← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

အခန်း (၄၀) ဓားကို စီးနင်းကာ ကြယ်တာရာမြစ်ကို ဖြတ်သန်းခြင်း။

ညဉ့်နက်သန်းခေါင်ယံအချိန်ဖြစ်ပြီး ကောင်းကင်ယံကြီးမှာ နက်မှောင်ပြီး မည်းပြာရောင် သန်းနေခဲ့ပြီ။

ဖန်သားစသဖွယ် တောက်ပနေသော ကြယ်တာရာများက ကောင်းကင်တစ်ခွင်လုံးတွင် ပြည့်နှက်နေပြီး အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတစ်လျှောက်တွင် စိတ်ကူးယဉ်ဆန်လှသော ကြယ်တာရာမြစ်ကြီးတစ်စင်းကို ဖြစ်ပေါ်စေကာ ကျယ်ပြောလှသော စကြဝဠာကြီးထဲသို့ အဆုံးမဲ့ ဆန့်တန်းသွားသည်။

ကြယ်တာရာများသည် နှေးကွေးစွာ ရွေ့လျားနေကြပြီး နှစ်ပေါင်းများစွာ ကြာလွန်ပြီး နောက် ၎င်းတို့အားလုံးသည် ဟာလာဟင်းလင်းဖြစ်နေသော သမုဒ္ဒရာကြီးထဲသို့ စီးဝင်သွား တော့မည့်အတိုင်းပင်။ သို့သော် အောက်ခြေမြေပြင်ပေါ်တွင်မူ လင်းလက်တောက်ပသော ကြယ်ရောင်အလင်းများ အမြဲတမ်း ရှိနေမည်ဖြစ်ကာ မတူညီသော ကောင်းကင်ယံမှ ကြယ်အစုအဝေးများသည် နှစ်ကာလတည်းဟူသော လေပြည်လေညင်းများနှင့်အတူ ရောက်ရှိလာကြလိမ့်မည်...

ကျူးမင်လန်သည် ယခုအခါ ဤကြယ်တာရာမြစ်ကြီး၏ အလယ်ဗဟိုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ထိုကြယ်တာရာ လမ်းမထက်တွင် ဓားကို စီးနင်းကာ ပျံသန်းနေသော ပုံရိပ်ကြောင့် ကျူးမင်လန်မှာ သူ့ခေါင်းပေါ်ရှိ ကြယ်တာရာကောင်းကင်ကြီး မည်မျှပင် စိမ်းစိုတောက်ပနေပါစေ လုံးဝ မေ့လျော့သွားရသည်။ ကောင်းကင်ယံ၏ တောက်ပမှု အားလုံးက သူမအတွက် နောက်ခံကားချပ်တစ်ခုသာသာ ဖြစ်နေသကဲ့သို့ပင်။

လီယွင်ဇီသည် နတ်မိမယ်တစ်ပါးကဲ့သို့ လှပပြီးသားဖြစ်သော်လည်း ယခုအခါတွင်မူ ဓားကို စီးနင်းကာ ကောင်းကင်ယံကို ဖြတ်သန်းနေသည့်အတွက် ကွမ်ဟန်နန်းတော်တွင် မှီတင်း နေထိုင်သည့် ဒဏ္ဍာရီလာ နတ်သမီးနှင့် ပိုတူနေတော့သည်။

သူမသည် အမှန်တကယ်ပင် နတ်ဘုရားအနွယ်ဝင် လူသားတစ်ဦး ဖြစ်နေသည်။

ဓားအလင်းတန်းများက သူမ၏ နတ်ဘုရားလက်နက်များ ဖြစ်ကြသည်။

သူမအား 'ဗယ်လ်ကရီ' ဟု အမြဲခေါ်ဝေါ်ကြသည်မှာ မဆန်းတော့ပေ။ ("Valkyrie" ဆိုသည် မှာ ဒဏ္ဍာရီတွေအရ နတ်ဘုရားအိုဒင် (Odin) ရဲ့ လက်အောက်ခံ... သံချပ်ကာဝတ်စုံကို ဆင်ယင်ပြီး ကောင်းကင်ယံမှာ မြင်းပျံတွေစီးကာ ပျံသန်းနိုင်တဲ့၊ အလွန်လှပပြီး စွမ်းအား ကြီးမားတဲ့ "အမျိုးသမီး စစ်နတ်သမီး" တွေ ဖြစ်ကြပါတယ်။) သူမတို့ရဲ့ အဓိက တာဝန်က တော့ စစ်မြေပြင်မှာ ရဲဝံ့စွာ တိုက်ပွဲဝင်ရင်း ကျဆုံးသွားတဲ့ စစ်သူရဲကောင်းတွေရဲ့ ဝိညာဉ် တွေကို ရွေးချယ်ပြီး နတ်ဘုရားနန်းတော်ဆီ ခေါ်ဆောင်သွားပေးရတာပါ။)

ဤကဲ့သို့ ဓားပျံစီးနင်းသည့် ပညာရပ်သည် သူမအား သာမန်လူသားများနှင့် ကွဲပြားစေပြီး နဂါးထိန်းအချို့ကိုပင် မနာလိုဖြစ်စေကာ မျက်စိစိမ်းအောင်ပင် ပြုလုပ်နိုင်စွမ်းရှိသည်။

မြို့တော်တစ်ခုတွင် နဂါးထိန်း အများအပြားကို မြင်တွေ့နိုင်သော်လည်း နတ်ဘုရား အနွယ်ဝင် လူသားများမှာမူ အလွန်တရာ ရှားပါးလှ၏။ ၎င်းတို့၏ စွမ်းရည်သည် နောက်ပိုင်း မှ ကြိုးစားလေ့ကျင့်ယူ၍ ရနိုင်သည့်အရာမျိုး မဟုတ်ဘဲ များသောအားဖြင့် ထူးခြားဆန်း ပြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံလိုအပ်သည့် ရှေးဟောင်းနတ်ဘုရား အမွေအနှစ်များနှင့် ဆက်နွှယ်နေတတ်သည်။

နတ်ဘုရားအနွယ်ဝင် လူသားများသည် လူသားတို့၏ ကန့်သတ်ချက်ကို ကျော်လွန်နိုင်ကာ ရှေးဟောင်း အစွမ်းထက် သတ္တဝါများကဲ့သို့ သဘာဝလွန် စွမ်းအင်များကို အသုံးပြုနိုင်ကြ သည်။

နှမြောစရာကောင်းသည်မှာ နတ်ဘုရားအနွယ်ဝင် လူသားများသည် အမှန်တကယ် အစွမ်း ထက်သော နဂါးထိန်းများထက် သာလွန်ခြင်း မရှိပေ။

နတ်ဘုရားအနွယ်ဝင် လူသားအချို့သည် နဂါးအုပ်စိုးရှင်တစ်ဦး၏ နဂါးအုပ်စုလိုက် အလုံးအရင်းနှင့် တိုက်ခိုက်မှုကိုပင် မခုခံနိုင်ကြချေ။

ထို့အပြင် နတ်ဘုရားအနွယ်ဝင် လူသားများသည် ဝိညာဉ်နယ်မြေ မရှိသဖြင့် နဂါးများကို မွေးမြူနိုင်ခြင်း မရှိကြချေ။

အရှေ့ဘက်ဒေသတွင်မူ ရွှေ့ပြောင်းနေထိုင်ကြသော ငန်းအုပ်ကြီးကဲ့သို့ တန်းစီကာ အရှေ့ ဘက်ဒေသ မြေပြင်ဆီသို့ ပျံသန်းနေကြသည့် ပုံရိပ်မြောက်မြားစွာ ပေါ်လာသည်။

လီယွင်ဇီ၏ ငွေရောင်ဓားပျံမှာ ထိုညကောင်းကင်ယံတွင် ပျံသန်းနေသော ပုံရိပ်များထက် သိသိသာသာ ပိုမိုမြန်ဆန်‌ေနေသည်။ သူမက ဓားကို ခပ်ဖွဖွလေး တောက်လိုက်ရာ ကျူးမင်လန်နှင့် လီယွင်ဇီတို့ စီးနင်းထားသော ငွေရောင်ပျံသန်းနိုင်သော ဓားသည် အရှိန် အဟုန် မြှင့်တက်သွားပြီး ရှေ့မှအရိပ်များကို အမှီလိုက်လေတော့သည်။

ဘိုးဘေးနဂါး မြို့တော်၏ အထူးရွေးချယ်ထားသော စစ်တပ်ဖြစ်သည့် ပျံသန်းရေးငှက် တပ်ဖွဲ့သည် ညကောင်းကင်ယံကို ဖြတ်သန်းကာ ရုန်တောင်ကြားမြို့ငယ်လေးဆီသို့ ဦးတည် မောင်းနှင်နေကြခြင်း ဖြစ်သည်။

နဂါးတစ်ပိုင်းငှက်ပျံအုပ်ကြီး၏ စနစ်တကျ တဖျပ်ဖျပ် ခတ်နေသော တောင်ပံခတ်သံများ က ရှည်လျားသော တပ်စုများကို ဝန်းရံထားသည့် ကြီးမားသော လေစီးကြောင်းကြီး တစ်ခု ကို ဖန်တီးပေးထားသဖြင့် အချို့ငှက်များ ပင်ပန်းနွမ်းနယ်လာသည့်တိုင် အုပ်စုထဲမှ ပြုတ်မကျဘဲ ဆက်လက် ပျံသန်းနိုင်စေသည်။

ပျံသန်းရေးငှက်တပ်ဖွဲ့သည် အလွန်လျင်မြန်စွာ ရွေ့လျားနေပြီး ရုန်တောင်ကြားမြို့ငယ် လေးသို့ ရောက်ရှိရန် အချိန်အများကြီး လိုတော့မည်မဟုတ်ပေ။ ထိုနေရာ၏ လက်ရှိအခြေ အနေအရ မြို့သခင် ကျိန်းယွီအနေဖြင့် ဤစစ်ကူတပ်ဖွဲ့ ရောက်ရှိလာသည်အထိ အချိန် ဆွဲထားနိုင်လောက်သည်။

“ဧကရီဘုရင်မပဲ။”

တပ်ဖွဲ့၏ နောက်မြီးပိုင်းရှိ စစ်သည်များသည် ပျံသန်းနိုင်သောဓားကို စီးနင်းကာ ချဉ်းကပ် လာသော လီယွင်ဇီနှင့် ကျူးမင်လန်တို့ကို မြင်တွေ့လိုက်ရသဖြင့် အားလုံး အံ့အားသင့်သွား ကြသည်။

သူတို့သည် လီယွင်ဇီ၏ ကျော်ကြားမှုကို ကြားဖူးပြီး စစ်တပ်ထဲတွင် တစ်ခါတစ်ရံ မြင်ဖူး သော်လည်း ယခုကဲ့သို့ ဓားကို စီးနင်းကာ ဓားအင်မော်တယ်ကဲ့သို့ ပျံသန်းနေသည်ကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။

“စစ်သူကြီးလု” လီယွင်ဇီသည် ပျံသန်းရေးငှက်တပ်ဖွဲ့တစ်ခုလုံးကို ကျော်ဖြတ်ကာ စစ်သူကြီးကို တားဆီးလိုက်သည်။

“ဧကရီဘုရင်မ... ဘာကိစ္စရှိလို့လဲဗျာ” စစ်သူကြီးလုက ဝေခွဲမရစွာဖြင့် မေးမြန်းလိုက် သည်။

“စစ်သည်ထက်ဝက်ကို ဘိုးဘေးနဂါး မြို့တော်ဆီ ပြန်ခေါ်သွားပါ၊ ကျန်တဲ့ ထက်ဝက်က တော့ ကျွန်မနဲ့အတူ ရုန်တောင်မြို့ငယ်လေးကို လိုက်ခဲ့ရမယ်” လီယွင်ဇီက ပြောလိုက် သည်။

စစ်သူကြီးလုက မေးခွန်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် လီယွင်ဇီက သူမ၏ စစ်အမိန့်ပေး တံဆိပ်ပြားကို ပစ်ပေးလိုက်သည်။ ထိုတံဆိပ်ပြားကို လှမ်းယူရင်း စစ်သူကြီးလုမှာ စဉ်းစားခန်း ဝင်သွားကာ ခဏအကြာတွင် တံဆိပ်ပြားကို လီယွင်ဇီထံ ပြန်လည်အပ်နှံ လျက် မေးမြန်းလိုက်သည် “အနောက်ဘက်က တိုက်ပွဲ အခြေအနေ ဘယ်လိုရှိလဲဗျာ”

“မြို့တော်ကို ပြန်ရောက်ရင် သိရလိမ့်မယ်၊ ကျွန်မအလိုရှိတဲ့အရာကို ရှေ့တန်းဆီ အမြန်ဆုံး ယူဆောင်လာခဲ့ပါ” လီယွင်ဇီက ထိုစစ်သူကြီးနှင့် အချိန်ဆွဲကာ စကားမပြောလိုတော့ပေ။

ပျံသန်းရေးငှက်တပ်ဖွဲ့၏ စစ်သူကြီးသည် အလေးပြုလိုက်ပြီး လီယွင်ဇီ၏ အမိန့်အားလုံးကို နာခံရန် လက်ထောက်စစ်သူကြီး နှစ်ဦးကို တာဝန်ပေးအပ်လိုက်သည်။

လက်ထောက်စစ်သူကြီး နှစ်ဦးမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။

ပျံသန်းရေးငှက်တပ်ဖွဲ့၏ ထက်ဝက်ကို ပြန်လွှတ်လိုက်ပြီး ကျန်ရှိသော ထက်ဝက်မှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း သောင်းနှင့်ချီသော ဆူပူသောင်းကျန်းသူ စစ်တပ် ကြီးကို တိုက်ခိုက်ရန်မှာ မလွယ်ကူလှချေ။ ၎င်းက အလွန်စွန့်စားရလွန်းသော ကိစ္စရပ်ပင် ဖြစ်သည်။

လီယွင်ဇီက ဓားပေါ်တွင် မတ်တပ်ရပ်လျက် စစ်တပ်ကို အမိန့်ပေးနေဆဲဖြစ်သည်။ လက်ထောက် စစ်သူကြီးတစ်ဦးက တိုးတိုးတိတ်တိတ် တစ်ခုခုပြောလိုက်ရာ လီယွင်ဇီက လှည့်ကြည့်ရင်း ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ထိုလက်ထောက် စစ်သူကြီး၏ နားရွက် တစ်ဖက် ပြတ်ကျသွားလေသည်။

ထိုလက်ထောက်စစ်သူကြီးမှာ ထိတ်လန့်တုန်လှုပ်ကာ ဒေါသထွက်သွားသော်လည်း ပြန်လည်တုံ့ပြန်ရန် မဝံ့ရဲဘဲ သွေးထွက်နေသော နားရွက်ကိုသာ လက်ဖြင့် အုပ်ထားလိုက်ရ သည်။

“မင်းရဲ့လက်အောက်ငယ်သားတွေကို ကောင်းကောင်းထိန်းပါ။ နောက်တစ်ခါ အမိန့်မရှိဘဲ စကားပြောတဲ့လူက နားရွက်တစ်ဖက်တင် ဆုံးရှုံးရမှာ မဟုတ်ဘူး” လီယွင်ဇီက ရေခဲတောင်ကြီးကဲ့သို့ အေးစက်ခက်ထန်လွန်းပြီး သူမ၏ ကြီးမားလှသော ဖိအားများက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။

ထိုလက်ထောက် စစ်သူကြီးသည် နောက်ထပ် စကားတစ်လုံးမျှပင် မပြောရဲတော့ဘဲ နောက်ဆုတ်သွားရသည်။ သူ့နောက်ကွယ်မှ ရှည်လျားသော စစ်တပ်ကြီးမှာလည်း သူတို့ လက်ထောက်စစ်သူကြီး နားရွက်ပြတ်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် တိတ်ဆိတ် ငြိမ်သက်သွားကြတော့သည်။

မကြာမီ ပျံသန်းရေးငှက်တပ်ဖွဲ့သည် စနစ်တကျ ပြန်လည်တန်းစီကာ အရှေ့ဘက်ဒေသသို့ ဆက်လက်ပျံသန်းသွားခဲ့ပြီး ပတ်ဝန်းကျင်လေထုမှာ ယခင်ကဲ့သို့ ပေါ့ပေါ့ပါးပါး မရှိတော့ ပေ။

လီချွမ်းလွင်ပြင်၏ အဆုံးတွင် ကြီးမားသော တောင်တန်းကြီးနှစ်ခုက တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး၊ ၎င်းက ဝူထုမြေပြင်နှင့် ဘိုးဘေးနဂါး မြို့တော်၏ နယ်နိမိတ်ကို ပိုင်းခြားထား သည်။

ဒုံးရွှီခံတပ်မြို့သည် ထိုတောင်တန်း၏ အရှေ့ဘက်တောင်ခြေတွင် ခန့်ညားစွာ တည်ရှိပြီး ရုန်တောင်ကြားမြို့ငယ်လေးမှာမူ အနောက်ဘက်တွင် တည်ရှိကာ လီငါးဆယ်မျှသာ ကွာဝေးသည်။

တောင်တန်းများနှင့် လျှိုမြောင်များကို ဖြတ်ကျော်ရန်မှာ လက်တွေ့မကျပေ။ မတ်စောက် လှသော ချောက်ကမ်းပါးများက စစ်တပ်ချီတက်ရန် မသင့်တော်ချေ။ လီချွမ်းလွင်ပြင်ထဲသို့ အမှန်တကယ် ဝင်ရောက်လိုပါက ရုန်တောင်ကြားမြို့ငယ်လေးကို မလွဲမသွေ ဖြတ်သန်းရ မည်ဖြစ်သည်။

သို့သော် မြင့်မားသော ခံတပ်တံတိုင်းကြီးများပင် သောင်းနှင့်ချီသော ဆူပူသောင်းကျန်းသူ စစ်တပ်ကြီးကို မခုခံနိုင်ရာ၊ ဤသေးငယ်လှသော ရုန်တောင်ကြားမြို့ငယ်လေးက မည်မျှ အထိ တောင့်ခံထားနိုင်မည်နည်း။

မဆုတ်မနစ်ချီတက်လာသော သောင်းကျန်းသူ စစ်တပ်ကြီးက ယခုအခါ ခံတပ်မြို့နှင့် ရုန်တောင်ကြားမြို့ငယ်လေးအကြားတွင် ပိတ်မိနေပြီး ဆာလောင်မွတ်သိပ်နေသော သားရဲအုပ်ကြီးကဲ့သို့ ၎င်းတို့၏ အရှိန်အဟုန်ကို တားဆီး၍မရနိုင်ချေ။ ရွှံ့ညွှန်အိုင်ကြီးထဲမှ ရေများခန်းခြောက်သွားသည်နှင့် ၎င်းတို့သည် ဒေါသအဟုန်ဖြင့် ရုန်တောင်ကြားမြို့ငယ် လေး၏ မြို့သူမြို့သားများအပေါ် ပေါက်ကွဲပစ်ကြလိမ့်မည်။ သွေးကိုသောက်ပြီး အသားကို စားကြမည်ဆိုသည်မှာ ပုံကြီးချဲ့ပြောနေခြင်း မဟုတ်ပေ။

ပျံသန်းရေးငှက်တပ်ဖွဲ့၏ စစ်သည်များက ကောင်းကင်ယံတွင် ဝဲပျံနေကြပြီး ၎င်းတို့ရှေ့မှ အခြေအနေကို မြင်တွေ့ရသောအခါ မယုံကြည်နိုင် ဖြစ်သွားကြသည်။

ကြီးမားသော သောင်းကျန်းသူ စစ်တပ်ကြီးသည် တောင်ကြားအပြင်ဘက်တွင် သိပ်သည်း စွာ တည်ရှိနေပြီး တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့သည့် ရဲရင့်သော စစ်သည်များကိုပင် ထိတ်လန့်သွားစေသည်။ သို့သော် ထိုပျက်စီးလွယ်လှသော ရှေးဟောင်းမြို့ကလေးမှာ ယခုထက်တိုင် မားမားမတ်မတ် တည်ရှိနေဆဲပင်။

ရန်သူက မြို့တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူတို့က ခေါင်းမာစွာ တွန်းလှန်နေ ကြသည်။ မြင့်မားသော မြို့တံတိုင်းများနှင့် အထူးစစ်သည်များ မရှိဘဲ သူတို့ အားကိုး အားထားပြုနေရသည်မှာ ရေပြည့်နေသော အိုင်ကြီးတစ်ခုနှင့် မြင့်မားသော မြေပြင်ပေါ် တွင် နေရာယူထားသည့် မြားသမား တစ်ထောင်မျှသာ ဖြစ်သည်။

သူတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မမြင်တွေ့ခဲ့ရလျှင် ရုန်တောင်ကြားမြို့ငယ်လေးသည် ဆူပူသောင်းကျန်းသူ စစ်တပ်ကြီးကို ကြံ့ကြံ့ခံကာ စစ်ကူများ ရောက်ရှိလာသည်အထိ အချိန်ဆွဲထားနိုင်ခဲ့သည်ကို မည်သို့ ယုံကြည်နိုင်ပါမည်နည်း။

“အံ့ဖွယ်ပဲ။”

“ဒီတစ်ကြိမ်တော့ ကောင်းကင်ဘုံက ငါတို့ဘိုးဘေးနဂါးမြို့တော်ကို စောင့်ရှောက်တာပဲ။ အမှန်တကယ်လည်း နတ်ဘုရားတွေ စွန့်ပစ်ခံထားတဲ့ အောက်တန်းစား အရပ်သားတွေ ဟာ လီချွမ်းလွင်ပြင်ပေါ် ခြေချခွင့်မရှိဘူး” သွေးတိတ်သွားသော နားရွက်ကို ကိုင်ထားသည့် လက်ထောက်စစ်သူကြီးက ပြောလိုက်သည်။

“ဧကရီဘုရင်မ... ကျွန်တော့်ကို လူတစ်ရာလောက် ခေါ်သွားခွင့်ပြုပါ၊ ရေအိုင်ကြီးရဲ့ အပေါ် စီးကနေ တိုက်ခိုက်ပြီးတော့ အဲဒီသောင်းကျန်းသူတွေကို အရင်ဆုံး ရှင်းလင်းပစ်ပါ့မယ်” မျက်ခုံးမွှေးရှည်ရှည်နှင့် အခြား လက်ထောက်စစ်သူကြီးက တောင်းဆိုလိုက်သည်။

သာမန်စစ်သည်များအတွက်မူ နဂါးတစ်ပိုင်းငှက်ပျံများသည် အမဲလိုက်ငှက်ရဲကြီးများ ဖြစ်ကြသည်။ ယခုအချိန်တွင် ရန်သူအများစုမှာ ကျဉ်းမြောင်းသော တောင်ကြားလမ်းထဲ တွင် ပိတ်မိ နေဆဲဖြစ်ရာ ၎င်းတို့အပေါ်သို့ တည့်တည့် ထိုးဆင်းတိုက်ခိုက်ခြင်းက သိန်းငှက် တစ်ကောင်က ကြက်ကလေးကို ဖမ်းယူသကဲ့သို့ လွယ်ကူလှပေလိမ့်မည်။

“ကျွန်တော်လည်း ကိုယ့်အပြစ်ကို ဆေးကြောတဲ့အနေနဲ့ စစ်တပ်ကို ဦးဆောင်ပြီး ရန်သူကို ရင်ဆိုင်ပါ့မယ်” နားရွက်တစ်ဖက် ပြတ်နေသော လက်ထောက်စစ်သူကြီးက ပြောလိုက် သည်။

လီယွင်ဇီက အမိန့်ပေးရန် လောမနေဘဲ သူမငွေရောင်ဓားပျံပေါ်တွင် ရပ်လျက် အခြေအနေတစ်ခုလုံးကို စူးစမ်းလေ့လာနေသည်။

“ဧကရီဘုရင်မ... ကျေးဇူးပြုပြီး အမိန့်အမြန် ထုတ်ပေးပါ။ အိုင်ထဲကရေတွေ မကြာခင် ခန်းခြောက်တော့မှာပါ၊ ဆူပူသောင်းကျန်းသူ စစ်တပ်ကြီး ရုန်တောင်ကြားမြို့ငယ်လေးထဲ ဖောက်ဝင်သွားပြီဆိုရင် ကျွန်တော်တို့ဘယ်လောက်ပဲ မြန်မြန်သတ်သတ် နောက်ဆုံးမှာ ပြည်သူအားလုံးကို ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး” မျက်ခုံးမွှေးရှည်ရှည်နှင့် လက်ထောက် စစ်သူကြီးက ပြောလိုက်သည်။

“ကောင်းကင်ယံမှာပဲ နေရာယူထားပါ” လီယွင်ဇီက ပြောလိုက်သည်။

“သူတို့က ရေအိုင်ကို ဖြတ်တော့မှာနော်။”

“နေရာယူထားကြ” လီယွင်ဇီက ထပ်လောင်းပြောကြားလိုက်သည်။

လက်ထောက် စစ်သူကြီးနှစ်ဦးမှာ စိတ်လောနေကြသော်လည်း ရိုသေစွာဖြင့်သာ ဦးညွှတ် လိုက်ရတော့သည်။

“မင်လန်... ရုန်တောင်ကြားမြို့ငယ်လေးထဲကို သွားပြီး မြို့သူမြို့သားတွေကို စိတ်အေးရ အောင် သွားပြောပေးပါ” လီယွင်ဇီက ကျူးမင်လန်ကို ပြောလိုက်သည်။

“အမှန်တော့ ငါ...” ကျူးမင်လန်က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ခြေဖဝါးအောက်ရှိ ငွေရောင်ဓားပျံက အရှိန်မြင့်တက်သွားကာ ရုန်တောင်ကြား မြို့ငယ်လေးဆီသို့ တည့်တည့် ဦးတည်သွားလေတော့သည်။

ရုန်တောင်ကြားမြို့ငယ်လေး၏ ကင်းမျှော်စင်ထက်တွင် မြို့သခင် ကျိန်းယွီသည် ကျူးမင်လန်တစ်ယောက် ပျံသန်းနိုင်သောဓားကို မတ်တပ်ရပ်စီးရင်း ယိမ်းထိုးကာ ဆင်းသက်လာသည်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေပြီးနောက် ဓားပျံပေါ်မှ ခုန်ဆင်း လာသည်ကို မြင်လိုက်ရ၏။

“ကျူး... ညီအစ်ကိုကျူးလား” ကျိန်းယွီသည် လီချွမ်းနဂါးထိန်းအကယ်ဒမီမှ ကျောင်းသား ဖြစ်ကြောင်း အတည်ပြုရန် အပြေးအလွှား ရှေ့သို့တိုးလာခဲ့ပြီး သူ၏ပင်ပန်းနွမ်းနယ်နေ သော မျက်နှာထက်တွင် ဝမ်းမြောက်ဟန် အရိပ်အယောင်များ ပေါ်လာကာ ပြောလိုက် သည် “ညီအစ်ကိုကျူးက စစ်ကူတွေကို ခေါ်ဆောင်လာပေးတာပဲ။ ရုန်တောင်ကြား မြို့ငယ် လေးရဲ့ မြို့သူမြို့သား အားလုံးကိုယ်စား အထူးပဲ ကျေးဇူးတင်ရှိပါတယ်ဗျာ”

ကျိန်းယွီက စည်းစနစ်တကျ ရိုသေစွာ ဦးညွှတ်လိုက်သဖြင့် ကျူးမင်လန်မှာ အနည်းငယ် အားနာသွားရပြီး သူ့ကို အမြန်ပင် တွဲထူလိုက်ရသည်။

“ရုန်တောင်ကြားမြို့ငယ်လေးရဲ့ မြို့သူမြို့သားတွေကို ကာကွယ်ခဲ့တာ ခင်ဗျားပါ၊ ကျွန်တော်ကတော့ သတင်းပို့သူသက်သက်ပါပဲ၊ စောင့်ကြည့်သူတစ်ယောက်ပေါ့ဗျာ” ကျူးမင်လန်က ပြောလိုက်သည်။

“ပျံသန်းနိုင်တဲ့ဓားနဲ့ဆိုတော့... အဲဒါ ဧကရီဘုရင်မလား” ကျိန်းယွီက မော့ကြည့်ရင်း မေးမြန်းလိုက်သည်။

“ဟုတ်ပါတယ်။”

“ညီအစ်ကိုကျူးက ဧကရီဘုရင်မနဲ့ ရင်းနှီးတာလား” ကျိန်းယွီက စူးစမ်းလိုက်လေသည်။

"အာ... နည်းနည်းပါးပါးလောက်ပဲ ရင်းနှီးတာပါ" ကျူးမင်လန်က ထိုမေးခွန်းက အနည်း ငယ် ထိလွယ်ရှလွယ် ဖြစ်လွန်းသည်ဟု ခံစားလိုက်ရသဖြင့် မရေမရာ ပြန်လည်ဖြေကြား လိုက်သည်။

"ပျံသန်းရေးငှက်တပ်ဖွဲ့က အရှေ့ဘက်ဒေသမှာ ပေါ်လာတယ်ဆိုတော့... ဒါ သတင်းဆိုးပဲ" ကျိန်းယွီက စစ်ကူများ ရောက်ရှိလာခြင်းအပေါ် ဝမ်းမြောက်ခြင်း မရှိဘဲ ထိုသို့ပြောကာ လေးပင်စွာပင် သက်ပြင်းချလိုက်တော့သည်။

"ဘာဖြစ်လို့လဲဗျ" ကျူးမင်လန်က ကျိန်းယွီ၏ စိုးရိမ်ပူပန်မှုကို နားမလည်နိုင် ဖြစ်သွားရ သည်။

"ငါ တကယ်ကို မိုက်မဲခဲ့တာပဲ... ဘိုးဘေးနဂါးမြို့တော်ရဲ့ လက်ရှိအခြေအနေကို သတိမမူ မိခဲ့ဘူး။ အရှေ့ဘက်ဒေသက ဒုံးရွှီခံတပ်မြို့ ကျရှုံးတဲ့နေ့ဟာ လင်ရှောင်မြို့တော်က ငါတို့ရဲ့ အနောက်ဘက်ဒေသက နယ်မြေတွေကို အကြီးအကျယ် ထိုးစစ်ဆင်မယ့်နေ့ပဲ။ အခု ဘိုးဘေးနဂါးမြို့တော်က အထူးလက်ရွေးစင်ဖြစ်တဲ့ ပျံသန်းရေးငှက်တပ်ဖွဲ့က ပုန်ကန်မှုကို နှိမ်နင်းဖို့ အရှေ့ဘက်ဒေသကို ရောက်လာပြီဆိုတော့... ငါတို့ရဲ့ အနောက်ဘက်ဒေသက မြို့တွေအားလုံး သိမ်းပိုက်ခံလိုက်ရမှာကို စိုးရိမ်မိတယ်။ ငါတို့ ရုန်တောင်ကြားမြို့ငယ်လေး ကို ထိန်းထားနိုင်ခဲ့ရင်တောင် ပိုပြီးကြီးမားတဲ့ အခြေအနေတစ်ခုလုံးကို ဆုံးရှုံးလိုက်ရပြီ" ကျိန်းယွီက သူ့ကိုယ်ကိုယ် အပြစ်တင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

ရုန်တောင်ကြားမြို့ငယ်လေးမှ အရပ်သားပြည်သူများသည်လည်း လူသားများဖြစ်ကြပြီး အနောက်ဘက်ဒေသ မြို့လေးမြို့မှ အရပ်သားများသည်လည်း လူသားများပင် ဖြစ်ကြ၏။ လင်ရှောင်မြို့တော်၏ ရက်စက်ကြမ်းကြုတ်မှုကို ထောက်ရှုလျှင် သူတို့သည် အနောက် ဘက်ဒေသ မြို့များမှ အရပ်သားပြည်သူများအပေါ် မညှာမတာ ပြုမူကြလိမ့်မည်ကို သူ အကြီးအကျယ် စိုးရိမ်နေမိသည်။

ကျူးမင်လန်သည် ဘိုးဘေးနဂါးမြို့တော်၏ စစ်ရေးအခြေအနေကို အသေးစိတ် မသိရှိ သော်လည်း ကျိန်းယွီ၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရသည့်အခါတွင်မူ လော့ရှောင်၏ လုပ်ရပ်များကို ရုတ်တရက် သဘောပေါက်သွားခဲ့တော့သည်။

လော့ရှောင်သည် လင်ရှောင်မြို့တော်နှင့် ကြိုတင်ပူးပေါင်း လျှို့ဝှက်အကြံစည်ထားခဲ့သည် မှာ သေချာသလောက်ပင်။ ဒုံးရွှီခံတပ်မြို့ ကျဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူသည် လင်ရှောင်မြို့တော်ထံသို့ ချက်ချင်း သတင်းပို့ခဲ့ပြီး စစ်ရေးအစီရင်ခံစာ ပို့ဆောင်မည့် သတင်းပို့အားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်။ ထိုသို့ဖြင့် ဘိုးဘေးနဂါး မြို့တော်ထံ စစ်ရေး သတင်းများ နောက်ကျသွားစေရန် ပြုလုပ်ခဲ့ပြီး မြို့တော်ကို ရှေ့တန်းတိုက်ပွဲ နှစ်ခုစလုံး တွင် အကျပ်ရိုက်စေကာ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်အောင် တွန်းပို့ခဲ့ခြင်း ဖြစ်ပေသည်။

တကယ့်ကို ယုတ်မာကောက်ကျစ်တဲ့ နှလုံးသားပါလား။

"အခုအချိန်မှာ နောက်ကျသွားပြီဆိုပေမယ့်လည်း ဧကရီဘုရင်မထံ ဒီသတင်းစကား ပါးပေးဖို့ ညီအစ်ကိုကျူးကိုပဲ အနှောင့်အယှက်ပေးပါရတော့မယ်" ကျိန်းယွီက ဆိုလိုက် သည်။

"အစ်ကိုကြီးကျိန်း... စိုးရိမ်ပူပန်နေဖို့ မလိုပါဘူးဗျာ။ လင်ရှောင်မြို့တော်က ငါတို့နဲ့ ထိပ်တိုက်တွေ့ပွဲမှာ အကြီးအကျယ် အထိနာသွားခဲ့ပြီလေ။ ရန်သူ့စစ်သူကြီးတွေလည်း အဖမ်းခံလိုက်ရသလို... ကျွန်တော် တိုင်ပင်ဆွေးနွေးရာ ခန်းမဆောင်ကြီးကနေ မထွက်ခင် တုန်းကပဲ လင်ရှောင်မြို့တော်ရဲ့ သံတမန်က ဒူးထောက်ပြီး နယ်မြေပေးအပ်တဲ့ စာချုပ်ကို ရေးသားနေရတာ။ ဧကရီဘုရင်မကိုယ်တိုင် သူမတောင်းဆိုတဲ့ မြို့တွေရဲ့ နာမည်တွေကို အဲဒီစာချုပ်ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျ ရေးသားနေခဲ့တာဗျ" ကျူးမင်လန်က ပြောပြလိုက် တော့သည်။

"တကယ်... တကယ်ပြောတာလား..." ကျိန်းယွီက အံ့အားသင့်တုန်လှုပ်စွာဖြင့် မေးမြန်း လိုက်သည်။

"အမှန်ပဲ..."

စာစဉ် (၄) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters