အခန်း ၁၄၁၇
Vol. 95 Ch. 1417
အခန်း ၁၄၁၇: လမ်းဘာလို့ပိတ်? ၃
"စီစဉ်ပြီးပါပြီ''
လင်းလန်ဇီခေါင်းညိမ့်လိုက်သည်။
"ပလာဇာအသစ်ကိုတစ်ချက်ကြည့်ရအောင်''
ချင်လင်ကပြောရင်းဆိုရင်း လင်းလန်ဇီကိုပလာဇာအသစ်ဘက်ခေါ်သွားသည်။
ပလာဇာအသစ်ကို ရိုးရိုးရှင်းရှင်းခေတ်ဟောင်းပုံစံဆောက်ထားသည်။
Optimus Prime နှင့် Megatron လိုနည်းပညာထုတ်ကုန်မျိုးနှင့်လိုက်ဖက်မည်မထင်။
ချင်လင်က လင်းလန်ဇီဘက်လှည့်မေးသည်_
"အစ်မလင်း.. နောက်ထပ်သိပ္ပံနည်းပညာရှုမျှော်ခင်းမျိုးဖွင့်ကြမလား? ဘာပဲဖြစ်ဖြစ် Optimus Prime နဲ့ Megatron က စိတ်ကူးယဉ်သိပ္ပံထုတ်ကုန်တွေပဲ''
Elba ရဲ့အဖေ၊ နံပါတ်တစ်လက်မှုပညာရှင်မှင်စာအကြောင်း သူစိတ်ဝင်စားမိသည်။
သူက တပိုင်ကြီးလုပ်လိုက်ရင်ရော?
သူ့မှာ မျိုးရိုးဗီဇထုတ်ယူရန်ဒိုင်နိုဆောအရိုးစုရှိသော်လည်း အံ့ဖွယ်ကျောက်စာမရသေးသောကြောင့် တိရစ္ဆာန်မျိုးဗီဇဆိုင်ရာ သုတေသနပညာရပ်များကို မလေ့လာနိုင်သေးပေ။
မဟုတ်ရင် ဒိုင်နိုဆောမျိုးဗီဇကိုသုတေသနလုပ်ပြီး ဒိုင်နိုဆောတောင်မွေးမြူနိုင်လောက်ပြီ။
ရှေ့လျှောက် သိပ္ပံနည်းပညာရှုမျှော်ခင်းဖွင့်ဖို့ကလည်း လိုအပ်ချက်တစ်ခုဖြစ်လာမည်။
သူဌေးစကားကြောင့် သူ့စိတ်ထဲမှာအစီအစဉ်ဆွဲနေပြီမှန်း လင်းလန်ဇီသိလိုက်သည်_
"ဥက္ကဌချင်.. ရုံချန်းနဲ့မြေစာချုပ်ထပ်ချုပ်ဖို့လိုမယ်ထင်တယ်''
ချင်လင်ကခေါင်းညိမ့်ပြီး_
"ချုပ်တာပေါ့... အခု ငွေမနိုင်တာမှမဟုတ်တာ!''
လင်းလန်ဇီ: ''...''
ချင်လင်နှင့်လင်းလန်ဇီက ရှုမျှော်ခင်းတဝိုက်ပတ်သွားပြီး နောက်ဆုံး မြေစာချုပ်အသစ်ချုပ်ရန်ဆုံးဖြတ်လိုက်သည်။ တောင်ပိုင်းနှင့်လုံးဝချိတ်ဆက်နိုင်လိမ့်သည်။
သို့သော် နေရာအကျယ်ကြီးချုပ်ချင်ရင် တောင်ကတုံးတစ်ခုပါထည့်ချုပ်ရလိမ့်မည်။
ဒါတတ်နိုင်သောအရာမဟုတ်။
မင်စီရင်စုတွင် တောင်များစွာရှိပြီး ရုံချန်းကိုတောင်ပတ်လည်ဝိုင်းနေသည်။ ကောင်းကောင်းဖွံ့ဖြိုးရင် တစ်တောင်တိုးလည်းကိစ္စမရှိပေ။
လင်းလန်ဇီက အသေးစိတ်ကို ရုံချန်းနှင့်ဆွေးနွေးရသည်။
အချိန်ကုန်လွန်သွားသည်။
ပါမောက္ခဝမ်က Optimus Prime နှင့် Megatron အစီအစဉ်ကိုအတည်ပြုပြီးနောက်ပိုင်း သူ့လူများနှင့်အချိန်ပိုဆင်းရသည်။
အရံပစ္စည်းများထုတ်ပြီးနောက် Optimus Prime နှင့် Megatron အသစ်ထုတ်ရန် လဝက်ခန့်ကြာသွားသည်။
ချင်လင်ကိုလည်း အမြန်ဆုံးသတင်းပေးလိုက်သည်။
ချင်လင်ကသတင်းကြားကြားချင်း ချင်းလင်ဓာတ်ခွဲခန်းရောက်လာပြီး မှန်ပြတင်းပေါက်နားသွားကာ အထဲကိုကြည့်လိုက်သည်။
အထဲတွင် အကောင်ကြီးနှစ်ကောင်ရှိနေသော်လည်း Optimus Prime နှင့် Megatron ပုံစံမဟုတ်ဘဲ ကားပုံစံနှင့်ဖြစ်သည်။
အမှန်အတိုင်းပြောရရင် Elba စက်ရုပ်ထက် ပါမောက္ခဝမ်၏ထုတ်ကုန်က ပိုကြည့်ကောင်းပြီး ပိုအနုစိတ်သည်။
မှင်စာနည်းပညာက အစွမ်းထက်သော်လည်း နည်းနည်းအကြမ်းထည်ဆန်သည်။
ပါမောက္ခဝမ်က အာရုံခံစက်နှိပ်လိုက်သောအခါ အထဲမှကားနှစ်စီးက ပုံစပြောင်းလာသည်။
အသွင်ပြောင်းပုံမှာ ရုပ်ရှင်ထဲကအတိုင်း တထပ်တည်းနီးနီးတူသည်။ အတော်ဆုံးမှင်စာလက်မှုပညာရှင်က ရုပ်ရှင်ထဲကအတိုင်း ၁၀၀% တုပနိုင်သောကြောင့်ပင်။
ခဏအကြာ Optimus Prime နှင့် Megatron က အောင်မြင်စွာပုံပြောင်းသွားသည်။ ပါမောက္ခဝမ်က ခလုတ်ထပ်နှိပ်လိုက်ရာ Optimus Prime နှင့် Megatron ကိုယ်ပေါ်တွင် လက်*နက်များပေါ်လာသည်။
သူကဆွဲထုတ်ပြီး လက်ထဲကိုင်ထားလိုက်၏။
ထိုမြင်ကွင်းက အရှိန်အဝါအပြည့်ပင်။
အဲဒီနောက် ချင်လင်က အာရုံခံစက်ထုတ်ပြီး အကောင်ကြီးနှစ်ကောင်ကိုစကိုင်တွယ်သည်။ အာရုံခံစက်က အရင်နှင့်မခြား။
ချင်လင်လည်း ထိုစက်ရုပ်များကိုအတည်ပြုပြီးနောက် အရံစက်ပစ္စည်းများကိုကြည့်သည်။ ပြဿနာမရှိမှ လင်းလန်ဇီကိုဖုန်းဆက်ပြီး မနက်ဖြန်လမ်းပေါ်ယာဉ်လမ်းကြောရှင်းရမည့်အချိန်ကိုသတ်မှတ်ရန် ရုံချန်းကိုဆက်သွယ်ခိုင်းသည်။
လင်းလန်ဇီက ချန်လီကိုအရင်ဆုံးဆက်သွယ်သည်။
ချန်လီကချက်ချင်း အစည်းအဝေးလုပ်ပြီး အစီအစဉ်ဆွဲသည်။
မကြာမီ ယာယီသတိပေးဆိုင်းဘုတ်ကို ရုံချန်းလမ်းများတွင်စိုက်ထူကြသောကြောင့် ခရီးသည်များက စိတ်ဝင်တစားလိုက်စူးစမ်းကြသည်။