← Chapters

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း (၂)

Vol. 010 Ch. 461

စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း (၂)

Vol. 010 Ch. 461

လမ်းတစ်လျှောက်တွင် ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကြက်ထားရာ စိုးရိမ်ပူပန်နေကြသည့် ကျင့်ကြံသူများစွာကို တွေ့မြင့်ခဲ့ရသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် သိနေကြသည့် လူများဖြစ်နေတာ တောင်မှ မေးထူးခေါ်ပြော လောက်သာ ခပ်သွက်သွက်လုပ်၍ ကိုယ့်လမ်း ကိုယ်သွားနေကြသည်။

ဝမ်လင်းက ပျံသန်းလာနေရင်း သူက ရုတ်တရက် မျက်မှောင် ကြုတ်သွားသည်။ ကျင့်ကြံသူ ဆယ်ယောက်ကျော်က သူတို့နတ်ဘုရား အာရုံကို ချိတ်ဆက်ပြီး ထူးဆန်းသော အားတစ်ခုကို ဖြစ်စေ၍ သည်ဧရိယာကို သိမ်းကြုံး ခြုံလွှမ်းထားကြသည်။

သည်ဆယ်ယောက်ထဲက သုံးယောက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ဖြစ်ကြပြီး ကျန်သည့်သူများက စဦးစိတ်ဝိညာဉ်အဆင့်များ ဖြစ်ကြသည်။

သူတို့က တစ်ဦးတစ်ယောက်ကို ပစ်မှတ်ထား၍ ဖြန့်ကျက်ထားခြင်း မဟုတ်ဘဲ ကျင့်ကြံသူတိုင်းကို စစ်ဆေးနေခြင်းသည့်ပုံပင်။

သူတို့၏ ချိတ်ဆက်ထားသော နတ်ဘုရားအာရုံက ဝမ်လင်းထံသို့ ရောက်လာသည့်အခါ ဝမ်လင်းက ပတ်သက်ရန် အချိန်မရသဖြင့် ရှောင်ရှားလိုက်သည်။

သူတို့အားလုံးက တစ်ခုခုမှားနေသည်ကို သတိပြုမိခြင်း မရှိကြပဲ ဆက်လက်၍ သည်ဧရိယာကို ချိပ်ဆက်ထားသော နတ်ဘုရားအာရုံကို ဖြန့်ကြက်ထားကြသည်။

ဝမ်လင်းက အလွန်မြန်လွန်းလှ၏။ သူက ခဏအကြာတွင် စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်အပြင်သို့ ရောက်လာခဲ့သည်။ ကလန်၏ အကာအကွယ် အစီအရင်က အသက်ဝင်နေပြီး ဖြစ်နေ၏။ ၎င်းက ကလန်ပတ်လည်၌ အနက်ရောင် တိမ်အစုအဝေးကြီးကို ဖြစ်ပေါ်နေစေသည်။ သည်တိမ်အစုအဝေးထဲ၌ တစ္ဆေများနှင့် ပြည့်နေသည်။

သည်တိမ်စုဝေးထဲကနေ အော်ညည်းသံလှိုင်းများ ထွက်ပေါ်လျက်ရှိသည်။ သည်နေရာက ကြောက်လန့်စရာ ကောင်းလှပြီး မြေအောက်ကမ္ဘာ တစ်ခုအလား ထင်မှတ်ရသည်။

ဖီးလုနိုင်ငံရှိ မည်သည့် ကျင့်ကြံသူကမှ သည်အနီးအနားသို့ လာရောက်လိုခြင်း မရှိကြချေ။ ထို့ကြောင့် သူတို့က သည်နေရာကို ကွေ့ပတ်၍ သွားကြ၏။

ဝမ်လင်းက ကလန်၏အစီအရင်ကို တွေ့မြင်လိုက်သည့်အခါ သူက စိတ်သက်သာရာရ၍ သက်ပြင်းချနိုင်တော့သည်။ ဆိုလိုသည်က ကလန်အတွင်းပိုင်းသည် ခုချိန်ထိ လုံခြုံနေသည် မဟုတ်လား။ သူက စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း နည်းစနစ်ကို အသက်သွင်းလိုက်ပြီး သူ့ပါးစပ်ထဲကနေ အမည်းရောင် အခိုးငွေ့တန်းကို ထွေးထုတ်လိုက်သည်။ သည်အခိုးငွေ့အမျှင်တန်းက ပေသုံးဆယ်ခန့်ရှည်သည့် စိတ်ဝိညာဉ် အလံတစ်ခုအသွင်သို့ ပြောင်းသွား၏။

“ဝင်ရောက်မယ်…” ဝမ်လင်း အနည်ငယ် စဉ်းစားပြီးနောက် အလံကို လှုပ်ယမ်းလိုက်သည်။ ၎င်းက လျင်မြန်စွာဖြင့် ဝမ်လင်းကို လွှမ်းခြုံသွားပြီး အစီအရင်ထဲသို့ ဖြတ်ကျောက်ကာ သူ့ကို ခေါ်ဆောင်သွားသည်။

အလံက သည်မြူနက်များကြား ဝင်လာသည့်အခိုက်တွင် စိတ်ဝိညာဉ် အပိုင်းအစများက ပေါင်းဖွဲ့၍ ဝမ်လင်းနောက်သို့ လိုက်ပါလာကြသည်။ သည့်နောက် ဝမ်လင်းနှင့် အလံသည်လည်း ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်၏ အစီအရင် အတွင်းပိုင်းသို့ ရောက်ရှိသွားသည်။

သိပ်မကြာခင်တွင် အနက်ရောင်တိမ်များက သာမန်တိုင်း ပြန်ဖြစ်သွား၏။ ဝမ်လင်းအတွက် ပွင့်သွားသော လမ်းကြောင်းက ချက်ချင်း ပြန်ချိပ်ပိတ်သွားခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

သည်နေရာက ဝမ်လင်း နောက်ဆုံးရောက်ခဲ့သည့် တစ်ခေါက်နှင့် များစွာ ခြားနားခြင်း မရှိချေ။ သို့သော် ခုချိန်၌ တပည့်အနည်းငယ်တော့သာ ရှိတော့သည်။ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသည့်တပည့်များသာ ကျန်တော့သည်။

သူက အကွာအဝေးတစ်ခု လှမ်းကြည့်လိုက်ရာ ရွှေရောင်အဝန်းအဝိုင်း ကိုးခုတွင် သုံးခုသာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။

“မင်း ပြန်လာပြီပေါ့…” ရှေးဟောင်း အသံတစ်ခုက လေဟာနယ်ထဲက ထွက်ပေါ်လာသည်။ သွေးရောင်အဝန်းအဝိုင်း တစ်ခုက ဝမ်လင်းရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ပြီး သွန်းထျန်ကလည်း ၎င်းထဲက လှမ်းလျှောက်၍ ထွက်လာ၏။

သွန်းထျန်က ပို၍ အိုစာသွားသည့်ပုံပေါက်ပြီး သူ့ခန္ဓာကိုယ် ပတ်လည်၌လည်း ထူထဲသော သေခြင်းအော်ရာ တစ်ခု ပေါ်လာခဲ့သည်။ ခုလက်ရှိသူက နောက်ဆုံးအကြိမ် ဝမ်လင်းတွေ့ခဲ့သည့် အချိန်တုန်းကနှင့် လုံးဝခြားနားနေခဲ့ပြီ ဖြစ်သည်။

“စီနီယာ…သင်…” ဝမ်လင်းမျက်လုံးများက ပို၍လေးနက်သွားပြီး သွန်းထျန်ကို သေချာ ဆန်းစစ်ကြည့်နေသည်။ သူက သွန်းထျန်၏ သက်တမ်းသည် အဆုံးသတ်တော့မည်ကို သိလိုက်ရပြီး သက်ပြင်းချမိသည်။

“မင်းက ဒါကို မြင်လိုက်တယ်မလား။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ငါ့သက်တမ်းက နှစ်အနည်းငယ်ပဲ ကျန်တော့တယ်။ ငါက ချက်ချင်းတော့ မသေသေးပါဘူး…” သွန်းထျန်က ရယ်မောလိုက်၏။ သူက ရယ်မောလိုက်သည့်အခါ သူ့ပတ်လည်ရှိ သေဆုံးခြင်းအော်ရာက အနည်းငယ် လျော့သွားသည်ဟု ထင်မှတ်လိုက်ရသည်။

“မဆိုးဘူး။ ဒီလောက်နှစ်တိုတိုလေးနဲ့ မင်းကျင့်ကြံမှုအဆင့်က အများကြီး တိုးတက်လာခဲ့တယ်။ မင်းက ကောင်းကင်ဘုံ ကျောက်စိမ်း အများအပြားရှိရင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖိုက အချိန်တစ်ခုပဲ လိုတော့တယ်…” သွန်းထျန်က ဝမ်လင်းကို အနီးကပ် သေချာကြည့်လိုက်သည်။ ထိုအခါ သူက တုန်လှုပ်သွားခဲ့၏။ သူ့မျက်လုံးများကလည်း တောက်ပသွား၏။

ဝမ်လင်း အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။ “စီနီယာ…သင့်မှာ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ ရှိလား…”

သွန်းထျန်က ကောင်းကင်ထက်သို့ မော့ကည့်ကာ ရယ်မောတော့၏။ “မင်းက ဘယ်လိုကောင်လဲ စန်နူး…။ မင်းက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကို ကောင်းကင်ဘုံ ကျောက်စိမ်းပြားအတွက် ပြန်လာခဲ့တာပဲ။ မင်းမှာသာ လုံလောက်တဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြား လုံလောက်အောင်ရှိရင် မင်းဒီကလန်ကို ပြန်လာပါ့မလားတောင် ငါစိုးရိမ်မိတယ်…”

ဝမ်လင်းက ပြုံး၍ ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါက စိတ်ဝိညာဉ်ဆယ်သန်း အလံအတွက် ပြန်လာခဲ့ဦးမှာပါ…”

သွန်းထျန်မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်ကာ ပြုံးလိုက်သည်။ “ကောင်းတယ်… စိတ်ဝိညာဉ်ဆယ်သန်းအလံက မင်းဟာပဲ။ ငါ့စိတ်ဝိညာဉ်ကလည်း နှစ်အနည်းငယ် ကြာပြီးရင် မင်းဟာ ဖြစ်လာမှာပါ။ အဲဒီအပြင် စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်က မင်းဟာ ဖြစ်လာမှာပါ။ မင်းက ဒီနေရာကို မကြိုက်ဘူး ဆိုရင်တောင် ဒီကလန်ကို ထားခဲ့နိုင်သေးတယ်။ ဒါပေမဲ့ ငါက မင်းအပေါ်မှာ ဘယ်လောက် ကောင်းတယ်ဆိုတာ သတိရပါ။ မင်းက မင်းကတိကို ဆက်ပြီး ထိန်းထားရမယ်…”

“ဒီအဘိုးအိုက မင်းရှိက ကတိတစ်ခုကိုပဲ လိုချင်ခဲ့တာပါ။ အဲ့တာက စိတ်ဝိညာဉ် ဆယ်သန်းအလံကို သေချာထိန်းသိမ်းဖို့ပဲ။ ဒီစိတ်ဝိဉာည်အလံ ရှိနေသ၍ ငါ့စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်က ဆက်ရှိနေမှာပဲ။ ဒီဂြိုဟ်က မင်းလို လူတစ်ယောက်အတွက် သေးလွန်းပါတယ်။ စန်နူး မင်း ထွက်သွားတဲ့အခါကျရင် မင်းက သင့်တော်တဲ့ နေရာတစ်ခု ရှာပြီး ငါ့ရဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကို ပြန်ထွန်းတောက်အောင် လုပ်ပေးပါ။ မင်းက ကောင်းကင်ဘုံထိ ရောက်ရှိနိုင်တဲ့ မျှော်စင် (၉၉၉)ခုကို တည်ဆောက်ပြီး ငါ့စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ရဲ့ အိပ်မက်ဖြစ်တဲ့ အဆင့်ခြောက်နိုင်ငံ ဖြစ်လာဖို့ လုပ်ပေးရမယ်…”

“နားထောင်ပါ…စန်နူး…”

ဝမ်လင်းမျက်လုံးများက တည်ငြိမ်လို့နေ၏။ သည်ကမ္ဘာတွင် အလကားရသည့်အရာ တစ်ခုမျှ မရှိချေ။ သည့်အတွက်ကြောင့် သင်က တစ်ခုခုလိုချင်ရင် တန်ဖိုးတစ်ခုခု ပြန်ပေးရမည်သာ ဖြစ်၏။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သွန်းထျန်၏စကားများကို သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါ ဒါကို လုပ်နိုင်တယ်…”

သွန်းထျန်က ဝမ်လင်းကို သေချာကြည့်ရှုပြီးနောက် သက်ပြင်းချမိသည်။ သူက ကောင်းကင်ကို မော့ကြည့်ကာ တွေးလို့နေသည်။ “စီနီယာအစ်ကို … ငါက မင်းခန့်မှန်းမှုမှာ အရာအားလုံးကို လောင်းကြေးထပ်ခဲ့ပြီ။ ငါက ဒီလောင်းကြေးမှာ အရာအာလုံး ဆုံးရှုံးမသွားဖို့ မျှော်လင့်မိပါတယ်…”

သူက အသက်ဝဝရှူသွင်းကာ အင်္ကျီလက်အိုးကို ခါယမ်း၍ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက ဦးဆောင်၍ သွားပြီး ဝမ်လင်းက သူ့နောက်ကနေ ကပ်၍ လိုက်သွားတော့သည်။

သူတို့နှစ်ယောက်က လျှပ်စီးတန်းတစ်ခုအလား စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကို ဖြတ်ကျော်၍ သွားနေပြီး တောင်အနောက်ဘက်သို့ ရောက်လာခဲ့၏။

သွန်းထျန်က ချိပ်တံဆိပ်တစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်က တုန်ခါသွားပြီး အနက်ရောင် ဝဲကတော့တစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။ သည်ဝဲကတော့ထဲ၌ အနက်ရောင်လျှပ်စီးများ တည်ရှိလို့နေ၏။ သည့်နောက် ၎င်းအထဲကနေ အန္တရာယ်ရှိသော အော်ရာတစ်ခုက အလျင်အမြန် ပျံ့နှံ့လာသည်။

“ဒီနေရာက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ရဲ့ တားမြစ်နေရာပဲ…။ စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း နည်းစနစ်ကို ကျွမ်းကျင်တဲ့လူတွေသာ ဒီနေရာကို ဝင်ရောက်နိုင်တယ်။ ဒါကြောင့် မင်းကို ဒီနေရာကို ခေါ်လာတာက ကလန်ရဲ့ စည်းမျဉ်းကို ဖောက်ဖျက်ရာ မကျတော့ဘူး…” သွန်းထျန်က ထိုသို့ပြောပြီးနောက် သူက ဝဲကတော့ထဲသို့ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းက အနည်းငယ်စဉ်းစားနေ၏။ သူ့အသွင်က တည်ငြိမ်နေသော်လည်း သူက သတိထားနေဆဲပင်။ သည့်နောက် သူက သွန်းထျန်နောက်သို့ ဂရုတစိုက် လိုက်ပါသွား၏။

သူက ဝဲကတော့ထဲသို့ ဝင်သွားသည့် အခိုက်တွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အမြင်က မှုန်ဝါးသွားတော့၏။ သူက ရှင်းရှင်းလင်းလင်း ပြန်မြင်ရသည့်အခါတွင် လိုဏ်ဂူတစ်ခုအတွင်းသို့ ရောက်နေခဲ့၏။

သည်လှိုဏ်ဂူက အလွန်ကြီးမားခြင်း မရှိချေ။ သူ့ရှေ့ရှိ ဂူနံရံတွင် ကောင်းကင်ဘုံ ကျောက်စိမ်းပြားနှင့် ပြုလုပ်ထားသည့် ကျောက်ပြားအခုသုံးဆယ်ကျော် ရှိလို့နေ၏။

“ဒီကျောက်ပြားတွေက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ရဲ့ အတိတ်တုန်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတွေရဲ့ ကမ္ဗည်းတိုင်တွေပဲ…” သွန်းထျန်က သည်ကမ္ဗည်းတိုင်များကို လေးစားစွာ ဦးညွှတ်လိုက်၏။

ဝမ်လင်းသည်လည်း လိုက်ပါ ဦးညွတ်လိုက်သည်။

သွန်းထျန်မျက်လုံးထဲရှိ ပျော်ရွှင်မှု အငွေ့အသက်တို့ ရှိနေပြီး သူက ယောင်ယောင်လေး ခေါင်းညိတ်လိုက်သည်။ သည့်နောက် သူက ဘေးတစ်ဖက်သို့ ဆက်လျှောက်လာပြီး သူ့လက်ကို နံရံပေါ်သို့ ဖိလိုက်သည်။ သိပ်မကြာခင်တွင် အရပ်မျက်နှာအနှံ့က တုန်ခါသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

“စန်နူး… ကြာပွင့်သဏ္ဌာန် ထိုင်လိုက်…။ ငါ့စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်မှာ ကောင်းကင်ဘုံ ကျောက်စိမ်းပြား‌တွေ အများကြီး မကျန်တော့ဘူး။ ငါတို့က သူတော်စင်လေးပါးဂြိုဟ်ကနေ ဒီကို ပြောင်းလာတုန်းကတော့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ အများကြီး စုဆောင်း လာခဲ့ကြတယ်။ နှစ်ထောင်ပေါင်းများစွာ ကြာလာတဲ့နောက်မှာတော့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူသုံးဆယ်ကျော်ကို ထောက်ပံ့ဖို့အတွက် ငါတို့က တော်တော်များများ အသုံးပြုခဲ့ပြီးသွားပြီ။ ကျန်နေသေးတဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေက ငါနဲ့ ငါ့စီနီယာအစ်ကိုတို့ ငယ်ရွယ်စဉ်တုန်းက ကောင်းကင်ဘုံနယ်မြေကနေ စုဆောင်း ရရှိခဲ့တဲ့ဟာတွေပဲ။ ဒီလောက်နဲ့က မင်းအတွက် မလောက်မှာတော့ ငါစိတ်ပူမိတယ်။ ဒါပေမဲ့ မင်းစိတ်ပူစရာမရှိဘူး။ ဒီမှာရှိတာနဲ့ မလုံလောက်သေးရင် ငါက မင်းအတွက် သွားလုပေးမယ်။ ဘာပဲဖြစ်ဖြစ် မင်းက သိပ်မကြာခင်မှာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ကို ရောက်ရမယ်…”

“ငါတို့ စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်က ဘယ်တုန်းကမှ ကောင်းကင်ဘုံ ကျောက်စိမ်းပြားနဲ့ ပတ်သက်ပြီး မပူပင်ခဲ့ဖူးဘူး။ အကြောင်းကတော့ တစ်ယောက်ယောက်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ ကြိုးစားတာနဲ့ ငါတို့က စိတ်ဝိညာဉ် ဆယ်သန်းအလံကို ယူပြီး ငါတို့လိုတဲ့ ကျောက်စိမ်းပြားကို ကလန်တစ်ခုခုကနေ သွားလုယူခဲ့တာပဲ။ ကလန်တစ်ခုနဲ့ မလုံလောက်သေးရင် ငါတို့က ကလန်နှစ်ခု…၊ နှစ်ခုနဲ့ မလောက်သေးရင် ကလန်သုံးခုရှိ သွားခဲ့တယ်။ သိပ်မကြာခင်မှာပဲ ငါတို့လိုတဲ့ လုံလောက်တဲ့ ကျောက်စိမ်းပြားတွ ေရခဲ့တာပဲ…”

“ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်တဲ့အချိန်တုန်းက ငါ့ဆရာက ငါ့အတွက် စိတ်ဝိညာဉ် ဆယ်သန်းအလံကို ယူပြီး အခြားအဆင့်ငါးနိုင်ငံသုံးခုကနေ ကျောက်စိမ်းပြားတွေ သွားလုယူပေးခဲ့တာပဲ…” သွန်းထျန်က ထိုသို့ပြောနေရင်း သူ့မျက်လုံးထဲ၌ ဂုဏ်ယူမှုများနှင့် ပြည့်လို့နေခဲ့သည်။

ဝမ်လင်းက သည်အကြောင်းကို ကြားလိုက်သည့်အခါ ခါးသက်စွာ ပြုံးမိသည်။ သူက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်သည် အမှန်ပင် နိုင်လိုမင်းထက် ပြုတာပဲဟု တွေးနေမိ၏။ စိတ်ဝိညာဉ် ဆယ်သန်းအလံက ဟင်္သာပြဒါးနိုင်ငံပင် ကြောက်လန့်သည့် ရတနာတစ်ခုပင် မဟုတ်လား။ သည်အလံနှင့်ဆိုလျှင် စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်က ဂြိုဟ်တစ်ခုလုံးကို လွှမ်းမိုးနိုင်ပေ၏။ သူတို့ကို တားနိုင်သည့်လူက အလွန်နည်းပါးပေလိမ့်မည်။ သည်ကလန်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်များစွာ ရှိနေသည်မှာ အံ့ဩစရာ မရှိတော့ချေ။

သည်အချိန်မှာပင် တုန်ခါသံက ပိုပိုကျယ်လာပြီး မြေပြင်က စတင်အက်ကွဲလာ၏။ သည့်နောက် ကောင်းကင်ဘုံ ကျောက်စိမ်းတုံးနှစ်ခုက မြေကြီးထဲကနေ ထွက်ပေါ်လာခဲ့သည်။ သည်အတုံးတစ်ခုစီက လူတစ်ယောက် အရွယ်ခန့် ရှိပေသည်။

သည်ဧရိယာ တစ်ခုလုံးက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နှက်သွားသည်။ ဝမ်လင်းက သည်ကောင်းကင်ဘုံ ကျောက်စိမ်းတုံးနှစ်ခုကို အနီးကပ်ကြည့်လိုက်ရာ သူ့တွင်ရှိသော ကျောက်စိမ်းပြားများလောက် အရည်အသွေး မကောင်းကြောင်း တွေ့လိုက်သည်။ သို့ရာတွင် သည်ကျောက်စိမ်းတုံး နှစ်ခုက ကြီးမားလွန်းလှ၏။ သည့်အတွက်ကြောင့် သဘာဝအားဖြင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များစွာ ပါဝင်နေခဲ့သည်။

ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်ပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို စတင် စုပ်ယူလေတော့သည်။

ကျောက်စိမ်းတုံးတစ်ခုက ဝမ်လင်းရှေ့တွင် ရှိပြီး နောက်တစ်ခုက သူ့နောက်တွင် ရှိလို့နေ၏။ သည်နှစ်ခုလုံးက သူစုပ်ယူသည့်အချိန်တွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များစွာကို ထုတ်လွှတ်ပေးနေသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းတုံးကနေ ထွက်ပေါ်လာနေသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက အလွန်ပေါကြွယ်ဝသဖြင့် ဝမ်လင်းနှင့် သည်နှစ်ခုကြားတွင် အဖြူရောင် အလင်းတန်းတစ်ခုက ချိတ်ဆက် ပေးနေသည်ကိုပင် မြင်နေရသည်။

သွန်းထျန်က ဘေးတွင် မတ်တတ်ရပ်လျက် ရှိနေသည်။ သူက သိုလှောင်အိတ်ထဲ ကနေ သေးငယ်သော အဖြူရောင်အလံခုနစ်ခုကို ထုတ်ယူလိုက်သည်။ သည့်နောက် သူက ၎င်းတို့ကို ပစ်လွှတ်လိုက်ရာ သည်အလံခုနစ်ခုက ဝမ်လင်းပတ်လည်၌ နေရာကျသွားသည်။

အဖြူရောင် အလံငယ်ထဲကနေ အဖြူရောင် အခိုးငွေ့အမျှင်တန်းများ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု မညီမညာသည့် အသွင်ပုံစံဖြင့် ချိတ်ဆက်သွားကြသည်။

သွန်းထျန်က လေထဲသို့ လက်ညွှန်၍ ပြောလိုက်သည်။ “ရပ်တည်စမ်း”

အဖြူရောင်အလံမှ ထွက်ပေါ်နေသည့် အဖြူရောင် အခိုးငွေ့များက ဝမ်လင်းပတ်လည်၌ လုံးဝ ဝန်းရံသွားတော့သည်။

“စန်နူး… ဒီအစီအရင်နဲ့ဆိုရင် မင်းရဲ့ စုပ်ယူနိုင်တဲ့နှုန်းက ပိုမြန်လာပြီး မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ အဖြစ် ပြောင်းလဲပေးမှုနှုန်းကိုလည်း တိုးမြှင့်ပေးလိမ့်မယ်။ ဒီအဘိုးအိုက မင်းအပေါ်မှာ ဘာမှ မထိမ်ချန်ထားတော့ဘူး…”

အဆုံးမဲ့သော စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေပြီး ဝမ်လင်းခန္ဓာကိုယ်က တရစပ် သန့်စင်လို့နေ၏။ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များ ကလည်း ပြောင်းလဲလို့နေသည်။

ဝမ်လင်းက တဖြည်းဖြည်းဖြင့် အချိန်ကုန်ဆုံးနေသည်ကို မေ့လျော့သွားပြီး သူ့ကိုယ်သူ ကောင်းကင်ဘုံ စိတ်ဝိဉာည်စွမ်းအင်များ စုပ်ယူခြင်းနှင့် သူ့စိတ်ဝိညာဉ် စွမ်းအင်များကို ပြောင်းလဲခြင်းတွင် နစ်မြုပ်သွားသည်။ သည်ဖြစ်စဉ်ကို ဖြတ်ကျော်နေရင်း သူက ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်နှင့် ပတ်သက်၍ နက်ရှိုင်းသော နားလည်မှုကို ရရှိလာခဲ့သည်။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်ကို ရောက်ရှိခြင်းက ကျင့်ကြံသူများအတွက် အရည်အသွေးပိုင်း ဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်လေသည်။ စိတ်ဝိညာဉ် စွမ်းအင်များက ပြောင်းလဲခြင်းသာမက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်ခြင်းက စွမ်းအား၏ ပြယုဂ်ဟု အမှန်ပင် ယူဆလို့ ရနိုင်ပေ၏။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို ထိန်းချုပ်နိုင်သွား၏။ ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအင်ကိုသာ အသုံးပြုသော ရတနာများစွာက အသုံးမဝင်တော့ချေ။ အကြောင်းကတော့ သည်ရတနာများက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို တောင့်မခံနိုင်သောကြောင့် ဖြစ်၏။

အလားတူပင် အချို့ရတနာများသည် စိတ်ဝိညာဉ်စွမ်းအင်နှင့် အသက်သွင်း အသုံးပြုလို့ မရချေ။ သည်လိုရတနာမျိုးက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်နှင့်သာ အသုံးပြုနိုင်ပေသည်။

ကောင်းကင်ဘုံဓားနှင့် နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားက ဤသို့သော ရတနာမျိုး ဖြစ်ကြ၏။

အချိန်ကုန်လာသည်နှင့် အမျှ သည်နေရာရှိ ကောင်းကင်ဘုံ ကျောက်စိမ်းတုံးနှစ်ခုက တဖြည်းဖြည်းချင်း စုပ်ယူခြင်းခံလာရသည်။ သည်နေ့တွင် သည်ကျောက်စိမ်းတုံး နှစ်ခုပေါ်၌ အက်ကွဲရာများ အနည်းငယ်ပေါ်လာပြီး အက်သံများ ထွက်ပေါ်လာခဲ့တော့၏။

***

All Chapters