အခန်း ၁၄၁၅
Vol. 95 Ch. 1415
အခန်း ၁၄၁၅: လမ်းဘာလို့ပိတ်?
လိုင်းပေါ်တွင် Optimus prime နှင့် Megatron အကြောင်းချည်းသာပြည့်နေဆဲ။
အဓိကအကြောင်းရင်းမှာ ဂိမ်းသရဲများက ဂိမ်းစွဲကြသောကြောင့်ပင်။
ဒီဂိမ်းထွက်ထွက်ချင်း မကစားလိုက်ရရင် နှမြောစရာ။
ရုံချန်း_
ချန်လီက ချင်းလင်ရှုမျှော်ခင်းမှလျှောက်တင်လွှာကိုယူပြီး ကြောင်တောင်တောင်နှင့် စွန်းရှန်ဆီသွားကာ_
"စွန်းရှန်.. ဒီလျှောက်လွှာကိုတစ်ချက်ကြည့်ပါဦး!''
စွန်းရှန်ကယူကြည့်လိုက်ရာ ချင်းလင်ရှုမျှော်ခင်းမှလျှောက်လွှာဖြစ်နေသည်။ သူကချက်ချင်း အသည်းအသန်ဖတ်လိုက်သည်။
ချင်းလင်ရှုမျှော်ခင်းက သတ်မှတ်ချိန်တစ်ခုတွင်အပြင်မထွက်ရန်လျှောက်ထားသောကြောင့် သူကစူးစမ်းမေးသည်_
"ချင်းလင်ရှုမျှော်ခင်းက ဘယ်အချိန် ဘာကြောင့်လို့ပြောလဲ?''
ချန်လီကခေါင်းရမ်းပြီး_
"မသိသေးဘူး... ချင်းလင်ဓာတ်ခွဲခန်းကနေ ချင်းလင်ရှုမျှော်ခင်းကိုသွားတဲ့လမ်းပိုင်းပဲတဲ့... ချင်းလင်ဓာတ်ခွဲခန်းက ပစ္စည်းတစ်ခုခုသယ်မှာထင်တယ်... ဒါပေမဲ့ သူတို့ကလျှို့ဝှက်ထားချင်တယ်''
စွန်းရှန်ကနားထောင်ရင်း ခေါင်းညိမ့်ပြီး_
"ဒါဆို ပူးပေါင်းပေးလိုက်ပါ... ဘာမှထပ်မေးစရာမလိုတော့ဘူး... အရေးမကြီးရင် သူဌေးချင်ကဒီလိုလျှောက်လွှာတင်မှာမဟုတ်ဘူး''
"ကျုပ်စီစဉ်လိုက်ပါမယ်... ချင်းလင်ရှုမျှော်ခင်းကအသိပေးစာစောင့်တာပေါ့''
ချန်လီခေါင်းညိမ့်လိုက်သည်။ သို့သော် ချင်းလင်ရှုမျှော်ခင်း၏ရည်ရွယ်ချက်ကို သူလည်းသိချင်နေသည်။
ချင်းလင်ရှုမျှော်ခင်းကဒီလိုလျှောက်တာ ဒါပထမဆုံးပင်။
ချင်းလင်အပန်းဖြေစံအိမ်_
ချင်လင်က သူ့ရုံးခန်းထဲတွင် နေ့စဉ်တာဝန်များအပြီးသတ်ပြီးနောက် ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားတူးစေသည်။
တစ်လွှာတူးပြီး ဘာမှမတွေ့သည်နှင့် ဆက်မတူးတော့ဘဲ ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်စေသည်။
Optimus Prime နှင့် Megatron အကြောင်းစဉ်းစားမိသောအခါ သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်သွားစေသည်။
နတ်ဘုရားမတောင်တက်လမ်းတွင်ရပ်လိုက်ပြီးနောက် ရုံးခန်းတံခါးလော့ချကာ အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
မှင်စာလေး Elba ကိုတွေးမိသောကြောင့် တောလမ်းအတိုင်းသွားသည်။
မှင်စာလေးနဲ့မတွေ့တာ အတော်ကြာပြီ။
ဂိမ်းအချိန်အရဆို ပိုကြာနေပြီ...
မကြာမီ မှင်စာလေးများပျောက်သွားသောတောနက်ထဲ ချင်လင်ရောက်လာသည်။
သူရောက်ရောက်ချင်း အထဲမှလှုပ်ရှားသံကြားရသည်။ သူကဝမ်းသာအံ့ဩပြီး ချက်ချင်းရှေ့တိုးသွား၏။ အမှန်ပင်၊ Elba နှင့်မှင်စာမလေး ကစားနေပြန်သည်။
ကလေးနှစ်ယောက်ဘေးမှာ ခပ်ကြီးကြီးနှစ်ခုရှိသေးသည်။
Muscle truck နှင့် Titan Tank ပင်။
ထိုမြင်ကွင်းကြောင့် ချင်လင်အံ့ဩသွားသည်။ ထိုကားနှစ်စီးမှာ Transformers တတိယမြောက်ရုပ်ရှင်ထဲမှ Optimus Prime နှင့် Megatron တို့၏မူလပုံစံတူများဖြစ်နေသောကြောင့်ပင်။
Elba က ချင်လင်ကိုမြင်သောအခါ ဝမ်းသာအားရနှုတ်ဆက်သည်_
"လူသားမိတ်ဆွေ... ရောက်လာပြန်ပြီနော်''
အခု Elba က သူ့ကိုမိတ်ဆွေလို့ခေါ်နေပြီ။
ဒါကောင်းသောအချက်ပင်။
ချင်လင်က ကားနှစ်စီးကိုလက်ညိုးထိုးပြီးမေးသည်_
"Elba.. ဒီနှစ်စီးက?''
Elba က နားထောင်ရင်း ဘဝင်မြင့်နေသောအသံနှင့်_
"ဒါလား? ငါ့အဖေလုပ်ပေးတာလေ... မင်းပေးတဲ့ဗီဒီယိုထဲကလိုပဲ... ပုံစံပြောင်းနိုင်တယ်''
သူကပြောရင်းဆိုရင်း ကြွားနေသလို အာရုံခံစက်ကိုနှိပ်လိုက်သည်။
နောက်ခဏတွင် Muscle truck နှင့် Titan Tank စလှုပ်ရှားသည်။
ထို့နောက် ကားနှစ်စီးခေါင်းက ပုံစံစပြောင်းပြီး ခြေလက်များပေါ်လာသည်။ တဖြည်းဖြည်းထောင်မတ်လာပြီး နောက်ဆုံးတွင် Optimus prime နှင့် Megatron ဖြစ်သွား၏။
နောက်ပြီး ဒီတစ်ခါ သူတို့နောက်ကျောမှာ လက်*နက်များပါသည်_ Optimus Prime ၏ဓားရှည်ကြီးနှင့် Megatron ၏ပုဆိန်ကြီးပင်။
ထိုမြင်ကွင်းကြောင့် ချင်လင်အံ့ဩသွားသည်။
အရင်က ဓာတ်ခွဲခန်းတွင်ထုတ်ထားသော Optimus Prime နှင့် Megatron ကို တစ်ခုခုလိုနေသလို သူထင်ခဲ့သည်။ အဲဒီတုန်းက စဉ်းစားမရ။
အခုမှ အသွင်ပြောင်းခြင်းဟုသဘောပေါက်သည်။
Transformer အစစ်က အသွင်ပြောင်းနိုင်သည်။ ဓာတ်ခွဲခန်းတွင်ထုတ်ထားသော Optimus Prime နှင့် Megatron က အသွင်မပြောင်းနိုင်။
မှင်စာတွေက ဒါတွေအားလုံးတီထွင်ပြီး နောက်ဆုံးပေါ်အရုပ်လုပ်ထားမည်ဟုမထင်မိ။
"Elba''
ချင်လင်က အမှတ်တမဲ့မေးလိုက်သည်_
"မင်းအရုပ်က ပိုတောင်အစွမ်းထက်သွားပြီ... ဒီဒီဇိုင်းအသစ်ပေးလို့ရလား?''
Elba က နားထောင်ရင်း ချင်လင်ကိုတည့်တည့်ကြည့်ကာမေးသည်_
"ဒါဆို တခြားဗီဒီယိုတွေနဲ့လဲမလား? အဖေက မှင်စာထဲမှာအတော်ဆုံးပညာရှင်ပဲ... ဘာမဆိုလုပ်နိုင်တယ်... ဒါပေမဲ့ မတီထွင်တတ်ဘူး... သူ့ဘာသာမလုပ်နိုင်ဘူး''
"သူက ဒီစက်ရုပ်လုပ်ပြီးတော့ ကျွန်တော့်ရဲ့ကိုးယောက်မြောက်အမေနားမှာ အဖော်ပြုပေးနိုင်မယ့် ချစ်စရာအူကြောင်ကြောင်စက်ရုပ်လေးတစ်ရုပ်လုပ်ချင်နေတာ... ဒါပေမဲ့ သူ့ဦးနှောက်က သိပ်အလုပ်မလုပ်လို့ ဘာစိတ်ကူးမှထွက်မလာဘူး... အဲဒါကြောင့် သူ့အတွက်ဗီဒီယိုတစ်ခုနဲ့လဲချင််တယ်''
“အာ!”
ချင်လင်ကြောင်သွားသည်။
အတော်ဆုံးပညာရှင်ကြီးက ဖန်တီးနိုင်စွမ်းမရှိရှာဘူး။ ဘာမဆိုပုံတူလိုက်လုပ်ပေးနိုင်ပေမဲ့ သူ့ကိုယ်ပိုင်ဖန်တီးမှုအသစ်မလုပ်နိုင်ဘူးပေါ့?
ဒီလိုများလား?
ဒါ ခိုးကူးကျွမ်းတယ်ခေါ်မလား?
လက်တွေ့လောကမှာလည်း ဒီလိုလူမျိုးတွေ အများကြီးရှိသည်။ တဆင့်ကူးချသောဘယ်အရာမဆို အစစ်အတိုင်းလိုက်လုပ်နိုင်ကြသော်လည်း နာမည်ကျော်လူသိများခြင်းမရှိ။ ကောင်းကင်ဘုံကပေးအပ်ထားသောပါရမီတစ်ခုခုကိုပြန်ရုပ်သိမ်းခံထားရသလို ကိုယ်ပိုင်လက်ရာထုတ်မပြနိုင်ကြချေ။
တစ်ခါတလေ ကိုယ်ပိုင်လက်ရာတစ်ခုဖြစ်ရန် စိတ်ကူးဉာဏ်ကွန့်မြူးခြင်းနှင့်ထိုးထွင်းသိမြင်နိုင်စွမ်းလိုသည်။
သူတို့မှာ ဒါတွေမရှိသော်လည်း တစ်ယောက်ယောက်ကသာဖန်တီးပြရင် တစ်ချက်ကြည့်ရုံနှင့် ၁၀၀ ရာခိုင်နှုန်းတထပ်တည်းကျအောင် ပုံတူကူးချနိုင်ကြသည်။
ဒီလိုပါရမီမျိုးက ကောင်းသလား၊ ဆိုးသလား သူမသိ။
Elba အဖေကလည်း ဒီလိုမှင်စာမျိုးဖြစ်မည်။ ဘာပဲဖြစ်ဖြစ် သူ့မှာကိုယ်ပိုင်စိတ်ကူးစိတ်သန်းမရှိသော်လည်း ဗီဒီယိုကြည့်ရုံနှင့် Optimus Prime နှင့် Megatron ကို ပုံတူလိုက်လုပ်နိုင်သည်။
အဲဒါထက် Elba ဘာပြောလိုက်တာလဲ? သူ့အဖေက ကိုးယောက်မြောက်အမေကိုအဖော်ပြုပေးနိုင်မယ့်ချစ်စရာအူကြောင်ကြောင်စက်ရုပ်တစ်ရုပ်ပေးမလို့ ဟုတ်လား?
ကိုးယောက်မြောက်အမေ?
အမေကိုးယောက်တောင်လား?
ကြည့်ရတာ Elba အဖေက တကယ့်လူကြီးဖြစ်မည်။