← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) စစ်ပြေငြိမ်းရေး လက်ထပ်ပွဲ။

"နင်က ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။ ဒါ နင့်နဂါးမှ မဟုတ်တာ။ အဲဒီလောက် ထိတ်လန့်မနေဘဲ တွမ်လန်ရဲ့ မိသားစုကို သွားပြီး အကြောင်းကြားလိုက်စမ်း" အဖိုးအိုက ပြောလိုက်သည်။

"ဘာဖြစ်လို့ မိသားစုကို ထပ်ပြီး အကြောင်းကြားရပြန်တာလဲ။ ဆရာကြီး... ကျေးဇူးပြုပြီး တခြားနည်းလမ်းလေး စဉ်းစားပေးပါဦး။ တပည့် မမတွမ်လန် သေသွားတာကို မမြင်ချင် ဘူး" ပုလဲလေးက ငိုလုမတတ် အော်ဟစ်လိုက်မိသည်။

"သေရမယ်လား၊ သူမရဲ့ဝိညာဉ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ။ တကယ်လို့ သူမ မိသားစုက သူမအတွက် ဝိညာဉ်ဆေးဝါး ရှာမပေးနိုင်ရင် သူမ ဘယ်တော့မှ နိုးလာတော့မှာ မဟုတ်ဘူး" အဖိုးအိုက သိသိသာသာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

"အော်... ဒါဆို သူမ မသေသေးဘူးပေါ့။ ဒါဆိုရင် သူမဝိညာဉ်ကို ကုသပေးနိုင်မယ့် ဝိညာဉ် ဆေးဝါးကို ရှာဖို့ လိုအပ်တာပေါ့နော်" ပုလဲလေးက စိတ်အေးသွားခဲ့သည်။

"အနည်းဆုံးတော့ အချိန်ခြောက်လလောက် ရလိမ့်မယ်။ ဒဏ်ရာက ပြင်းထန်လွန်းတယ်။ ကံကောင်းလို့ နဂါးက မသေတာ။ တကယ်လို့ နဂါး သေဆုံးသွားလို့ သူမဝိညာဉ် ထပ်ပြီး ထိခိုက်သွားခဲ့ရင်... နတ်ဘုရားတစ်ပါး ဆင်းလာရင်တောင် သူမကို ကယ်နိုင်မှာ မဟုတ်တော့ဘူး"

ပုလဲလေးသည် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ ဝိညာဉ်ဆေးဝါးများမှာ ရှာဖွေရန် ခက်ခဲလှသဖြင့် တွမ်လန်၏ မိသားစုအား အမြန်ဆုံး စတင် စုဆောင်းခိုင်းထားခြင်းက အကောင်းဆုံး ဖြစ်ပေသည်၊ သို့မဟုတ်ပါက တွမ်လန်တစ်ယောက် မည်မျှအထိ ကြာရှည် စွာ သတိမေ့မြောနေဦးမည်ကို မည်သူမျှ မသိနိုင်ပါချေ။

အဖိုးအိုက သူ့လက်များကို ဆေးကြောလိုက်ပြီးနောက်... သူ့အကြည့်များက အနက်ရောင် မိကျောင်းဝိညာဉ်ကြီး နဂါးအသွင်ပြောင်းလဲနေသည့် ကုသရေးရေအိုင်ဆီသို့ မရည်ရွယ်ဘဲ ရောက်ရှိသွားခဲ့သည်။

"မင်းက ပိုးစာကောင်တွေကို စားရတာ ကြိုက်တဲ့ မိကျောင်းနက်လေး မဟုတ်လား..." အဖိုးအိုက မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ပြောလိုက်သည်။

ဆေးကုသရေးဆောင်တွင် သူ ဂရုစိုက်ရမည့်ကိစ္စ မရှိသည့်အခါတိုင်း... အဖိုးအိုသည် အရံ နဂါးထိန်းသိမ်းရေးဆောင်ထဲတွင်သာ နေထိုင်ရသည်ကို နှစ်သက်ပြီး၊ ဤတက်ကြွ လန်းဆန်းသော သားရဲဝိညာဉ်ငယ်လေးများ၏ တည်ရှိမှုကြားတွင် စိတ်သက်သာရာရမှုကို ရှာဖွေလေ့ရှိသည်။ သူသည် ၎င်းတို့အား အစာကျွေးရသည်ကို ပျော်မွေ့ပြီး၊ တစ်ခါတစ်ရံ တွင်မူ ကံမကောင်း အခြေအနေမလှဖြစ်နေသော ကျောင်းသားများအား နဂါးသားပေါက် လေးများကို ဝေမျှပေးလေ့ရှိသည်။

အဖိုးအိုသည် အရံနဂါးထိန်းသိမ်းရေးဆောင်ထဲရှိ နဂါးသားပေါက်လေးများ အားလုံးကို မှတ်မိနေခဲ့ပြီး၊ သူကိုယ်တိုင် လွှတ်ပေးခဲ့ပြီးသော သတ္တဝါလေးများကိုလည်း အမှတ်ရနေဆဲ ဖြစ်သည်။

သူတို့သည် အိမ်ခြေရာမဲ့ တိရစ္ဆာန်လေးများ အုပ်စုတစ်စုနှင့် တူပြီး... အဖိုးအိုအနေဖြင့် ၎င်းတို့သည် နဂါးဝိညာဉ် ဖြစ်စေ၊ သာမန်ဝိညာဉ် ဖြစ်စေ၊ တစ်ကောင်ချင်းစီတိုင်း ကောင်းမွန်သော အိမ်ဂေဟာတစ်ခုစီ ရရှိသွားကြရန် မျှော်လင့်မိသည်။

"မင်းက ဒီလောက်မြန်မြန် နဂါးအသွင်ပြောင်းလဲနိုင်တာဆိုတော့... ကောင်းမွန်တဲ့ သခင် တစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပုံရတယ်" သူက ရေရွတ်လိုက်သည်။

"အရံနဂါးထိန်းသိမ်းရေးဆောင်ထဲက နဂါးသားပေါက်လေးတွေထဲမှာ စစ်မှန်တဲ့ နဂါး အသွင်ပြောင်းလဲတာမျိုး မမြင်တွေ့ရတာ တော်တော်လေး ကြာခဲ့ပြီ။ မင်းရဲ့ မှတ်တမ်းကို ငါ သေသေချာချာ ရေးမှတ်ထားလိုက်မယ်... ဒါဆိုရင် အရံနဂါးထိန်းသိမ်းရေးဆောင်လည်း ပိတ်ပစ်ဖို့ ဧကရာဇ်နန်းတော်ရဲ့ အကြီးအကဲ အမိန့်ပေးလာမယ့် အန္တရာယ်ကနေလည်း ကင်းဝေးသွားနိုင်တာပေါ့"

ထည်ဝါလှသော နန်းတော်ကြီးများ၏ ပတ်ပတ်လည်တွင် ထင်ရှူးပင်များ ဝိုင်းရံလျက် ရှိနေ သည်။

လီရင်းသည် ခန့်ညားလှသော ခန်းမဆောင်ကြီးအတွင်း၌ စောစောစီးစီးပင် ထိုင်နေခဲ့ပြီး... ဘိုးဘေးနဂါးမြို့တော်၏ အရေးကိစ္စများနှင့် ပတ်သက်သော စာလွှာပုံကြီးကို မျက်နှာမူ လျက် မည်သည့်နေရာမှ စတင်ရမည်ကို မသိဘဲ ဖြစ်နေခဲ့သည်။ ကိစ္စရပ်တစ်ခုချင်းစီ တိုင်းက ဘိုးဘေးနဂါးမြို့တော်၏ အသက်သွေးကြောသဖွယ် အလွန်အမင်း အရေးကြီး နေပုံရသည်။

"အရင်ဦးဆုံး ခဏလောက် အနားယူလိုက်ပါဦး..." ခုံထုံသည် ငွေ့တဟူးဟူး ထွက်နေသော လတ်ဆတ်သည့် လက်ဖက်ရည်ကြမ်းတစ်ခွက်ကို ကိုင်ဆောင်ကာ ချဉ်းကပ်လာပြီး လီရင်း အား ညင်သာစွာ ပြောလိုက်သည်။

"ငါ အရှေ့ဘက်ဒေသအတွက် စိုးရိမ်ပူပန်တာကို လုံးဝ မရပ်တန့်နိုင်သေးဘူး" လီရင်းက သက်ပြင်းချလိုက်သည်။

"လင်ရှောင်မြို့တော်က သံတမန် မကြာခင် ရောက်လာတော့မှာပါ။ ဒီဆွေးနွေးပွဲ ပြီးသွား ရင်တော့... ကျွန်မတို့ အဲဒီ ဝူထူသူပုန်တွေကို နှိမ်နင်းဖို့အတွက်ပဲ စိတ်အာရုံ စုစည်းနိုင် တော့မှာပါ။ သူတို့တွေ နောက်ထပ် ဒုက္ခမပေးနိုင်တော့ပါဘူး" ခုံထုံက လီရင်း၏ နောက်သို့ ရွှေ့လျက် သူ၏ ပုခုံးများကို နှိပ်နယ်ပေးလိုက်သည်။

ထိုအခိုက်အတန့်တွင် အစောင့်တစ်ဦးသည် ခန်းမဆောင်ကြီးကို ဖြတ်၍ အလျင်အမြန် ပြေးဝင်လာခဲ့သည်။ ခုံထုံသည် စည်းကမ်းစနစ် မသိနားမလည်သော ထိုအစောင့်အား ဒေါသတကြီး စိုက်ကြည့်လိုက်၏။

သို့သော်လည်း ထိုအစောင့်မှာ အလွန်ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး... သခင်မအား နှုတ်ဆက် ရန်ပင် မရပ်တန့်တော့ဘဲ လီရင်း၏ အနားသို့ တိုးကပ်ကာ သူ၏နားအနားတွင် စကား အချို့ကို အလျင်အမြန် တိုးတိုးလေး ကပ်ပြောလိုက်တော့သည်။

လီရင်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး... သူ့ထိုင်ခုံမှပင် ထရပ်လုနီးပါး ဖြစ်သွားခဲ့ကာ စားပွဲခုံကို လက်ဝါးဖြင့် ဝုန်းခနဲ ရိုက်ချလိုက်တော့သည်။

သူ၏ဘေးနားရှိ သခင်မခုံထုံသည်လည်း လန့်ဖျန့်သွားခဲ့ရပြီး အလျင်အမြန်ပင် နှစ်သိမ့်ပေး ရန် ကြိုးစားလိုက်ရသည်။

"ပျံသန်းရေးငှက်တပ်ဖွဲ့ရဲ့ စစ်သူကြီးကို ချက်ချင်း ဆင့်ခေါ်လိုက်စမ်း" လီရင်းက ဒေါသတ ကြီး အမိန့်ပေးလိုက်သည်။

မကြာမီမှာပင် ပျံသန်းရေးငှက်တပ်ဖွဲ့၏ စစ်သူကြီးသည် ရှေ့သို့ ရောက်ရှိလာခဲ့တော့သည်။

ခန်းမဆောင်ကြီးရှေ့တွင် ဒူးထောက်လျက် စစ်သူကြီးက တိုးညှင်းစွာ မေးလျှောက်လိုက် သည် - "မိသားစုခေါင်းဆောင်... ဘာကိစ္စများ ရှိလို့ပါလဲ"

"နဂါးထိန်းအကယ်ဒမီက တစ်ယောက်ယောက်က သတင်းပို့လာတယ်... ဒုံးရွှီခံတပ်မြို့ဟာ အင်အားဖြည့်တင်းထားတဲ့ ဝူထူသူပုန်တပ်ဖွဲ့ လက်ထဲကို ကျဆုံးသွားပြီတဲ့၊ ပြီးတော့ သူတို့ တွေက လီချွမ်းလွင်ပြင်ဆီကို တန်းတန်းမတ်မတ် ဦးတည်လာနေကြပြီတဲ့" လီရင်းက သူ၏ စိတ်လှုပ်ရှား ဒေါသထွက်မှုများကို မထိန်းချုပ်နိုင်တော့ဘဲ နာကျည်းသံဖြင့် ဒေါသတ ကြီး အော်ဟစ်လိုက်မိသည်။

"စစ်တပ်ဘက်က ဘာစစ်ရေးအစီရင်ခံစာမှ မရရှိသေးပါဘူး၊ ဒါကို ဘယ်သူက ပြောတာလဲ ခင်ဗျာ" ပျံသန်းရေးငှက်တပ်ဖွဲ့၏ စစ်သူကြီးက အံ့အားသင့်စွာ မေးလိုက်သည်။

"စစ်ရေးအစီရင်ခံစာ သယ်ဆောင်လာတဲ့ သတင်းပို့လုလင်က ဒီကို လာနေတဲ့လမ်းမှာ ရှိနေပြီ၊ သူရောက်ရင် အားလုံးကို အသေးစိတ် ရှင်းပြလိမ့်မယ်။ ဒီကိစ္စက နှောင့်နှေးလို့ မရဘူး... မင်းအနေနဲ့ ပျံသန်းရေးငှက်တပ်ဖွဲ့ကို ရုံတောင်ကြားမြို့ဆီ ချက်ချင်းစေလွှတ်ပြီး သူပုန်တပ်ဖွဲ့အားလုံးကို အမြစ်ပြတ်ချေမှုန်းရမယ်၊ သူတို့ လီချွမ်းလွင်ပြင်ထဲကို လုံးဝ အဝင် မခံစေနဲ့" လီရင်းက အမိန့်ပေးလိုက်သည်။

ဒုံးရွှီခံတပ်မြို့နှင့် ရုံတောင်ကြားမြို့တို့မှာ ဝူထူရန်မှ ကာကွယ်ပေးထားသည့် သဘာဝ အတားအဆီးများ ဖြစ်ကြပြီး၊ လီချွမ်းလွင်ပြင်မှာမူ ကျယ်ပြောလှပြီး မြေမျက်နှာပြင် ညီညာ ပြန့်ပြူးပေသည်။ အကယ်၍ သူပုန်များသည် လူစုခွဲကာ လွင်ပြင်တစ်လျှောက်ရှိ မြို့ အသီးသီးကို ဝင်ရောက်စီးနင်း တိုက်ခိုက်မည်ဆိုပါက... ၎င်းတို့အား အမြစ်ပြတ်ချေမှုန်းရန် အတွက် အလွန်တရာ ကြီးမားလှသော စစ်အင်အားကို အသုံးပြုရမည် ဖြစ်သည်။

ထို့အပြင် လီချွမ်းလွင်ပြင်ပေါ်ရှိ အခြားသော မြို့များတွင်လည်း ရိက္ခာများနှင့် စစ်အသုံး အဆောင်ပစ္စည်းများ သိုလှောင်ထားရှိကြသည်။ ဝူထူသူပုန်များသည် လက်နက်များနှင့် သံချပ်ကာဝတ်စုံများကို သိမ်းပိုက်ရရှိသွားသည်နှင့်... ၎င်းတို့သည် အလွန်အမင်း တောင့်တင်းခိုင်မာသော ခုခံနိုင်စွမ်းရှိသည့် စစ်တပ်ကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။

"ဒါပေမဲ့ ပျံသန်းရေးငှက်တပ်ဖွဲ့က..." စစ်သူကြီးက ဝေခွဲမရဘဲ တုံ့ဆိုင်းနေခဲ့သည်။

"သွားစမ်း" လီရင်းက ပြတ်သားစွာ အမိန့်ပေးလိုက်၏။

ပျံသန်းရေးငှက်တပ်ဖွဲ့၏ စစ်သူကြီးသည် အမိန့်ကို နာခံကာ တိတ်ဆိတ်ခြောက်ကပ်နေ သော ခန်းမဆောင်ကြီးအတွင်းမှ အလျင်အမြန် ထွက်ခွာသွားခဲ့တော့သည်။

ပူနွေးလှသော လက်ဖက်ရည်ကြမ်းများက စားပွဲခုံပေါ်တွင် ဖိတ်စင်နေခဲ့သည်။ ခုံထုံသည် သူမ၏ ပန်းထိုးလက်ကိုင်ပဝါကို အသုံးပြု၍ စွန်းထင်မှုများကို သုတ်သင်လိုက်ရင်း လီရင်း ၏ အနားသို့ တိုးကပ်ကာ တိုးတိုးလေး မေးလိုက်သည် "ဒါသာ အမှန်ဆိုရင်... ကျွန်မတို့ဆီ ကို ဘာလို့ သတင်းတစ်စုံတစ်ရာမှ မရောက်လာရတာလဲဟင်"

"စစ်ရေးအစီရင်ခံစာ သယ်ဆောင်လာတဲ့ သတင်းပို့လုလင်တွေ ကြားဖြတ်ဟန့်တား တိုက်ခိုက်ခံလိုက်ရလို့ပဲ" လီရင်းက ဆိုလိုက်သည်။

"ဒါကို ဘယ်သူက လုပ်တာလဲ... ပြီးတော့ သူပုန်တွေက ကျွန်မတို့ရဲ့ စစ်ရေးသတင်းပို့သူ တွေက ဘယ်သူတွေလဲဆိုတာကို ဘယ်လိုလုပ်ပြီး အတိအကျ သိနိုင်မှာလဲ" ခုံထုံက အလွန်တရာ အံ့အားသင့်စွာဖြင့် မေးလိုက်မိသည်။

ဒုံးရွှီခံတပ်မြို့မှာ ဝေးလံခေါင်သီလှပြီး လမ်းခရီးမှာလည်း ကြမ်းတမ်းခက်ခဲကာ အန္တရာယ် များလှသဖြင့် သတင်းပို့လုလင်များ ဖြတ်သန်းသွားလာရန် ခက်ခဲသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော်လည်း စစ်ရေးသတင်းပို့သူ အားလုံးမှာ စစ်တပ်ထဲက မဟုတ်ကြဘဲ... အချို့မှာ ကုန်သည်များ သို့မဟုတ် အရပ်သားများအဖြစ်ပင် ဟန်ဆောင်ထားကြသည်။ စစ်တပ်၏ အဆင့်မြင့်အရာရှိကြီးများမှလွဲ၍... သူပုန်များသည် ၎င်းတို့အား မည်ကဲ့သို့ အတိအကျ ပစ်မှတ်ထား တိုက်ခိုက်နိုင်ပါမည်နည်း။

"ငါတို့ရဲ့အဆင့်ထဲမှာ သစ္စာဖောက်တစ်ယောက် ရှိနေတယ်။ နဂါးထိန်းအကယ်ဒမီက ကျောင်းသားလည်း ရောက်ရှိလာပြီဆိုတော့... သူက ငါတို့ကို အသေးစိတ် အကြောင်းအရာ တွေ ပြောပြလိမ့်မယ်" လီရင်းက ပြောလိုက်တော့သည်။

"ပျံသန်းရေးငှက်တပ်ဖွဲ့က ချီတက်သွားပြီမို့ အခုလောလောဆယ်တော့ သခင်ကြီး အလွန် အမင်း စိုးရိမ်ပူပန်မနေပါနဲ့ဦး။ တစ်ဖက်မှာလည်း လင်ရှောင်မြို့တော်က သံတမန် မကြာ ခင် ရောက်လာတော့မှာမို့... စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲကို နှောင့်နှေးလို့ မဖြစ်ပါဘူး..." သခင်မ ခုံထုံက ဆိုလိုက်သည်။

"ငါ သိတယ်... အားလုံးကို ခန်းမဆောင်ထဲ ဆင့်ခေါ်လိုက်စမ်း" လီရင်းက ပြောလိုက်သည်။

"ကျွန်မ သတင်းအချက်အလက်တွေကို ယာယီ ထိန်းချုပ်ထားပြီး ဒုံးရွှီခံတပ်မြို့ ကျဆုံးတဲ့ သတင်း ပျံ့နှံ့မသွားအောင် တားဆီးဖို့ ကြိုးစားလိုက်ပါ့မယ်" ခုံထုံက ပြောသည်။

"အင်း..." လီရင်းက ခေါင်းညိတ်ပြလိုက်သည်။

လင်ရှောင်မြို့တော်သည် သူတို့အတွက် အကြီးမားဆုံးသော စိုးရိမ်ပူပန်မှုကြီး ဖြစ်ပေသည်။ အကယ်၍ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့မည်ဆိုပါက... သူတို့အနေဖြင့် အနောက်ဘက်စစ်မျက်နှာတွင် မည်သည့်စိုးရိမ်စရာမျှ ရှိတော့မည် မဟုတ်ပေ။ ဆောင်းရာသီ မရောက်မီမှာပင် ဝူထူသူပုန်များကို လွယ်လင့်တကူ အပြတ်ရှင်း ပစ်နိုင်မည်။

အမှန်စင်စစ်... သူတို့အနေဖြင့် ဝူထူသူပုန်များကို စိတ်သဘောရှိ သောင်းကျန်းခွင့် ပေးထား ၍ မဖြစ်ပေ။ အရှေ့ဘက်စစ်မျက်နှာဆီသို့ စစ်ကူများကို အလျင်အမြန် စေလွှတ်ရမည် ဖြစ်သည်။ ပျံသန်းရေးငှက်တပ်ဖွဲ့သည် ဘိုးဘေးနဂါးမြို့တော်၏ အားအကောင်းဆုံးနှင့် လှုပ်ရှားမှုအမြန်ဆုံး စစ်အင်အားစု ဖြစ်ပေသည်။ ၎င်းတို့ကို စေလွှတ်လိုက်ပြီဖြစ်ရာ... ဝူထူ သူတပ်ဖွဲ့သည် မကြာမီမှာပင် နောက်ဆုံးတစ်ယောက်မကျန် သတ်ဖြတ်ချေမှုန်းခြင်း ခံရတော့မည် ဖြစ်သည်။

လီနန်းတော်၏ ခန့်ညားလှသော တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်ကြီးအတွင်း၌... အနီရောင် ဂုဏ်ပြုတပ်ဖွဲ့ စီတန်းလှည့်လည်မှုက ဝင်းခြံကို ဖြတ်၍ တရွေ့ရွေ့ ချီတက်လာခဲ့ ပြီး ကျောက်လှေကားထစ်များအတိုင်း မှန်မှန် တက်လှမ်းလာခဲ့သည်။

ဂုဏ်ပြုတပ်ဖွဲ့၏ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ... စိမ်းနီရောင်စပ် အလွန်လက်ရာမြောက် လှသော အရာရှိဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ငှက်မွေးသရဖူကို ဆောင်းထားပြီး ရုပ်ရည်သန့်ပြန့်ခန့်ညားကာ... သူ့ လှုပ်ရှားမှုဟန်ပန် တိုင်းတွင် မြင့်မြတ်သော အရှိန်အဝါတို့ အထင်အရှား ပေါ်လွင်နေခဲ့သည်...။

သူ၏နောက်ကွယ်တွင်မူ သစ်သားသေတ္တာကြီးများကို ထမ်းပိုးလာကြသော စစ်သည် အမြောက်အမြား လိုက်ပါလာကြပြီး, သူတို့တစ်ဦးချင်းစီ၏ ရင်ဘတ်တွင် ပန်းပွင့်ဖဲကြိုးများ ကို ချည်နှောင်ထားကြသည်။ သူတို့သည် တိုက်ပွဲဆင်နွှဲရန် ရန်လိုသော သဘောဖြင့် ရောက်ရှိလာကြခြင်း မဟုတ်ဘဲ ဝမ်းမြောက်ဖွယ်ရာ မင်္ဂလာအခါသမယတစ်ခုကို ဆင်နွှဲရန် ရောက်လာကြခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထိုသစ်သားသေတ္တာကြီးများကို အနုစိတ် လက်ရာမြောက်စွာ ပြုလုပ်ထားပြီး အမျိုးမျိုး သော ပန်းပုဒီဇိုင်းပုံစံများဖြင့် ထုဆစ်ထားရှိရာ, ခန်းမဆောင်ကြီး၏ တံခါးဝ ဝဲယာနှစ်ဖက် စလုံးတွင် လာရောက်ချထားကြသည်။ ထို့နောက် ငှက်မွေးသရဖူဆောင်းထားသော အမျိုးသားက သေတ္တာအားလုံးကို ဖွင့်လှစ်ရန် အမိန့်ပေးလိုက်တော့သည်။

ဖွင့်လှစ်လိုက်သောအခါ... သေတ္တာများအတွင်းမှ ရွှေငွေရတနာ အဝတ်တန်ဆာများနှင့် အဖိုးတန် ပိုးထည်ကတ္တီပါများ ထွက်ပေါ်လာခဲ့သည်။ ဘိုးဘေးနဂါးမြို့တော်သည် ချမ်းသာ ကြွယ်ဝသည်ဆိုသော်လည်း... စည်းစိမ်ဥစ္စာ အင်အားချင်း ယှဉ်လိုက်ပါက လင်ရှောင် မြို့တော်၏အောက်တွင်သာ ရှိပေသည်။ အကြောင်းမူကား လင်ရှောင်မြို့တော်တွင် မကုန်ခမ်းနိုင်သော ရွှေတွင်းများနှင့် အဆုံးအစမဲ့သော ရိက္ခာအထောက်အပံ့များ ရှိနေသော ကြောင့် ဖြစ်၏။

"ကျွန်တော်တို့ လင်ရှောင်မြို့တော်က အိမ်နီးနားချင်းတွေအပေါ်မှာ ဘယ်တုန်းကမဆို သဘောထားကြီးခဲ့ပါတယ်။ ဒီတစ်ကြိမ် လက်ထပ်ထိမ်းမြားခြင်း မဟာမိတ်ပြုဖို့အတွက် လည်း ကျွန်တော်တို့ မြို့သခင်က တွန့်တိုနေမှာ မဟုတ်ပါဘူး။ ဒါတွေကတော့ ဧကရီ ဘုရင်မကို ကြိုဆိုတောင်းရမ်းဖို့အတွက် မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။ ဘိုးဘေး နဂါးမြို့တော်ရဲ့ လေးစားရပါတဲ့ မြင့်မြတ်ပုဂ္ဂိုလ်တွေအနေနဲ့ သဘောကျနှစ်ခြိုက်လိမ့်မယ် လို့ မျှော်လင့်ပါတယ်..."

ငှက်မွေးသရဖူဆောင်းထားသော အမျိုးသားမှာ သူ၏အပြောအဆို နေထိုင်ပုံ အပြစ်ပြော စရာမရှိအောင် ယဉ်ကျေးပျူငှာနေသည့်တိုင်... သူ၏လေသံထဲတွင်မူ မာနထောင်လွှားမှု အရိပ်အယောင်အချို့ ကိန်းဝပ်နေခဲ့သည်။

All Chapters