အခန်း ၃၇
Vol. 4 Ch. 37
အခန်း (၃၇) မြို့လေးမြို့ကို အပိုင်ပေးအပ်ခြင်း။
"သခင် ရန်ရှို့... ခန်းမဆောင်ထဲကို ကြွပါဦးရှင်..." အမျိုးသမီး ခုံထုံက ရိုးသားဖြူစင်မှု မရှိလှသော်လည်း ယဉ်ကျေးပျူငှာသော အပြုံးတစ်ခုဖြင့် သူ့အား ကြိုဆိုလိုက်သည်။
ခန်းမဆောင်ကြီးအတွင်း၌မူ မိသားစုဝင်အများစုမှာ ရောက်ရှိနေကြပြီ ဖြစ်သည်။ မည်သို့ ပင်ဆိုစေကာမူ ဤသည်မှာ မြို့တော်အချင်းချင်း မဟာမိတ်ပြုကြသည့် ကိစ္စရပ်ဖြစ်သဖြင့် မည်သည့်ပွဲတော်ထက်မဆို ထည်ဝါခမ်းနားလှပေသည်။ ဘိုးဘေးနဂါးမြို့တော်၏ ပင်မ လမ်းမကြီးတစ်လျှောက်တွင်ပင် အရောင်အသွေးစုံလင်လှသော မီးအိမ်များကို ချိတ်ဆွဲကာ တန်ဆာဆင်ထားကြပြီးပြီ။
"ဧကရီဘုရင်မက ဘယ်မှာလဲဟင်။ သူမကို မမြင်ရတာ ရက်အနည်းငယ် ကြာသွားပြီပဲ။ ကျွန်တော်တို့ လင်ရှောင်မြို့တော်က စစ်သည်တော်တွေကတော့ သူမကို အသည်းအသန် လွမ်းဆွတ်နေကြတာဗျာ..." ရန်ရှို့က ခန်းမဆောင်ကြီးအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာခဲ့သည်။
ရန်ရှို့သည် သူနှင့်အတူ အစောင့်နှစ်ဦးကိုသာ ခေါ်ဆောင်လာခဲ့ပြီး ကျန်ရှိသောသူများမှာ ခန်းမဆောင်ကြီး၏ အပြင်ဘက်၌ စောင့်ဆိုင်းနေကြသည်။ ရန်သူ့နယ်မြေအတွင်း ရောက်ရှိနေသည့်တိုင်အောင် သခင်သခင်ရန်ရှို့သည် အနည်းငယ်မျှပင် ထိတ်လန့် တုန်လှုပ်ခြင်း မရှိဘဲ... အိမ်နီးနားချင်းတစ်ဦးထံ လာရောက်လည်ပတ်သကဲ့သို့ စိတ်အေး လက်အေး ရှိနေခဲ့ပေသည်။
"အစေခံတွေက ဧကရီဘုရင်မကို အဝတ်အစားလဲလှယ်ပြီး ပြင်ဆင်ခြယ်သပေးနေကြ တုန်း ထင်ပါတယ်..." သခင်မ ခုံထုံက ဆိုလိုက်သည်။
"ကောင်းပြီ၊ အဲဒါ ကောင်းတာပေါ့။ ဒါနဲ့ ပြောရဦးမယ်... ဒီလောက်အလိုက်သင့် ရှိလှတဲ့ ဧကရီတစ်ပါးကို မြင်တွေ့ရတာ တော်တော်လေးတော့ အံ့ဩဖို့ကောင်းသားပဲ။ ဒါပေမဲ့ ဘာပဲပြောပြော သူမက ဧကရီတစ်ပါးပဲလေ... ကြီးမြတ်တဲ့ မြို့တော်ကြီး နှစ်ခုလုံးရဲ့ အနာဂတ်အတွက်ဆိုရင် ဒူးထောက်ပြီး ကိုယ်လုပ်တော်အဖြစ် ခံယူဖို့အထိတောင် အရာ အားလုံးကို စွန့်လွှတ် အနစ်နာခံဝံ့တယ်ပေါ့လေ၊ ဟားဟားဟား" သခင် ရန်ရှို့က တဟားဟား အော်ဟစ်ရယ်မောလိုက်ရာ သူ့ရယ်မောသံမှာ ခန်းမဆောင်ကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့တော့သည်။
သူ့စကားများကြောင့် လီမိသားစုဝင်များ၏ မျက်နှာများသည် ချက်ချင်းပင် မည်းမှောင် သွားခဲ့ကြသည်။
မည်သို့ပင် ကြည့်စေကာမူ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲကို အရင်ဦးဆုံး စတင်ကမ်းလှမ်း သည့်ဘက်ကမူ နောက်ဆုံးတွင် အလျော့ပေး အလျှော့အတင်းလုပ်ရသူအဖြစ် ရှုမြင်ခံရစမြဲ ဖြစ်ပေသည်။
သူတို့သည် ရန်ရှို့အား ဂုဏ်သိက္ခာရှိသော သံတမန်တစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း... မမျှော်လင့်ဘဲ သူသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက်ပင် သရော်လိုသော အရိပ်အယောင်များကို သယ်ဆောင်လာခဲ့ချေပြီ။
"ဒါကတော့ စစ်ပြေငြိမ်းရေး သဘောတူစာချုပ် ဖြစ်ပါတယ်။ သခင်ကြီးရန်... ကျေးဇူးပြုပြီး သေချာပြန်လည်စစ်ဆေးပေးပါ၊ တကယ်လို့ တစ်စုံတစ်ရာ ပြဿနာမရှိဘူးဆိုရင်တော့ ဒီနေရာမှာ လက်မှတ်ရေးထိုးပေးပါ" ထိုအခိုက်အတန့်တွင် လီရင်းက စကားဖြတ် ပြောလိုက်သည်။
ရန်ရှို့သည် လီမိသားစု၏ အကြီးအကဲဖြစ်သူအပေါ် အပေါ်ယံမျှသာ အရိုအသေပြုဟန်ကို ဟန်ပြအဖြစ် ပြုလုပ်ပြလိုက်သည်။
သူက သဘောတူစာချုပ်ကို လှမ်းယူလိုက်ပြီး ၎င်း၏ အကြောင်းအရာများကို အမြန်ပင် ဖတ်ရှုစစ်ဆေးလိုက်၏။
သူက စာချုပ်ကို စစ်ဆေးနေစဉ်အတွင်း... ရင်ဘတ်တွင် အနီရောင် မင်္ဂလာပန်းပွင့်ကို ဆင်ယင်ထားသည့် စစ်သည်တစ်ဦးသည် အလျင်အမြန် ချဉ်းကပ်လာပြီး ရန်ရှို့၏ နားနား သို့ တိုးတိုးလေး ကပ်၍ တစ်စုံတစ်ရာကို အစီရင်ခံလိုက်သည်။
ရန်ရှို့သည် စုတ်တံလက်ကိုင်ကို ကိုင်ထားသော်လည်း ၎င်းမှာ မင်အိုးနှင့် လုံးဝ မထိတွေ့ခဲ့ ပါချေ။ အစအဦးကတည်းကပင် သူ၌ လက်မှတ်ရေးထိုးရန် သို့မဟုတ် တံဆိပ်ခတ်နှိပ်ရန် ရည်ရွယ်ချက် ရှိခဲ့ပုံမပေါ်ချေ။
ထိုစစ်သည်တော် ထွက်ခွာသွားပြီးနောက်... ရန်ရှို့က မကျေနပ်သော မျက်နှာအမူအရာကို ပြုလုပ်လိုက်ပြီး လျှာကို တသက်သက် စုတ်သပ်ကာ စုတ်တံကို အောက်သို့ ချထားလိုက် ပြီးနောက် ဆိုလိုက်သည် "သခင်ကြီးလီ... ကျွန်တော်တို့ လင်ရှောင်မြို့တော်က မင်္ဂလာ လက်ဖွဲ့ပစ္စည်း အမြောက်အမြား ပေးပို့ပြီး အမြင့်မားဆုံး ရိုးသားမှုကို ပြသခဲ့ပြီးပြီပဲ။ ဒါဆိုရင် ဘာဖြစ်လို့ ဒီသဘောတူစာချုပ်ထဲမှာ အနောက်ဘက် မြို့လေးမြို့ကို အပိုင်ပေး အပ်ရမယ်ဆိုတဲ့ အပိုဒ် မပါဝင်ရတာလဲဗျာ။ အခုအချိန်အထိတောင် ခင်ဗျာတို့က ကျွန်တော်တို့ကို ဧကရီနဲ့ ပေးမတွေ့သေးဘူး။”
ထိုစကားများကို ကြားလိုက်ရသောအခါ လီမိသားစုဝင်များသည် သူတို့၏ ပြင်းထန်လှ သော ဒေါသတရားများကို မနည်း ထိန်းချုပ်လိုက်ကြရ၏။
အနောက်ဘက် မြို့လေးမြို့ကို အပိုင်ပေးအပ်ရမယ် ဟုတ်လား….။
ထိုအနောက်ဘက် မြို့လေးမြို့မှာ အလွန်တရာ ချမ်းသာကြွယ်ဝပြီး စည်ပင်ဝပြောကာ... ဘိုးဘေးနဂါးမြို့တော် ပင်မမြို့ကြီးပြင်ပရှိ အရေးအကြီးဆုံးသော ပိုင်နက်နယ်မြေများနှင့် ခံတပ်ကြီးများ ဖြစ်ကြသည်။ မြို့ပြနိုင်ငံများအကြား စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေဦးမည် ဆိုလျှင်တောင်... လီမိသားစုသည် ဤမြို့လေးမြို့ကို လင်ရှောင်မြို့တော်ထံ မည်သည့် အခါမျှ အလျော့ပေး လွှဲပြောင်းပေးအပ်မည် မဟုတ်ပါချေ။
"ဘယ်ကလာလို့ အနောက်ဘက် မြို့လေးမြို့ကို ပေးအပ်ရမှာလဲ။ ကျွန်မတို့ အစကတည်း က သဘောတူထားတဲ့ စည်းကမ်းချက်တွေထဲမှာ... လီယွန်ဇီက ရှင်တို့ လင်ရှောင်မြို့တော် ရဲ့ လင်မိသားစုထံကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ဝင်ရောက်ရမယ်လို့ပဲ ဖော်ပြထား တာလေ" သခင်မခုံထုံက စိတ်ပျက်ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ဤရန်ရှို့သည် မာန်မာနထောင်လွှားလွန်းပြီး ယခုမူ လျှောက်လဲချက်မရှိ စကားမပီသစွာ လျှောက်ပြောနေခဲ့ချေပြီ။
"အော်... အဲဒါကို အရင်က မပြောခဲ့ဖူးဘူး ဟုတ်လား။ ဒါပေမဲ့ အချိန်တွေက ပြောင်းလဲသွား ပြီလေ။ အခုမှ ဒီစည်းကမ်းချက်ကို ထည့်သွင်းဖို့ဆိုတာလည်း နောက်မကျသေးပါဘူး။ ကျွန်တော် စောင့်နိုင်ပါတယ်" ရန်ရှို့က ဆိုလိုက်ရင်း သူကိုယ်တိုင်ပင် သူ့ကုလားထိုင်ကို ၎င်း၏နေရာမှ ခန်းမဆောင်ကြီး၏ အလယ်ဗဟိုတည့်တည့်သို့ ရွှေ့လိုက်လေသည်။
သူသည် ကုလားထိုင်ကို ခန်းမဆောင်ကြီး၏ အလယ်တည့်တည့်တွင် ချကာ ထိုင်ချလိုက် ပြီးနောက်... လီမိသားစုမှ အမျိုးသမီးငယ်တစ်ဦး၏ ရှေ့မှ သစ်သီးပန်းကန်ကိုပင် ဘောင်မဝင်သကဲ့သို့ ယူငင်ကာ ဘေးလူမရှိသကဲ့သို့ သစ်သီးများကို အေးအေးလူလူ စားသောက်နေခဲ့တော့သည်။
"ရိုင်းစိုင်းလှချည်လား၊ မင်းက သာမန် သံတမန်တစ်ယောက်ပါပဲ... ငါတို့ လီမိသားစုရဲ့ တော်ဝင်နန်းတွင်း ခန်းမဆောင်ကြီးကို မင်းရဲ့ ကိုယ်ပိုင်အိမ်နောက်ဖေးဝင်းလို့ ထင်မှတ်နေ တာလား" လီမိသားစုမှ နဂါးထိန်း တပ်မှူးတစ်ဦးက ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက် တော့သည်။
"ငါရန်ရှို့က လင်ရှောင်မြို့တော်ရဲ့ လင်မိသားစုကို ကိုယ်စားပြုပြီး မင်းတို့ရဲ့ မိသားစု အကြီးအကဲနဲ့ စစ်ပြေငြိမ်းဖို့ ဆွေးနွေးနေတာ။ စစ်ပွဲဆိုတာ နောက်ဆုံးတော့ ဒီခန်းမထဲမှာ ထိုင်နေတဲ့ လူနည်းစုကပဲ ဆုံးဖြတ်တာမျိုးပဲ။ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲဆိုတာ စကားလုံး အနည်းငယ်နဲ့တင် ပြီးသလို... ဓားချင်းခုတ်ကြဖို့ဆိုတာလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ မပြောပလောက်တဲ့ လူနုံလူမွှားလေးတွေကတော့ ဘာကိုမှ မဆုံးဖြတ်နိုင်တဲ့အပြင် မိုက်မဲ တဲ့ စကားတွေ ပြောမိလို့ ကိုယ့်မြို့နဲ့ ကိုယ့်မိသားစုအပေါ် ကပ်ဘေးဆိုးကြီး ကျရောက် အောင် ဖိတ်ခေါ်မိတတ်ကြတယ်။ ဒီသူငယ်က အဲဒီလို လူစားမျိုးလားဆိုတာ ငါ သိချင်မိ သား။ အဲဒီလို မဟုတ်ဘူးဆိုရင်တော့ ပါးစပ်ပိတ်ထားစမ်း" ရန်ရှို့က ပါးစပ်ထဲတွင် မဝါးရ သေးသော သစ်သီးများ ပြည့်နှက်နေလျက်ပင် အော်ဟစ်ရယ်မောကာ ပြောလိုက်သည်။
လွန်ခဲ့သော ခဏလေးကတင် ရန်ရှို့သည် ငှက်မွေးသရဖူကို ဆောင်းလျက် ယဉ်ကျေး ပျူငှာမှုနှင့်အတူ စည်းကမ်းကျနမူတို့ဖြင့် ပြည့်နှက်နေခဲ့သော်လည်း... ယခုမူ သူသည် ရိုင်းစိုင်းကြမ်းတမ်းပြီး အာဏာပြတတ်သော လူမိုက်တစ်ဦးနှင့် မခြားနားတော့ပါချေ။
"ခွင့်လွှတ်ပါဦး သခင်... ဘာဖြစ်လို့ အနောက်ဘက်ဒေသက ကျွန်တော်တို့ရဲ့ မြို့လေးမြို့ကို ရုတ်တရက် မက်မော လောဘတက်လာရတာလဲ။ တကယ်လို့ စစ်ပြေငြိမ်းဖို့အတွက် ဒီလောက်အထိ ကြီးမားတဲ့ ပေးဆပ်မှုမျိုး လိုအပ်မယ်ဆိုရင်... စစ်ပဲ တိုက်လိုက်ကြတာ မကောင်းဘူးလား" ထိုအခိုက်အတန့်တွင် တပ်မှူးချန်က ဝင်ရောက်ပြောဆိုလိုက်သည်။
"တပ်မှူးချန်... သခင်ကြီးလီ... ကျွန်တော် သိထားသလောက်တော့ ခင်ဗျားတို့ရဲ့ ဒုံးရွှီခံတပ် မြို့ဟာ သူပုန်တပ်ဖွဲ့ရဲ့ ချိုးဖောက်ဝင်ရောက်ခြင်းကို ခံလိုက်ရပြီပဲ။ သူပုန်တွေက ရှေ့ကို တိုးဝင်လာပြီး လီချွမ်းလွင်ပြင်ရဲ့ အရှေ့ဘက်ပိုင်းဆီကို သတ်ဖြတ်ဝင်ရောက်နေကြပြီ ထင်ပါရဲ့... ခင်ဗျားတို့ရဲ့ ရိက္ခာကျီတွေနဲ့ မြို့တွေလည်း မကြာခင် လုယက်ဖျက်ဆီးခံရတော့ မှာပေါ့။ အား... ထွီ... ဒီဆီးသီးတွေက တကယ်ကို စားလို့မကောင်းဘူးပဲ" ရန်ရှို့က ဆီးသီး စေ့နှင့် သလိပ်ကို ကြမ်းပြင်ပေါ်သို့ ထွေးထုတ်လိုက်ရင်း ပြောလိုက်သည်။
လီရင်း၏ မျက်နှာအမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်သွားခဲ့သည်။
သခင်မ ခုံထုံ၏ မျက်နှာတွင်လည်း အံ့အားသင့်မှု အရိပ်အယောင်များ ထင်ဟပ်သွားခဲ့၏။
သူတို့ကိုယ်တိုင်ပင် ဤသတင်းကို ခုလေးတင် သိရှိခဲ့ရခြင်းဖြစ်ရာ... အနောက်ဘက် အရပ်မှ ဘိုးဘေးနဂါးမြို့တော်ဆီသို့ အခုလေးတင် ရောက်ရှိလာသော သံတမန်တစ်ဦး ဖြစ်သည့် ရန်ရှို့အနေဖြင့် ဤကိစ္စကို မည်သို့မျှ မသိရှိနိုင်ပါချေ။
တစ်စုံတစ်ယောက်က သတင်းအချက်အလက်တွေကို ပေါက်ကြားအောင် လုပ်လိုက်တာ လား။
စောစောက စစ်သည်တော်သည် ရန်ရှို့ကို ဤအကြောင်း သတင်းပေးလိုက်ခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ရန်ရှို့က အခွင့်ကောင်းယူကာ ရန်လိုသောသဘောသို့ ပြောင်းလဲသွားခြင်း လော။
မေးစရာရှိသည်မှာ... ဘိုးဘေးနဂါးမြို့တော်၏ စစ်တပ်များပင် အခုလေးတင်မှ သိရှိရသေး သော ကိစ္စကို သူက မည်ကဲ့သို့ သိရှိသွားသနည်း ဟူ၍ ဖြစ်သည်။
"သခင်ရန်... ခင်ဗျား အခုနက ပြောခဲ့သလိုပဲ စစ်ပွဲဆိုတာ ဒီခန်းမဆောင်ထဲမှာ ရှိနေတဲ့ ကျွန်တော်တို့အတွက် စကားလုံး အနည်းငယ်မျှပဲလိုတာပါ။ ခင်ဗျားက အရှေ့ဘက်မှာ ပုန်ကန်မှုဖြစ်ပွားတဲ့အကြောင်း ကြားရုံတင်နဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ ကျွန်တော်တို့ ဆီက မြို့တွေကို အပိုင်တောင်းချင်နေတာလား။ ဒီသတင်းရဲ့ အရင်းအမြစ်က အမှန်လား အမှားလားဆိုတာကို ခဏဖယ်ထားဦး... ပုန်ကန်မှုဆိုတာ မြို့သခင်တွေ ဖြစ်ချင်ကြတဲ့ လောဘရူး အရပ်သားတစ်စုရဲ့ ပုန်ကန်သောင်းကျန်းမှုမျှသာ ဖြစ်ပြီး၊ အဲဒီလို ပုန်ကန်မှုတွေ ကို နှိမ်နင်းဖို့ဆိုတာ ခက်ခဲတဲ့အလုပ် မဟုတ်ပါဘူး။ ကျွန်တော် သိချင်တာက... ခင်ဗျား တစ်ယောက်တည်းကပဲ အနောက်ဘက်ဒေသမှာ စစ်ပွဲဖြစ်ပွားအောင် ဉာဏ်ဆင်ပြီး အကွက်ချနေတာလား၊ ဒါမှမဟုတ် ခင်ဗျားရဲ့ သခင်ကိုယ်တိုင်ကပဲ အစကတည်းက စစ်ပြေ ငြိမ်းဖို့ စိတ်ကူးမရှိခဲ့တာလား။ တကယ်လို့ အရှေ့ဘက်ဒေသက အချက်ကြောင့်ဆိုရင် တော့... ခင်ဗျားကို ကျွန်တော်တို့ကို လာဖျော်ဖြေပေးတဲ့ လူပြက်တစ်ယောက်လိုပဲ သဘောထားလိုက်ပါ့မယ်။ တကယ်လို့ နောက်က အချက်ကြောင့်ဆိုရင်တော့... ကျွန်တော် တို့အနေနဲ့ လင်ရှောင်မြို့တော်နဲ့ သေတပန်သက်ဆုံးအထိ တိုက်ခိုက်ဖို့ ဝန်မလေးဘူးလို့ ခင်ဗျားရဲ့ သခင်ကို ပြန်ပြောလိုက်ပါ။"
လီရင်းက သူ့တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းထားလျက် ဤစကားများကို ပြောကြား လိုက်ရာ... မာနထောင်လွှားနေသော သံတမန်အဖွဲ့တစ်ဖွဲ့လုံးကို ဖိနှိပ်လွှမ်းမိုးသွားခဲ့တော့ သည်။
သို့သော်လည်း ရန်ရှို့သည် ဤစကားများကို စိတ်ထဲတွင် အနည်းငယ်မျှ မှတ်ယူခြင်း မရှိခဲ့ပါချေ။
သူက သစ်သီးပန်းကန်ကို ထပ်မံကောက်ယူလိုက်ပြီးနောက် ကြည်လင်တောက်ပနေသော စပျစ်သီးများကို တစ်လုံးပြီးတစ်လုံး စားသုံးကာ... အခွံများကို ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ ပါးပါးပင် ထွေးထုတ်နေခဲ့သည်။
မိသားစုအကြီးအကဲအပေါ် သူ၏ရိုသေလေးစားမှု မရှိခြင်းက ထိုနေရာရှိ လူတိုင်းကို ချက်ချင်းပင် ဒေါသထွက်စေခဲ့ပြီး... စောစောက မတ်တပ်ရပ်ခဲ့သော နဂါးထိန်းသည် ယခုမူ ထိုသံတမန်အား ထိုနေရာ၌တင် ဓားဖြင့် ပိုင်းဖြတ်ပစ်ချင်စိတ်များ အပြင်းထန် ဖြစ်ပေါ်နေ ခဲ့သည်။
လီရင်းသည် အပြင်ပန်းအားဖြင့် တည်ငြိမ်နေသော်လည်း... အတွင်းစိတ်၌မူ စိုးရိမ် ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အကယ်၍ ဤအချိန်တွင် လင်ရှောင်မြို့တော်က အနောက်ဘက်အရပ်မှ စစ်သည်တော် များကို စေလွှတ်ကာ ချမ်းသာကြွယ်ဝသော မြို့လေးမြို့ကို တိုက်ခိုက်ခဲ့မည်ဆိုပါက... ဘိုးဘေးနဂါးမြို့တော်သည် ရှေ့ညှပ်နောက်ညှပ် အတိုက်ခံရမည့် အခြေအနေသို့ ဆိုက်ရောက်သွားပြီး၊ သူတို့၏ခံစစ်စည်းများ ချိုးဖျက်ခံရကာ ပိုင်နက်နယ်မြေ အမြောက်အမြား ဆုံးရှုံးရမည့် အလားအလာ များစွာ မြင့်မားနေတော့မည်။
မေးစရာ ကျန်ရှိနေသည်မှာ... အကယ်၍ မြို့ကြီးသာ အမှန်တကယ် ချိုးဖောက်ဝင်ရောက် ခြင်း ခံလိုက်ရပါက စစ်ရေးအစီရင်ခံစာ သတင်းမှာ အဘယ်ကြောင့် ဤမျှအထိ နှောင့်နှေး ကြန့်ကြာနေရသနည်း ဟူ၍ ဖြစ်၏။
ရုတ်တရက်ဆိုသလို ခန်းမဆောင်ကြီးတစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်ခြောက်ကပ်သွား ခဲ့ပြီး... လီမိသားစုဝင်များ၏ အကြည့်များသည်လည်း မရည်ရွယ်ဘဲ လီရင်းထံသို့ စုပြုံ ကျရောက်သွားခဲ့ကြသည်။
ဒုံးရွှီခံတပ်မြို့ဟာ တကယ်ပဲ ကျဆုံးသွားခဲ့ပြီလား.......
လီချွမ်းလွင်ပြင်မှာ ကျယ်ပြောလှသော လွင်ပြင်ကြီးတစ်ခု ဖြစ်သည်။ သူပုန်များသည် ထိုလွင်ပြင်ထဲသို့ တစ်ကြိမ် ဝင်ရောက်သွားသည်နှင့်... လွင်ပြင်ပေါ်ရှိ ဝံပုလွေအုပ်ကြီးကဲ့သို့ ဖြစ်သွားမည် ဖြစ်ရာ၊ ၎င်းတို့အား အမြစ်ပြတ် သတ်ဖြတ်ချေမှုန်းရန်အတွက် မည်မျှအထိ အချိန်ကြာမြင့်မည်၊ စစ်သည်အင်အား မည်မျှအထိ စေလွှတ်ရမည်ဆိုသည်ကို ခန့်မှန်း နိုင်ရန် ခက်ခဲပေလိမ့်မည်။
ထို့အပြင် သူပုန်များ၏ ဖျက်ဆီးနင်းချေခြင်းကို ခံလိုက်ရသော လီချွမ်းလွင်ပြင်၏ အရှေ့ ပိုင်းသည်... ပြန်လည်သိမ်းပိုက်နိုင်ခဲ့လျှင်ပင် ပရမ်းပတာ ဖြစ်ကျန်ရစ်တော့မည် ဖြစ်သည်။ အခွန်အတုတ်လည်း မရှိ၊ ရိက္ခာဆန်ရေလည်း မရှိတော့ပါက... ဘိုးဘေးနဂါးမြို့တော်သည် ဆိုးရွားစွာ ဆုတ်ယုတ်ကျဆင်းသွားရပေလိမ့်မည်။
"မိသားစုအကြီးအကဲက ဘာမှပြန်မပြောဘဲ သံတမန်ရဲ့ ဒီလိုအပြုအမူမျိုးကို ခွင့်ပြုထား တယ်ဆိုတော့... ဒုံးရွှီခံတပ်မြို့ရဲ့ အခြေအနေက အမှန်ပဲ ဖြစ်ရမယ်" တစ်စုံတစ်ယောက်က တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ရဲ့ ဘိုးဘေးနဂါးမြို့တော်က တကယ်ပဲ သူတစ်ပါးရဲ့ ခြယ်လှယ်မှုကို ခံရတော့မှာလား..." မျိုးနွယ်စုအတွင်းမှ အချို့သောသူများသည် လက်ရှိအခြေအနေ၏ ကြီးလေးမှုကို စတင်သဘောပေါက် နားလည်လာခဲ့ကြသည်။
လေထုတစ်ခုလုံးက ချက်ချင်းပင် လေးလံထိုင်းမှိုင်းသွားခဲ့ပြီး... လူတိုင်းက အချင်းချင်း တီးတိုးဆွေးနွေးနေကြသော်လည်း မိသားစုအကြီးအကဲ၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေနိုင်ကြတော့သည်။
"မိသားစုအကြီးအကဲ... ဒီခွေးကောင်ကို ကျွန်တော့်ကို သတ်ခွင့်ပေးပါ၊ လင်ရှောင်မြို့တော် က ကျွန်တော်တို့နဲ့ စစ်ပြေငြိမ်းဖို့ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘဲ... ကျွန်တော်တို့ကို စော်ကားဖို့အတွက်ပဲ ဒီလူကို စေလွှတ်လိုက်တာလို့ မြင်ပါတယ်" စောစောက မတ်တပ် ရပ်ခဲ့သော တပ်မှူးက ထိုမျှအထိ အတင့်ရဲလှသော အပြုအမူကို နောက်ဆုံးတွင် မအောင့်အီးနိုင်တော့ဘဲ ဒေါသတကြီး လျှောက်တင်လိုက်သည်။
"လူတွေက လီမိသားစုဟာ မျိုးဆက်တစ်ခုထက်တစ်ခု ပိုညံ့ဖျင်းလာပြီး လူအတွေနဲ့ပဲ ပြည့်နှက်နေတယ်လို့ ပြောကြတာ တကယ်ပဲ မှန်နေတာပဲ။ ကဲ... မင်း အခုပဲ ဒီကို တက်လာပြီး ငါ့ကို သတ်လိုက်စမ်း၊ တကယ်လို့ မင်းကို ဘယ်သူမှ မတားဘူးဆိုရင် ငါ့ လည်ပင်းကို ငါကိုယ်တိုင် ဓားနဲ့ပိုင်းဖြတ်ပစ်လိုက်မယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က မင်းကို တားလိုက်မယ်ဆိုရင်တော့... မင်း ဒူးထောက်ပြီး ငါထွေးထုတ်ထားတဲ့ အစေ့တွေနဲ့ အခွံတွေကို ကောက်ဝါးရမယ်" ရန်ရှို့က သူ၏ မာနထောင်လွှားမှုများကို အနည်းငယ်မျှ ဖုံးကွယ်ခြင်းမရှိဘဲ ဟားတိုက်ရယ်မောကာ ပြောလိုက်တော့သည်။