ။ လော့ရှောင်သည် ထိုမိုးပြာ ရောင် ဆင့်ခေါ်ခြင်းတံဆိပ်ကို တစ်ချက်တည်းနှင့် လှမ်းမြင်လိုက်ရသဖြင့်... ထိုတံဆိပ်ရှိရာ နေရာဆီသို့ တည့်တည့်မတ်မတ် အရှိန်ပြင်းစွာ ဝင်ဆောင့်ရန် ရွှေရောင်မီးနဂါးကြီးကို ချက်ချင်း အမိန့်ပေးလိုက်တော့သည်။
"ဆရာမ တွမ်လန်... သတိထား၊ သူက ဆင့်ခေါ်ခြင်းတံဆိပ်ကို တိုက်ခိုက်နေတာ" ဖြစ်ပျက် နေသည်များကို မြင်လိုက်ရသော ကျူးမင်လန်က အလျင်အမြန် သတိပေးလိုက်သည်။
ရေတံခွန်နဂါးမှာမူ ပြန်လာမည့် အရိပ်အယောင် လုံးဝမပြဘဲ ရှိနေသလို တွမ်လန်ကလည်း ထိုဝင်ပေါက်ကို ပိတ်ပစ်ခြင်း မရှိခဲ့ချေ။ ထို့နောက် ရွှေရောင်မီးနဂါးကြီး၏ ထုထည်ကြီးမား သော ခန္ဓာကိုယ်ကြီးက ဆင့်ခေါ်ခြင်းတံဆိပ်ဆီသို့ ဝုန်းခနဲ ပြေးဝင်ဆောင့်မိလိုက်ရာ... ကောင်းကင်ယံထက်တွင် ဖန်သားပြင်တစ်ခုအလား တစ်စစီ ကြေမွပျက်စီးသွားခဲ့တော့ သည်။
"ဝေါ့..."
လတ်ဆတ်သော သွေးတစ်လုပ် ပန်းထွက်လာခဲ့သည်။ တွမ်လန်သည် ပြင်းထန်လှသော ဝိညာဉ်တုန်လှုပ်မှုကို ခံစားလိုက်ရသဖြင့် သူမ၏ ခန္ဓာကိုယ်စွမ်းအင်များ လုံးဝ ဆုတ်ယုတ် သွားခဲ့ပြီး ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ကျောပြင်ပေါ်မှပင် ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ရရှာ သည်။
ကျူးမင်လန်က စက္ကူတစ်ချပ်အလား လွင့်ပါးနေသော ဆရာမ တွမ်လန်ကို လျင်မြန်စွာ လှမ်း၍ ဖမ်းထိန်းလိုက်ရပြီး... သူမ၏ ဝတ်စုံတစ်ခုလုံး သွေးချင်းချင်းနီနေသည်ကို မြင်တွေ့ လိုက်ရသည်။ ထို့နောက် သူသည် ရွှေရောင်မီးနဂါးကြီးကို မဆုတ်မနစ်ဘဲ အသည်းအသန် ခုခံတိုက်ခိုက်နေသည့် ရေတံခွန်နဂါးဆီသို့ လှမ်းကြည့်လိုက်မိတော့သည်...။
ရေတံခွန်နဂါး၏ ဆုံးဖြတ်ချက်က မှန်ကန်လှပေသည်။ အဖြူလေး၏ အမြင့်ဆုံး အရှိန်နှုန်း ဖြင့် ပျံသန်းလျှင်တောင်မှ သူတို့အနေဖြင့် နဂါးထိန်းအကယ်ဒမီသို့ ဘေးအန္တရာယ် ကင်းကင်း ရောက်ရှိနိုင်မည် မဟုတ်ပေ။
သို့သော်လည်း ဆရာမ တွမ်လန်နှင့် ရေတံခွန်နဂါးတို့သည် အဘယ်ကြောင့် ဤမျှအထိ ဒဏ်ရာအပြင်းထန် ခံစားခဲ့ရပါသနည်း။ တစ်ယောက်ကမူ အသက်ရှင်သန်ခွင့် လမ်းစ တစ်ခုကို ထိန်းသိမ်းထားရန်အတွက်... သူ့ဝိညာဉ်ကို ထိခိုက်ပျက်စီးစေမည်ကို သိလျက်နှင့် ပင် ရန်သူ၏ ရှေ့မှောက်၌ ဆင့်ခေါ်ခြင်းတံဆိပ်ကို ရုပ်သိမ်းရန် ငြင်းဆန်ခဲ့သည်။ ရေတံခွန် နဂါးမှာမူကား ပို၍ပင် ဆိုးဝါးလှပေသည်၊ ၎င်းသည် သူ့သခင်ကို ကယ်တင်ရန်အတွက် ဝိညာဉ်နယ်မြေထဲမှ ထွက်ခွာလာခဲ့ပြီး ရွှေရောင်မီးနဂါးကြီးကို တားဆီးရန် သူ့ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ် လိုလိုလားလား အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်...။
"အူးဝူ….."
ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် အရှိန်အနည်းငယ်မျှ လျှော့ချခြင်းမရှိဘဲ နဂါးထိန်း အကယ်ဒမီဆီသို့သာ ဆက်လက်ဦးတည် ပျံသန်းနေခဲ့သည်။ ၎င်း၏ အတောင်ပံများသည် အလွန်အမင်း နာကျင်ကိုက်ခဲနေခဲ့ပြီဖြစ်ရာ လှုတ်ခတ်ရန်ပင် မစွမ်းသာတော့ဘဲ... လေထိန်းချုပ်ခြင်း ပညာရပ်ဖြင့်သာ လေထဲတွင် လွင့်မျော၍ ပျံသန်းနေခဲ့ရသည်။
အိမ်မွေးနဂါးတိုင်းတွင် သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြသည်၊ အကယ်၍ ကျူးမင်လန်အနေဖြင့် တိုက်ပွဲဝင်ရန် ရွေးချယ်ခဲ့ဦးတော့... ၎င်းက နာခံလိမ့်မည် မဟုတ်ပါ ချေ။ အဖြူလေးသည် ကျူးမင်လန်ကို အသက်ရှင်လွတ်မြောက်စေလိုသည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် နှင်းခဲနှင့်ရေခဲပြင်အလား ဖြူစင်သန့်ရှင်းသော အကြည့် များဖြင့် ပျံသန်းနေရင်း ရွှေရောင်မီးနဂါးကြီးရှိရာ နောက်သို့ လှည့်ကြည့်လိုက်၏။ သူသည် ရွှေရောင်မီးနဂါးကြီး၏ ပုံသဏ္ဌာန်ကို သူ့မှတ်ဉာဏ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ် အောင် မှတ်သားထားပုံရပေသည်။ အချိန်အနည်းငယ်မျှ ရရှိခဲ့မည်ဆိုပါက... သူသည် ဤထောင်လွှားဆိုးသွမ်းလှသော မီးနဂါးကြီးကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ဧကန် မုချ ဆွဲဖြဲပစ်လိမ့်မည်။
ထိုနည်းတူစွာပင် ကျူးမင်လန်၏ နှလုံးသားထဲတွင်လည်း ပြင်းထန်လှသော ဒေါသတရား များ တောက်လောင်လာခဲ့ချေပြီ။ တစ်စုံတစ်ယောက်အပေါ် ဤမျှအထိ နာကျည်းမုန်းတီး ခြင်းမရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ ဖြစ်သည်။ ယနေ့ရရှိခဲ့သော ရန်ကြွေးကို... ကျူးမင်လန်အနေဖြင့် ဆယ်ဆမက ပြန်လည်ပေးဆပ်စေရမည်။
နီရဲနေသော ကောင်းကင်ယံအောက်တွင်... ရေတံခွန်နဂါး၏ ခန္ဓာကိုယ်ပေါ်မှ မိုးပြာရောင် အကြေးခွံ အမြောက်အမြားမှာ ကွာကျနေခဲ့ပြီး ခေါင်းမှအမြီးအထိ သွေးချင်းချင်းနီနေခဲ့ရှာ သည်။ အဖြူလေးတွင် အစွမ်းထက်သော မှော်စွမ်းရည်များ ရှိနေခဲ့သည့်တိုင်အောင် ရွှေရောင်မီးနဂါးကြီးကို ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးပေ။
"တောက်... လခွမ်းကွာ... " လော့ရှောင်က မိုးကြိုးပစ်လိုက်သည့်အလား ဒေါသတကြီး ကြုံးဝါးလိုက်တော့သည်။
ဤရေတံခွန်နဂါးက ကျူးမင်လန်နောက်သို့ လိုက်လံဖမ်းဆီးမည့် သူ့ခရီးစဉ်ကို အချိန် အလွန်အမင်း ကြန့်ကြာသွားစေခဲ့ပြီး... ယခုအခါတွင်မူ ငွေနှင်းအရုဏ်ဦးနဂါးဖြူသည် လီချွမ်းနဂါးထိန်းအကယ်ဒမီ၏ နယ်မြေအတွင်းသို့ ဝင်ရောက်တော့မည့် မြင်ကွင်းကို သူ မျက်ဝါးထင်ထင် ကြည့်နေရတော့သည်။
"သူကို ပစ်ချပြီး လိုက်ဖမ်းစမ်း" လော့ရှောင်က အမိန့်ပေးလိုက်သည်။
ရွှေရောင်မီးနဂါးကြီးက ရေတံခွန်နဂါး၏ ဦးခေါင်းကို တစ်လုတ်တည်းဖြင့် ဝါးမြိုပစ်ချင် နေခဲ့သော်လည်း... အမိန့်ကို ကြားလိုက်ရသောအခါ သေလုမြောပါး ဖြစ်နေသော ရေတံခွန် နဂါးကို မြေပြင်ပေါ်သို့ ရက်စက်စွာ လွှတ်ပစ်လိုက်တော့သည်။
ရွှေရောင်မီးနဂါးကြီးသည် မီးတောက်မီးလျှံများကို တဟုန်းဟုန်း တောက်လောင်စေလျက် ၎င်း၏ ဧရာမ အတောင်ပံကြီးများကို ခတ်ကာ နဂါးထိန်းအကယ်ဒမီဆီသို့ အရှိန်အဟုန်ဖြင့် လိုက်လံဖမ်းဆီးသွားခဲ့တော့သည်...။
ရေတံခွန်နဂါးသည် တစ်ဟုန်ထိုး အောက်သို့ ကျဆင်းလာခဲ့ရာ... အကယ်၍သာ ညီညာ သော မြေပြန့်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့လျှင် သွေးချင်းချင်းနီကာ အသားစက်မကျန် ကြေမွပျက်စီးသွားမည်မှာ ဧကန်မုချ ဖြစ်ပေသည်။ သို့သော်လည်း ၎င်း၏ အောက်တည့်တည့်တွင် လီချွမ်းမြစ်ကြီး ရှိနေခဲ့သည်။ ၎င်း၏ ကောင်ကွေးနေသော ခန္ဓာကိုယ်ကြီးသည် လှိုင်းထန်နေသော မြစ်ရေပြင်ထဲသို့ ဝုန်းခနဲ ကျဆင်းသွားခဲ့ပြီး... ၎င်း၏သွေးများက မြစ်ရေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ထိတ်လန့်ဖွယ်ရာ သွေးကွက်ကြီး များအဖြစ် ပုံပေါ်လာခဲ့တော့သည်။
မကြာမီမှာပင် ၎င်းသည် စွန့်ပစ်ခံထားရသော အလောင်းကောင်တစ်ခုအလား ဝမ်းဗိုက်ကို အပေါ်သို့ လှန်လျက် ရေပြင်ပေါ်သို့ ပြန်လည်ပေါ်တက်လာခဲ့ပြီး... လျင်မြန်စွာ စီးဆင်းနေ သော မြစ်ရေအလျင်နှင့်အတူ မျောပါသွားခဲ့ကာ လှိုင်းလုံးများ၏ သယ်ဆောင်ရာနောက်သို့ မည်သည့်အရပ်သို့ ဦးတည်နေမှန်းမသိဘဲ ရည်ရွယ်ချက်မဲ့စွာ စီးမျောသွားခဲ့ရရှာသည်။
ဖီးနစ်တာရိုးမြို့ငယ်၏ တံတားအနီးတွင်... ဈေးသည်အချို့သည် ပျော်ပျော်ပါးပါး နှုတ်ဆက်စကား ဆိုနေကြပြီး၊ ညစာစားရန် အိမ်ပြန်ဖို့ပြင်ဆင်ရင်း သူတို့၏ ထမ်းပိုးများကို အသီးသီး မတင်လိုက်ကြသည်။
မက်မွန်သီးရောင်းချသူ ဖန်နန်နန်သည်လည်း သူမ၏ ဝါးတောင်းကို ပုခုံးပေါ်သို့ ထမ်းတင် လိုက်သော်လည်း... သူမ၏ ဝါးတောင်းထဲတွင် မက်မွန်သီးများ ရှိမနေဘဲ ညှီစော်နံလှသော ပိုးစာများသာ ပြည့်နှက်နေခဲ့သည်။ သူမသည် မကျေမနပ်ဖြစ်နေသော မျက်နှာပေးဖြင့် ရေကန်ကမ်းပါးဆီသို့ မချင့်မရဲ လျှောက်လှမ်းသွားခဲ့၏။
ဖန်နန်နန်က နှုတ်ခမ်းကို ဆူထားရင်း... ကုန်ပစ္စည်းအချို့ ရောင်းချရုံသက်သက်ဖြင့် အဘယ်ကြောင့် သူမအနေဖြင့် ကလေးထိန်းဆရာမတစ်ယောက်အဖြစ် လမ်းဆုံးသွားရ သည်ကို တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သူမအား အစာကျွေးရန် အတွက် ထုထည်ကြီးမားပြီး မည်းတူးကာ ရုပ်ဆိုးလှသော မိကျောင်းဝိညာဉ်ကြီးကို ဘာဖြစ်လို့ လာပုံချထားကြသနည်း။ ထိန်းကျောင်းခ ကောင်းကောင်းရလျှင်တောင်မှ ဤအလုပ်က တန်ဖိုးရှိလှသည် မဟုတ်ပေ။
ရေကန်ကမ်းပါးသို့ ရောက်သောအခါ မိကျောင်းဝိညာဉ်ကြီးကို ဝအောင်ကျွေးမွေးပြီး နောက်... အလွန်အမင်း ပျင်းရိငြီးငွေ့နေသော ဖန်နန်နန်၏ ခေါင်းထဲသို့ ရုတ်တရက် အကြံဥာဏ်ကောင်းတစ်ခု လျှပ်ခနဲ ဝင်ရောက်လာခဲ့သည်။
"နင် ရေကန်ထဲကိုသွားပြီး ငါ့အတွက် အဖြူရောင်ငါးကြီး အနည်းငယ်လောက် သွားဖမ်း ပေးစမ်း၊ အိမ်ကျရင် အသားအရေဖြူစင်စေမယ့် ငါးစွပ်ပြုတ် လုပ်သောက်မလို့... ဒါကို ဒီနေ့အတွက် နင့်ကိုအစာကျွေးတဲ့ လုပ်အားခလို့ပဲ သဘောထားလိုက်တော့" ဖန်နန်နန်က ရေထဲရှိ အနက်ရောင် မိကျောင်းကြီးကို လှမ်း၍ ပြောလိုက်သည်။
မိကျောင်းဝိညာဉ်ကြီးသည်လည်း ပျင်းရိနေသည်မှာ ကြာပြီ ဖြစ်သည်။ ကျူးမင်လန်က သူ၏သွားလာလှုပ်ရှားမှု နယ်မြေကို တင်းကြပ်စွာ ကန့်သတ်ထားခဲ့သော်လည်း... ယခုအခါ တစ်စုံတစ်ယောက်က သူအား ရေတံခွန်အိုင်ဆီသို့ ခေါ်ဆောင်သွားခြင်း ဖြစ်သဖြင့် နေရာ အနှံ့ လျှောက်သွားခြင်းအဖြစ် ထည့်တွက်၍ မရပေ။
မိကျောင်းဝိညာဉ်ကြီးသည် ဖန်နန်နန်၏ နောက်သို့ လိုက်ပါရင်း ဖီးနစ်တာရိုးမြို့ငယ်ကို ဖြတ်ကျော်လျှောက်လှမ်းလာခဲ့သည်။ သူသည် လမ်းကြားလေးများထဲတွင်သာ ကပ်၍ လျှောက်လှမ်းခဲ့သော်လည်း လမ်းသွားလမ်းလာအချို့နှင့် ဆုံတွေ့ခဲ့ရသေးသည်။ ကံကောင်းထောက်မစွာဖြင့်... ဖီးနစ်တာရိုးမြို့ငယ်က လူများသည် နဂါးကျောင်းသားများ ကို မြင်တွေ့ရလွန်းသဖြင့် လမ်းဖယ်ပေးထားသရွေ့တော့ တစ်စုံတစ်ယောက်က မိကျောင်း တစ်ကောင်ကို လမ်းလျှောက်ခေါ်လာခြင်းအား ထူးဆန်းအဆန်းတကြယ်အဖြစ် သဘောမ ထားကြချေ။
ရေတံခွန်အိုင်ဆီသို့ ကွေ့ပတ်ဆင်းလာပြီးနောက်... ဖန်နန်နန်က သူမ၏ အင်္ကျီလက်မောင်း များကို လိပ်တင်လိုက်ကာ သွားမည်းကြီးကို ပြီးစလွယ် စတင်စေခိုင်းတော့သည်။
"နင်ကတော့ တကယ့် လူအကြီးပဲ၊ ဧရာမ ငါးတုံးကြီးကျနေတာပဲ... နင့်ကိုယ်ထဲမှာ ဝက်မ သွေးတွေ စီးဆင်းနေလို့လား၊ ဘာလို့ လမ်းတစ်ဝက်တင် လိုက်ဖမ်းတာကို ရပ်ပစ်လိုက်ရ တာလဲ..."
ဖန်နန်နန်က ဒေါသတကြီးဖြင့် ကိုယ်တိုင် ရေထဲသို့ ခုန်ဆင်းကာ ငါးဖမ်းရန် ပြင်ဆင်နေ ချိန်မှာပင်... ရုတ်တရက် ပြင်းထန်စွာ စီးဆင်းနေသော ရေတံခွန်ကြီးကြားမှ ဧရာမ ပုံရိပ် မည်းကြီးတစ်ခု ပေါ်ထွက်လာပြီး၊ ရှေးဟောင်း ရေမြွေနဂါးကြီးတစ်ကောင်အလား ရေအိုင် အတွင်းသို့ ဝုန်းခနဲ ပြုတ်ကျလာခဲ့တော့သည်။
ရုတ်တရက် သွေးညှီစော်များ လေထုထဲတွင် ပျံ့နှံ့သွားခဲ့ရာ... ဖန်နန်နန်ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေပြီး မျက်နှာတစ်ခုလုံး ဖြူလျော်ကာ ရေထဲသို့ ဟန်ချက်ပျက် လဲကျသွားစေခဲ့သည်။ ကံကောင်းစွာဖြင့် သူမသည် ရေတိမ်ပိုင်းထဲသို့သာ ကျရောက်ခဲ့ခြင်း ဖြစ်သည်။ ရေထဲမှ ပြန်လည်ထရပ်လိုက်စဉ် ဖန်နန်နန်သည် ရေတံခွန်ပေါ်မှ ပြုတ်ကျ လာသော သတ္တဝါကြီးကို လှမ်းကြည့်လိုက်ရာ... ၎င်းသည် နဂါးတစ်ကောင်ဖြစ်နေသဖြင့် အံ့အားသင့် ထိတ်လန့်သွားခဲ့ရတော့သည်။
ကောင်းကင်ပေါ်ကနေ နဂါးတစ်ကောင်က ဘယ်လိုလုပ် ပြုတ်ကျလာနိုင်ရတာလဲ။
ထို့ပြင်... ဤနဂါးသည် သေဆုံးသွားခဲ့ပြီဟု ထင်ရပြီး၊ ၎င်း၏ ခန္ဓာကိုယ်ကြီးသည် ရေတံခွန် ရေစီးကြောင်းများ၏ ရိုက်ခတ်မှုအောက်တွင် သက်မဲ့စွာ ရွေ့လျားနေကာ မည်သည့် အသက်ရှူသံ သို့မဟုတ် စွမ်းအင်အရိပ်အယောင်မျှ ရှိမနေခဲ့ပါချေ။
"အုတ်... အုတ်..."
သွားမည်းကြီးသည် နဂါးကို မြင်လိုက်ရသောအခါ အဆက်မပြတ် အော်ဟစ်လိုက်ပြီး အလောင်းကောင်တစ်ခုအလား ဖြစ်နေသော နဂါးကြီးရှိရာဆီသို့ ရေကူးသွားခဲ့သည်။
"နင်က သူ့ကို သိလို့လား..." ဖန်နန်နန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
ရေတံခွန်အိုင်ကြီးမှာ အလွန်ပင် ကျယ်ပြောလှပြီး သွေးညှီစော်များမှာလည်း အလွန် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ရာ... အထူးသဖြင့် စစ်မှန်သော နဂါးတစ်ကောင်၏ သွေး ဖြစ်ပေ သည်။ မကြာမီမှာပင် ဤရေအိုင်ထဲတွင် နေထိုင်ကြသော သတ္တဝါများသည် ရေအောက် ခြေမှနေ၍ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြတော့သည်၊ ယင်းတို့ထဲတွင် ရေတံခွန်နောက်ကွယ်၌ အသိုက်အမြုံ ဆောက်ထားကြသော မိစ္ဆာဝိညာဉ်အချို့လည်း ပါဝင်သည်။ သူတို့အားလုံးသည် သွေးညှီစော်ကြောင့် ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်၏။
ဖန်နန်နန်သည် ရေအိုင်ထဲမှ အမျိုးမျိုးသော မိစ္ဆာဝိညာဉ်ဆိုးများ တိုးထွက်လာသည်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့ပြီး အသံကျယ်ကျယ်ပင် မထွက်ရဲတော့ပေ။ ဤရေအိုင်ထဲတွင် ဤမျှများပြားလှသော မိစ္ဆာကောင်ကြီးများ ရှိနေသည်ကို သူမ အဘယ် ကြောင့် ယခင်က မမြင်ဖူးခဲ့ရပါသနည်း။ ဤနဂါးအလောင်းကြီးကြောင့် သူတို့အားလုံးက အသားတစ်ဖဲ့စီ လာရောက်လုယူချင်နေကြတာလား...။
အမှန်စင်စစ်... ထိုမိစ္ဆာကောင်များသည် မိုးပြာနဂါးကြီး၏ ပတ်ပတ်လည်တွင် စုဝေးလာကြ ပြီး၊ မိစ္ဆာအရေအတွက် အလွန်များပြားလှသဖြင့် ဧရာမနဂါးကြီး၏ ခန္ဓာကိုယ်မှာ အရိုးစု တစ်ခုအဖြစ် ပြောင်းလဲသွားရန် သိပ်ပြီး အချိန်ကြာမြင့်လိမ့်မည် မဟုတ်ပေ။
"ဝူး……" "ဝူး……"
မိကျောင်းဝိညာဉ်ကြီးသည် နဂါးကြီး၏ဘေးတွင် မတ်တတ်ရပ်ကာ စောင့်ကြပ်နေပြီး ဖယ်ခွာသွားမည့် အရိပ်အယောင် လုံးဝမပြခဲ့ပါချေ။ ပတ်ပတ်လည်ရှိ မိစ္ဆာအကောင်ငယ် လေးများထံမှ ခြိမ်းခြောက်မှုများကို ခံစားလိုက်ရသဖြင့်... သူသည် ဧရာမ ရေမိစ္ဆာ အုပ်ကြီးဆီသို့ ဦးတည်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
"သွားမည်းကြီး... နင် ဘာလုပ်နေတာလဲ။ သူတို့က နဂါးအလောင်းကို စားချင်နေကြတာ လေ" ဖန်နန်နန်က အော်ဟစ်ပြောဆိုလိုက်တော့သည်။
မိကျောင်းဝိညာဉ်ကြီးက တိုးကပ်လာနေသော မိစ္ဆာကောင်ငယ်လေးများထံသို့ မျက်လုံး စိမ်းများဖြင့် စိုက်ကြည့်လျက် ပြင်းထန်စွာ ဆက်လက် ဟိန်းဟောက်နေခဲ့သည်။
မိစ္ဆာများထဲမှ တစ်ကောင်ဖြစ်သည့် ရေအိုင်တွင်းမြွေတစ်ကောင်သည် ၎င်း၏ အစွယ်များ ကို ဖြဲပြကာ ရှေ့သို့ ပြေးဝင်ရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်အတန့်တွင် မိကျောင်းဝိညာဉ် ကြီးက ဦးအောင် စတင်တိုက်ခိုက်လိုက်ပြီး... ရက်စက်ကြမ်းကြုတ်သော မိကျောင်းကြီး အလား အရှိန်ဟုန်ပြင်းစွာ ခုန်အုပ်ကာ၊ ထိုကိုယ်ထည်ကြီးမားသော အဆိပ်ပြင်းမြွေကြီးကို ကိုက်ခဲပြီး မိစ္ဆာကောင်ငယ်လေးများအားလုံး၏ ရှေ့မှောက်၌ပင် နှစ်ပိုင်းပြတ်အောင် ဆွဲဖြဲ ပစ်လိုက်တော့သည်။
ပတ်ပတ်လည်ရှိ မိစ္ဆာကောင်ငယ်လေးများသည် သတိကြီးစွာဖြင့် နောက်သို့ အနည်းငယ် ဆုတ်ခွာသွားကြသော်လည်း... နဂါးသွေးညှီအနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသည့် မိစ္ဆာ ဝိညာဉ်များမှာ တစ်ကောင်ပြီးတစ်ကောင် ပိုမိုရောက်ရှိလာကြပြီး၊ ရေတံခွန်နဂါး၏ ပတ်ပတ်လည်တွင် ဝိုင်းရံကာ သွားမည်းကြီးကို ဒေါသတကြီး စိုက်ကြည့်နေကြတော့ သည်။
ဖန်နန်နန်သည် ဧရာမ ငတုံးမိကျောင်းကြီး ဘာတွေလျှောက်လုပ်နေသည်ကို လုံးဝ စဉ်းစား မရအောင် ဖြစ်နေခဲ့သည်။
နဂါးအသွင်ပြောင်းလဲရန် နီးစပ်နေပြီဖြစ်သော မိကျောင်းတစ်ကောင်၏ ကျင့်စဉ်အခြေခံ ဖြင့်ဆိုလျှင်... သူ့အနေဖြင့် ကိုယ့်အတွက်ပင် ကြီးမားသော အသားတုံးတစ်ဖဲ့ကို အလွယ် တကူ လုယူရရှိနိုင်ပေသည်။ သူ့အနေဖြင့် မိုးပြာရောင်နဂါးကြီး တစ်ကိုယ်လုံးကို တစ်ဦး တည်း အပိုင်စီးရန် မရည်ရွယ်သရွေ့တော့... ရေအိုင်ထဲရှိ အခြားသော သတ္တဝါများက သူ့အား တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပါချေ။
အဘယ်ကြောင့် သူသည် ရေအိုင်ထဲရှိ မိစ္ဆာကောင်အားလုံးကို ဒေါသထွက်အောင် ဆွပေး နေရပါသနည်း။
"အူ… ဝူး….."
မိကျောင်းဝိညာဉ်ကြီးက ထပ်မံ ဟိန်းဟောက်လိုက်ပြန်သော်လည်း... ယခုတစ်ကြိမ်တွင်မူ စုဝေးရောက်ရှိနေကြသော မိစ္ဆာအုပ်ကြီးထံမှ ထွက်ပေါ်လာသည့် ဆူညံသံများက သူ့ ဟိန်းဟောက်သံကို ဖုံးလွှမ်းသွားခဲ့ချေပြီ။ မိစ္ဆာဝိညာဉ်အားလုံးသည် ၎င်းတို့၏ ရှေ့မှောက် တွင် အရသာရှိသော စားဖွယ်သောက်ဖွယ်တစ်ခုအလား လဲလျောင်းနေသည့် ရေတံခွန် နဂါးကြီးဆီသို့... မျက်လုံးများထဲတွင် ရက်စက်တောက်ပသော အလင်းတန်းများ ဖြာထွက် လျက် တစ်ပြိုင်နက်တည်း ခုန်အုပ်လိုက်ကြတော့သည်။
သွားမည်းကြီးမှာမူ ယခုတိုင် ဆုတ်ခွာခြင်းမရှိသေးပါချေ။ သူသည် ရေအိုင်ထဲရှိ မိစ္ဆာကောင် ငယ်လေးများနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ခဲ့ရင်း... ပြင်းထန်လှသော ရုန်းကန် လှုပ်ရှားမှုများအောက်တွင် ရေပြင်တစ်ခုလုံး သွေးချင်းချင်း နီရဲသွားခဲ့ရတော့သည်။
"ငါ သွားပြီး လူခေါ်ပေးမယ်။ တောင့်ခံထားဦးနော် အကောင်ကြီး..."
သွားမည်းကြီးက နဂါးအလောင်းကို တစ်ဦးတည်း သိမ်းပိုက်ရန် ကြိုးစားနေခြင်း မဟုတ်ဘဲ ရေတံခွန်နဂါးကြီးကို ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း ဖန်နျန်နျန် ရိပ်မိသွားခဲ့သည်။
သူမသည် စိုရွှဲနေသော မိမိ၏အဝတ်အစားများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နဂါးထိန်း အကယ်ဒမီရှိရာ ဘက်သို့ အပြင်းအထန် ပြေးထွက်သွားခဲ့တော့သည်။
ဟိန်းဟောက်သံများမှာ ပိုမိုသိပ်သည်းလာခဲ့ပြီး၊ ပုံမှန်အားဖြင့် ရေနက်အိုင်ထဲတွင် ပုန်းအောင်းနေတတ်ကြသော မိစ္ဆာကောင်ငယ်လေးများမှာ ယခုအခါတွင်မူ မယုံနိုင် လောက်အောင် ရက်စက်ကြမ်းကြုတ်ကာ ရန်လိုလာကြတော့သည်။ နှစ်နှစ်ရာသက်တမ်း ရှိသော သောင်းကျန်းလွန်းသည့် ငါးခူမိစ္ဆာတစ်ကောင်၏ အလောင်းသည်ပင် သူတို့ အတွက် အလုအယက် ပြိုင်ဆိုင်ရမည့် အရာဖြစ်နေခဲ့ရာ... စစ်မှန်သော နဂါးတစ်ကောင်၏ အလောင်းအကောင်ဆိုလျှင်တော့ ပြောနေစရာပင် လိုတော့မည် မဟုတ်ပေ...။