← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း ၁၆ - ဒရာမာမင်းသမီး

တစ်ယောက်ယောက်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ပိုက်ဆံလာပေးနေမှတော့ သူတို့ဘက်ကလည်း ဝမ်းသာအားရ လက်ခံကြတာပေါ့။ ဒါပေမဲ့ အသာတကြည်နဲ့ လမ်းဖွင့်ပေးဖို့ကျတော့ မလွယ်ကူခဲ့ပေ။

မနှစ်က ကျိုင်းကောင်ဘေးကြောင့် သီးနှံတွေ ပျက်စီးခဲ့ရပြီးကတည်းက ရွာသားတွေ ရဲ့ဘဝက ခက်ခဲကြမ်းတမ်းခဲ့ရတာပါ။ ဒီနှစ်မှာလည်း မိုးခေါင်ရေရှားဒဏ်ကို ထပ်မံကြုံတွေ့ရပြန်တော့ ရွာထဲမှာ ငတ်မွတ်ခေါင်းပါးပြီး တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြပြီ။

အကယ်၍သာ အစားအစာတွေ အမြန်ဆုံး ရှာမလာနိုင်ရင်တော့ ဒီလူတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ဆုံးရှုံးရတော့မယ်ဆိုပြီး စိုးရိမ်နေကြတာ။

"ဒီထဲမှာ အသက်ရှူရတာ ကျပ်လိုက်တာ၊ ဘာလို့ ခုထိ မသွားကြသေးတာလဲ"

လင်းရှင်းယောင်ဟာ အပြင်က ရုန်းရင်းဆန်ခတ် အသံတွေကို ကြားနေရပေမဲ့ သာမန်လူတန်းစားတွေရဲ့ ဒုက္ခကိုတော့ သူမ နားမလည်ခဲ့ပေ။ အရာရာကို ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတယ်လို့ ထင်နေတဲ့ သူမရဲ့ ဒေါသက ပေါက်ကွဲထွက်လာခဲ့သည်။

"အို... ညီလေး၊ မင်းကတော့ ကံကောင်းတာပဲ၊ ဒီလောက် လှတဲ့ ကောင်မလေးနဲ့ ညားထားတာကိုး။ ဟေ့ မိန်းမလှလေး... ငါတို့ကို မိတ်ဆက်ပေးဖို့ မင်းမှာ ညီမလေးတွေ ဘာတွေ မရှိဘူးလား။ ငါတို့ဆီမှာတော့ မင်းကို စိတ်ကျေနပ်အောင် ထားနိုင်တဲ့ သန်မာတဲ့ လူပျိုသိုးတွေ အများကြီးပဲဟေ့"

လင်းရှင်းယောင်ဟာ အသက် ၁၃ နှစ်ပဲ ရှိသေးပေမဲ့ နှစ်ပေါင်းများစွာ ကောင်းကောင်းမွန်မွန် စားသောက်ပြီး အလိုလိုက်ခံထားရတာကြောင့် သူမရဲ့ ရုပ်ရည်နဲ့ ကိုယ်လုံးကိုယ်ပေါက်ဟာ အသက် ၁၆၊ ၁၇ အရွယ် မိန်းကလေးတစ်ယောက်လို ဖြစ်နေသည်။

လမ်းပိတ်ထားတဲ့ လူကတော့ သူမကို မျက်လုံးတွေ အရောင်တောက်ပြီး ကြည့်နေသလို၊ ပါးစပ်ကလည်း သူမကို နှာဗူးကျတဲ့ စကားတွေနဲ့ စနောက် ကျီစယ်နေသည်။

"ဖယ်စမ်း! ဘယ်သူက သူ့မိန်းမလဲ။ ပြီးတော့ ပါးစပ်ကိုလည်း စင်ကြယ်အောင် ထားကြစမ်း။ ဖားပြုတ်ကများ ဟင်္သာသား စားချင်နေတယ်၊ အိပ်မက်မက်မနေနဲ့"

လင်းရှင်းယောင်ဟာ အရင်ဘဝတုန်းက တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ အစောပိုင်းကာလမှာ ငွေအမြောက်အမြား ပြန်လာမြှုပ်နှံခဲ့လို့ အောင်မြင်ခဲ့သူ ဖြစ်သည်။

နိုင်ငံခြားရောက် တရုတ်လူမျိုးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် ပံ့ပိုးကူညီမှုတွေ ရှိနေတာကြောင့် သူမဟာ လမ်းပွင့်အောင် အရာရာကို ပိုက်ဆံနဲ့ ပေါက်ပြီး ရှင်းတဲ့အကျင့် ဖြစ်နေတာပါ။ ဒါကြောင့်လည်း ပြဿနာမှန်သမျှ ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတယ်ဆိုတဲ့ အသိက သူမမှာ စွဲမြဲနေခဲ့ပါသည်။

"နင်တို့ လိုချင်တာ ပိုက်ဆံမလား။ ဒီမှာ ယွမ်တစ်ရာ။ ရပြီလား။ ပိုက်ဆံယူပြီး လမ်းပိတ်ထားတာတွေကို အမြန်ဖယ်ပေး၊ ငါတို့ သွားရမယ်"

သူမက မောက်မာတဲ့ လေသံနဲ့ ယွမ်တစ်ရာတန်ကို ထုတ်ပေးလိုက်သည်။ ကျန်းဖင်ကတော့ အခြေအနေ မဟန်တော့ဘူးဆိုတာ သိလိုက်ပြီ။ ဖြတ်သွားဖြတ်လာ ကားတွေကို လမ်းပေါ်တက်တားရဲတဲ့ လူတွေဟာ ဘယ်လိုမှ စိတ်ကောင်းရှိတဲ့သူတွေ မဟုတ်နိုင်ဘူးလေ။

"ဒီမယားငယ်လေးက အချိုးလည်း မပြေဘူးး ချမ်းလည်း ချမ်းသာတာပဲဟေ့။ အဲ့ဒါဆိုရင်တော့ မင်း ဒီမှာပဲ နေခဲ့လိုက်ပါလား၊ မင်း ဘာတွေ တတ်နိုင်သေးလဲဆိုတာ တို့တွေ ကြည့်ရအောင်"

"မိန်းမတစ်ယောက်ဟေ့! ကားထဲမှာ မိန်းမတစ်ယောက် ပါလာတယ်!"

ရှေ့မထွက်လာရသေးတဲ့ လူတွေဟာ ကားထဲမှာ မိန်းမတစ်ယောက် ပါလာမှန်း သိသွားကြသည်။ တစ်ယောက်က အော်လိုက်တာနဲ့ သူတို့တွေဟာ အုံနဲ့ကျင်းနဲ့ ဝိုင်းလာကြပြီး တချို့ကလည်း ကားကို ပတ်ပတ်လည်ကနေ ပိတ်ဆို့ထားလိုက်ကြသည်။

"ညီအစ်ကိုတို့ရယ်၊ ကျေးဇူးပြုပြီး သူ့ကို ခွင့်လွှတ်ပေးကြပါ။ သူ့မှာ ပိုက်ဆံ အများကြီး မရှိပါဘူး။ အဲ့ဒီ ယွမ်တစ်ရာဆိုတာ ရှောင်ကျုံးက သူ့ကို ပေးထားတဲ့ တောင်းရမ်းငွေလေးပါ။ သူ့ဆီမှာ ရှိသမျှ ပိုက်ဆံတွေ အကုန်ထုတ်ခိုင်းပြီး ညီအစ်ကိုတို့ကို တောင်းပန်ခိုင်းပါ့မယ်"

ကျန်းဖင်ကတော့ တကယ့်ကို စိုးရိမ်နေပြီ။ ချွေးစက်တွေဟာ မျက်လုံးထဲအထိ စီးကျနေပေမဲ့ သုတ်ဖို့တောင် အချိန်မရှိဘူး။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒီလူတွေက သူတို့ကို ကြိုးတုတ်လိုက်မှာကို သူ ကြောက်နေမိသည်။

လင်းရှင်းယောင်ဟာ ကျန်းဖင် သတိပေးခဲ့တာကို သတိရသွားပြီး သူမ ပြဿနာရှာမိပြီဆိုတာ သိလိုက်သည်။ သူမဟာ ရှောင်ကျုံး အနားကို ကပ်နေရင်း စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် နောင်တတွေ တရစပ် ရနေမိသည်။

"ရှောင်ကျုံး မင်းမိန်းမမှာ ပိုက်ဆံ ဘယ်လောက် ကျန်သေးလဲ။ အမြန်ထုတ်ခိုင်းလိုက်။ ဘယ်သူက သူ့ကို ဒီလောက် အချိုးမပြေတဲ့ စရိုက်မျိုး ရှိခိုင်းလို့လဲ။ အဲ့ဒါတွေ ပြင်မှ ရမယ်"

ရှောင်ကျုံးကလည်း ပါးနပ်သူမို့ လင်းရှင်းယောင်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပိုက်ဆံပေးဖို့ အကြိမ်အနည်းငယ် ဆူပူလိုက်သည်။ လင်းရှင်းယောင်ဆီမှာ ယွမ်နှစ်ရာပဲ ရှိတာပါ။ သူမက ကွမ်ဖူ မြစ်ဝကျွန်းပေါ်ဒေသကို ရောက်ရင် မိသားစုနဲ့ ပြန်ဆုံဖို့ သိပ်မလိုတော့ဘူးလို့ တွေးထားတာကြောင့် ပိုက်ဆံကို သိပ်နှမြောမနေတော့ပါဘူး။

"မရှိတော့ဘူး... ဒါအကုန်ပဲ။ ကျွန်မ... ကျွန်မဆီမှာ ဒါပဲ ကျန်တော့တာပါ"

ဒီတစ်ခါတော့ လင်းရှင်းယောင်က မပေးချင်ပေးချင်နဲ့ ယွမ်သုံးဆယ်ကို ထုတ်ပြီး ရှောင်ကျုံးကို ပေးလိုက်သည်။ အစတုန်းကတော့ လမ်းဘေးမှာ လူတွေ ဒီလောက် အများကြီး ပုန်းနေမှန်း သူမ မသိခဲ့ပေ။ အခု ဝိုင်းထားတာကို ခံရတော့မှပဲ သူမဟာ ကြောက်ရမှန်းသိပြီး ဦးနှောက်ကို အသုံးပြုတတ်လာတော့သည်။

နောက်ဆုံးမှာတော့ ကျန်းဖင်က ရှောင်ကျုံးကို ရိက္ခာလက်မှတ်တချို့ ထုတ်ခိုင်းလိုက်ပြီး လင်းရှင်းယောင် ပေးတဲ့ ပိုက်ဆံတွေနဲ့အတူ တစ်ဖက်လူတွေကို ပေးလိုက်ပါတယ်။ စကားလှလှတွေ အဖုံဖုံ ပြောပြီးမှပဲ သူမကို ဖမ်းမထားဖို့ တစ်ဖက်လူတွေကို ဖျောင်းဖျနိုင်ခဲ့သည်။

"အစ်ကိုကြီးတို့၊ ဒီလိုလုပ်ပါလား... ကျွန်တော်တို့ အပြန်ခရီးကျရင် အစ်ကိုကြီးတို့အတွက် အစားအစာတွေ ပိုရအောင် ကြိုးစားခဲ့ပါ့မယ်။ အစ်ကိုကြီးတို့ကလည်း အကျိုးအမြတ် လိုချင်တာပဲလေ၊ ဒီလို ကိစ္စလေးတစ်ခုနဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို မဖျက်ဆီးပါနဲ့"

ဒါကလည်း အမှန်ပါပဲ။ ကျန်းဖင်ရဲ့ ယာဉ်တန်းဟာ ဒီလမ်းကနေ လတိုင်း ဖြတ်သွားနေကျဖြစ်ပြီး တစ်ခါတစ်လေ ကားအများကြီးနဲ့ သွားတာပါ။ သူတို့တွေက အစားအစာ ပေးရမယ့်ကိစ္စဆိုရင်လည်း အမြဲတမ်း ရက်ရက်ရောရောနဲ့ မြန်မြန်ဆန်ဆန် ပေးလေ့ရှိကြသည်။

"အစ်ကိုကြီး၊ ဒီတစ်ခါတော့ လွှတ်ပေးလိုက်ပါလား။ ကျွန်တော်တို့လည်း အကျိုးအမြတ် တော်တော်လေး ရနေပြီပဲဟာ"

ကျန်းဖင်တို့ ပေးလိုက်တဲ့ ပိုက်ဆံနဲ့ အစားအစာတွေက မနည်းတာကို တွေ့လိုက်ရပြီး ရေရှည်အကျိုးကို တွေးမိတာကြောင့် သူတို့ထဲက တစ်ယောက်က ခေါင်းဆောင်ဖြစ်သူကို အမြန်ဖျောင်းဖျတော့သည်။ ဒီလိုခေတ်ကြီးမှာ မိန်းမဆိုတာ အစားအစာလောက် အရေးမကြီးပါဘူး။

"ကောင်းပြီ၊ လမ်းပိတ်တာတွေ ဖယ်ပေးပြီး သူတို့ကို လွှတ်ပေးလိုက်! အစ်ကိုကြီး... အပြန်ခရီးကို စောင့်နေမယ်နော်!"

အန္တရာယ်ကနေ လွတ်မြောက်သွားတာနဲ့ ကျန်းဖင်ဟာ တစ်စက္ကန့်တောင် မနှောင့်နှေးရဲတော့ပေ။ လင်းရှင်းယောင်ဟာ ကားလှုပ်ခါလွန်းလို့ ခေါင်းတွေမူးပြီး အော့အန်ချင်နေတာကို လုံးဝဂရုမစိုက်တော့ဘဲ ပုံမှန်ထက် ပိုမြန်အောင် မောင်းနှင်တော့သည်။

လင်းရှင်းယောင်ဟာ ဒရာမာတွေ သိပ်များလွန်းတာကြောင့် သူတို့ဟာ ဒီပြသနာအိုးမလေးကို အမြန်ဆုံး ဖယ်ထုတ်ချင်နေကြပြီ။

အလျင်အမြန် သွားကြရင်းနဲ့ ကွမ်ဖူ မြစ်ဝကျွန်းပေါ်ဒေသကို ရောက်လာကြသည်။ ကျန်းဖင်က ထောက်ခံစာကို သုံးပြီး အခန်းတစ်ခန်း ငှားလိုက်ကာ လင်းရှင်းယောင်ကို အထဲပစ်ထည့်ထားပြီး သေတွင်းထဲ သွားမတိုးဖို့ နောက်တစ်ကြိမ် ထပ်၍သတိပေးလိုက်သည်။

"လင်းမိန်းကလေး... နောက်နှစ်ရက်လောက်တော့ ဒီဧည့်ဂေဟာမှာပဲ စိတ်အေးလက်အေး နေပါ။ လျှောက်မသွားပါနဲ့။ ကွမ်ဖူ မြစ်ဝကျွန်းပေါ်ဒေသမှာ မြေအောက်ဂိုဏ်းတွေ အများကြီးရှိတယ်။ မင်းဘာသာ သေချင်လို့ လျှောက်သွားရင်း ရောင်းစားခံရရင်တော့ မင်းကံကြမ္မာ မင်းပဲ စီမံတော့"

လင်းရှင်းယောင်ဆီက ကတိရပြီးတာနဲ့ ကျန်းဖင်ဟာ ရွှေချောင်းလေးတွေကို ယူပြီး ချက်ချင်း ထွက်လာခဲ့သည်။ ဒီနေရာမှာပဲ နောက်ထပ် ဇာတ်လမ်းတစ်ပုဒ် စတင်ခဲ့ပါတော့သည်။

"ခေါင်းဆောင်... ဒီခရီးစဉ်အပြီးမှာ ကျွန်တော်တို့ ပိုက်ဆံတွေနဲ့ ရိက္ခာလက်မှတ်တွေ အကုန်ပြောင်သွားပြီ။ အခုဆို ထမင်းစားဖို့တောင် အခက်တွေ့နေရပြီ"

လမ်းခရီးမှာ လင်းရှင်းယောင်ရဲ့ သေတွင်းတူးတဲ့ လုပ်ရပ်တွေအပေါ် ရှောင်ကျုံးရဲ့ ခံစားချက်ဟာ သာမန်သဘောထားကွဲလွဲရုံတင် မဟုတ်တော့ဘဲ ဒီမိန်းမကို ရွံရှာမုန်းတီးတဲ့အထိ ဖြစ်သွားခဲ့ပါပြီ။

"ရပါတယ်၊ ငါတို့ ဆုံးရှုံးသွားတာတွေကို လျန်ကတော် ပေးလိုက်တဲ့ ရွှေချောင်းတွေထဲက နှုတ်လိုက်မယ်။ လူတစ်ယောက်ကို ဟောင်ကောင်ကို ပို့ပေးဖို့ပဲလေ၊ ပိုက်ဆံရှိရှိ မရှိရှိ ပို့လို့ရပါတယ်။ လင်းရှင်းယောင် သူ့ရဲ့ သေတွင်းတူးတဲ့ လုပ်ရပ်အတွက် သင်ခန်းစာရအောင် အနည်းနဲ့အများ အကျိုး ခံစားပါစေဦး"

ရွှေချောင်းတွေထဲက တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ထားမှာ ဖြစ်တဲ့အတွက် လင်းရှင်းယောင်ကို ကြည်ကြည်ဖြူဖြူ လက်ခံလာအောင် လုပ်ရမှာပါ။ ဘာပဲဖြစ်ဖြစ် လင်းရှင်းယောင် ဟောင်ကောင်ကို ရောက်သွားပြီး စက်ရုံမှူးလျန်နဲ့ ဆက်သွယ်မိလို့ သူတို့ကို အပုပ်ချတာမျိုးတွေ လုပ်ခဲ့ရင် အတွင်းရေးမှူးဝမ်ကို ရှင်းပြရ ခက်သွားနိုင်တယ်လေ။

ကျန်းဖင်ဟာ ရှောင်ကျုံးကို ခေါ်သွားပြီး စားသောက်၊ ရေချိုးပြီး ပျော်ပါးစေခဲ့သည်။ ရှောင်ကျုံးရဲ့ စိတ်ကို ပြေလျော့သွားအောင် လုပ်ပေးပြီးမှပဲ ပင်လယ်ကနေ လူမှောင်ခိုကူးသည့် ဒေသခံ ပွဲစားနှင့်သွားရောက်တွေ့ဆုံခဲ့သည်။

နှစ်ဖက်ညှိနှိုင်းမှုတွေ အခေါက်ခေါက်အခါခါ လုပ်ခဲ့ကြသည်။ အစတုန်းကတော့ ကျန်းဖင်ဟာ လင်းရှင်းယောင်ကို အကောင်းဆုံး ဆက်ဆံခံရအောင် စီစဉ်ပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ သူမက အသိတရားမရှိဘဲ လမ်းမှာ ပြဿနာရှာခဲ့တာကြောင့် အခုတော့ သူ့အတွက်ပဲ အကျိုးအမြတ် ပိုရဖို့ပဲ စဉ်းစားတော့သည်။

အပြန်လမ်းမှာတော့ ရှောင်ကျုံးက သူ့ရင်ထဲက အံ့ဩဝမ်းသာမှုကို မနည်းထိန်းထားရပါတယ်။ ရွှေချောင်း ၂၀ ထဲက ထက်ဝက်ကျော်ကို သူတို့ ဖြတ်ထားနိုင်ခဲ့လို့ပါ။

"ခေါင်းဆောင်... ကျွန်တော်တို့ ရွှေချောင်း ၁၅ ချောင်းတောင် ယူထားတာ တကယ်ပဲ အဆင်ပြေပါ့မလား။ လင်းမိန်းကလေးရဲ့ အကျင့်နဲ့ဆိုရင် ဟောင်ကောင် ရောက်သွားတဲ့အခါ ဖုန်းဆက်ပြီး တိုင်နေမှာ မဟုတ်ဘူးလား"

"အဆင်ပြေပါတယ်။ ဈေးတက်သွားတယ်လို့ပဲ သူ့ကို ပြောလိုက်မယ်။ ဒီဘက်မှာ ရွှေငါးချောင်း ပေးလိုက်မယ်၊ သူမ ဟောင်ကောင် ရောက်သွားရင်တော့ သူမရဲ့ မိသားစုက နောက်ထပ် ငါးချောင်း ထပ်ပေးခိုင်းလိုက်မယ်၊ ဒါဆိုရင် ပြီးပြီလေ"

တခြားလူတွေအတွက် ပင်လယ်ဖြတ်ဖို့ဆိုရင် ရွှေချောင်း တစ်ချောင်း ဒါမှမဟုတ် နှစ်ချောင်းပဲ ကုန်မှာပါ။ ဒါပေမဲ့ လင်းရှင်းယောင်လို ဒရာမာမင်းသမီးမျိုးအတွက်တော့ ပိုက်ဆံနည်းနည်းပဲ ပေးထားရင် တစ်ဖက်လူတွေက သူမကို လမ်းတစ်ဝက်မှာတင် ငါးစာကျွေးဖို့ ပင်လယ်ထဲ ပစ်ချလိုက်မှာကို သူ ကြောက်နေမိသည်။

"ငါ ခဏနေရင် ပြန်သွားပြီး သူနဲ့ စကားပြောလိုက်မယ်။ မင်း သူ့အတွက် စိတ်မပူနဲ့။ မနက်ဖြန်ကျရင် မင်း ဂွမ်းစက်ရုံကို ကားမောင်းသွားပြီး ကုန်တွေသွားတင်လိုက်။ ခရီးစဉ်အကြောင်း မဆွေးနွေးခင် ဒီနေ့ သူမကို နှစ်နပ်လောက် ဗိုက်ဆာအောင် ထားလိုက်ဦးမယ်"

တကယ်တော့ ကျန်းဖင်ဟာ လင်းရှင်းယောင်ကို ထမင်းအငတ်ထားဖို့တင် မကပါဘူး။ သူမကို ခြောက်လှန့်ဖို့အတွက် လုံခြုံရေးအရာရှိ အယောင်ဆောင်ထားတဲ့သူတွေကို ဧည့်ဂေဟာကို လွှတ်ပြီး ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ခိုင်းခဲ့သေးသည်။

လင်းရှင်းယောင်မှာ သူမရဲ့ဦးလေးဖြစ်သူ စက်ရုံမှူးလျန် ရေးပေးထားတဲ့ ထောက်ခံစာ ရှိနေပေမဲ့ သူမရဲ့ စိတ်ထဲမှာတော့ မလုံမလဲ ဖြစ်နေတာပေါ့။

အရာရှိအတုနှစ်ယောက်က မကြာသေးခင်က လူမှောင်ခိုကူးတာတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း၊ ငွေကြေးတွေယူပြီး ပြည်ပထွက်ဖို့ ကြိုးစားတဲ့သူတွေကို ဖမ်းဆီးအရေးယူနေကြောင်း ပြောသံကို ကြားလိုက်ရတဲ့အခါ လင်းရှင်းယောင်ရဲ့ နှလုံးသားဟာ ကြောက်လန့်လွန်းလို့ အပြင်ကို ခုန်ထွက်သွားမတတ် ဖြစ်သွားတော့သည်။

ပြည်ပထွက်ပြီး မိသားစုနဲ့ ပြန်ဆုံဖို့ အသည်းအသန် ဖြစ်နေတဲ့ လင်းရှင်းယောင်အတွက်တော့ အခုအချိန်မှာ သူမရဲ့ ဘေးကင်းမှုကို အာမခံနိုင်ပြီး ဟောင်ကောင်ကို ရောက်အောင် ပို့ပေးနိုင်တဲ့သူဟာ သူမရဲ့ ကယ်တင်ရှင်ပါပဲ။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters