အခန်း ၃၂၂
Vol. 27 Ch. 322
အခန်း ၃၂၂၊ "ထွက်ပြေးသွားတာလား၊ သူ ထွက်ပြေးလို့ ရနိုင်ပါ့မလား"
အမြင့်ဆုံးအထပ်။
ရဲချီယန်က တည်နေရာရွှေ့ပြောင်းရေး တံခါးပေါက်ကို ဖြတ်သန်းသွားကာ သစ်သားတဲအိမ်လေး တစ်လုံးအတွင်းသို့ ရောက်ရှိသွားလေ၏။ ကြမ်းတမ်းသော သစ်သားတံခါးကို တွန်းဖွင့်လိုက်ချိန်တွင် တဲအိမ်အပြင်ဘက်၌ ပန်းခင်းပြင်ကြီးကို တွေ့မြင်နေရဆဲပင်။
ကွာခြားချက်မှာ ဤနေရာရှိ အရာခပ်သိမ်းက အရောင်အသွေး စုံလင်နေခြင်း ဖြစ်ပေသည်။ ကုန်းမြင့်ပေါ်တွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်လိုက်လျှင် ကျယ်ပြောလှသော လွင်ပြင်ကြီးက အစစ်အမှန် ကမ္ဘာတစ်ခုလုံးနှင့် တူညီနေလေတော့သည်။
"ဒီမှာမရှိဘူးလား၊ ဒါမှမဟုတ်..."
"ပုန်းနေတာလား။"
【ကြိုတင်သတိပေးသူ】
ကျီးကန်းနတ်ဆိုးက ရဲချီယန်၏ ပခုံးပေါ်သို့ ဆင်းသက်လာ၏။ 【ပုန်ကန်မှု】၏ စွမ်းအားက ၎င်းကို ပိုမိုအားကောင်းလာစေသည်။ ရဲချီယန်က ၎င်း၏ အတောင်ပံများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"သွား၊ သွားကြည့်ချေ။"
နတ်ဘုရားများလည်း သေဆုံးနိုင်သည်။ ဤအရာကို ရဲချီယန် အလွန်တရာ သေချာနေပေသည်။ အကြောင်းမူကား ထိုအဖြေကို နတ်ဘုရားတစ်ပါး၏ နှုတ်ဖျားမှ ကိုယ်တိုင် ကြားသိခဲ့ရသောကြောင့် ဖြစ်၏။ သူတို့ သေဆုံးနိုင်မှတော့ သေမင်းအသိပေးချက် ကြေညာခြင်းကို ခံရနိုင်ပေသည်။
ကျီးကန်းနတ်ဆိုးသည် မြင့်မားသော ကောင်းကင်ယံသို့ ပျံသန်းသွားကာ စက်ဝိုင်းပုံစံ လှည့်ပတ်နေလေတော့သည်။ ထို့နောက် အရပ်မျက်နှာတစ်ခုဆီသို့ ဦးတည်ရပ်တန့်သွားပြီး အဝေးဆီသို့ စူးရှသော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်ချေပြီ။
"အား..."
ရွှီး...
ကျီးကန်းနတ်ဆိုး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လေထုကို ခွင်းကာ ပျံသန်းလာသော အရာတစ်ခုက ရဲချီယန်ထံသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာလေ၏။
ရဲချီယန်၏ နောက်မှ လိုက်ပါလာသော ဗီလိန်က ရုတ်တရက် ခုန်တက်သွားပြီး ၎င်း၏ အောက်ခြေမှ ရေနွေးငွေ့များ ထွက်ပေါ်လာကာ လေထဲတွင် ခေတ္တမျှ ရပ်တန့်သွားစေသည်။ ချော်ရည်နတ်ဘုရားနှင့် ဆွေးမြည့်ခြင်း နတ်ဘုရားတို့၏ နတ်ဘုရားအမြုတေများဖြင့် ဖန်တီးထားသော ဒိုင်းလွှာကို အရှေ့သို့ မြှောက်ကာကွယ်လိုက်၏။ ရန်သူအာရုံစိုက်မှု ဆွဲဆောင်ရေး ကိရိယာကြောင့် ဝင်ရောက်လာသော တိုက်ခိုက်မှုမှာ လမ်းကြောင်းလွဲသွားလေတော့သည်။
"ဒိုင်း..."
စူးရှသော ပေါက်ကွဲသံက အဆက်မပြတ် ထွက်ပေါ်နေသည်။ ထိုအချိန်မှသာ ပစ်ခတ်ခံရသောအရာမှာ ပန်းပင်၏ အမြစ်တစ်ခုဖြစ်ကြောင်း ထင်ရှားသွားလေ၏။ ထိုအမြစ်က ဒိုင်းလွှာနှစ်ခုလုံးကို ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့သော်လည်း ဗီလိန်၏ ဒိုင်းလွှာကိုင်ဆောင်ထားသော လက်တံကို အတော်အသင့် ပျက်စီးသွားစေသည်။ ကံကောင်းထောက်မစွာဖြင့် အစောပိုင်းက ရေနွေးငွေ့ဘုရင်၏ အမြုတေဖြင့် အဆင့်မြှင့်တင်ထားသောကြောင့်သာ တောင့်ခံနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့မဟုတ်ပါက ဤတိုက်ခိုက်မှုကို ခုခံနိုင်ရန် အလွန်ခက်ခဲပေလိမ့်မည်။
"ဟူး..."
လေဟာနယ်ထဲတွင် ရှည်လျားသော သက်ပြင်းချသံကြီးတစ်ခု ပဲ့တင်ထပ်သွား၏။
"လူသား၊ မင်းက ဘာဖြစ်လို့ ဒီလောက်တောင် အတင်းအကျပ် လုပ်နေရတာလဲ။"
"ငါ့ရဲ့ တမန်တော်ကို မင်းတို့ အကုန်လုံး သတ်ဖြတ်လိုက်ပြီ၊ ငါ့ရဲ့ နောက်လိုက်တွေကိုလည်း မင်းတို့ လူသားတွေက မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ကြပြီးပြီလေ။"
"ဒါတောင်မှ ငါက လူသားတွေနဲ့ ရန်သူဖြစ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဘူး။ အို နတ်ဆိုးသခင်၊ မင်းက ဘာဖြစ်လို့ ငါ့ရဲ့ ရန်သူ ဖြစ်နေရဦးမှာလဲ။"
ထိုအသံက အလွန်တရာ ခါးသီးနာကြည်းနေပုံပေါ်လေသည်။ ၎င်းမှာ ကိုင်းရှိုင်းသော ရဟန်းတစ်ပါးက အခြားသူများကို သားသတ်ဓားကို ချချန်ထားခဲ့ပြီး ဘုရားအဖြစ်သို့ ကူးပြောင်းရန် ဖျောင်းဖျနေသည်နှင့် တူနေတော့၏။
"အဲဒီနေရာမှာများလား။" ရဲချီယန်က စိတ်ထဲမှ တိတ်တဆိတ် တွေးတောလိုက်သည်။ သူက အမိန့်တစ်ရပ် ပေးလိုက်၏။
ဗီလိန်က ဒိုင်းလွှာကို ကိုင်ဆောင်လျက် အရှေ့ဆုံးမှ လျှောက်လှမ်းသွားလေသည်။ ရဲချီယန်က အနည်းငယ် ပြုံးလိုက်ကာ အသံထွက်ပေါ်လာရာ အရပ်ဆီသို့ ကျယ်လောင်စွာ လှမ်းပြောလိုက်သည်။
"ခင်ဗျားရဲ့ ရန်သူဖြစ်ဖို့ ကျွန်တော့်မှာ ရည်ရွယ်ချက် မရှိပါဘူး၊ နတ်ဘုရားတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို သိချင်ရုံသက်သက်ပါပဲ၊ ခင်ဗျားတို့က လူသားတွေနဲ့ ဘာတွေများ ကွာခြားနေလဲဆိုတာကို တွေ့ချင်ရုံပါ။"
"ဒီလိုမျိုး လှမ်းပြောနေရတာက တကယ်ကို ဒုက္ခများတယ်ဗျာ နတ်ဘုရားကြီး။ ကျွန်တော့်ဆီမှာ အရသာရှိတဲ့ သစ်သီးတစ်လုံး ရှိတယ်၊ လာပြီး မြည်းကြည့်ချင်သလား။"
ရွှီး၊ ရွှီး၊ ရွှီး...
လေထုကို ခွင်းကာ ပျံသန်းလာသော အသံများ ထပ်မံထွက်ပေါ်လာပြီး ထက်မြက်သော အမြစ်တစ်ခုပြီးတစ်ခု ရဲချီယန်ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြလေ၏။
"လူသား... မင်း ဘာတွေကြံစည်နေလဲဆိုတာကို ငါ မသိဘူးလို့ ထင်နေတာလား။"
"ဟက်၊ မင်း လွင်တီးခေါင်ပြင်ကို ဝင်ရောက်လာပြီး ရထားမောင်းနှင်သူ ဖြစ်လာတာ နှစ်လတောင် မပြည့်သေးဘူး။ ဒါပေမယ့် မင်းဆီမှာ နတ်ဆိုးတွေ ရှိနေပြီ... ပြီးတော့..."
"ဘုရားစူး ကတ်ပြား..."
"ငါ့ကို လွင်တီးခေါင်ပြင်ဆီ ပို့ဆောင်နိုင်တဲ့ စွမ်းရည် မင်းဆီမှာ ရှိနေတယ်ဆိုတာကို ငါ မသိဘူးလို့ တကယ်ပဲ ထင်နေတာလား။"
ဟင်၊ သူက အရာအားလုံးကို ဘယ်လိုလုပ် သိနေရတာလဲ။ ရဲချီယန်သည် ဤနေရာတွင် နေရာရွှေ့ပြောင်းအမှတ်အသား သို့မဟုတ် တရားသူကြီး၏ စွမ်းအားများကို အသုံးမပြုခဲ့ကြောင်း အလွန်တရာ သေချာနေပေသည်။
ဒီကောင်က... အနာဂတ်ကို ဟောကိန်းထုတ်နိုင်တာလား။ ထူးဆန်းလှသည်၊ ကျူရှင်းထူ ဆိုသည့် ထိုမိန်းမပင်လျှင် ထိုသို့သောအရာကို မလုပ်ဆောင်နိုင်ခဲ့ပေ။ နတ်ဘုရားတစ်ပါးက တကယ်ပဲ လုပ်နိုင်တာလား။
"ဘုရားစူး ကတ်ပြားဆိုတာ ဘာကြီးလဲ။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမသိဘူး။ ဒီလို ထူးဆန်းတဲ့ စကားတွေကို ခင်ဗျား ဘယ်ကနေ ကြားလာတာလဲ။ ခင်ဗျားကိုယ်ခင်ဗျား ထုတ်ပြပြီး ကျွန်တော်တို့ သေသေချာချာ စကားပြောကြရင် မကောင်းဘူးလား။"
ဖြားယောင်းသွေးဆောင်ခြင်း၏ စွမ်းအားများကို ရဲချီယန် အသုံးပြုလိုက်လေ၏။
"ဟက်... ဖြားယောင်းသွေးဆောင်ခြင်း ဟုတ်လား။ လွန်ခဲ့တဲ့ နှစ်တစ်ရာက ဒီနတ်ဆိုး ကတ်ပြား ပိုင်ရှင်ကို ငါ မြင်ဖူးတယ်၊ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ သူ သေသွားခဲ့တယ်။"
"မင်းရဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ဖြားယောင်းသွေးဆောင်ခြင်း မပါဘဲနဲ့တောင် ငါ မင်းကို ဖြေနိုင်ပါတယ်။"
"ထုံအတဲ့ ချော်ရည်နတ်ဘုရားနဲ့ ငါက ဆက်ဆံရေး ကောင်းခဲ့ကြတာလေ။"
"အဲဒီ ငတုံးကြီး သေဆုံးသွားပြီးတဲ့နောက် သူ့ရဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို ငါ စုံစမ်းခဲ့တယ်။"
"သူက ဒီခေတ်ရဲ့ နတ်ဆိုးသခင်ကို လည်ပင်းညှစ်သတ်ချင်လို့ စစ်တလင်းဆီ သွားခဲ့တာ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘုရားစူး ကတ်ပြားရဲ့ စွမ်းအားအောက်မှာ သေဆုံးသွားခဲ့ရတယ်။"
"အဲဒီဒိုင်းလွှာက သူ့ရဲ့ နတ်ဘုရားအမြုတေကနေ အသွင်ပြောင်းသွားတာပဲ။"
"ရဲချီယန်၊ လွင်တီးခေါင်ပြင်ထဲ ဝင်ရောက်လာတာ နှစ်လတောင် မပြည့်သေးတဲ့ လူသား... ကြယ်အမြုတေ စစ်တလင်းမှာ မင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဝယ်ယူဖို့ ငါက ကြီးမားတဲ့ တန်ဖိုးတစ်ခုကို မပေးဆပ်ခဲ့ရဘူးဆိုရင် မင်း ဒီလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာနိုင်လိမ့်မယ်လို့ ငါ ယုံကြည်မှာ မဟုတ်ဘူး။"
"နတ်ဆိုးတွေကို ပိုင်ဆိုင်ထားတယ်၊ နတ်ဘုရားအမြုတေ ပါရှိတယ်၊ ပြီးတော့ ကြယ်အမြုတေ စစ်တလင်းကို မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့သူ၊ ဘုရားစူး ကတ်ပြားကို ကိုင်ဆောင်ထားတဲ့ မင်းကလွဲလို့ တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။"
သြော် ဒီလိုကိုး။
ဒီ ပန်းနတ်ဘုရားက ဘာဖြစ်လို့ တစ်ခါမှ ထွက်မလာခဲ့တာလဲဆိုတာ အံ့သြစရာ မဟုတ်တော့ပေ။ ၎င်းက နေရာရွှေ့ပြောင်းအမှတ်အသား၏ အသေးစိတ် စွမ်းရည်များကို မသိနိုင်သော်ငြား၊ ချော်ရည်နတ်ဘုရားသည် လွင်တီးခေါင်ပြင်သို့ ဝင်ရောက်သွားသောကြောင့် သေဆုံးသွားရကြောင်းကိုမူ သိရှိနေပေသည်။ ထို့ကြောင့် အလွန်အမင်း ထုံအမနေပါက ဘုရားစူး ကတ်ပြားသည် နတ်ဘုရားများကို လွင်တီးခေါင်ပြင်သို့ ပစ်ချနိုင်စွမ်းရှိသည်ဟု ကောက်ချက်ချရန် မခက်ခဲလှချေ။
ရဲချီယန်ကို အံ့အားသင့်စေခဲ့သည့် တစ်ခုတည်းသောအရာမှာ ဤကောင်သည် ကြယ်အမြုတေ စစ်တလင်းမှ သတင်းအချက်အလက်များကို အမှန်တကယ်ပင် ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပလူတိုသခင်မ အဲရစ်သည် စနစ်၏ ဘက်တွင် အပြည့်အဝ ရပ်တည်နေခြင်း မဟုတ်ပုံရလေ၏။ သို့မဟုတ် တစ်နည်းအားဖြင့် သူမသည် လုံးဝ ဘက်မလိုက်သော ကြားနေဝါဒဆီသို့ ပိုမို တိမ်းညွတ်နေခြင်းများလား။
သို့တည်းမဟုတ် အကျိုးအမြတ်ကြောင့်များလား။ မည်သို့ပင်ဖြစ်စေ နတ်ဘုရားတစ်ပါးက ကြီးမားသော တန်ဖိုးဟု ခေါ်ဝေါ်ရသည်ဆိုလျှင် ထိုပမာဏမှာ အမှန်တကယ်ပင် ကြီးမားလှပေလိမ့်မည်။
သူက ဆက်လက် ရှေ့တိုးသွားလေ၏။ အမြစ်များဖြင့် တိုက်ခိုက်ခြင်းက ဗီလိန်၏ ကာကွယ်ရေးကို မဖောက်ထွင်းနိုင်ကြောင်း သိရှိသွား၍လည်း ဖြစ်နိုင်ပေသည်။ ပန်းနတ်ဘုရားက ထပ်မံ၍ တိုက်ခိုက်မလာတော့ချေ။
စကားသံများလည်း မရှိတော့ပေ။ ဆက်လက်၍ ရှေ့သို့သာ လျှောက်လှမ်းသွား၏။ ပတ်ဝန်းကျင်မှ ဖိအားပေးနေသော လေတိုက်သံများကလွဲ၍ အခြားမည်သည့်အသံမျှ မကြားရတော့ပေ။ ရဲချီယန်၏ ရှေ့မှောက်တွင် မှန်ပြင်သဖွယ် ကြည်လင်နေသော ရေကန်တစ်ခု ပေါ်လာသည်အထိပင်။
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော ပန်းနတ်ဘုရားက နောက်ဆုံးတွင် ထပ်မံ၍ စကားဆိုလာလေတော့သည်။
"ကဲ လူသား။"
"မင်းက ငါ့ကို ရှာတွေ့သွားပြီလို့ ထင်နေတာလား။"
"လုံးဝ မဟုတ်ဘူး။"
"ခုနက ငါ အဲဒါတွေ အကုန်လုံး ပြောပြလိုက်တာက မင်း သေလူတစ်ယောက် ဖြစ်လာတော့မှာမို့လို့ပဲ။"
"မင်းရှေ့မှာ ငါ လုံးဝ ထွက်ပေါ်လာမှာ မဟုတ်ဘူး။"
"ဒီချိတ်ပိတ်ခံထားရတဲ့ ဥယျာဉ်ကြယ်ကနေ ငါ မကြာခင် ထွက်ခွာသွားပြီး နတ်ဘုရားနိုင်ငံတော်ကို ပြန်လည်တည်ထောင်ဖို့ နေရာတစ်ခု ရှာဖွေရလိမ့်မယ်။"
"မင်းကရော။"
တစ်ခဏမျှ တိတ်ဆိတ်သွား၏။ လေထုအတွင်းရှိ အငွေ့အသက်များက ချက်ချင်းပင် ရုတ်တရက် ရပ်တန့်သွားလေသည်။ ထို့နောက် ချက်ချင်းပင် အရပ်မျက်နှာ အနှံ့အပြားရှိ အဆုံးအစမရှိသော ပန်းခင်းပြင်ကြီးက ဤအချိန်တွင် မြေဆီလွှာထဲမှ အမှန်တကယ်ပင် လမ်းလျှောက် ထွက်လာကြတော့သည်။ သွေးစွန်းနေသော နှုတ်ခမ်းများနှင့် အစွယ်များပါရှိသည့် ထူးဆန်းလှသော နတ်ဆိုးပန်းများအဖြစ်သို့ အသွင်ပြောင်းသွားကြချေပြီ။
"မင်း ဒီနေရာမှာ ထာဝရ အိပ်စက်ရလိမ့်မယ်။"
ဒိုင်း...
ဖျော့တော့သော ပန်းရောင် တိမ်တိုက်များက ကောင်းကင်ယံကို ဖုံးလွှမ်းသွား၏။ ရဲချီယန်၏ ခြေရင်းရှိ ပန်းများက ၎င်းတို့၏ နှုတ်ခမ်းများကို ဟလိုက်ကာ သူ၏ ခြေသလုံးများဆီသို့ ကိုက်ခဲရန် ပြင်ဆင်လိုက်ကြလေသည်။
လွင့်မျောကြယ် သန့်စင်သော အမှတ်အသားက အလိုအလျောက် သက်ဝင်လှုပ်ရှားလာသည်။ ထိုပန်း မကောင်းဆိုးဝါးများမှာ အရည်အဖြစ်သို့ ဖိချေခံလိုက်ရလေတော့၏။ သို့သော်လည်း ပတ်ပတ်လည်တွင် ပို၍များပြားလာသော ပန်း မကောင်းဆိုးဝါးများ စုဝေးလာကြသည်။ ၎င်းတို့က ပန်းများဘဝမှ မကောင်းဆိုးဝါးများအဖြစ်သို့ အသွင်ပြောင်းသွားခဲ့ကြလေပြီ။
"အရေအတွက်က တကယ်ကို အများကြီးပဲ။"
"ဟက်။"
သူက လက်ဖျောက်ကို ညင်သာစွာ တီးလိုက်လေ၏။
【လောဘတကြီး စားသောက်ခြင်း】
ငွေဖြူရောင် ဆလိုင်းက မြေပြင်ပေါ်သို့ ကျလာပြီး နှစ်ချက်သုံးချက်မျှ ခုန်ပေါက်သွား၏။ ချက်ချင်းပင် ၎င်းက စတင်၍ ကြီးထွားလာလေတော့သည်။ ရေနွေးငွေ့ဘုရင်၊ ခေါင်းပြတ်နေသော ဂေါ်ဘလင် ပထမမြောက် တမန်တော်နှင့် စက်ယန္တရား တပ်ဖွဲ့မှ မြောက်မြားစွာသော သူများက ဒီရေလှိုင်းပမာ ဝင်ရောက်လာသော ပန်း မကောင်းဆိုးဝါးများကို ဤအချိန်တွင် စတင် သတ်ဖြတ်နေကြချေပြီ။
【ကြိုတင်သတိပေးသူ】
အရပ်ရှည်သော ကျီးကန်းနတ်ဆိုးက ၎င်း၏ အတောင်ပံများကို ခတ်လိုက်ပြီး အနက်ရောင် ကြက်တောင်မုန်တိုင်းက မြေပြင်တစ်ခုလုံးကို စတင် တိုက်ခတ်လာလေ၏။ ထိုပန်း မကောင်းဆိုးဝါးများ၏ အလောင်းများထဲမှ အလောင်းကောင် ကျီးကန်းတစ်ကောင်ပြီးတစ်ကောင် တွားသွား ထွက်ပေါ်လာကြတော့သည်။
ဝုန်း...
နောက်ထပ် တုန်ခါမှုတစ်ခု ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် ကွာခြားသွားသည်မှာ မှန်ပြင်သဖွယ် ရေကန်၏ အထက်တွင် ဖြစ်ပေသည်။ ခရမ်းရောင် အလင်းဝန်းတစ်ခုအတွင်းတွင် တစ်စုံတစ်ခုက ဖြည်းညင်းစွာ မြင့်တက်လာလေသည်။
"လူသား၊ ငါ ထွက်ခွာသွားတဲ့အခါ မင်းနဲ့ မင်းရဲ့ သတင်းအချက်အလက်တွေကို နတ်ဘုရားတွေကြားမှာ ဖြန့်ဝေပေးသွားလိမ့်မယ်။"
"ဒီနေ့ကစပြီး မင်းကို နတ်ဘုရားတွေ အကုန်လုံး စောင့်ကြည့်နေကြတော့မှာ။ မင်းကို ဘုရားစူး ကတ်ပြား ပိုင်ရှင်တစ်ယောက်အဖြစ် ငါတို့ သိရှိသွားကြလိမ့်မယ်။"
"မင်း အဆုံးအစမရှိတဲ့ လှိုင်းလုံးကြီးတွေထဲမှာ မျိုချခံရလိမ့်မယ်။"
"ငါတို့ နောက်တစ်ကြိမ် ထပ်တွေ့ရင် မင်း သေချာပေါက် သေရလိမ့်မယ်။"
အလင်းရောင်များ တဖျပ်ဖျပ် လင်းလက်သွား၏။ ပန်းရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးက ထိုအလင်းနှင့် အရိပ်များကြားတွင် လင်းလက်သွားလေသည်။ ထိုအရာက ပန်းနတ်ဘုရား၏ အစစ်အမှန် ပုံစံပင် ဖြစ်သည်။ စနစ်မှ ချိတ်ပိတ်ထားသော ဤကမ္ဘာမှ မထွက်ခွာမီ ၎င်း၏ အစစ်အမှန် ခန္ဓာကိုယ်ဖြင့် ထွက်ခွာသွားရမည် ဖြစ်ပေသည်။
အချိန်မှာ တစ်စက္ကန့်မျှပင် မကြာလိုက်ချေ။ နေရာရွှေ့ပြောင်းအမှတ်အသားက ဤတစ်စက္ကန့်အတွင်း သူ့ကို ပြည်နှင်ဒဏ် မပေးနိုင်ခဲ့ပေ။
"နှုတ်ဆက်ပါတယ် လူသား။ မင်း ဒီနေရာမှာ ထာဝရ သေဆုံးရလိမ့်မယ်။"
ပန်းနတ်ဘုရား၏ စကားသံများက လေထုထဲတွင် ပဲ့တင်ထပ်သွား၏။ သူ အမှန်တကယ်ပင် ထွက်ပြေးလွတ်မြောက်သွားခဲ့ချေပြီ။
သို့သော်...
သူ အမှန်တကယ် ထွက်ပြေးလွတ်မြောက်သွားနိုင်မည်လား။
ဘုရားစူး ကတ်ပြား · V · တရားသူကြီးကို ရဲချီယန်က လက်ချောင်းနှစ်ချောင်းကြားတွင် ညှပ်ထားလေ၏။ ၎င်းမှာ နေရာရွှေ့ပြောင်းအမှတ်အသား မဟုတ်ပေ။ ပန်းနတ်ဘုရား မသိရှိထားသော အရာတစ်ခုပင် ဖြစ်သည်။
【ဘုရားစူး ကတ်ပြား · V · တရားသူကြီး】
【စွပ်စွဲခြင်း - မည်သည့်သက်ရှိအပေါ်တွင်မဆို တရားမျှတမှု အမှတ်အသားတစ်ခု သတ်မှတ်ရန် ကိုယ်ခံစွမ်းအားကို အသုံးပြုရမည်။ အများဆုံး နှစ်ခုအထိ သတ်မှတ်နိုင်သည်။ စွမ်းရည်စောင့်ဆိုင်းချိန် - တစ်ရက်။】
တရားမျှတမှု အမှတ်အသားကို ထွက်ပေါ်လာသည့် အချိန်မှာပင် သတ်မှတ်ပြီးဖြစ်နေလေတော့သည်။