အခန်း ၁၄၁၁
Vol. 95 Ch. 1411
အခန်း ၁၄၁၁: စက်ရုပ်နှစ်ရုပ်တိုက်ပွဲ! ၂
ထိုအချိန်တွင် လဲကျသွားသော Megatron ကို သယ်ယူပို့ဆောင်ရေးစက်နှင့်သယ်ထုတ်သွားသည်ကို ဖန်သားပြင်ပေါ်မှာတွေ့ရသည်။
ချင်ရန်နှင့်ချင်လုံကကြည့်ရင်း သိပ်တွေးမနေဘဲ ပုံမှန်ဂိမ်းဖန်သားပြင်ဟုသာထင်နေသည်။
ချင်းလင်ဓာတ်ခွဲခန်းထဲတွင် Megatron ကို အလုပ်ခန်းတစ်ခုထဲခေါ်သွားပြီး ချင်းလင်ဓာတ်ခွဲခန်းမှလူများက ချက်ချင်းစစ်ဆေးကြသည်။
တံတောင်နှင့်တွတ်ခံထားရသော Megatron မျက်နှာကိုဦးစားပေးကြည့်ကြ၏။
တစ်ယောက်ကစစ်ဆေးပြီးပြီးချင်း တခြားလူများအား_
"မျက်နှာချိုင့်ဝင်သွားတယ်... အရံကိုအရင်သုံးမယ်... ဒီတစ်ခုကိုက မျက်နှာလဲပြီးဆေးခြယ်ရမယ်''
ပါမောက္ခဝမ်က ဓာတ်ခွဲခန်းထဲပြေးဝင်သွားပြီး သတင်းအတိအကျရသည်။ ပျက်စီးသွားသော Megatron မျက်နှာကိုအစားထိုးရန် ယွမ်တစ်သိန်းကျော်ကျနိုင်သည်။
ဒီတော့ ဥက္ကဌချင်ကစားနေတာ ဂိမ်းမဟုတ်၊ အပျော်မဟုတ်။ ငွေကိုကစားနေခြင်းပင်။
တဖက်တွင် Megatron အသစ်ကိုထုတ်ထားပြီဖြစ်သည်။
တချိန်တည်းမှာ ပါမောက္ခဝမ်က ချက်ချင်းကွန်ပျူတာဖွင့်ပြီး လုံခြုံရေးအစောင့်အာရုံခံစက်နှင့် Megatron အသစ်ကိုချိတ်ပေးလိုက်သည်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်ရန်လည်း အာရုံခံစက်တပ်လိုက်သည်။
ချင်လင်က ချင်ရန်အား အာရုံခံစက်နှင့်အသားကျအောင် အရင်လုပ်ခိုင်းသည်။
ချင်ရန်က လက်ဝှေ့ယမ်းလိုက်ရာ ဖန်သားပြင်ပေါ်မှ Optimus Prime ကလည်း သူ့အတိုင်းလိုက်လှုပ်ရှားသည်။
ချင်ရန်မှာ ဒီလိုဂိမ်းမျိုးမဆော့ဖူးသောကြောင့် အတော်စိတ်လှုပ်ရှားသွားသည်။ ချင်လုံကလည်း စိတ်ဝင်တစားကြည့်နေသည်။
ချင်ရန်ဘာမှမလုပ်ရင် Optimus Prime ဘာမှမလုပ်။ နှစ်ယောက်သား မချီးကျူးဘဲမနေနိုင်တော့။
"ဒီဂိမ်းကို ဘယ်ကုမ္ပဏီကလုပ်တာလဲ? အံ့ဩစရာပဲ''
"အင်း.. ချင်ရန်.. မင်းပြီးရင် ငါ့အလှည့်နော်''
ချင်လုံကပြောရင်းဆိုရင်း ဖုန်းထုတ်ပြီးဓာတ်ပုံတောင်ရိုက်နေသည်။
ဒီဂိမ်းမျိုးကို သူ့အခိုက်အတန့်များမှာမကြွားလိုက်ရရင် နှမြောစရာ။
ထိုအချိန်တွင် Megatron အသစ်တစ်ရုပ်ကိုအခန်းထဲသယ်လာပြီး ထောင်ထားသည်။
ဒါချင်းလင်ဓာတ်ခွဲခန်းမှမြင်ကွင်းဖြစ်သော်လည်း ချင်ရန်နှင့်ချင်လုံက တကယ့်ဂိမ်းမြင်ကွင်းလိုထင်နေသည်။
Megatron က လှုပ်ရှားလာပြီး ချင်ရန်ကိုအချက်ပြသည်။
ချင်ရန်လည်း အချက်ပြန်ပြသည်။ ဒါဂိမ်းတစ်ခုသာဖြစ်၍ တစ်ခါတလေသူ့အလိုလိုတတ်သည်။
သို့သော် နောက်ခဏတွင် Megatron က စလှုပ်ရှားသည်။ သူကသွေးတိုးစမ်းသည့်အနေနှင့် Optimus Prime တည့်တည့် လက်သီးနှင့်ထိုးလိုက်သည်။
ချင်ရန်က အမှတ်တမဲ့နောက်ပြန်ဆုတ်ပြီး လက်သီးကိုရှောင်လိုက်၏။
သူအလွန်စိတ်လှုပ်ရှားသွားသည်။
သို့သော် စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်သေးခင် Megatron က အနားရောက်လာပြီး Optimus Prime ရင်ဝကိုခပ်ပြင်းပြင်းထိုးသည်၊ ဆက်တိုက်ချသည်။ နောက်ဆုံး Optimus Prime ကြမ်းပေါ်လဲကျသွား၏။
ချင်ရန်ကြောင်သွားသည်။
တဖက်တွင် Megatron ကိုထိန်းချုပ်နေသောလုံခြုံရေးအစောင့်လည်း နည်းနည်းဇဝေဇဝါဖြစ်သွားသည်။
ဥက္ကဌချင်ကကျွမ်းလွန်းလို့ သူနောက်ဆုံးအထိပြန်မချနိုင်ခဲ့တာ၊ အခုဘာလို့ရုတ်တရက်ကြီး ဒီလောက်အားနည်းသွားတာလဲ?''
“ပြီးသွားပြီလား?”
ချင်ရန်က တအံ့တဩမေးသည်။
“အင်း!”
ချင်လင်ခေါင်းညိမ့်လိုက်သည်။
အကြောင်းမှာ ပါမောက္ခဝမ်ကို ထိခိုက်မှုတန်ဖိုးတစ်ခုသတ်မှတ်ပေးရန်တောင်းဆိုထားသောကြောင့်ပင်။ ထိုထိခိုက်မှုတန်ဖိုးကျော်လွန်လျှင် အာရုံခံအဆက်အသွယ်ပြတ်တောက်သွားမည်ဖြစ်သည်။
ဒါကလည်း အထိအခိုက်နည်းအောင်ပင်။
အပျင်းပြေသက်သက်ဆိုသော်လည်း စက်ရုပ်ကိုယ်ထည်ကိုပျက်စီးအောင်လုပ်စရာမလိုဟု သူထင်သည်။ ပိုက်ဆံဖြုန်းတီးလွန်းရာကျသလို ရှက်ဖို့လည်းကောင်းသည်။
ချင်ရန်ရှုံးသွားသောကြောင့် ချင်လုံလည်းရှေ့ထွက်လာပြီး_
"ချင်ရန်.. မြန်မြန်လေး.. ငါလုပ်ကြည့်မယ်!''
ချင်ရန်က အာရုံခံစက်ပေးလိုက်ရသည်။
စောစောက ချင်လင်ကောင်းကောင်းကစားနေတာ သူမြင်ထားသည်။ သူကိုယ်တိုင်ဝင်ရတော့မှ အရမ်းခက်မှန်းသိသည်။ ပထမဆုံးအကြိမ်ကစားခြင်းကြောင့်ဖြစ်မည်။ သုံးလေးကြိမ်ကစားလိုက်ရင် ပိုကောင်းလာနိုင်သည်။
ချင်လုံနှင့်ချင်ရန် အာရုံခံစက်လဲနေကြစဉ် ဖန်သားပြင်ပေါ်တွင်လည်း Optimus Prime အသစ်ရောက်လာသည်။ ထို့ကြောင့် နှစ်ယောက်သား ဂိမ်းထဲရောက်နေသလိုခံစားရသည်။
မနိုင်သရွေ့ ဒီလိုဖြစ်နေမည်။
ဂိမ်းကဖော်ပြချင်သောသဘောတရားမှာ ရှုံးနိမ့်သွားခဲ့ရင် ထိုကစားသမားထိန်းချုပ်သောစက်ရုပ်ကိုပြန်မဆော့နိုင်ခင် အရင်ဆုံးပြုပြင်မွမ်းမံရမည်ဆိုသောအချက်ဖြစ်ပုံရသည်။
ချင်လုံအာရုံခံစက်တပ်ပြီးနောက် Optimus Prime အသစ်ရောက်လာသည်။ ပါမောက္ခဝမ်ကလည်း ချင်လုံကိုယ်ပေါ်မှအာရုံခံစက်နှင့် Optimus Prime အသစ်ကိုချိတ်ဆက်ပေးလိုက်သည်။
"ချင်လင်.. ငါအရုပ်အသစ်ရွေးလို့ရလား? Optimus Prime ပဲရှိတာလား?''
ရုတ်တရက် ချင်လုံကမေးသည်။
ချင်လင်ကြောင်သွားသည်။
ဒီနှစ်ရုပ်ပဲရှိတာ၊ ရွေးလို့မရ။
Megatron နဲ့တိုက်ရင်တိုက်၊ မတိုက်ရင် Optimus အချင်းချင်းတိုက်။
သို့သော် အာရုံခံကိရိယာအခြေအနေကိုပြန်ညှိရန်အချိန်ယူရဦးမည်။
ချင်ရန်က_
"ဒါ Beta ဂိမ်းအသစ်ဖြစ်မယ်... စက်က စျေးမနည်းလောက်ဘူး... အတော်များများရဖို့မလွယ်ဘူး... အခုအရုပ်နှစ်ရုပ်ပဲရှိတာ မဆန်းပါဘူး... ရှေ့လျှောက်အများကြီးထွက်လာမှာပေါ့''
ချင်ရန်ကစိတ်ကူးနှင့်မှန်းပြောပြီး ချင်လုံကထောက်ခံသောကြောင့် ချင်လင်ဘာမှမပြောလိုက်ရ။
အဲဒီနောက် ချင်လုံက Optimus Prime ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်လိုက်သည်။ Megatron အချက်ပြပြီးနောက် တိုက်ပွဲစတင်သည်။
ချင်ရန်ကလည်းဖုန်းထုတ်ပြီး ဓာတ်ပုံများရိုက်သည်။
ဂိမ်းကိုအပြင်မှာတရားဝင်မကြေညာရသေးသောကြောင့် သေချာပေါက်စိတ်ဝင်စားကြမည်မှန်းသူသိသည်။
ချင်ရန်ကစားပုံကြည့်ရင်း ချင်လုံကအတွေ့အကြုံရထားသည်။ အထူးသဖြင့် ခန္ဓာကိုယ်အခြေအနေ၊လှုပ်ရှားမှုက ချင်ရန်ထက်ပိုကောင်းသည်။ ထို့ကြောင့် Megatron တိုက်ကွက်ကို Optimus Prime က အကြိမ်ကြိမ်ရှောင်ရှားနိုင်ပြီး ချင်ရန်ထက်ပိုတောင့်ခံနိုင်သည်။
သို့သော် နောက်ဆုံးတွင် အဆုံးသတ်အခြေအနေကိုမရှောင်လွှဲနိုင်ဘဲ Optimus Prime လဲကျသွားပြန်သည်။
ချင်လုံကသက်ပြင်းချပြီး မတတ်သာပုံနှင့်_
"ဒီဂိမ်းက အရမ်းခက်တယ်... အတတ်နိုင်ဆုံးရှောင်ပေမဲ့ ဆက်မထိန်းနိုင်တော့ဘူး... Megatron က အားကောင်းလွန်းတယ်... ချင်လင် မင်းလုပ်ကြည့်ပါလား? မင်းဆော့တာမှမိုက်တာ... ကြည့်လို့ကောင်းတယ်''
ချင်လင်ကပြုံးပြီး အာရုံခံစက်ယူကာ သူ့ကိုယ်ပေါ်တပ်လိုက်သည်။
ဒီနှစ်ယောက်က တကယ်ဂိမ်းထင်နေကြသည်။
ချင်လင်အာရုံခံစက်တပ်ပြီးနောက် Optimus Prime အသစ်ရောက်လာသည်။ အရင် Optimus Prime မှပျက်စီးသွားသောအစိတ်အပိုင်းများကို အစားထိုးလဲလှယ်ပြီးဆေးရောင်ခြယ်ပြီးဖြစ်သည်။
မကြာမီ ဓာတ်ခွဲခန်းလုံခြုံရေးအစောင့်က ချင်လင်ကိုအချက်ပြပြန်သည်။
ချင်လင်ကပြန်ပြပြီးနောက် ပွဲစ၏။
ဒီတစ်ခါ ချင်လင်ကဦးဆောင်ပြီး ဒူးနှင့်အပြင်းအထန်စတိုက်သည်။
Megatron က ထိုဒူးကို လက်နှစ်ဖက်နှင့်ချက်ချင်းဖိချလိုက်၏။
အဲဒီနောက် လက်နှစ်ဖက်အားပြုပြီးထကာ တစ်ပတ်လှည့်၍ ကြာပွတ်လိုဘေးကန်ချက်နှင့် Optimus Prime ကိုတိုက်ခိုက်သည်။
ထို့ကြောင့် ချင်လင်ကနောက်ပြန်လှန်ပြီး Megatron တိုက်ကွက်ကိုချက်ချင်းရှောင်လိုက်သည်။ ဖန်သားပြင်ပေါ်တွင် Optimus Prime ကလည်းနောက်ပြန်လှန်ပြီး Megatron ကိုရှောင်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ချင်ရန်နှင့်ချင်လုံရင်နာသွားသည်။
ဒီဂိမ်းဆော့ရအောင် နောက်ပြန်လှန်နည်းတတ်ဖို့လိုလား?
ဂိမ်းက ခက်လိုက်တာ။
သူတို့အရွယ်၊ခန္ဓာကိုယ်အခြေအနေနှင့် နောက်ပြန်လှန်ဖို့ လုံးဝမဖြစ်နိုင်။
ဒီဂိမ်းထွက်လာရင် သူတို့မကစားရတော့ဘူးလားဟု နှစ်ယောက်သားရုတ်တရက်တွေးမိကြသည်။
ချင်လင်လိုသော*က်ကစားသမားက သူတို့ကိုသေအောင်ကြိတ်မှာပေါ့!
ချင်လင်က Optimus Prime ကိုထိန်းချုပ်ပြီး Megatron နှင့်အပြန်အလှန်တိုက်ခိုက်စေသည်။ သူ့တိုက်ကွက်များက ထူးထူးခြားခြားချောမွေ့မြန်ဆန်လွန်းသောကြောင့် ဘေးမှကြည့်နေသူများ မျက်လုံးအရောင်တောက်နေကြသည်။
ချင်ရန်နှင့်ချင်လုံပြောသလို သူ့ထိန်းချုပ်မှုအောက်တွင် Optimus Prime နှင့် Megatron တိုက်ပွဲက အလွန်ကြည့်ကောင်းသည်။ ဖန်သားပြင်ပေါ်မှဂိမ်းမြင်ကွင်း၊ လက်တွေ့ဆန်သောမြင်ကွင်း၊ သတ္တုအချင်းချင်းပွတ်တိုက်သံများနှင့် လျှပ်ခနဲလွင့်စင်ထွက်လာသောမီးပွားများမှာ ရုပ်ရှင်ထဲက Effect များထက်မလျော့ပေ။
သုံးမိနစ်ဆက်တိုက်တိုက်ခိုက်ကြပြီးနောက် ချင်လင်၏ Optimus Prime က Megatron ကိုအနိုင်ယူလိုက်ပြန်သည်။
လုံခြုံရေးအစောင့်အရည်အချင်းက ချင်လင်ကိုမမီသေး။
ဖုန်းကိုင်ပြီးဗီဒီယိုမှတ်တမ်းတင်နေသောချင်ရန်က စိတ်လှုပ်ရှားပြီးသက်ပြင်းချလိုက်သည်_
"ချင်လင်.. မင်းကအံ့ဩစရာပဲ''
ထိုသို့ချီးကျူးပြီး သူကမေးပြန်သည်_
"ငါဗီဒီယိုရိုက်ထားတယ်... လိုင်းပေါ်တင်လို့ရလား?''
ထိုစကားကြောင့် ချင်လင်မျက်လုံးပြူးသွားသည်။ Optimus Prime နှင့် Megatron ကို ရှုမျှော်ခင်းမှာထားချင်သော်လည်း လုံခြုံစိတ်ချမှုရှိစေရန် ပါမောက္ခဝမ်အပြီးမသတ်ရသေးသောနည်းပညာများရှိသေးသည်။
အခုဆို လိုင်းပေါ်ဒီသတင်းအရင်တင်ထားနိုင်သည်။
ချင်ရန်သာ ဒီဂိမ်းအကြောင်း လိုင်းပေါ်တင်လိုက်ရင် အုတ်အော်သောင်းတင်းဖြစ်သွားလိမ့်မည်။
ဒါပေမဲ့ ဂိမ်းမဟုတ်ဘူးလို့ ရုတ်တရက်သိလိုက်ရရင် ဘယ်လိုဖြစ်သွားမလဲ?
ချင်လင်သဘောတူသောကြောင့် ချင်ရန်စိတ်လှုပ်ရှားသွားသည်။ ဒီဂိမ်းမြင်ကွင်းကြောင့် သူ့ကိုယ်ပိုင်အကောင့်မှာ လူကြည့်နှုန်းတက်လာမည်၊ ပရိသတ်အများကြီးရလာမည်။
သူ့မှာကြော်ငြာကုမ္ပဏီအကောင့်အပြင် 'သခင်လေးချင်' ဆိုသော ပရိသတ်အများကြီးနှင့်ကိုယ်ပိုင်အကောင့်လည်းရှိသည်။
သူနှင့်တော်ဝင်ပညာရှင်ချင်က ညီအစ်ကိုတွေမှန်းလည်း အတော်များများသိကြသည်။
ထို့ကြောင့် ချင်ရန်က အပန်းဖြေစံအိမ်မှပြန်လာပြီးနောက် သူ့ကြော်ငြာကုမ္ပဏီသွားကာ ကုမ္ပဏီဝန်ထမ်းများကို ဗီဒီယိုတည်းဖြတ်ခိုင်းသည်။ ထို့နောက် ထိုဗီဒီယိုကို သူ့ကိုယ်ပိုင်အကောင့်တွင် အမြန်ဆုံးတင်လိုက်သည်။
ဗီဒီယိုတင်သည့်ခဏအတွင်း လိုင်းပေါ်လှုပ်ခတ်လာသည်။ အထူးသဖြင့် ဂိမ်းဝါသနာအိုးများမှာ ထိုဗီဒီယိုကို မြင်မြင်ချင်းအံ့အားသင့်ပြီး အလွန်အမင်းစိတ်ဝင်စားနေတော့သည်။