← Chapters

ဘိုးဘေး

Vol. 010 Ch. 459

ဘိုးဘေး

Vol. 010 Ch. 459

သည်လူက ထိုသို့ပြောပြီးနောက် သူ့ညာလက်ဖြင့် ပန်းပုရုပ်ထံသို့ လက်ညွှန်လိုက်သည်။ တက်တူးနဂါးများက သစ်သားပန်းပုရုပ်ထံသို့ တိုးဝင်သွားပြီး လေထုပေါက်ကွဲသံများ ဖြစ်ပေါ်ကုန်၏။

သည်နေရာတွင် စုဝေးမိနေသော ကျောက်နိုင်ငံရှိ ကျင့်ကြံသူတိုင်းက သစ်သားပန်းပုရုပ်ကို ကြည့်နေကြ၏။ သည်သစ်သားပန်းပုရုပ်က သူတို့၏ မျှော်လင့်ချက်ပင် ဖြစ်၏။

ပန်းပုရုပ်က ညင်သာစွာ တုန်ခါသွားပြီး တောက်ပလာခဲ့၏။ သည့်နောက် ၎င်းထံကနေ အလင်းကွင်းတစ်ခုက ထွက်ပေါ်လာပြီး တက်တူးနဂါးများနှင့် ထိပ်တိုက်တွေ့ကြသည်။

ဘုန်း…။ဘုန်း…။

ဆက်တိုက် ပေါက်ကွဲသံများနှင့်အတူ တက်တူးများကနေ ဖြစ်ပေါ်လာသည့် နဂါးများက မတည်မငြိမ်ဖြစ်၍ အားနည်းသွားတော့၏။ သည့်နောက် တဖြည်းဖြည်းဖြင့် ၎င်းနဂါးအများစုတို့သည် ပျောက်ကွယ် သွားတော့သည်။

ကျန်နေသေးသော တက်တူးများကလည်း အရွယ်အစားတစ်ခုထိ သေးငယ်သွားကြ၏။

ကျောက်နိုင်ငံရှိ ကျင့်ကြံသူများက သည်အခြင်းအရာကို တွေ့သည့်အခါ စိတ်လှုပ်ရှားသွားကြ၏။

“ဒါက ဘာလဲ…” ဒီသစ်သားရုပ်က တကယ်စိတ်ဝင်စားဖို့ ကောင်းတာပဲ…။ ဒါကို ဖျက်ဆီးပစ်ရင် ဖြုန်းတီးရာ ကျသွားလိမ့်မယ်…” စွန့်ပစ်ခံမသေမျိုးကလန် အဖွဲ့ဝင်၏ မျက်လုံးက လက်ခနဲဖြစ်သွားကာ သူက လက်ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း တက်တူးအချို့ ဖြစ်ပေါ်လာကြသည်။

သည်တက်တူးများက သူ့ပတ်လည်တွင် ဝန်းရံနေပြီး သူက ရှေ့သို့ တိုး၍ လှမ်းလျှောက်လိုက်သည်။

သစ်သားပန်းပုရုပ်က နောက်တစ်ကြိမ် လင်းသွားပြန်သည်။ အလင်းကွင်းက ပိုချဲ့ထွင်လာပြီး မသေမျိုး ကလန်အဖွဲ့ဝင်၏ တက်တူးများနှင့် သွားရောက်ထိကြသည်။ အလင်းကွင်းက ပြင်းထန်စွာ တုန်ခါသွား၏။ ၎င်းအလင်းတန်းက တက်တူးများကို ခုခံနိုင်ခြင်း မရှိတော့ပဲ နောက်ဆုံးတွင် ပျောက်ကွယ် သွားတော့သည်။

ခြေတစ်လှမ်းတည်းဖြင့် စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်က ဟုန်ယွီတောင်ထိပ်သို့ ရောက်လာခဲ့သည်။ သူက လက်ဆန့်တန်းလိုက်ရာ သစ်သားပန်းပုကို ဆွဲယူရန် ဟန်ပြင်လိုက်၏။

သို့သော် ပန်းပုရုပ်ထဲက အလင်းက ရုတ်တရက် မျက်စိကျိန်းမတတ် တောက်ပသွားပြီး သည်ဧရိယာ တစ်ခုလုံး လင်းထိန်သွား၏။ သို့သော် စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်၏ မျက်လုံးထဲ၌ အထင်အမြင် သေးမှုများ ရှိနေဆဲသာ။ သူက လက်ဆန့်တန်း၍ သစ်သားပန်းပုရုပ်ကို ဖိချလိုက်၏။

“မင်းရဲ့ ပိုင်ရှင်ကိုယ်တိုင် လာမယ်ဆိုရင်တောင် ငါက ငါလုပ်ချင်သလို လုပ်လို့ရနေတုန်းပဲ…” သည်လူက သစ်သားပန်းပုရုပ်ကို ကောက်ယူ၍ ပြုံးလိုက်သည်။ “ဒါက ရတနာတစ်ခုပဲ။ နောက်ကျလို့ အခွင့်အရေးတစ်ခု ရှိလာရင် ငါက ဒီသစ်သားပန်းပုရုပ် ထားခဲ့တဲ့ ဂျူနီယာနဲ့ တွေ့ချင်မိသေးတယ်…”

ဟုန်ယွီကလန် တစ်ခုလုံးက တိတ်ဆိတ်သွား၏။ ကျင့်ကြံသူအားလုံးက စိတ်ထဲ၌ တွေးတောနေကြသည်။ သူတို့၏ မျှော်လင့်ချက်က လွယ်လင့်တကူ ပျက်စီးသွားခဲ့ပြီ မဟုတ်လား။ ကြည့်ရသည်မှာ ကျောက်နိုင်ငံ၏ ပျက်စီးမှုသည် မလွဲဧကန် ဖြစ်လာတော့မည်ပုံပင်။

စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်၏ မျက်လုံးထဲရှိ အထင်အမြင်သေးမှုက ပို၍ အားကောင်းလာခဲ့သည်။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “ငါက ဒီရတနာတစ်ခုကို ရလိုက်တဲ့အတွက် မင်းတို့ကောင်တွေကို ခက်ခဲအောင် မလုပ်ချင်ဘူး။ အရှုံးပေးပြီး ငါတို့ စွန့်ပစ်ခံမသေမျိုး ကလန်ကို အလုပ်အကျွေးပြုစုပါ။ ငါက မင်းတို့ ဟင်္သာပြဒါးနိုင်ငံ လက်အောက်မှာ နေတာထက် ပိုကောင်းလိမ့်မယ်လို့ ကတိပေးတယ်…”

“ငါ့သစ်သားပန်းပုရုပ်က မင်း ယူသွားနိုင်တဲ့အရာ မဟုတ်ဘူး…” တည်ငြိမ်သော အသံတစ်ခုက လေဟာနယ်ထဲကနေ ထွက်ပေါ်လာပြီးနောက် ပုံရိပ်နှစ်ခု ထွက်ပေါ်လာ၏။

စွန့်ပစ်ခံမသေမျိုး ကလန်အဖွဲ့ဝင်အဘိုးအိုက ရုတ်တရက်နောက်သို့ လှည့်၍ ကြည့်လိုက်သည်။သ ူ့မျက်နှာပေါ်၌ ထိတ်လန့် ကြောက်ရွံ့နေသည့်ဟန် ဖြစ်ပေါ်နေသည်။ သူ့ကို ထိတ်လန့်စေသည့် အရာက တစ်စုံတစ်ယောက်သည် သူသတိမပြုမိပဲ သူ့နောက်သို့ မည်သည့်အချိန်က ရောက်မှန်းမသိ ရောက်နေနိုင်စွမ်း ရှိနေခြင်းကိုပင်။

သည်လေဟာနယ်ထဲကနေ ပေါ်လာသည့် နှစ်ယောက်က ဝမ်လင်းနှင့်ဝမ်ကျောက်တို့ ဖြစ်ကြ၏။

သူတို့နှစ်ယောက် ပေါ်လာသည့် အခိုက်တွင် ကျောက်နိုင်ငံရှိ အချို့ကျင့်ကြံသူများက ဝမ်လင်းကို သိရှိသွားကြ၏။

ဘိုးဘေး…။

ဘိုးဘေး…။

ကျင့်ကြံသူ အုပ်စုထဲကနေ စိတ်လှုပ်ရှား၍ အော်ဟစ်သံ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် သည်အော်သံများသာ သည်ကမ္ဘာ၌ ရှိနေသည့်အလား ထင်မှတ်လိုက်ရ၏။

“ဘိုးဘေး…” ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်ပြသည်။

အော်ဟစ်သံများက ပိုပိုကျယ်လောင်လာခဲ့၏။

စွန့်ပစ်ခံမသေမျိုး ကလန်၏ အဘိုးအိုအသွင်က အလွန်ရုပ်ဆိုးလို့ သွားသည်။ သူ့မျက်လုံးထဲရှိ အထင်သေးမှုသည်လည်း ပျောက်ကွယ်သွားပြီး အလွန်ကြောက်လန့်မှုက အစားဝင်လာခဲ့၏။

“ဆရာ…” သူက ပါးစပ်ဟ၍ စကားပြောရန် ကြံရွယ်လိုက်စဉ်မှာပင် ဝမ်လင်းက ဖြတ်ပြောလိုက်၏။

“ငါ့ပန်းပုရုပ် ပြန်ပေးစမ်း…” ဝမ်လင်းအသံက ရိုးရှင်းသော်လည်း ယင်းအသံထဲ၌ အားကောင်သော အငွေ့အသက်တို့ ပါဝင်နေ၏။

စွန့်ပစ်ခံမသေမျိုး ကလန်အဘိုးအို၏ အသွင်က သုန်မှုန်သွားသည်။ အကြည့်တစ်ချက်ဖြစ်ပင် သည်လူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ဖြစ်ကြောင်း သူက သိလိုက်၏။ သို့ရာတွင် သူက အနီးကပ် ကြည့်လေလေ သည်လူ့ထံကနေ ထူးဆန်းသော အင်အားတစ်ခုကို ခံစားမိနေ၏။ သူက သည်လိုစွမ်းအားမျိုးကို သူ့ကလန်ရှိ စီနီယာများထံကနေ ကြားခဲ့ဖူး၏။ သည်စွမ်းအားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်၏ အမှတ်သင်္ကေတပင် ဖြစ်ချေသည်။

သူက အနည်းငယ် စဉ်းစားပြီးနောက် ပန်းပုရုပ်ကို ဝမ်လင်းထံသို့ ချက်ချင်း ပြန်ပေးလိုက်သည်။

ဝမ်လင်းက သစ်သားပန်းပုရုပ်ကို ဖမ်းလိုက်သည့် အခိုက်တွင် အဘိုးအိုက အော်ပြောလိုက်သည်။ “တက်တူး…ပေါက်ကွဲစမ်း…”

မျက်စိတစ်မှိတ် အတွင်း သစ်သားပန်းပုရုပ်ထဲ ကနေ များစွာသော တက်တူးများ ထွက်ပေါ်လာပြီး ပေါက်ကွဲသွားပြီး ပြင်းထန်သော အားတစ်ခုကို ဖြစ်စေ၏။

ဝမ်လင်းက တည်ငြိမ်စွာပင် သည်ပေါက်ကွဲမှုကို လက်ညွှန်လိုက်ရာ ထူးဆန်းသော အားတစ်ခုကြောင့် သည်ပေါက်ကွဲအားများက သေးငယ်သော အလုံးတစ်ခုအဖြစ်သို့ ဖိသိပ်ခြင်း ခံလိုက်ရသည်။

သည်အလုံးထဲ၌ အခိုးငွေ့များနှင့် ပြည့်နေပြီး သည်တက်တူးများ၏ ပေါက်ကွဲစွမ်းအင်များ ပါဝင်နေသည်။

စွန့်ပစ်ခံမသေမျိုးကလန်၏ အဘိုးအိုသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူက သူတို့ အလစ်တိုက်ခိုက်မှုကို ဝမ်လင်းက လွယ်လင့်တကူ တားဆီးနိုင်လိမ့်မည်ဟု မထင်ထားမိချေ။

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း…” သူက သူ့ကိုယ်သူ ထိုသို့ခါးသီးစွာပြော၍ ချက်ချင်းထွက်ပြေးရန် ပြင်လိုက်သည်။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဆန့်ကျင်နိုင်သည့် အခွင့်ရေး လုံးဝမရှိကြောင်း သိနေသည်။

“ကံမကောင်းလိုက်တာ…ငါက အဆင့်သုံးနိုင်ငံရဲ့ ဘိုးဘေးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် မွန်းစတားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်လိုလုပ် ထင်ထားမှာလဲ…” စွန့်ပစ်ခံမသေမျိုး ကလန်၏ အဘိုးအိုက နှလုံးသားထဲ၌ ခါးသီးစွာ ခံစားနေရသည်။ သူက ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်က နက်မှောင်လာ၏။ သည့်နောက် ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပြီး ကြီးမားသည့် လေဟာနယ် အက်ကြောင်းတစ်ခုက သူထွက်မသွားနိုင်ရန် ပိတ်ဆို့လာ၏။

အဘိုးအိုက ကြောက်ရွံ့စွာ ရပ်တန့်လိုက်၏။

“ငါ မင်းကို သွားခွင့်ပေးလို့လား…” ဝမ်လင်းက သည်အဘိုးအိုကို အေးစက်စွာ ကြည့်လိုက်၏။ ထို့နောက် သူက သစ်သား ပန်းပုရုပ်ထဲကို နတ်ဘုရားအာရုံ အသစ်တစ်ခု သွင်းလိုက်သည်။ သူက သည်ပန်းပုရုပ်ကို ဟုန်ယွီတောင်ရှိရာသို့ ပြန်ပစ်လွှတ်လိုက်၏။

အဘိုးအိုအသွင်က သုန်မှုန်နေ၏။သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ဆရာ…သဘောတူညီချက်အရ ဟင်္သာပြဒါးနိုင်ငံက အဆင့်သုံးနိုင်ငံတွေကို ငါတို့အတွက် လက်လျှော့ခဲ့တယ်။ အဲဒီလိုလုပ်လို့ ငါတို့ အဆင့်လေးနိုင်ငံတွေကို တိုက်ခိုက်ဖို့က ကြန့်ကြာခဲ့တယ်။ သင်က ဒီသဘောတူညီချက်ကို ဖျက်ဆီးချင်တာလား…”

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “မင်းတို့နဲ့ ဘယ်သူ သဘောတူထားတာလဲ။ ကျူးချွဲဇီလား…”

အဘိုးအိုက မှင်တက်သွား၏။ သူက ဝမ်လင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ “ဆရာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ဆိုတော့ ချန်းဖန်ကို သိကိုသိလိမ့်မယ်…။ သူက ကျူးချွဲဇီရဲ့ ကိုယ်စားပြုသူပဲ။ ငါတို့ လူငယ်ကလန်ခေါင်းဆောင်နဲ့ သူနဲ့ သဘောတူခဲ့ကြတာ…”

“ချန်းဖန်…” ဝမ်လင်းမျက်လုံးများက အလေးအနက် ဖြစ်သွား၏။ သူက သည်နာမည်ကို ကြားရတာ နှစ်ခါရှိပြီ ဖြစ်သည်။ ပထမတစ်ခါက လျိုမေထံကနေ ဖြစ်ပြီး နောက်တစ်ကြိမ်က အခုကြားရခြင်း ဖြစ်သည်။

ဝမ်လင်း အေးစက်စွာ ပြောလိုက်သည်။ “အဓိပ္ပာယ် မရှိလိုက်တာ…” သူက လက်မြှောက်၍ ပေါက်ကွဲမှုစွမ်းအင်များ ရှိနေသော အလုံးထံသို့ လက်ညွှန်လိုက်၏။ သည်အလုံးက အရိပ်တစ်ခုအသွင်သို့ ပြောင်း၍ စွန့်ပစ်ခံမသေမျိုး ကလန်၏ အဘိုးအိုထံသို့ ပျံသန်း ဝင်ရောက်သွားသည်။

အဘိုးအိုအသွင်က လုံးဝ ပြောင်းလဲသွားသည်။ သူက သူ့မျက်ခုံးနှစ်ခုကြားကို လက်ထောက်လိုက်၏။ အစိမ်းရောင် အလင်းတောက်တောက် တစ်ခုက သူ့နဖူးကနေ ထွက်ပေါ်လာသည်။ သည့်နောက် သည်အလင်းထဲကနေ သစ်ရွက်ခုနစ်ရွက် ရှိသည့် သစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာပြီး သည်အလုံးနှင့် ထိပ်တိုက် တွေ့ဆုံကြတော့၏။

ဘုန်း…။

အဘိုးအိုက နောက်သို့ တရွတ်ဆွဲသွားပြီး သွေးများစွာ အန်ထုတ်လိုက်ရသည်။ သူ့နဖူးပေါ်ရှိ သစ်ပင်ကတော့ ဒဏ်ရာရသွားခြင်း မရှိဘဲ ပို၍ တောက်ပလာသည်။ သို့ရာတွင် သူက တိုက်ခိုက်လိုစိတ် မရှိတော့ချေ။ နောက်သို့ ပြန်ဆုတ်နေရင်း သူက ခရမ်းရောင် တုတ်ချောင်းတစ်ခုကို ထုတ်ယူလိုက်သည်။ သူက သည်တုတ်ချောင်းကိုအသုံးပြု၍ သူ့ရှေ့ရှိ လေဟာနယ် အက်ကြောင်းထဲတွင် တုန်ခါလှိုင်းများ ဖန်တီးလိုက်၏။ သည့်နောက် သူက သည်တုန်ခါလှိုင်း တစ်ခုထံသို့ ရောက်လုနီးပါး ဖြစ်သွားသည်။

သူအသုံးပြုသော ခရမ်းရောင် တုတ်ချောင်းက ပြန်လည်မွေးဖွားခြင်း သစ်ပင်၏ အကိုင်းတစ်ခု ဖြစ်သည်။ စွန့်ပစ်ခံ မသေမျိုးကလန်၏ အထူးနည်းလမ်း တစ်ခုသည် ပြန်လည်မွေးဖွားခြင်း သစ်ပင်၏ သစ်ကိုင်းတစ်ခုကို အသုံးပြုကာ မူလသစ်ပင်ရှိရာသို့ တည်နေရာ ရွှေ့ပြောင်းပေးနိုင်ခြင်း ဖြစ်သည်။

ဝမ်လင်း မျက်လုံးများက တည်ငြိမ်နေ၏။ သူက လက်မြှောက်ကာ ပြောလိုက်သည်။ “စုပ်ယူခြင်း…”

အဘိုးအိုကို ဗဟိုပြု၍ သည်ဧရိယာရှိ တိမ်များအားလုံးက အဝန်းအဝိုင်းအသွင် ဖြစ်ပေါ်လာပြီးနောက် လျင်မြန်စွာ ကျုံ့လာပြီး ပေသုံးဆယ်ခန့်သာ ရှိတော့သည်။

အဘိုးအိုမျက်နှာက ကြောက်လန့်မှုတို့နှင် ပြည့်နေ၏။ တည်နေရာ ရွှေ့ပြောင်း ပေးနိုင်သည့် စွမ်းအားပါဝင်သည့် တုန်ခါလှိုင်းက ၎င်း၏ သက်ရောက်မှုကို ဆုံးရှုံး၍ ပျက်စီးသွားတော့သည်။

အရပ်မျက်နှာ အသီးသီးကနေ အားကောင်းသော ဖိအားတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်ထံသို့ မျက်စိတစ်မှိတ် အတွင်း ကျရောက်လာ၏။

သူက ဘယ်တုန်းကမှ မခံစားဖူးသည့် မျှော်လင့်ချက် ပျက်သုဉ်းခြင်းကို ခံစားလိုက်ရသည်။ သူ့မျက်လုံးထဲရှိ အလွန်အမင်း ကြောက်လန့်မှုက ပိုဆိုးလာခဲ့ပြီး သူက သူ့ရင်ဘတ်ပေါ်၌ ထူးဆန်းသော သင်္ကေတတစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ သူက သူ့ရင်ဘတ်ကို ဖိချလိုက်ရာ သွေးစီးကြောင်း ဆယ်ခု ထွက်ပေါ်လာ၏။

သည်နေရာများကနေ သွေးများစွာ ပန်းထွက်လာပြီးနောက် သူ့နဖူးပေါ်ရှိ သစ်ပင်က သည်သွေးများကို ရူးသွပ်စွာ စုပ်ယူလေသည်။ အပင်က မြန်ဆန်စွာ ကြီးထွားလာပြီး အဝန်းအဝိုင်း တစ်ခုလုံးအတွင်း၌ ပြည့်လာခဲ့သည်။

အဘိုးအိုမျက်နှာက ကြမ်းကြုတ်နေပြီး သူက အော်ပြောလိုက်သည်။ “မင်း ငါ့ကို သတ်ဖို့ ကြိုးစားရင်း မင်းအပေါ်မှာလည်း တက်တူးကျိန်စာကို ထားခဲ့ပေးမှာပေါ့…။ ငါ့ကလန်ဘိုးဘေးက ဒါကိုမြင်ရင် သူတို့က မင်းကို သတ်လိမ့်မယ်…”

ပေသုံးဆယ် ကျယ်သော အဝန်းအဝိုင်းက တဖြည်းဖြည်း ဆယ်ပေထိ ကျုံ့လာနေရင်း အက်ကွဲသံလှိုင်းများ ကိုပင် ကြားနေရ၏။ အပင်ပေါ်ရှိ သစ်ကိုင်းများက တစ်ခုပြီးတစ်ခု ပျက်စီးလာခဲ့သည်။ အပင်ကိုင်းများ ပျက်စီးတိုင်း အဘိုးအိုက သွေးအန်ထုတ်လိုက် ရပြီး သူ့မျက်နှာကလည်း ဖြူရော်လာ၏။

ဝမ်လင်းက တည်ငြိမ်စွာ ရှိတေဆဲပင်။ သူက ပြုံးပင်ပြုံးနေသေး၏။ “ငါက အစကတည်းက စွန့်ပစ်ခံ မသေမျိုး ကလန်အဖွဲ့ဝင်တွေကို သတ်ခဲ့ပြီးပြီ။ ဒါက မင်းပြောတဲ့ တက်တူးကျိန်စာလား…”

ဝမ်လင်း သူ့ရင်ဘတ်ကို ညွှန်လိုက်ရာ မီးခိုးရောင် အခိုးငွေ့အလုံးငါးခု ထွက်ပေါ် လာတော့၏။ သည်အလုံးများထဲတွင် လတ်ဆတ်သော တက်တူး အမှတ်အသားငါးခု ဖြစ်ပေါ်လို့နေ၏။

ဝမ်လင်းက သူစိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိရန် စလုပ်ကတည်းက သူ့ခန္ဓာကိုယ်ထဲရှိ မီးခိုးရောင် အခိုးအငွေ့ ဒြပ်ထုငါးခုက ပုံးကွယ်နေသည်ကို ခံစားမိခဲ့သည်။ သူတို့က ပုံမှန်ဆိုရင် သူ့ကို မည်သည့် အန္တရာယ်မှ မပေးသည့်အပြင် သူ့စိတ်ဝိညာဉ် စွမ်းအင်များကိုပင် ပို၍ ချောမွတ်စေသေးသည်။

အဘိုးအိုက သည်အလုံးငါးခုကို ကြည့်၍ မှက်တက်သွားသည်။ သူ့မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ သူက သည်အလုံးငါးခုထံက အော်ရာသည် သစ်ရွက်ခြောက်ရွက် လူရိုင်းများ၏ အော်ရာ ဖြစ်ကြောင်း ခံစားနိုင်သည်။

ဝမ်လင်းက အဘိုးအိုက တစ်ချက် ကြည့်လိုက်ပြီးနောက် လက်ဆန့်တန်း လိုက်သည်။ သည်အခါ အဝန်းအဝိုင်းက လျင်မြန်စွာ ကျုံ့လာပြီးနောက် အဘိုးအိုသည်လည်း အထိတ်တလန့် ဆက်တိုက် ညည်းတွား နေရတော့သည်။ အဝန်းအဝိုင်းက ပိုကျုံ့လာနေခြင်းနှင့် အတူ သစ်ရွက်ခြောက်ရွက် အပင်က ကြေမွသွားတော့သည်။ အဘိုးအိုသည်လည်း အရိုးတခြား အသားတခြား ဖြစ်သွားလေတော့၏။

သည်အဝန်းအဝိုင်းကလည်း ပျောက်ကွယ်သွားပြီး သည်အသွေးအသားများက သွေးမြူတိမ်စုတစ်ခု အဖြစ်သို့ ပြောင်းသွား၏။

ဝမ်လင်းကျင့်ကြံမှု အဆင့်ဖြင့်ဆိုလျှင် သူက သည်လူ့ကို အလွယ်လေး သတ်ပစ်နိုင်၏။ သူက မည်သည့် ရတနာလက်နက်ကိုမျှ အသုံးပြုရန် မလိုချေ။ တကယ်တော့ သူ့နယ်ပယ်ကလည်း အခြားကျင့်ကြံသူများ၏ နယ်ပယ်နှင့် လုံးဝခြားနားနေ၏။ ၎င်းနယ်ပယ် အတွင်း၌ပင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်အချို့ ပါဝင်လို့နေခဲ့၏။

ခုလက်ရှိသူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ခြေလှမ်းတစ်ဝှက် နင်းထားခဲ့ပြီ ဖြစ်သည်။ သူက လုံလောက်သော ကောင်းကင်ဘုံ ကျောက်စိမ်းပြား ရသည်နှင့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။

သို့ရာတွင် ကောင်းကင်ဘုံ ကျောက်စိမ်းပြားများက သိသာစွာပင် ရှားပါးလွန်းလှသည်။

ဝမ်လင်းက စွန့်ပစ်ခံမသေမျိုး ကလန်အဘိုးအို သေသွားသော နေရာသို့ ကြည့်လိုက်ပြီး စတင်တွေးတောနေ၏။

“ကျူးချွဲဇီက စွန့်ပစ်ခံမသေမျိုး ကလန်နဲ့ သဘောတူညီမှု ပြုလုပ်မှာ မဟုတ်ဘူး။ ဒါက ထူးဆန်းနေတယ်။ ဒီချန်းဖန်ကလည်း ထူဆန်းနေတယ်…” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

***

All Chapters