အခန်း ၃၅
Vol. 4 Ch. 35
အခန်း (၃၅) နဂါးအသွင် ပြောင်းလဲခြင်း။
အသားကိုစားပြီး သွေးကို သောက်ခွင့်ရလျှင် ၎င်းတို့သည်လည်း နဂါးအသွင် ပြောင်းလဲနိုင် စွမ်းရှိသော ဝိညာဉ်သတ္တဝါများ ဖြစ်လာနိုင်ကြပေသည်။ အချို့သော မိစ္ဆာဝိညာဉ်များဆို လျှင် နဂါးတံခါးကို ကျော်ဖြတ်ပြီး နဂါးအသွင်ပြောင်းလဲရန် အခွင့်အရေးတစ်ခုရဖို့သာ လိုအပ်နေခြင်း ဖြစ်၏။
သို့သော်လည်း မိကျောင်းဝိညာဉ်ကြီးသည် ၎င်း၏ သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်ကို အားကိုးလျက် သူတို့၏လမ်းတွင် ကာဆီးရပ်တည်နေခဲ့သည်။ မိကျောင်းဝိညာဉ်ကြီးသည် ရှေ့ဆုံးမှ တိုးဝင်လာသော မိစ္ဆာကောင်ငယ်အတော်များများကို ကိုက်သတ်ပစ်ခဲ့သော် လည်း... ရေအိုင်တွင်းရှိ မိစ္ဆာအုပ်ကြီးတစ်ခုလုံးကို သူတစ်ကောင်တည်းနှင့် မည်သို့လျှင် ရေရှည်တောင့်ခံနိုင်ပါအံ့နည်း။
မကြာမီမှာပင် မိကျောင်းဝိညာဉ်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ကိုက်ရာများဖြင့် ပြည့်နှက် သွားခဲ့ပြီး ၎င်း၏သွေးများသည် နဂါးသွေးများနှင့် ရောနှောသွားခဲ့ရချေပြီ။ သို့သော်လည်း ခေါင်းမာလှသော မိကျောင်းဝိညာဉ်ကြီးသည် တစ်လက်မမျှ နောက်ဆုတ်ခြင်းမရှိဘဲ... ၎င်း၏ မိကျောင်းဦးချိုဖြင့် သက်တမ်းရာချီရှိသော လွှသွားငါးမန်းမိစ္ဆာတစ်ကောင်ကို ထိုးစိုက်ပစ်လိုက်ပြီး၊ လက်သည်းတစ်ချက် ဝှေ့ယမ်းကာ ဖားမိစ္ဆာတစ်ကောင်ကို ကြေမွ သွားစေခဲ့သည်။ ထို့နောက် ရေတံခွန်နဂါးကြီး၏ အပေါ်သို့ တွားသွားတက်ရောက်ရန် ကြိုးစားနေသည့် မိစ္ဆာကောင်အားလုံးကို တောရိုင်းသားရဲတစ်ကောင်အလား အရှိန်ပြင်းစွာ ပြေးဝင်ဆောင့်ပစ်လိုက်တော့သည်။
"အူ.. ဝူး….….."
သွားမည်းကြီး၏ ရက်စက်ကြမ်းကြုတ်လှသော ဟိန်းဟောက်သံက ထိုမိစ္ဆာကောင်ငယ် အုပ်ကြီးကို ခဏမျှ တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ သို့သော်လည်း ရေတံခွန်အနီး တွင် သောင်းကျန်းလွန်းသည့် ငါးခူမိစ္ဆာကြီးနှင့် အဆင့်တူသော အခြားမိစ္ဆာကြီးအချို့ ရှိနေ သေးပြီး... ၎င်းတို့၏ ဝေဝါးဝါးပုံရိပ်များက ရေအိုင်ပတ်ပတ်လည်တွင် တဖြည်းဖြည်း ချဉ်းကပ်ပေါ်ထွက်လာကာ အဆက်မပြတ် ဟောက်ရမ်းလျက် အခွင့်ကောင်းကို စောင့်ဆိုင်းနေကြတော့သည်။
ပတ်ပတ်လည်တွင် ဟိန်းဟောက်သံများ ဆူညံနေပြီး... သေလုမြောပါး ဖြစ်နေသော ရေတံခွန်နဂါးကြီးသည် ၎င်း၏လေးလံလှသော မျက်ခွံများကို ဖွင့်လိုက်ရှာသည်။ ၎င်းသည် သွေးချင်းချင်းနီနေသော ဧရာမ အနက်ရောင်မိကျောင်းကြီးကို မြင်လိုက်ရသလို၊ ရေအိုင်ထဲ တွင် သိပ်သည်းစွာ ပြည့်နှက်နေသော ရေမိစ္ဆာအုပ်ကြီးကိုလည်း တွေ့လိုက်ရသည်...။
ရေတံခွန်နဂါးကြီး၏ သက်တမ်းသည် ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သော်လည်း... ၎င်း၏ နောက်ဆုံးထွက်သက်မတိုင်မီတွင် ရင်းနှီးကျွမ်းဝင်လှသော မိကျောင်းဝိညာဉ်လေး ကို မြင်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် ယခုတိုင် အလွန်အားနည်းနေဆဲဖြစ်ပြီး နဂါးတံခါးကိုပင် မကျော်ဖြတ်ရသေးသည် မှာ အထင်အရှားပင်။ သို့သော်လည်း ယခုအချိန်အထိ သူသည် မည်သည့်မိစ္ဆာတစ်ကောင် ကိုမျှ သူ့အနီးသို့ ချဉ်းကပ်ခွင့် မပေးခဲ့ပါချေ။
"ဂလု..." ရေတံခွန်နဂါးကြီးက အားနည်းစွာ အော်ဟစ်လိုက်ရင်း ဤနေရာမှ ထွက်ခွာ သွားရန် သွားမည်းကြီးကို အချက်ပြလိုက်သည်။ အကြောင်းမူကား အနှေးနှင့်အမြန် သူသည် ဤမိစ္ဆာများ၏ ဆွဲဖြဲဝါးမြိုခြင်းကို ခံရမည် ဖြစ်သောကြောင့်ပင်။
"အူ… ဝူး….."
သွားမည်းကြီးက ဟိန်းဟောက်လိုက်ပြီး ထိုနေရာမှ တစ်ဖဝါးမျှ မရွေ့ခဲ့ပါချေ။ သူက သက်တမ်းရာချီရှိသော ငါးမန်းမိစ္ဆာတစ်ကောင်ပေါ်သို့ ထပ်မံခုန်အုပ်လိုက်ပြီး သူ့ လက်သည်းများနှင့် အနက်ရောင်သွားကြီးများကို အသုံးပြု၍ အပိုင်းပိုင်းအစစ ဆွဲဖြဲပစ် လိုက်ပြန်သည်။ ရေတံခွန်ကြောင့် လတ်ဆတ်သန့်စင်ခါစ ရေအိုင်ပြင်ကြီးသည် သွေးအသစ်များဖြင့် ထပ်မံနီရဲသွားခဲ့ရပြန်ရာ... ထိုသွေးများထဲတွင် သွားမည်းကြီး၏ ကျောပြင်မှ ပန်းထွက်လာသော မိကျောင်းသွေးများလည်း အရှိန်အဟုန်ဖြင့် စီးဆင်းနေခဲ့ သည်။
"အူး….ဝူး….."
သွားမည်းကြီးက လုံးဝ အရှုံးမပေးလိုပါချေ။ အဆက်မပြတ် ဟိန်းဟောက်ရင်း ရေအိုင်ထဲရှိ မိစ္ဆာကောင်တိုင်းကို သတိပေးနေသလို... ရေတံခွန်နဂါးကြီးဆီကိုလည်း မင်းသေလို့ မဖြစ်သေးဘူး၊ ဤကမ္ဘာပေါ်မှာ မင်းကို အနိုင်ယူနိုင်တဲ့ တစ်ခုတည်းသော အရာက မင်းကိုယ်တိုင်ပဲဟု ဆက်သွယ်ပြောကြားနေသယောင်ပင်။
မှန်ပေသည်... သွားမည်းကြီး နားလည်ထားသော ကမ္ဘာလေးထဲတွင် ရေတံခွန်နဂါးကြီး သည် အသန်မာဆုံးသော ဖြစ်တည်မှုကြီး ဖြစ်သည်။ သွားမည်းကြီး၏ ရည်မှန်းချက်မှာ ဤရေတံခွန်နဂါးကြီးကို ကျော်ဖြတ်ရန် ဖြစ်ပေသည်။
ရေတံခွန်နဂါးကြီး ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားသည်ကို မျက်ဝါးထင် ထင် မြင်တွေ့လိုက်ရခြင်းက သွားမည်းကြီးအတွက် တကယ့်ကိုပင် တုန်လှုပ်စရာ ဖြစ်သွားခဲ့ပုံရသည်။
ရေတံခွန်နဂါးကြီးပင်လျှင် ရှုံးနိမ့်နိုင်ပါလား။
ယင်းက သွားမည်းကြီးအား ဤကမ္ဘာပေါ်တွင် ရေတံခွန်နဂါးကြီးထက် ပိုမိုသန်မာသော ဖြစ်တည်မှုများ ရှိနေသေးကြောင်း သိရှိသွားစေခဲ့ပြီး... ကမ္ဘာကြီးတစ်ခုလုံးသည် သူ မြင်တွေ့ခဲ့ရသည်ထက် များစွာ ပိုမိုကျယ်ပြောလှကြောင်းကိုပါ သတိပြုမိသွားစေခဲ့ သည်...။
သို့သော် အဲဒီလိုဆိုရင်ရော ဘာဖြစ်လဲ။
သူသည် ရေတံခွန်နဂါးကြီး၏ သန်မာမှုကို မှတ်မိနေဆဲဖြစ်ပြီး... ထို့ထက်ပို၍ သူ့အား ရေတံခွန်ပေါ်မှ ဖမ်းဆီးခဲ့စဉ်က ပြသခဲ့သော နူးညံ့သိမ်မွေ့မှုကိုလည်း အမှတ်ရနေခဲ့သည်။
သန်မာခြင်းဆိုသည်မှာ အရံနဂါးထိန်းသိမ်းရေးဆောင်ထဲက ဝံပုလွေဝိညာဉ်တွေလို ကိုယ့် ထက် အားနည်းသည့် အရာမှန်သမျှကို လိုက်လံနှိပ်စက်နေဖို့ မလိုပါချေ။ နူးညံ့သိမ်မွေ့မှု လည်း ရှိနိုင်ရပေမည်။
နဂါးထိန်းအကယ်ဒမီ……
ဆေးကုသရေးဆောင်အတွင်း၌ အရံနဂါးဆောင်မှ အဖိုးအိုတစ်ဦးသည် တည်ကြည် လေးနက်သော မျက်နှာပေးဖြင့် ထိုင်နေခဲ့သည်။
"ဘာဖြစ်လာတာလဲ..." အဖိုးအိုက ကျူးမင်လန်ကို မှတ်မိသလို၊ ဆရာမ တွမ်လန်ကိုတော့ ပို၍ပင် မှတ်မိပေသည်။
"ဆရာမ တွမ်လန်က ဝိညာဉ်နယ်မြေထဲမှာ တိုက်ခိုက်ခံခဲ့ရလို့... သူမရဲ့ဝိညာဉ် ဒဏ်ရာရပြီး သတိလစ်သွားပါတယ်" ကျူးမင်လန်က အဖိုးအိုအား အခြေအနေကို အသိပေးလိုက်သည်။
"ဒါက သတိမေ့ရုံတင် မဟုတ်ဘူး၊ နည်းနည်းလေးသာ နောက်ကျရင် သေသွားလိမ့်မယ်။ ပုလဲလေး... သူမကို တွဲကူပေးလိုက်ဦး" အဖိုးအိုက သူ့ဘေးနားက အမျိုးသမီးကို လှမ်းပြော လိုက်သည်။
ပုလဲလေးဟု ခေါ်သော အမျိုးသမီးသည် လူသားများနှင့် နဂါးများကို ကုသပေးခြင်း၌ အထူး ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားပြီး သူမ၏ လှုပ်ရှားမှုများမှာ အလွန်ပင် ကျွမ်းကျင်လှပေ သည်။
"ကျူးမင်လန်... ကျူးမင်လန်"
ကျူးမင်လန်တစ်ယောက် အလွန်အမင်း စိုးရိမ်ပူပန်နေစဉ်မှာပင်... တံခါးအပြင်ဘက်မှ ဟုန်ဟောက်၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဒီကိစ္စက မင်းနဲ့ မဆိုင်တော့ဘူး၊ ငါတို့ သူမအသက်ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစား ပေးပါ့မယ်။ မင်းပြောတဲ့ ကိစ္စကိုတော့ ငါ အကယ်ဒမီကျောင်းအုပ်ကြီးဆီ အကြောင်းကြား ပေးမယ်... ဒါပေမဲ့ မင်းကိုယ်တိုင် လီနန်းတော်ကိုသွားပြီး အမှန်တရားအားလုံးကို တင်ပြ တာက ပိုကောင်းလိမ့်မယ်၊ ဒါက အသေးမွှား ကိစ္စမဟုတ်ဘူး" အရံနဂါးဆောင်မှ ဆရာကြီး က ပြောလိုက်သည်။
ကျူးမင်လန် ခေါင်းညိတ်ပြလိုက်ပြီး ဆေးကုသရေးဆောင်မှ လျင်မြန်စွာ ထွက်ခွာခဲ့သည်၊ အကြောင်းမူကား ဤနေရာတွင် သူ လုပ်ပေးနိုင်သောအရာ ဘာမှမရှိသောကြောင့် ဖြစ်သည်။
ဆောင်အပြင်ဘက်သို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်... ဟုန်ဟောက်က စိတ်လှုပ်ရှားနေ သည့် မျက်နှာပေးဖြင့် အပြေးလွှာရောက်လာပြီး အလျင်အမြန် ပြောလိုက်တော့သည် - "မိန်းကလေးတစ်ယောက်က ပြောတယ်... မင်းရဲ့ မိကျောင်းဝိညာဉ်လေးက ရေတံခွန် အောက်မှာ မိစ္ဆာအုပ်ကြီးရဲ့ ဝိုင်းရံတိုက်ခိုက်တာကို ခံနေရတယ်တဲ့၊ အဲဒီကို အမြန်သွား တော့"
ကျူးမင်လန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ရေတံခွန်ရှိရာဘက်သို့ အပြင်းအထန် ပြေးထွက်သွားခဲ့တော့သည်။
"ဝူး… ဝူး….."
အဖြူလေးက ဆောင်၏ အမိုးပေါ်မှနေ၍ အောက်သို့ လျှောတိုက် ပျံသန်းလာခဲ့ပြီး ၎င်း၏ ဖြူဖွေးလှသော အတောင်ပံများကို ဖြန့်ကျက်ထားပုံမှာ သန့်စင်ပြီး မြင့်မြတ်လွန်းပေသည်။
သူ၏ဦးခေါင်းအထက်မှ ပျံသန်းလာသော ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ လက်သည်းများကို ကျူးမင်လန်က လှမ်း၍ ဖမ်းဆွဲလိုက်ရာ... လူနှင့်နဂါးသည် အတူတကွ လေထုထဲသို့ ပျံတက်သွားခဲ့ကြတော့သည်...။
ဟုန်ဟောက်သည် နေရာတွင်တင် မတ်တတ်ရပ်လျက် လူနှင့်နဂါး၏ ရင်သပ်ရှုမောဖွယ်ရာ ထွက်ခွာသွားမှုကို ငေးမောကြည့်နေခဲ့ရှာသည်။ တစ်လအတွင်းမှာတင်... ငွေနှင်းအရုဏ်ဦး နဂါးဖြူသည် ဤမျှအထိ ထူးခြားပြောင်မြောက်လာခဲ့ပြီး၊ ကျူးမင်လန်သည်လည်း ပိုမို နက်နဲကာ ခန့်မှန်းရခက်သော ဆရာကြီးတစ်ဦးနှင့် ပို၍ပင် တူညီလာခဲ့သည် မဟုတ်ပါ လား။
နှင်းခဲများက ရုတ်တရက် ကျဆင်းလာခဲ့ပြီး... သန့်စင်သော မွေးနုအလွှာလွှာတို့သည် ရေအိုင်ပြင်ပေါ်သို့ ရုတ်တရက် ကျရောက်လာသော သန့်စင်သော နှင်းမုန်တိုင်းတစ်ခု အလားကျဆင်းလာခဲ့ရာ လွင့်စင်နေသော ရေမှုန်ရေမွှားများကိုပင် နှင်းခဲများအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
ရေတံခွန်၏ ကောင်းကင်ယံထက်မှ ဆင်းသက်လာရင်း ကျူးမင်လန်သည်... လည်ချောင်း များ ဆွဲဖြဲခံထားရသော ကောင်များ၊ အပိုင်းပိုင်းအစစ ဆွဲဖြဲခံထားရသော ကောင်များနှင့် ကြေမွပျက်စီးနေသော မိစ္ဆာကောင်ငယ်များ၏ အလောင်းများ ဝိုင်းရံနေသည့် ရေတံခွန် နဂါးကြီးနှင့် သွားမည်းကြီးတို့၏ ရှေ့မှောက်သို့ ဆင်းသက်လိုက်တော့သည်။
အလောင်းများမှာ ရေအိုင်ပြင်တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းထားခဲ့သဖြင့် ရေအိုင်ကြီးမှာ အနီရောင်တောက်တောက် ဆေးသုတ်ထားသည့်အလား ထင်မှတ်ရပေသည်။
ထို့ပြင်... ရေအိုင်၏ အလယ်ဗဟို ကျောက်ဆောင်ကြီးပေါ်တွင်မူ မိုးပြာရောင် နဂါးကြီး တစ်ကောင်သည် အသက်ကို အသည်းအသန် လုရှူလျက် လဲလျောင်းနေခဲ့ရှာသည်။
မိုးပြာရောင် ရေတံခွန်နဂါးကြီး၏ ဘေးနားတွင် ဒဏ်ရာအပြင်းအထန်ရထားသော မိကျောင်းဝိညာဉ်လေးသည် လဲလျောင်းနေခဲ့ရာ... ၎င်း၏ သဘာဝအတိုင်း မည်းနက်နေ သော ခန္ဓာကိုယ်မှာ ယခုအခါတွင်မူ မိမိသွေးများနှင့် ရန်သူများ၏ သွေးများ ရောနှော ခဲပျစ်လျက် တောက်ပသော သွေးရောင်ခြယ်သခြင်းကို ခံထားရသည့်အလား ဖြစ်နေခဲ့ သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျူးမင်လန်၏ လည်ချောင်းထဲတွင် အတိုင်းအဆမဲ့ ဝမ်းနည်းပူဆွေးမှုများ ပြည့်လျှံလာခဲ့ပြီး သူ့မျက်ဝါးအစုံမှ မျက်ရည်များ ဝိုင်းစပြုလာခဲ့၏။
သူက မိကျောင်းဝိညာဉ်လေးရှိရာသို့ လျှောက်လှမ်းသွားပြီး သူ့ဘေးနားတွင် ဖြည်းညှင်းစွာ ဆောင့်ကြောင့်ထိုင်ချကာ ဒဏ်ရာအလိမ်းလိမ်းနှင့် သွားမည်းကြီးကို ရင်ခွင်ထဲသို့ နူးညံ့စွာ ပွေ့ဖက်လိုက်တော့သည်။
"ဝူးး ဝူးး" မိကျောင်းဝိညာဉ်ကြီးသည် ကျူးမင်လန် ချဉ်းကပ်လာသည်ကို မြင်သောအခါ တွင်မူ... သူ၏မာကျောခက်ထန်မှုအားလုံးကို အဆုံးတွင် ကွာကျပြီး၊ ဒဏ်ရာရထားသော ကလေးငယ်တစ်ဦးအလား ကျူးမင်လန်ကို တင်းကျပ်စွာ ဖက်တွယ်ထားရှာတော့သည်။
"အဖြူလေး... သူတို့ကို သတ်ပစ်လိုက်စမ်း" ကျူးမင်လန်က အဖြူလေးကို လှမ်း၍ အမိန့်ပေးလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ၏အကြည့်များက ရေအိုင်ပတ်ပတ်လည်ရှိ မြောက်မြားလှစွာ သော မိစ္ဆာကောင်ငယ်လေးများအပေါ်သို့ ဖြတ်သန်းဝှေ့ယမ်းသွားခဲ့ရာ... မျက်လုံးများထဲ တွင် အေးစက်စက် ဒေါသမီးလျှံများဖြင့် ပြည့်နှက်နေခဲ့တော့သည်။
ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ စရိုက်သဘာဝက ကျူးမင်လန်နှင့် ထပ်တူထပ်မျှ ကျရောက်နေ ခဲ့သည်။ သူက လေထုထဲသို့ ဖြည်းညှင်းစွာ ပျံတက်သွားပြီး... ရေနက်အိုင်ထဲရှိ ရေမိစ္ဆာ အားလုံးကို ကောင်းကင်ယံထက်မှနေ၍ ရက်စက်ကြမ်းကြုတ်ပြီး၊ ဤလောဘရမ္မက်ကြီး မားနေသော သာမန်မိစ္ဆာအုပ်ကြီးကို အထက်စီးမှ ငုံ့ကြည့်လိုက်တော့သည်။
"ယူး….."
ရှည်လျားကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ငွေနှင်းအရုဏ်ဦးနဂါးဖြူ၏ ခန္ဓာကိုယ် မှ ဧရာမနှင်းခဲသလင်းပွင့်များ ထွက်ပေါ်လာခဲ့ပြီး... မူလက နူးညံ့လှသော အမွေးအတောင် တိုင်းပေါ်တွင် မြင့်မြတ်သော သံချပ်ကာဝတ်စုံကို ဆင်မြန်းထားသည့်အလား တောက်ပစွာ ကပ်ငြိသွားခဲ့ရာ၊ ငွေနှင်းအရုဏ်ဦးနဂါးဖြူအား ဧကရာဇ်တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသွား စေသည်။
"ယူး……."
သလင်းကျောက်တောင်ပံများက ရုတ်တရက် ဖြန့်ကျက်သွားခဲ့ပြီး တစ်ခဏအတွင်းမှာပင် အေးခိုက်နေသော အအေးဓာတ်လှိုင်းကြီးက အရပ်မျက်နှာအနှံ့သို့ ရိုက်ခတ်သွားခဲ့ချေပြီ။
ဤအေးခဲသွားစေသော အသက်ရှူထုတ်သံက စီးဆင်းနေသော ရေတံခွန်ကြီးများကိုပင် ရေခဲမြစ်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်လောက်အောင် ကြမ်းကြုတ်လွန်းပေသည်။ လန့်ဖျန့်ကာ ထိတ်လန့်တကြား ထွက်ပြေးနေကြသော ရေအိုင်ပြင်ပေါ်ရှိ မိစ္ဆာဝိညာဉ်များ သည်။ သေမင်းနတ်ဘုရား၏ မျက်လုံးအစုံက သူတို့အပေါ်သို့ ပစ်မှတ်ထားပြီး ဖြစ်ကြောင်း ကို လုံးဝ သတိမထားမိကြရှာပါချေ။
"ဂြပ်... ဂြပ်——-"
ရေပြင်ကြီးက ကျောက်ဆောင်ပမာ ထူထဲစွာ ခဲသွားခဲ့ရာ... ထိုမိစ္ဆာများသည် ရေနက်ပိုင်း သို့ ငုပ်လျှိုးကာ ထွက်ပြေးရန် စိတ်ကူးယဉ်နေဆဲ ဖြစ်သော်လည်း သူတို့၏ ဆုတ်လမ်းကိုမူ ငွေနှင်းအရုဏ်ဦးနဂါးဖြူက ကြိုတင်ပိတ်ဆို့ထားပြီး ဖြစ်ချေပြီ။
"ဂြပ်... ဂြပ်….."
ရေခဲတုံးကြီးများပေါ်တွင် မတ်တတ်ရပ်နေမိကြသော ထိုမိစ္ဆာကောင်ငယ်လေးများသည် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကြပြီး... မကြာမီမှာပင် ထွက်ပြေးရန် ခွန်အားပင် မရှိ တော့ဘဲ၊ သူတို့၏ ခန္ဓာကိုယ်များသည် အောက်ခြေရှိ ထူထဲလှသော ရေခဲပြင်ကြီးနှင့် တဖြည်းဖြည်း ကပ်ငြိသွားခဲ့ရတော့သည်။
ပထမဦးစွာ သူတို့၏ အရေပြားနှင့် ကြွက်သားများ နှင်းခဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး... ထို့နောက်တွင်မူ အသားများနှင့် အရိုးများပါ ရေခဲအဖြစ် ခဲသွားခဲ့ကာ၊ နောက်ဆုံး၌ သူတို့၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော သွေးများပင်လျှင် လုံးဝ ခဲပျစ်သွားခဲ့ရတော့သည်။
ရေအိုင်ပြင်ပေါ်တွင် ရေခဲရုပ်တုများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ရင်း... သတ်ဖြတ်လို စိတ် ပြည့်နှက်နေသော အဖြူလေးက တိုက်ခိုက်သူ တစ်ကောင်တစ်လေကိုမျှ လွတ်မြောက်ခွင့် မပေးခဲ့ပါချေ။ သူတို့သည် ဇီဝိန်ချုပ်ငြိမ်းသွားခဲ့ကြပြီး ရေခဲပြင်ပေါ်တွင် တောင့်တင်းစွာ ခဲနေခဲ့ကြတော့သည်။
"ဟူးး ဟူးး ဟူးး ဟူး….."
လေပြင်းများက ခဲနေသော ရေတံခွန်နှင့် ရေအိုင်ပြင်ပေါ်သို့ ပြင်းထန်စွာ တိုက်ခိုက်လာခဲ့ပြီး ရေမိစ္ဆာများ၏ ခဲနေသော ခန္ဓာကိုယ်များကိုပါ လာရောက်ရိုက်ခတ်ခဲ့သည်။ သူတို့အားလုံး သည် အသားနှင့် အရိုးများ ဖြစ်ကြသော်လည်း... လေပြင်းအောက်တွင် နှင်းခဲမှုန်များ အဖြစ်သို့ အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားခဲ့ရကာ ဖြူဖွေးလှသော သဲမှုန်လေးများ အလား လွင့်စင်သွားခဲ့တော့သည်။
"သွားမည်းကြီး... မင်း ရေတံခွန်နဂါးကြီးကို ကာကွယ်ပေးနိုင်ခဲ့တယ်၊ သူ မသေသေးဘူး..."
ရေတံခွန်နဂါးကြီးသည် အသက်ရှင်နေဆဲ ဖြစ်၏။ ၎င်းသည် လီချွမ်းမြစ်ထဲသို့ ပစ်ချခံခဲ့ရ ပြီးနောက်... ပြင်းထန်လှသော ရေစီးကြောင်းကြောင့် ဤရေတံခွန်ဆီသို့ မျောပါလာခဲ့ပုံရ သည်။
သွားမည်းကြီးသာ သူ့အသက်နှင့်လဲ၍ ကာကွယ်မပေးခဲ့ပါက ရေတံခွန်နဂါးကြီးသည် ထိုမိစ္ဆာများ၏ ဝါးမြိုခြင်းကို ဧကန်မုချ ခံရပေမည်။
ကျူးမင်လန်သည် မတ်တတ်ရပ်ရန်ပင် ခွန်အားမရှိတော့လောက်အောင် ကုန်ခမ်းနေသော သွားမည်းကြီးကို ကြည့်ရှုရင်း အစစ်မှန် ဂုဏ်ယူမှုကို ခံစားလိုက်ရသည်။ တကယ်တော်ပေ သည်။ ဤဝိညာဉ်သတ္တဝါသည် ညစ်ထေးလှသော ရေအိုင်ပျက်များထဲက သာမန်သတ္တဝါ တစ်ကောင် လုံးဝ မဟုတ်ပါချေ။
သူသည် နဂါးထိန်းအကယ်ဒမီမှ ဆရာများကို လှမ်းခေါ်လိုက်သည်။ သူတို့က ရေတံခွန် နဂါးကြီးကို ပြန်လည်သယ်ဆောင်သွားကြရာ... နဂါးသားရဲများကို ကုသနိုင်သော ဆရာ များရှိနေသဖြင့် ရေတံခွန်နဂါးကြီးအနေဖြင့် အသက်အန္တရာယ်မှ ကျော်လွှားနိုင်လိမ့်မည် ဖြစ်သည်။ ဆရာမ တွမ်လန် နိုးလာသောအခါ ရေတံခွန်နဂါးကြီး အသက်ရှင်နေသေးသည် ကို မြင်တွေ့ရပြီး စိတ်သက်သာရာရလိမ့်မည်ဟု မျှော်လင့်ရပေသည်။
သွားမည်းကြီးကို စနစ်တကျ ထားရှိပေးပြီးနောက်... ကျူးမင်လန်သည် မိမိအနေဖြင့် လုပ်ဆောင်ရမည့် အလွန်အရေးကြီးသော ကိစ္စတစ်ခု ရှိနေသေးကြောင်း သိရှိလိုက်သည်။
"ဒဏ်ရာကို သေချာကုသထားနော်... ငါ မကြာခင် ပြန်လာခဲ့မယ်" ကျူးမင်လန်က မိကျောင်းဝိညာဉ်ကြီး၏ ဦးခေါင်းကို ကိုင်မြှောက်ကာ ၎င်း၏နဖူးနှင့် သူ့နဖူးကို တိုက်ပွတ် လျက် မှာကြားလိုက်သည်။
မိကျောင်းဝိညာဉ်ကြီးသည် ကုသရေးရေအိုင်ထဲတွင် လိမ္မာရေးခြားရှိစွာ လဲလျောင်းနေခဲ့ ရာ... ၎င်း၏နာကျင်မှုများလည်း အတိုင်းအတာတစ်ခုအထိ သက်သာလျော့ပါးသွား လောက်ပြီ ဖြစ်သည်။ ထို့နောက် ကျူးမင်လန် ထွက်ခွာသွားခဲ့တော့သည်။
ပုလဲလေးဟု ခေါ်သော မိန်းကလေးသည် ဒဏ်ရာများ အဆိပ်ရှိသတ္တဝါများ၏ ကျန်ရှိနေ သော အဆိပ်အတောက်များကြောင့် ပိုမိုဆိုးရွားမလာစေရန်အတွက် သွားမည်းကြီး၏ ဒဏ်ရာများကို ထပ်မံစစ်ဆေးရန် ကုသရေးရေအိုင်ဆီသို့ လျှောက်လှမ်းလာခဲ့သည်။
"ဟင်... စောစောကတင် ဆွဲဖြဲခံထားရတဲ့ အသားတွေက မျက်စိတစ်မှိတ်အတွင်းမှာ ဘယ်လိုလုပ်ပြီး ပြန်ပြည့်လာရတာလဲ..." ပုလဲလေးက ဇဝေဇဝါဖြင့် ရေရွတ်လိုက်မိသည်။
သွားမည်းကြီးက ဟိန်းဟောက်ပြီး ပြန်လည်တုန့်ပြန်ရန် ပြင်လိုက်သော်လည်း သူကိုယ်တိုင်လည်း ဘာမှနားမလည်သည့်အလားပင်။
"မင်းက မြွေမို့လို့ အရေခွံလဲနေတာလား..." ပုလဲလေးက မျက်မှောင်ကြုတ်လိုက်ရင်း ကုသရေးရေအိုင်ထဲရှိ သွားမည်းကြီး၏ ခန္ဓာကိုယ်မှ ကွာကျနေသော ဒဏ်ရာရ အရေခွံ အမြှေးအဖတ်ကြီးများကို ကြည့်လိုက်သည်။
"အုတ်…."
သွားမည်းကြီးက ခေါင်းလှည့်ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်မှ ကွာကျနေသော အရေခွံများ ကို မြင်ပြီး လန့်ဖျန့်သွားခဲ့ကာ... သူ့ခြေလေးဖက်စလုံးကို ရေထဲတွင် ပရမ်းပတာ လှုပ်ရှား ယက်ခတ်နေတော့သည်။
သေတော့မည်လော... ဘာကြောင့် အရေခွံတွေက ခန္ဓာကိုယ်မှာ ကပ်ငြိမနေဘဲ ကွာကျ လာရသနည်း။
"မလန့်ပါနဲ့၊ မလန့်ပါနဲ့ဦး... မိကျောင်းမည်းကြီးရယ်... အာ... မင်းဆီက စိမ့်ထွက်လာတဲ့ သွေးတွေထဲမှာ ဘာလို့ အလင်းရောင်တွေ တောက်နေရတာလဲ" ပုလဲလေးက အံ့အားသင့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်မိသည်။
"အုတ်….."
သွားမည်းကြီးသည်လည်း သူ့ဒဏ်ရာကို ပြန်လည်ကြည့်ရှုလိုက်ရာ... မှန်ပေသည်၊ ထွက်လာသော သွေးများက တကယ်ပင် တောက်ပနေခဲ့ပြီ။
သွားပြီ၊ သွားပါပြီ... ကုလို့မရတော့ဘူး၊ ငါတော့ သေရော့မယ်….။
"ဆရာကြီး... ဆရာကြီးရေ... မဟုတ်တော့ဘူး၊ ကိစ္စကြီးကြီးမားမား လွဲချော်နေပြီ" ပုလဲလေးက ပျာပျာသလဲဖြင့် အတွင်းခန်းထဲသို့ အပြေးဝင်သွားခဲ့တော့သည်။
ဆရာကြီးက ထိုမိန်းကလေးအား စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်လိုက်သည်။ ယနေ့ တွင် ဒဏ်ရာရလာသည့် နဂါးနှင့် လူနာများ များပြားလွန်းသဖြင့် သူသည်ပင် အလုပ်ရှုပ်ကာ လူပင် မူးမေ့လုနီးပါး ဖြစ်နေခဲ့ရသည်။
"ဆရာကြီး... ဟိုမိကျောင်းမည်းကြီးကို သွားကြည့်ပေးပါဦး၊ တပည့် တကယ်ကြောက်လို့ ပါ" ပုလဲလေးက ဆိုလိုက်သည်။
ဆရာကြီးသည် ရေတံခွန်နဂါးကြီး၏ ကြီးမားလှသော ဒဏ်ရာကို ချုပ်ပြီးစီးခါစပင် ရှိသေး သည်။ သူ့လက်များကိုပင် ရေဆေးကြောရန် အချိန်မရသေးမီမှာပင် ပုလဲလေးက သူ့အား ကုသရေးရေအိုင်၏ ဘေးနားသို့ အတင်းအဓမ္မ ဆွဲခေါ်သွားခဲ့တော့သည်။
ဆရာကြီးသည် ကုသရေးအိုင်ထဲက သွားမည်းကြီးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်... သူ့တပည့်မလေး၏ ခေါင်းကို လက်ညှိုးဖြင့် ဒေါက်ခနဲမြည်အောင် ခေါက်လိုက် လေသည်။
"ဘာတွေ ပျာယာခတ်နေတာလဲ... နဂါးအသွင်ပြောင်းလဲတာကို တစ်ခါမှ မမြင်ဖူးဘူးလား" သူက ငေါက်ငမ်း ဆိုလိုက်၏။
"အော်... နဂါးအသွင်ပြောင်းနေတာကိုး... အာ….. ဟိုမိကျောင်းမည်းကြီးက နဂါးဖြစ်တော့ မှာလား" ပုလဲလေးတစ်ယောက် မှင်တက်လျက် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတော့ သည်။