← Chapters

အခန်း ၁၈

Vol. 2 Ch. 18

အခန်း ၁၈

Vol. 2 Ch. 18

အပိုင်း ၁၈ - ကျောထောက်နောက်ခံ

လင်းရှင်းယောင် ထွက်သွားပြီးကတည်းက လျန်ဟွေ့တို့အိမ်မှာ ပြန်လည်အေးချမ်းသွားခဲ့သလို၊ လင်းစုယွီဘက်မှာလည်း သူမကို စောင့်ကြည့်နေတဲ့သူတွေ သိသိသာသာ နည်းပါးသွားတာကို သတိထားမိလာသည်။

သူမသာ အေးအေးဆေးဆေး နေထိုင်သွားမည်ဆိုလျင် စောင့်ကြည့်နေသူတွေလည်း နောက်ဆုံးမှာ ရုပ်သိမ်းသွားလိမ့်မယ်လို့ သူမ ယုံကြည်နေမိသည်။

"စုယွီ... ငါ ဘာလုပ်ရမလဲ၊ ကျောင်းဝင်ခွင့်စာမေးပွဲက နောက်နှစ်ရက်ပဲ လိုတော့တာကို အခုထိ နားမလည်တဲ့ သင်ခန်းစာတွေ အများကြီး ရှိနေသေးတယ်!"

လင်းစုယွီက လျန်ဟွေ့နဲ့ ဘေးချင်းယှဉ်ထိုင်ဖို့ စီစဉ်ခံရပြီးကတည်းက သူမရဲ့ ကြိုးစားအားထုတ်မှုတွေက လျန်ဟွေ့ရဲ့ ရည်မှန်းချက်ကိုပါ လှုံ့ဆော်ပေးခဲ့တာပါ။ လျန်ဟွေ့ရဲ့ အပြောအရဆိုလျင် သူမဟာ နောက်ဆုံးမှာ သူငယ်ချင်းကောင်းတစ်ယောက် ရခဲ့ပြီဖြစ်လို့ လင်းစုယွီနဲ့အတူ ရင်ဘောင်တန်းပြီး တိုးတက်ချင်နေတာပါ။

"ဘယ်နေရာလဲ။ ငါမှတ်ပေးထားတဲ့ အဓိကအချက်တွေကိုရော နားလည်ရဲ့လား"

လျန်ဟွေ့ကတော့ လင်းစုယွီနှင့် တရင်းတနှီး ရှိလွန်းလှသည်။ မူလကတော့ လင်းစုယွီဟာ လင်းရှင်းယောင်ကို ဖယ်ရှားဖို့အတွက် လျန်ဟွေ့ကို အသုံးချပြီးတာနဲ့ သူတို့ကြားက ဆက်ဆံရေးကို တဖြည်းဖြည်း ဖြတ်တောက်ဖို့ စိတ်ကူးထားခဲ့တာပါ။

ဒါပေမဲ့ လင်းရှင်းယောင်ကို နှင်ထုတ်နိုင်ဖို့ နည်းလမ်းလေး နည်းနည်းပေးလိုက်မိတာကို လျန်ဟွေ့က သူမကို ကျေးဇူးရှင်တစ်ယောက်လို သတ်မှတ်ပြီး ခွာမရအောင် ကပ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားပါ့မလဲ။

အခုဆိုရင် လျန်ဟွေ့က သူမနဲ့ ကျောင်းတစ်ကျောင်းတည်း တက်ချင်လွန်းလို့ စာထဲမှာ ခေါင်းနှစ်ထားသည့်အပြင် နားမလည်တာရှိလျင်လည်း စုယွီကိုပဲ တကောက်ကောက်လိုက်မေးနေတော့တာပါ။ တကယ်ကို အားမနာတတ်တဲ့လူပဲလို့ စုယွီ တွေးမိပါတော့သည်။

"ကြည့်တော့ ကြည့်ပြီးပြီ၊ ဒါပေမဲ့ တွက်လို့မရတဲ့ သင်္ချာပုစ္ဆာတွေ အများကြီး ကျန်သေးတယ်လေ။ စုယွီ... ဒီည နင့်အိမ်မှာ စာသွားနွှေးလို့ ရမလား။ ဒီည ညစာကို ဂျူရှန်းဥယျာဉ်မှာ ငါကျွေးမယ်လေ၊ ဘယ်လိုလဲ"

သူမရဲ့ အမေက လင်းစုယွီဟာ တစ်ယောက်တည်း နေတာဖြစ်ပြီး မိဘတွေလည်း မရှိတော့ အမြင်ကျဉ်းတဲ့လူတွေက အနိုင်ကျင့်ကြမှာပဲလို့ ပြောထားဖူးသည်။

ထို့ကြောင့် လျန်ဟွေ့ကို စုယွီအိမ်နား ခဏခဏ သွားပေးဖို့ မှာထားတာပါ။ စက်ရုံမှူးသမီးတစ်ယောက်ရဲ့ အရှိန်အဝါကတော့ လူများကို ဟန့်တားနိုင်စွမ်း ရှိသေးတာကိုး။

"ငါ့အိမ်မှာ စာကြည့်တာကတော့ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ညဘက်ကျရင် နင်တစ်ယောက်တည်း ဘယ်လိုပြန်မလဲ"

စုယွီ့အိမ်က လျန်ဟွေ့တို့အိမ်နဲ့ သိပ်မဝေးဘူးဆိုပေမဲ့ မိနစ်နှစ်ဆယ်လောက်တော့ လမ်းလျှောက်ရသည်။ လျန်ဟွေ့ရဲ့ မိသားစုက စိတ်ချလက်ချ လွှတ်ထားမယ်ဆိုတာကတော့ မဖြစ်နိုင်တဲ့ကိစ္စပါ။

"ဟဲ့... ငါက တစ်ယောက်တည်း ပြန်ပါ့မလား။ ငါ့ရဲ့ ဒုတိယအစ်ကိုကို လာကြိုခိုင်းမှာပေါ့၊ သူ့ကျောင်းကလည်း အခု ပိတ်ရက်လေ"

'ဒါဆိုလည်း နင်က ဆုံးဖြတ်ပြီးသားကြီးကို ဘာလို့ လာမေးနေသေးတာလဲ' လို့ လင်းစုယွီ စိတ်ထဲကနေ အပြစ်တင်မိသည်။ ဒီလျန်ဟွေ့ကတော့ တကယ်ကို ခွာရခက်တဲ့ လူပါပဲ။

"ဒါဆိုရင်လဲ ပြီးရော။ အသားကူပွန်တွေရော ယူလာခဲ့ရဲ့လား။ ငါ ဝက်သားနီချက် စားချင်တယ်။ ပြီးတော့ ညစာစားပြီးရင် နင်မှားထားတဲ့ အဖြေတွေကို သုံးကြိမ်စီ ပြန်ကူးရမယ်နော်"

လင်းစုယွီက အပြင်ပန်းမှာ အမူအရာမာသလို ပြနေပေမဲ့ တကယ်တော့ လျန်ဟွေ့ရဲ့ စရိုက်ကို သဘောကျမိသည်။ လျန်ဟွေ့က ချွဲတတ်ပေမဲ့လည်း လုပ်စရာရှိရင် ပြတ်ပြတ်သားသား လုပ်တတ်သူ တစ်ယောက်ပဲ မဟုတ်လား။

ညနေ ကျောင်းဆင်းတော့ သူတို့နှစ်ယောက် အပြင်မှာ ညစာ အတူစားပြီး စာကြည့်ဖို့အတွက် လင်းစုယွီ့ရဲ့ အိမ်လေးဆီကို ပြန်လာခဲ့ကြသည်။

လမ်းကြားထဲကို ကွေ့လိုက်တဲ့အခါ လင်းစုယွီရဲ့ အိမ်နီးနားချင်းတွေက အိမ်ရှေ့မှာ အုပ်စုလိုက် စုရုံးပြီး ဟင်းသီးဟင်းရွက်တွေ သင်ရင်း စကားဖောင်ဖွဲ့နေကြတာကို တွေ့လိုက်ရသည်။

"ဩော်... တို့လမ်းကြားထဲက အိမ်ရှင်သစ်လေးပါလား။ သမီးလေး ကျောင်းက ပြန်လာပြီလား၊ ဘာလို့ ဒီလောက်တောင် နောက်ကျနေတာလဲ။ ဘယ်တွေ သွားလည်နေတာလဲ"

အသံကို ကြားလိုက်ရုံနဲ့တင် ဒါဟာ ငြိမ်ငြိမ်မနေတတ်တဲ့လူမှန်း သိသာသည်။ လင်းစုယွီ သူမကို မှတ်မိတာပေါ့၊ သူမက မိသားစုဝင်များသည့် လေးအိမ်မြောက်ဝင်းက ကျင်းဟွာ လို့ ခေါ်တဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။

လင်းစုယွီ အိမ်ပြောင်းလာပြီး သုံးရက်မြောက်နေ့မှာတင် ကျင်းဟွာက သူမရဲ့ သားကြီးကို ခေါ်ပြီး အိမ်ခန်းငှားဖို့ ရောက်လာခဲ့ဖူးပါသည်။ သူမရဲ့သားက လက်ထပ်တော့မှာမို့လို့ အခန်း အရေးတကြီး လိုနေတာလေ။

အဲ့ဒီတုန်းက ကျင်းဟွာက လင်းစုယွီရဲ့ အိမ်ဝင်းလေးကို ငှားချင်တယ်လို့ တဲ့တိုး ပြောခဲ့တာပါ။ သူမရဲ့ စကားတွေက လင်းစုယွီလို မိန်းကလေးငယ်လေး တစ်ယောက်အနေနဲ့ ဒီလို အိမ်မျိုးကို မထိန်းသိမ်းနိုင်ဘူး၊ ဒါကြောင့် သူမကို ငှားလိုက်ရင် စိုးရိမ်စရာတွေ မရှိတော့ဘူး ဆိုတဲ့ သဘောမျိုး သက်ရောက်နေသည်။

ဟာသပဲ! သူမရဲ့ အိမ်ကို သိမ်းပိုက်ချင်နေတဲ့လူက ရှေ့တင်ရှိနေပြီးတော့ သူမကို လှည့်စားဖို့ ကြိုးစားနေတာလေ။ လင်းစုယွီက ငြင်းလိုက်ပြီးတဲ့နောက် တံခါးကို ဒုန်းခနဲ မြည်အောင် ပိတ်ပစ်လိုက်ပါတော့သည်။

"နေကောင်းကြလား အဒေါ်တို့။ ဒီနေ့ ကျောင်းဆင်းတော့ သမီးက စုယွီကို ညစာ ကျွေးလိုက်လို့ အခုမှ ပြန်ရောက်တာပါ။ စုယွီက စာလည်းတော်သလို စိတ်ထားလည်း ကောင်းတယ်လို့ သမီးရဲ့ မိဘတွေက ပြောကြတယ်။ ဒါကြောင့် သူမကို ကောင်းကောင်း ဆက်ဆံဖို့နဲ့ အဓိကကတော့ ဘယ်သူကများ သူမကို အနိုင်ကျင့်ရဲလဲဆိုတာ ကြည့်ထားဖို့ သမီးကို မှာလိုက်တယ်လေ"

လျန်ဟွေ့က ကျင်းဟွာကို စိုက်ကြည့်ရင်း စကားတွေကို တရပ်စပ် ပြောလိုက်တာကြောင့် ကျင်းဟွာခမျာ တစ်ဖက်မှာ အပြစ်ရှိသလို ခံစားသွားရစေသည်။

"ဘယ်သူကများ လင်းစုယွီကို အနိုင်ကျင့်မှာလဲ"

ကျင်းဟွာက လျန်ဟွေ့ကို မသိပေမဲ့ ကောင်မလေး ဝတ်ထားတဲ့ ခြေအိတ်ဖြူဖြူ၊ သားရေဖိနပ်နဲ့ ဖက်ရှင်ကျကျ အဝတ်အစားတွေကို ကြည့်ပြီး အဆင့်အတန်းရှိတဲ့ မိသားစုကမှန်း သိလိုက်သည်။ ဒီဝတ်စုံတစ်စုံစာက သာမန် အလုပ်သမားတစ်ယောက်ရဲ့ တစ်လစာ လစာလောက် ရှိတာလေ။ ဒါကြောင့် ကျင်းဟွာလည်း မကန့်ကွက်ရဲတော့ပေ။

"အဒေါ်တို့ စကား ဆက်ပြောကြပါဦး၊ သမီး သူငယ်ချင်းနဲ့ အိမ်ထဲ ဝင်တော့မယ်"

လင်းစုယွီက လူတွေနဲ့ စကားများရတာ မကြိုက်ပေ။ သူမက ကျင်းဟွာကို တစ်ချက်တောင် လှည့်မကြည့်ဘဲ တခြားအဒေါ်တွေကိုပဲ နှုတ်ဆက်ပြီး လျန်ဟွေ့ကို ဆွဲကာ ထွက်လာခဲ့လိုက်သည်။

လင်းစုယွီတို့ နှစ်ယောက် ဝေးသွားတာနဲ့ အဒေါ်ကြီးတွေက တိုးတိုးတိုးတိုးနဲ့ ပြန်ပြီး အတင်းပြောကြပါတော့သည်။

"အဲ့ဒါ စက်ရုံမှူးလျန်ရဲ့ သမီး မဟုတ်လား။ လင်းစုယွီက လျန်မိသားစုနဲ့ ဘယ်လို ပတ်သက်မှု ရှိနေလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ"

"ဘယ်စက်ရုံမှူး လျန်လဲ။ ငါတို့အထည်ချုပ်စက်ရုံကလား"

"ဟုတ်တာပေါ့၊ တို့အထည်ချုပ်စက်ရုံရဲ့ စက်ရုံမှူးလေ။ ဒီနားက ဝင်းတော်တော်များများက စက်ရုံဝန်ထမ်း အိမ်ရာတွေပဲဟာ။ ငါတို့တွေ စက်ရုံမှူးလျန်ကို သွားပြိုင်လို့ ဘယ်ဖြစ်ပါ့မလဲ"

လင်းစုယွီ နေတဲ့လမ်းက အိမ်ဝင်းအတော်များများဟာ အထည်ချုပ်စက်ရုံပိုင်များ ဖြစ်သည်။ စက်ရုံမှူးလျန်က ဒီစက်ရုံကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲလာခဲ့သူဖြစ်လို့ အရှိန်အဝါ ကြီးမားသည်။ အခု တခြားကို ပြောင်းသွားပြီဆိုပေမဲ့ သူလုပ်ခဲ့တဲ့ လက်ရာတွေကတော့ ရှိနေဆဲပင်။

"စက်ရုံမှူးလျန်က ပြောင်းသွားပြီပဲ၊ နင်တို့က သူ့သမီးကို ကြောက်နေတုန်းလား"

"စက်ရုံမှူးလျန်က ပြောင်းသွားပေမဲ့ နင့်ယောက်ျားကို အလုပ်ထုတ်ပစ်ဖို့ဆိုတာ သူ့အတွက် စကားတစ်ခွန်းပဲ လိုတာ။ သူက ဒီစက်ရုံကို ဆယ်စုနှစ်တစ်ခုကျော် အုပ်ချုပ်ခဲ့တာလေ၊ အခုရှိတဲ့ အရာရှိတွေအကုန်လုံးက သူ့လက်အောက်က တက်လာသူတွေချည်းပဲ။ နင်ကတော့ တကယ့်ကို လောကအကြောင်း မသိသေးဘူးပဲ"

"ကျင်းဟွာ နင် အဲ့ဒီအိမ်ဝင်းလေးကို လိုချင်နေတာ ငါတို့ သိတယ်။ ဒါပေမဲ့ နင်ပဲ ပိုက်ဆံနှမြောပြီး မဝယ်ခဲ့တာလေ၊ အခုတော့ လက်လျှော့လိုက်တော့"

ကျင်းဟွာ ခမျာ စိတ်ပျက်သွားရပါသည်။ သူမက နှမြောလို့လား။ တကယ်တော့ သူမမှာ ပိုက်ဆံအလုံအလောက် မရှိလို့ပါ။

သူ့ယောက်ျားအိမ်မှာ ညီအစ်ကို သုံးယောက်ရှိပြီး အိမ်ခွဲမနေရသေးတာကြောင့် ပိုက်ဆံအကုန်လုံးက ယောက္ခမလက်ထဲမှာ ရှိနေတာပင်။ သူ့သားရဲ့ သတို့သမီးလောင်းကလည်း သီးသန့်အခန်းမရရင် မယူဘူးလို့ ကဂျီက‌ဂျောင်ကျနေတာလေ။

သူမက ပိုက်ဆံကို ခြောက်လလောက် စုပြီးမှ အမျိုးတွေဆီက ချေးငှားပြီး အဲ့ဒီအိမ်ဝင်းလေးကို ဝယ်ဖို့ ကြံထားတာ။ ဒါပေမဲ့ ပိုက်ဆံ မပြည့်ခင်မှာပဲ အိမ်ရှင်က ပြောင်းသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။

"ငါက ဘယ်တုန်းက ငြိမ်ငြိမ်မနေလို့လဲ။ ငါ့သား လက်ထပ်ဖို့ အခန်းမရှိလို့ ငှားဖို့ ကြံတာပဲဟာ။ ဒီလင်းစုယွီကလည်း ဘာလို့ ဒီလောက်တောင် စာနာစိတ် မရှိရတာလဲ။ ငါက အလကား နေမယ်ပြောနေတာမှ မဟုတ်တာ"

ကျင်းဟွာတစ်ယောက် လင်းစုယွီဆီကနေ အခွင့်အရေးယူဖို့ စိတ်ကူးမရပ်နိုင်သေးမှန်း လူတိုင်း သိနေကြသည်။ ဒါကြောင့် နောက်နောင် ပြဿနာတက်မှာကို အားလုံးက စိုးရိမ်နေကြတာပေါ့။

"ကဲပါ... တော်ကြပါတော့။ နင်က အကြံပေးတာကိုမှ နားမထောင်ရင်လည်း ထားလိုက်တော့။ မိုးချုပ်နေပြီ၊ လူစုခွဲကြစို့။ အိမ်ပြန်ပြီး ထမင်းဟင်း ချက်စားကြတော့"

အမြော်အမြင်ရှိတဲ့ အဒေါ်ကြီးတွေကတော့ ကျင်းဟွာနဲ့ သိပ်မနီးစပ်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရုံတင်မကဘဲ အိမ်ရောက်ရင်လည်း ကျင်းဟွာရဲ့ အကြံအစည်တွေအကြောင်းကို သူတို့ရဲ့ မိသားစုဝင်တွေကိုပါ သတိပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။

"စုယွီ၊ ဒီမှာနေရတာ အဆင်ပြေရဲ့လား။ ဘယ်သူမဆို နင့်ကို အနိုင်ကျင့်ရဲရင် ငါ့ကိုပြောနော်၊ ငါ့အစ်ကိုတွေကို ခေါ်လာပြီး ပြန်ချခိုင်းမယ်"

"မလိုပါဘူး၊ ငါက ပုံမှန်ဆို ဘယ်သူနဲ့မှ စကားများလေ့ မရှိဘူး"

လင်းစုယွီက အမြဲတမ်း အေးစက်စက် နေတတ်ပြီး တကယ်လည်း စကားများရတာ မကြိုက်ပါ။ ဒါပေမဲ့ တစ်ယောက်ယောက်က သူမကို တအား စော်ကားလာရင်တော့ သူမက နောက်ကွယ်ကနေပဲ တိတ်တဆိတ် လက်စားချေတတ်သူမျိုးပါ။

"အာ... ဒါပေမဲ့ တစ်ယောက်ယောက်က နင်နဲ့ လာရန်ဖြစ်ရင်ရော၊ နင့်ကို အနိုင်ကျင့်ချင်နေရင်ရော... နင် တစ်ခုခုတော့ ပြောမှဖြစ်မှာပေါ့"

လျန်ဟွေ့ကတော့ စိတ်မချသလိုနဲ့ ပြောနေရှာသည်။ သူမရဲ့ ကိုယ်လုံးသေးသေးလေးနဲ့ ဘယ်သူ့ကို သွားချနိုင်မှာလဲ ဆိုတာတောင် သူမ ကိုယ်တိုင် မစဉ်းစားမိဘူး ထင်ပါတယ်။

"အင်းပါ၊ နင် ငါ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ လာတာ ငါသိပါတယ်။ ကဲ... နင့်မှတ်စုတွေ မြန်မြန်ထုတ်တော့။ နာရီဝက်လောက် အရင်ကြည့်ပြီးမှ ဒီမေးခွန်းဟောင်းကို ဖြေရမယ်"

လျန်ဟွေ့က သူမကို ကာကွယ်ပေးဖို့ သီးသန့်လာခဲ့မှန်း လင်းစုယွီ သိတာကြောင့် လျန်ဟွေ့ အမှတ်တွေကောင်းလာအောင် သူမကလည်း စိတ်ရှည်လက်ရှည်နဲ့ ပြန်ပြီး ကူညီပေးဖို့ ဆုံးဖြတ်လိုက်သည်။

ဒီလောက် ပွင့်လင်းပြီး ချစ်ဖို့ကောင်းတဲ့ သူငယ်ချင်းမျိုးနဲ့တော့ သူမလည်း နောက်ထပ် နှစ်အတော်ကြာအဖြစ် အတန်းဖော်အဖြစ် ဆက်ရှိနေချင်မိသည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters