အခန်း ၁၄
Vol. 2 Ch. 14
အပိုင်း ၁၄ - နောက်ယောင်ခံလိုက်ခံရခြင်း
သူမအနေနဲ့ လင်းစုယွီကို ဘာကြောင့်များ သည်းမခံနိုင်ဖြစ်နေရတာလဲ။
သဘာဝကျကျ ပြောရရင်တော့ ဒါဟာ သူမရဲ့ ဂုဏ်ဒြပ် အဆင့်အတန်းကြောင့်ပါပဲ။ လင်းစုယွီကို ဖိနှိပ်ထားပြီး သူမရှေ့ကို ဘယ်တော့မှ ပြန်မလာနိုင်အောင် လုပ်နိုင်မှသာ သူမ လိုချင်တောင့်တတာမှန်သမျှ အဆင်ပြေချောမွေ့နိုင်မည်ဟု ထင်နေသည်။
သူမရဲ့ အရင်ဘဝတုန်းကတော့ လူတိုင်းက သူမကို လင်းမိသားစုရဲ့ အောင်မြင်တဲ့ ဆက်ခံသူတစ်ယောက်လို့ ဆိုကြပေမဲ့ ဒီအောင်မြင်မှုတွေဟာ ငွေပုံအောသုံးပြီး ဩဇာရှိတဲ့ ကျောထောက်နောက်ခံတွေနဲ့ ချိတ်ဆက်ကာ လမ်းပွင့်အောင် လုပ်ခဲ့တာဆိုတာကိုတော့ လူနည်းစုပဲ သိကြတာပင်။
သူမရဲ့ အောင်မြင်မှုတွေဟာ ငွေကြေးနဲ့ ဂုဏ်ဒြပ်ရဲ့ ပံ့ပိုးမှုတွေနဲ့ ခွဲခြားလို့မရသလို၊ လင်းစုယွီဟာလည်း သူမအတွက် ခလုတ်ကန်သင်းတစ်ခု ဖြစ်နေခဲ့သည်။ ဒီဘဝမှာ သူမက လက်ရှိအခြေအနေတွေကို အများကြီး ပြောင်းလဲပစ်လိုက်လို့ပဲ လင်းစုယွီရဲ့ ကံကြမ္မာလမ်းကြောင်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတာများလား။
ဒီအချိန်မှာတော့ လင်းရှင်းယောင်ရဲ့ စိတ်အခြေအနေဟာ တော်တော်လေးကို ရှုပ်ထွေးနေပြီး နောင်တနဲ့ မိမိကိုယ်ကိုယ် အပြစ်တင်စိတ်တွေက ရင်ထဲမှာ ရောယှက်နေခဲ့ပါသည်။
တစ်ချိန်တည်းမှာပဲ လင်းစုယွီရဲ့ ပွင့်လင်းပြတ်သားတဲ့ စကားတွေကြောင့် သူမဟာ အနိုင်ကျင့်လို့ရမယ့်သူ မဟုတ်ဘူးဆိုတာကို လင်းရှင်းယောင်တစ်ယောက် နားလည်သွားရပါသည်။
ဒါ့အပြင် လင်းစုယွီရဲ့ လက်ရှိအခြေအနေအပေါ် ခွဲခြမ်းစိတ်ဖြာချက်တွေကလည်း သူမကိုယ်သူမ ဘယ်လောက် အကြပ်ရိုက်နေလဲဆိုတာကို သဘောပေါက်သွားစေခဲ့ပြီး နောက်ဆုံးမှာတော့ လင်းရှင်းယောင်တစ်ယောက် ကြောင်တောင်တောင်နဲ့ပဲ ထွက်ခွာသွားခဲ့ရသည်။
စိတ်ဓာတ်ကျကျန်ရစ်ခဲ့တဲ့ လင်းရှင်းယောင်နဲ့ယှဉ်ရင်တော့ လင်းစုယွီဟာ ဘာမှမဖြစ်ခဲ့သလိုပင်။ သူမကတော့ အေးအေးလူလူနဲ့ပဲ ဘဝကို ဆက်ဖြတ်သန်းနေခဲ့သည်။
သို့သော် သူမရဲ့ ပတ်ဝန်းကျင်မှာ ရင်းနှီးနေတဲ့ လူရိပ်လူခြေ တစ်ယောက်၊ နှစ်ယောက်ကို တစ်ချက်တစ်ချက် သတိထားမိနေသည်။ လမ်းတစ်လမ်းတည်းမှာ အတူမနေတဲ့လူတွေကို တစ်နေ့ထဲမှာ သုံးကြိမ်လောက် ဆုံနေရတာဟာ သာမန်တော့မဟုတ်ပေ။ တစ်ခုခု မသင်္ကာစရာမရှိဘူးဆိုရင်တော့ ဒါဟာ တကယ်ကို ထူးဆန်းနေပါလိမ့်မည်။
သူမနောက်ကို နောက်ယောင်ခံလိုက်နေသည့် အနှီလူက လူအ လား၊ ဒါမှမဟုတ် အဲ့ဒီလူတွေကပဲ သူမကို လူအ လို့ ထင်နေကြတာလားတော့ မသိပေ။ ဒီလောက် ညံ့ဖျင်းတဲ့ ခြေရာခံပညာနဲ့များ သူမကို လူလုံးပြရဲကြသေးတယ်! သူမလို ကလေးတစ်ယောက်တောင် တစ်ခုခုမှားနေပြီဆိုတာ သိနိုင်တာပေါ့။
ကြည့်ရတာ လူကတော့ တစ်ယောက်တည်းပါပဲ၊ ဒါပေမဲ့ နေ့တိုင်း ပုံစံပြောင်းနေတာ။ ရုပ်ဖျက်တာကလည်း မပီပြင်လိုက်တာမှ အဝတ်အစားနဲ့ မိတ်ကပ်သာ ပြောင်းတယ်၊ ဖိနပ်ကျတော့ မပြောင်းဘူး။ မိတ်ကပ်လိမ်းတာကလည်း အခြေခံကတည်းက ညံ့ဖျင်းတဲ့အပြင် အသေးစိတ်ကိုလည်း ဂရုမစိုက်ဘူး။
ဒါဟာ တကယ့်ကို အဆင့်မရှိတဲ့ လုပ်ရပ်ပဲ! ၂၂ ရာစုကလာတဲ့ ဘယ်မိန်းမသားကများ အရမ်းမိုက်တဲ့ မိတ်ကပ်လိမ်းခြယ်နည်းတွေကို မသိဘဲ နေပါ့မလဲ။ တချို့ဆို ရုပ်ဖျက်ပညာနဲ့ မျက်နှာပြောင်းလဲတဲ့အတတ်ကိုတောင် ကျွမ်းကျင်ကြတာ။
အပြစ်တင်ညည်းညူပြီးနောက်မှာတော့ လင်းစုယွီတစ်ယောက် သူမရဲ့ ပုံမှန်ဘဝထဲ ပြန်ဝင်သွားသည်။ အပြင်ထွက်ရင်လည်း ကျောင်းသွားတာ ဒါမှမဟုတ် ဈေးနဲ့ သမဝါယမဆိုင်သွားတာလောက်ပဲရှိပြီး တခြားနေရာတွေကို ခြေဦးမလှည့်ချေ။
သူမ၏ ထူးခြားဆန်းပြားသည့် နေရာလွတ်ထဲကို ဝင်မည်ဆိုလျင်ပင် ညအချိန် တံခါးတွေ၊ ပြတင်းပေါက်တွေ အသေအချာပိတ်ပြီးမှသာ ဝင်လေ့ရှိသည်။
လင်းစုယွီအတွက်တော့ ဒီလိုငြီးငွေ့စရာကောင်းတဲ့ ဘဝကလည်း မဆိုးလှပေ။ ဒါဟာ သူမကို အေးအေးဆေးဆေး စာကျက်နိုင်စေသလို၊ မူလတန်းသင်ရိုးညွှန်းတမ်းတွေကို အစကနေ အဆုံးထိ ပြန်လည်လေ့လာဖို့ အခွင့်အရေးပေးသလို ဖြစ်နေသည်။
နေ့ဘက်မှာ ကျောင်းတက်၊ ညဘက်မှာတော့ နေရာလွတ်ထဲမှာ စိုက်ပျိုးရေးလုပ်နဲ့ ကြိုးစားတဲ့သူဟာ အမြဲတမ်း အသီးအပွင့် ခံစားရစမြဲပင်။ အချိန်အတန်ကြာတော့ လင်းစုယွီဟာ မူလတန်းသင်ခန်းစာ အားလုံးကို အပြီးသင်ယူနိုင်ခဲ့သည်။
သင်္ချာဆရာက သူမကို ဘာကြောင့် ခဏခဏ ပုစ္ဆာတွေ တွက်ခိုင်းနေလဲဆိုတာကိုလည်း သူမ နောက်ဆုံးမှာ နားလည်သွားသည်။ ၁၉၆၀ ခုနှစ်တွေရဲ့ သင်္ချာတွက်နည်းတွေက ၂၂ ရာစုနဲ့ အတော်လေး ကွာခြားနေတာကိုး။ သူမအနေနဲ့ ဒီခေတ်ကာလနဲ့ တစ်သားတည်းဖြစ်အောင် နေထိုင်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလိုခေတ်ကြီးထဲမှာ ထူးချွန်လွန်းပြီး လူပေါ်လူဇော်လုပ်တာဟာ သိပ်တော့ မကောင်းလှပါ။
ပြီးတော့ သူမရဲ့ နေရာလွတ်ဟာလည်း အခြေခံအဆင့်ကနေ အဆင့် (၁) ကို တိုးတက်သွားသည်။ နေရာလွတ် အဆင့်တက်ခြင်းသည် လင်းစုယွီ၏ ကျင့်စဉ်အဆင့်တက်ခြင်းဆိုလျင် နေရာလွတ်ထဲမှာ အလုပ်လုပ်ခြင်းသည် သူမရဲ့ တရားကျင့်ကြံမှုဟုပင် ဆိုနိုင်သည်။
နေရာလွတ် အဆင့်တက်သွားသည့်အခါမှာတော့ လင်းစုယွီသည် သူမရဲ့ စိတ်ဝိဉာဉ်အာရုံကို နေရာလွတ် အပြင်ဘက်မှာပါ သုံးလို့ရတာကို တွေ့ရှိခဲ့သည်။ ၁၀ မီတာပတ်လည်အတွင်းမှာရှိတဲ့ ခြင်တွေ၊ ပုရွက်ဆိတ်တွေကိုတောင် သူမရဲ့ အာရုံနဲ့ အကုန်အစင် မြင်နေရပြီဖြစ်သည်။
ဒါဟာ နောက်ထပ် သာမန်နေ့တစ်နေ့ပါပဲ။ လင်းစုယွီက လင်းရှင်းယောင်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပြီးကတည်းက သူတို့နှစ်ယောက် ထပ်မဆုံဖြစ်ကြတော့ပါချေ။ ဒါပေမဲ့လည်း လျန်ဟွေ့ရှိနေတာကြောင့် လင်းရှင်းယောင်ရဲ့ လှုပ်ရှားမှုမှန်သမျှကိုတော့ သူမဆီကနေတစ်ဆင့် အမြဲကြားနေရသည်။
"အား... ငါတော့ ရူးတော့မှာပဲ! အဲ့ဒီ လင်းရှင်းယောင်ဆိုတဲ့ မိန်းမကို နေ့တိုင်း ရင်ဆိုင်နေရတာ၊ ရန်ဖြစ်တိုင်းလည်း ငါ့အဖေက သူမဘက်ကပဲ။ အခုတော့ ငါ့အဖေပါ အမှုပတ်ပြီး အလုပ်ကနေ ခေတ္တရပ်နားခံရတော့မယ်"
လင်းစုယွီကော သူမပါ လင်းရှင်းယောင်ကို သိနေကြတာကြောင့် လျန်ဟွေ့ဟာ ဒီအတောအတွင်း လင်းစုယွီဆီမှာ ရင်ဖွင့်တတ်တဲ့ အကျင့်ဖြစ်နေပါပြီ။ မဟုတ်ရင်တော့ သူမရင်ထဲက ဒေါသတွေကို ထွက်ပေါက်ပေးစရာ ရှိမှာမဟုတ်ပါချေ။
"စုယွီရာ... ငါ တကယ်ကို စိတ်ဆင်းရဲတာပဲ။ အရင်က အဲ့ဒီမိန်းမနဲ့ တစ်နေ့ကုန် ရင်ဆိုင်နေရတုန်းက နင် ဘယ်လိုများ စိတ်အေးအေးထားနိုင်ခဲ့တာလဲ"
ဘယ်လိုများ စိတ်အေးအေး ထားနိုင်ခဲ့တာလဲတဲ့လား။ ဒါဟာ အဆင့်အတန်း မတူညီမှုကြောင့်ပါပဲ၊ မူလခန္ဓာကိုယ်ပိုင်ရှင်လေးဟာ အောက်ကျနောက်ကျခံပြီး သည်းခံခဲ့ရတာပေါ့။
"နင် သူ့ကို မမြင်ချင်ဘူးဆိုရင်လည်း အဝေးကို ပို့လိုက်ရုံပေါ့။ နင်က သူများအိမ်မှာ ကပ်နေနေရတာမှ မဟုတ်တာ၊ ဘာလို့ နင်ကပဲ အောင့်သက်သက်နဲ့ သည်းခံနေမှာလဲ"
လျန်ဟွေ့နဲ့ သူမအမေ လျန်ကတော် နှစ်ယောက်ပေါင်းရင် လင်းရှင်းယောင်ကို မနိုင်စရာ အကြောင်းမရှိချေ။ လျန်ကတော်ဆိုတာကလည်း သာမန်အိမ်ထောင်ရှင်မတစ်ယောက်မှ မဟုတ်တာ။
"အဝေးပို့ဖို့လား၊ ပြောဖို့ကတော့ လွယ်တာပေါ့။ ခက်တာက ပို့လို့မရတာပဲ! လင်းမိသားစုကိစ္စကလည်း အခုထိ အဖြေမထွက်သေးဘူး၊ ငါ့အဖေလည်း အမှုပတ်လုနီးပါး ဖြစ်နေပြီ။ လင်းရှင်းယောင်ကလည်း တောဘက်ကို ခဏရှောင်သွားဖို့ဆိုတာကို လုံးဝငြင်းနေတာ"
လင်းမိသားစုနဲ့ လင်းရှင်းယောင်ကြောင့် သူမအဖေနဲ့ အမေဟာ အကြိမ်ကြိမ် အခြေအတင် ဖြစ်ခဲ့ကြရသည်။ဒါတောင် လင်းရှင်းယောင်ကတော့ ဘာမှမဖြစ်သလို သူတို့အိမ်မှာ ဆက်နေနေသေးတာပါ။ ပိုပြီး ဒေါသထွက်ဖို့ကောင်းတာက သူမက အစားအသောက်၊ အဝတ်အစားကအစ ဂျီကျပြီး ကောင်းကောင်းမွန်မွန်ပဲ တောင်းဆိုနေတာပါပဲ။
"နင့်အဖေကတော့ တကယ်ကို သံယောဇဉ်ကြီးတဲ့သူပဲ။ တခြားလူတွေသာဆိုရင်တော့ ဒီလို ဆွေမျိုး မျိုးနဲ့ ဒီလိုကိစ္စမျိုး ကြုံရရင် လမ်းခွဲတာ ကြာလှပြီ"
လင်းစုယွီက လေသံအဓိပ္ပာယ်ပါပါနဲ့ ပြောလိုက်ပေမဲ့ လျန်ဟွေ့ကတော့ လင်းစုယွီ ဆိုလိုချင်တဲ့ အတွင်းသဘောကို လုံးဝ နားမလည်ခဲ့ပါဘူး။
"အဲ့ဒါကတော့ မဖြစ်နိုင်ဘူး။ ငါ့အဖေက ငါ့အဒေါ်နဲ့ အမြဲတမ်း ရင်းနှီးခဲ့တာ၊ လင်းရှင်းယောင်ကိုဆိုရင်လည်း ရတနာတစ်ပါးလို အလိုလိုက်ခဲ့တာ။ နောက်ပြီး လင်းရှင်းယောင်က အခုချိန်မှာ ကျင်းမန်မြို့ကနေ ထွက်သွားဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ"
"ကျင်းမန်ကနေ ထွက်လို့မရရင် ကွမ်ကျိုးဘက်ကကော။ ဟောင်ကောင်နဲ့ အရမ်းနီးတယ်လို့ သခင်ကြီးလင်း ပြောတာ ငါအရင်က ကြားဖူးတယ်"
လင်းမိသားစုဝင်တွေ ပြန်မလာခင်အထိ ကျင်းမန်မြို့က သင်္ဘောဆိပ်တွေကို စောင့်ကြည့်နေကြမှာပင်။ ဆွေမျိုးကန်တော့ဖို့ ပြန်လာရမယ့်ရက် ကျော်သွားလို့မှ လင်းမိသားစု ပြန်မရောက်လာရင်တော့ အခြေအနေတွေက တော်တော်လေး ဆိုးရွားသွားလိမ့်မည်။
လင်းမိသားစုရဲ့ အရင်းရှင်နောက်ခံကြောင့် နိုင်ငံတော်ကို သစ္စာဖောက်ပြီး ထွက်ပြေးတယ်ဆိုတဲ့ ပြစ်မှုက ရှောင်လွှဲလို့ရမှာ မဟုတ်ပေ။ အဲ့ဒီအချိန်ကျရင် စက်ရုံမှူးလျန်ဟာ အရင်ဆုံး အမှုပတ်မယ့်သူ ဖြစ်လာလိမ့်မည်။
ဘာဖြစ်လို့လဲဆိုတော့ သူအုပ်ချုပ်နေတဲ့ စက်ရုံဟာ အရင်က လင်းမိသားစုပိုင် ဖြစ်ခဲ့ဖူးသလို၊ လင်းမိသားစုရဲ့ ပံ့ပိုးမှုကြောင့်သာ သူဟာ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးတက်နိုင်ခဲ့တာ ဖြစ်လို့ပင်။
ဒီနေ့ လျန်ဟွေ့နဲ့ စကားပြောရာတွင် လျန်ဟွေ့ဟာ လုံလောက်အောင် ဉာဏ်ကောင်းမယ်ဆိုရင်တော့ ဒီစကားတွေရဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို နားလည်နိုင်မှာပါ။
စက်ရုံမှူးလျန်သာ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး သခင်မကြီးလင်းနဲ့ အဆက်အသွယ်ဖြတ်ကြောင်း သတင်းစာထဲမှာ ကြေညာချက်ထုတ်နိုင်ရင်တော့ နောက်ဆက်တွဲဖြစ်လာမယ့် ကိစ္စတွေက သူ့အပေါ် သိပ်ပြီး သက်ရောက်မှုရှိမှာ မဟုတ်ပေ။
လင်းရှင်းယောင်အနေနဲ့ ကျင်းမန်ကနေ ထွက်လို့မရပေမဲ့ ကွမ်ကျိုးဘက်ကို သွား၍ရသည်။ ထိုနေရာမှာ လူမှောင်ခိုလုပ်ငန်းတွေက အတော်လေး အမြစ်တွယ်နေပြီဖြစ်သလို၊ ဆင်းရဲတဲ့ မိသားစုတွေတောင် ဟောင်ကောင်ကို ရေကူးပြီး ခိုးဝင်နေကြတာ။
လင်းရှင်းယောင်လို ချမ်းသာတဲ့သူအတွက်ကတော့ ပိုက်ဆံပိုပေးလိုက်လျင် သူမကို ပင်လယ်ဖြတ်ပြီး ပို့ပေးမယ့် မှောင်ခိုသမားတွေ အများကြီးရှိနိုင်သည်။
လျန်ဟွေ့က တစ်ဝက်တစ်ပျက် နားလည်သွားပုံရပြီး အသေးစိတ် ထပ်မေးဖို့ ပြင်လိုက်တဲ့အခါမှာတော့ လင်းစုယွီက ဒီအကြောင်းကို ဆက်မပြောတော့ပေ။ လူဆိုတာ သတိထားရစမြဲမို့ ဒီလိုကိစ္စမျိုးမှာ လမ်းစလောက်ပဲ ပြပေးလို့ရပြီး အကုန်အစင် ရှင်းပြလို့ မဖြစ်ချေ။
နောက်ထပ် နှစ်ရက်လောက် ကြာတဲ့အခါမှာတော့ လျန်ဟွေ့ဟာ သစ်သီးအိတ်တစ်လုံးနဲ့ စိတ်ဓာတ်တွေ တက်ကြွပြီး ကျောင်းရောက်လာသည်။ ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ လင်းစုယွီကို သစ်သီးတွေ ကမ်းပေးတော့သည်။
ကြည့်ရတာ လျန်ဟွေ့ဟာ မအပါဘူး၊ သူမရဲ့ အရိပ်အမြွက်ကို နားလည်သွားပုံရသည်။ ဒါပေမဲ့လည်း တကယ်တမ်း ဉာဏ်ကောင်းတာက လျန်ဟွေ့မဟုတ်ဘဲ သူမအမေ လျန်ကတော်ဆိုတာကို လင်းစုယွီချက်ချင်း သိလိုက်သည်။
ဖြစ်ပုံကတော့ လျန်ဟွေ့ဟာ အဲ့ဒီနေ့ အိမ်ပြန်ရောက်တဲ့အခါ သူမအမေကို ကျောင်းကအကြောင်းတွေ ပုံမှန်အတိုင်း ပြောပြရင်း လင်းစုယွီ ပြောလိုက်တဲ့ စကားတွေကိုပါ မရည်ရွယ်ဘဲ ထည့်ပြောမိသွားတာပါ။
လျန်ကတော်ကတော့ လျန်ဟွေ့လို ရိုးစင်းတဲ့သူမျိုး မဟုတ်ပေ။ သူမဟာ အရာရှိကတော်တွေရဲ့ အသိုင်းအဝိုင်းမှာ အတော်လေး မျက်နှာပွင့်တဲ့သူပါ။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သူတစ်ယောက်ဖြစ်တာကြောင့် လင်းစုယွီရဲ့ စကားတွေထဲက အရေးကြီးတဲ့ အချက်အလက်တွေကို သူမ ချက်ချင်း ထုတ်ယူနိုင်ခဲ့သည်။
လျန်ကတော်သည် သူမရဲ့ခင်ပွန်းဖြစ်သူအတွက် အခြေအနေတွေကို အရင်ဆုံး ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီး၊ လမ်းမကြီးကနေ သွားနေရင်းနဲ့ တစ်ဖက်ကနေလည်း လမ်းခွဲကို လျှို့ဝှက်စွာ အသုံးပြုနိုင်ကြောင်း သတိပေးခဲ့သည်။
အပေါ်ယံမှာတော့ သူဟာ သခင်မကြီးလင်းနဲ့ အဆက်အသွယ်ဖြတ်ကြောင်း သတင်းစာထဲမှာ လူသိရှင်ကြား ကြေညာမှာဖြစ်ပြီး၊ သူမရဲ့သမီး လင်းရှင်းယောက်ကိုလည်း တောဘက်ကို ပို့ပစ်မယ်လို့ ပြောခဲ့သည်။
ဒါပေမဲ့ တကယ်တမ်းမှာတော့ လင်းရှင်းယောင်ကို ကွမ်ဖူမြစ်ဝကျွန်းပေါ်ဒေသမှာ ခေတ္တနေစေပြီး၊ ငွေပုံအောပေးကာ မှောင်ခိုသမားတွေကတစ်ဆင့် ပင်လယ်ကို ဖြတ်ကျော်ပို့ဆောင်ခိုင်းမှာ ဖြစ်သည်။
အမှန်တော့ လျန်ကတော်ဟာ တကယ်ကို အမြော်အမြင်ရှိတဲ့သူပါ။ သူမဟာ ခင်ပွန်းဖြစ်သူကို အဆက်အသွယ်ဖြတ်ကြောင်း ကြေညာခိုင်းရုံတင်မကဘဲ ရာထူးပြောင်းရွှေ့ဖို့ပါ လျှောက်ထားခိုင်းခဲ့သည်။ အခုရှိနေတဲ့ စက်ရုံမှူးရာထူးဟာ လင်းမိသားစုကြောင့် ရခဲ့တာမို့ မသင်္ကာမှုတွေကို ရှောင်ရှားနိုင်ဖို့ သေးငယ်တဲ့ စက်ရုံတစ်ခုက စက်ရုံမှူးနဲ့ ရာထူးချင်းလဲလှယ်ခိုင်းလိုက်သည်။
စက်ရုံမှူးလျန်အနေနဲ့ အာဏာအချို့ ဆုံးရှုံးသွားပြီး လူတွေရဲ့ ယုံကြည်မှုကို ရဖို့ အစကနေ ပြန်ကြိုးစားရမယ်လို့ ထင်ရပေမဲ့၊ ဒါဟာ နောင်ဖြစ်လာမယ့် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သူ့ရဲ့ အပြစ်အနာအဆာတွေကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ခြင်းပဲ ဖြစ်သည်။
လင်းရှင်းယောင်၏ ဘေးကင်းမှုကို အသုံးချပြီး ခင်ပွန်းဖြစ်သူကို နားဝင်အောင် ပြောနိုင်ခဲ့တဲ့ လျန်ကတော်ရဲ့ အရည်အချင်းက တကယ့်ကို အံ့ဩစရာပါ။ ပိုပြီး ထူးခြားတာကတော့ သူမဟာ အနာဂတ် နိုင်ငံရေးအခြေအနေကို ကြိုတင်ခန့်မှန်းနိုင်ပြီး သူ့ကို အချိန်မီ ခြေလှမ်းမှန်အောင် လုပ်ပေးနိုင်ခဲ့တာပဲ ဖြစ်သည်။
လျန်ဟွေ့ရဲ့ တစ်ခမ်းတနား ရှင်းပြချက်တွေကို နားထောင်ပြီးနောက်မှာတော့ လင်းစုယွီက "လျန်ဟွေ့... နင့်အမေက တကယ့်ကို ပညာရှိတဲ့သူပဲ" လို့သာ သက်ပြင်းချရင်း ဆိုနိုင်တော့သည်။
လင်းရှင်းယောင် ထွက်သွားပြီဖြစ်လို့ သူမခေါင်းပေါ်မှာ အမြဲရှိနေတဲ့ အချိန်ကိုက်ဗုံးဟာလည်း လောလောဆယ်တော့ ပျောက်ကွယ်သွားပါပြီ။
အစတုန်းကတော့ သူမက လင်းရှင်းယောင်ကို လက်တုံ့ပြန်ရုံပဲ စဉ်းစားခဲ့တာပါ၊ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူမကို အပြီးအပိုင် ဖယ်ရှားလိုက်တာကမှ ပိုပြီး ဘေးကင်းမယ်လို့ တွေးမိခဲ့သည်။
ဒါ့အပြင် လင်းရှင်းယောင်တစ်ယောက် မှောင်ခိုသမားတွေနဲ့ ပင်လယ်ထဲ ထွက်သွားတဲ့အခါမှာလည်း ပိုက်ဆံရှိတိုင်း ဘေးကင်းကင်းနဲ့ ရောက်မယ်လို့ မပြောနိုင်ပေ။ လင်းရှင်းယောင် တစ်ယောက်တော့ ဒုက္ခအတော်လေး ခံစားရဦးမှာ သေချာသည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း