အခန်း ၁၉
Vol. 2 Ch. 19
အပိုင်း ၁၉ - စာမေးပွဲခန်းထဲမှ မုန်တိုင်း
စာမေးပွဲမတိုင်မီ နှစ်ရက်အလိုတွင် လျန်ဟွေ့သည် လင်းစုယွီ၏ အိမ်သို့ လိုက်သွားကာ ညနက်သည့်တိုင်အောင် စာအတူတူလေ့လာကြပြီးမှ မိသားစုဝင်များက လာကြိုကြသည်။
လင်းစုယွီက လျန်ဟွေ့ကို သင်္ချာဘာသာရပ်အား အဓိကထားသင်ပြပေးပြီး တရုတ်စာဘာသာရပ်အတွက်လည်း ကျက်မှတ်ရမည့် အဓိကအချက်များကို မှတ်သားပေးခဲ့သည်။
စာမေးပွဲဖြေဆိုရမည့်နေ့သည် လျင်မြန်စွာ ရောက်ရှိလာသည်။ လင်းစုယွီသည် နံနက်စာစားပြီးနောက် ကျောင်းသို့ အချိန်မီရောက်လာခဲ့၏။ လျန်ဟွေ့မှာမူ သူမ၏ အချစ်ဆုံးသူငယ်ချင်းကို စောင့်မျှော်ရင်း ဟိုဟိုဒီဒီ မျှော်ကြည့်နေသည်မှာ ကြာပြီဖြစ်သည်။
"စုယွီ၊ ဒါက နင့်အတွက် ကြက်ဥ။ ငါ့အမေက ဒီနေ့စာမေးပွဲအတွက်ဆိုပြီး အီကြာကွေးတစ်ချောင်းနဲ့ ကြက်ဥနှစ်လုံး ပြင်ပေးလိုက်တာ၊ ငါအကုန်မစားနိုင်လို့ နင့်ကိုဝေတာ"
လျန်ဟွေ့သည် ကြက်ဥကို လင်းစုယွီ၏ လက်ထဲသို့ အတင်းထိုးထည့်ပေးပြီးနောက် စာမေးပွဲဖြေဆိုရမည့်အခန်းကို ရှာရန် အပြေး ထွက်သွားတော့သည်။ လင်းစုယွီက နောက်ကနေ လှမ်းခေါ်ရန် လက်မြှောက်လိုက်သော်လည်း သူမကတော့ လှည့်ပင်မကြည့်တော့ပေ။
အီကြာကွေးတစ်ချောင်းနှင့် ကြက်ဥနှစ်လုံးသည် အမှတ် ၁၀၀ ရရှိခြင်းကို အတိတ်နိမိတ်ဆောင်သည်ဟု အယူရှိကြသည်။ ယခု ကြက်ဥတစ်လုံး လျော့သွားသည်မှာ ဘာကိုဆိုလိုသနည်း။ လျန်ဟွေ့တစ်ယောက် စာမေးပွဲ ကောင်းကောင်းဖြေနိုင်ပါစေဟုသာ လင်းစုယွီ ဆုတောင်းမိတော့သည်။ အကယ်၍သာ စာမေးပွဲမှားဖြေမိလျှင် ကြက်ဥပေးလိုက်မိသည့်အတွက် သူမ နောင်တရနေမည်လား။
နောက်ဆုံးတွင်တော့ လင်းစုယွီသည် ထိုကြက်ဥကို မစားဖြစ်ခဲ့ပါ။ သူမသည် ကြက်ဥကို လွယ်အိတ်ထဲထည့်ကာ စာမေးပွဲအပြီးတွင် လျန်ဟွေ့ကို ပြန်ပေးရန် စိတ်ကူးဖြင့် သူမ၏ နေရာလွတ်ထဲသို့ ပြောင်းရွှေ့သိမ်းဆည်းထားလိုက်သည်။
ထိုခေတ်အခါက မူလတန်းအောင်စာမေးပွဲတွင် ဘာသာရပ်နှစ်ခုသာ ဖြေဆိုရန်လိုအပ်ပြီး တစ်မနက်တည်းနှင့် အပြီးဖြေဆိုရသည်။
တိတ်ဆိတ်ငြိမ်သက်နေသော စာသင်ခန်းထဲတွင် ပုံမှန်အားဖြင့် ကျောင်းသားနှစ်ဦး ထိုင်ရသည့် သစ်သားစားပွဲရှည်ကြီးပေါ်၌ ယနေ့တွင်မူ တစ်ဦးတည်းသာ ထိုင်ရ၏။
ကျောင်းသားတိုင်း စာမေးပွဲဖြေဆိုရာတွင် အာရုံစိုက်နေကြပြီး စာရွက်ပေါ်၌ ဖောင်တိန်ပင်ခြစ်သံများသာ တစ်ခန်းလုံး ပျံ့လွင့်နေသည်။
လင်းစုယွီသည် မူလတန်းသင်ရိုးညွှန်းတမ်းအားလုံးကို အစမှပြန်၍ လေ့လာထားခဲ့သူဖြစ်သည်။
သူမ၏ လျှို့ဝှက်နယ်မြေ နေရာလွတ်ထဲတွင် အပင်စိုက်ပျိုးရန် စိတ်စွမ်းအားကို အမြဲမပြတ် အသုံးပြုနေခဲ့သောကြောင့် နယ်မြေအဆင့်တက်လာပြီးနောက် သူမ၏ စိတ်စွမ်းအားကို ပြင်ပသို့ ထုတ်လွှတ်နိုင်စွမ်း ရရှိလာခဲ့သည်။
ထို့အပြင် မြင်သမျှကို တစ်ခါတည်းနှင့် အလွတ်မှတ်မိနိုင်သော "ဓာတ်ပုံရိုက်သကဲ့သို့ မှတ်ဉာဏ်စွမ်းရည်" ကိုပါ ရရှိထားသည်။
စာမေးပွဲစပြီး မိနစ်လေးဆယ်အကြာတွင် လင်းစုယွီသည် မေးခွန်းအားလုံးနှင့် စာစီစာကုံးကိုပါ ဖြေဆိုပြီးသွားပြီဖြစ်သည်။ သူမ စာရွက်ကို စောစောအပ်သင့်၊ မအပ်သင့် စဉ်းစားနေစဉ်မှာပင် နောက်ဘက်မှ စက္ကူလုံးတစ်လုံး ပျံဝဲလာပြီး သူမ၏ ခြေရင်းနားသို့ ကျလာခဲ့သည်။
ဘဝဟောင်းတွင် အသက် ၈၀ ကျော်အထိ နေထိုင်ခဲ့ဖူးသူဖြစ်သဖြင့် လင်းစုယွီသည် အတွေ့အကြုံရင့်ကျက်သည့် မြေခွေးအိုကြီးကဲ့သို့ပင်။
ဤကဲ့သို့ စာမေးပွဲခန်းထဲတွင် စက္ကူလုံးပစ်သည်မှာ တစ်ဖက်လူက အမှန်တကယ် စာခိုးချလိုခြင်းကြောင့်သော်လည်းကောင်း သို့မဟုတ် သူမကို စာခိုးချသည်ဟု အကွက်ဆင်လိုခြင်းကြောင့်သော်လည်းကောင်း ဖြစ်ရမည်။
မည်သည့်အခြေအနေမျိုးပင်ဖြစ်စေ သူမသည် ထိုပြဿနာတွင် ပါဝင်ပတ်သက်လိုစိတ် မရှိပေ။ ထို့ကြောင့် တွန့်ဆုတ်မနေဘဲ လင်းစုယွီသည် ထိုစက္ကူလုံးကို ခြေထောက်ဖြင့် အသာနင်းလိုက်ပြီး ဘယ်သူမှ မသိအောင် သူမ၏နေရာလွတ်ထဲသို့ ရွှေ့ပစ်လိုက်သည်။
ခန့်မှန်းထားသည့်အတိုင်းပင် သူမ ခြေထောက်ကို ရွှေ့လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်လေးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။
"ဆရာမ! လင်းစုယွီ စာခိုးချနေပါတယ်။ သူ့ခြေထောက်အောက်မှာ စက္ကူလုံးတစ်လုံးကို နင်းထားတယ်"
"ဘယ်သူက လင်းစုယွီလဲ"
စာမေးပွဲစောင့်ဆရာများသည် အခြားကျောင်းမှ လာသူများဖြစ်သောကြောင့် မည်သူသည် မည်သူမှန်း မသိကြချေ။
"ဆရာမ၊ သမီး စာ မခိုးချပါဘူး။ သမီး စာမေးပွဲတောင် ဖြေ ပြီးသွားပါပြီ။ သမီးကို စာခိုးချတယ်လို့ ပြောတဲ့သူက မဟုတ်မမှန် စွပ်စွဲနေတာပါ"
စာမေးပွဲဖြေနေစဉ်အတွင်း မည်သူက သူများကို အာရုံစိုက်နေမည်နည်း။ ထို့ကြောင့် သူမကို တိုင်တောသည့်သူသည်သာ သူမကို အကွက်ဆင်ရန် စက္ကူလုံးပစ်ခဲ့သည့် တရားခံဖြစ်ရမည်။
လင်းစုယွီသည် လှည့်မကြည့်သော်လည်း သူမ၏ စိတ်စွမ်းအားသည် ၁၀ မီတာ ပတ်လည်ကို စကန်ဖတ်နိုင်သောကြောင့် သူမကို တိုင်သူမှာ မည်သူဖြစ်ကြောင်း အတိအကျ မြင်နေရသည်။
ထိုသူကား... ကျင်းဟွာ၏ အငယ်ဆုံးသား မဟုတ်ပါလား။
တွေ့ရခဲသော်လည်း မိခင်ဖြစ်သူကဲ့သို့ပင် ရုပ်ဆိုးလှသော ဤမျက်နှာကို သူမ ကောင်းကောင်းမှတ်မိနေသည်။
စာမေးပွဲစောင့် ဆရာမသည် လင်းစုယွီအနားသို့ လျှောက်လာသည်။ စားပွဲပေါ်တွင် သပ်ရပ်လှပသော လက်ရေးဖြင့် အပြည့်အစုံဖြေဆိုထားသည့် အဖြေလွှာကို တွေ့လိုက်ရ၏။
"ကျောင်းသူ လင်းစုယွီ၊ မေးခွန်းတွေအကုန် ဖြေပြီးပြီလား"
ဤအဖြေလွှာကို ကြည့်ခြင်းအားဖြင့် သူမသည် မည်သို့ပင်ကြည့်ကြည့် စာခိုးချရန် လိုအပ်သည့်သူမျိုး မဟုတ်ပေ။ မည်သို့ကြောင့်များ စာခိုးသည်ဟု အတိုင်ခံရသနည်း။ ထိုအချိန်တွင် စာသင်ခန်းထဲရှိ ကျောင်းသားအားလုံး စာရေးခြင်းကို ရပ်တန့်လိုက်ကြသည်။
ဆရာမက လင်းစုယွီကို ခြေထောက်မခိုင်းရန် တွန့်ဆုတ်နေသည်ကို တွေ့သောအခါ ကျင်းဟွာ၏ သားမှာ စိုးရိမ်တကြီးဖြင့် ထပ်အော်ဟစ်တော့သည်။
"ဆရာမ၊ ကျွန်တော် တကယ်မြင်တာပါ။ သူ စက္ကူလုံးကို နင်းထားတာ။ အဲ့ဒါ သူစာခိုးချတဲ့ သက်သေပဲ"
"အကယ်၍ နင်ပြောတဲ့ စက္ကူလုံးသာ မရှိဘူးဆိုရင် နင် ငါ့ကို မဟုတ်မမှန် စွပ်စွဲတယ်ဆိုတာကို ဝန်ခံမှာလား" ဟု လင်းစုယွီက မေးလိုက်သည်။
စက္ကူလုံး ရှိ၊ မရှိမှာ လင်းစုယွီအပေါ်တွင်သာ မူတည်ပြီး၊ စွပ်စွဲချက် ဟုတ်၊ မဟုတ်မှာ ဆရာမအပေါ်တွင် မူတည်သည်။ ထို့ကြောင့် ကျင်းဟွာ၏သားကို ဒေါသထွက်အောင် ဆွလိုက်ခြင်းမှာ သူမအတွက်တော့ သိပ်မလွန်လှပေ။
"ငါ မြင်တာပေါ့! နင် စာခိုးချတာ! ငါ နင့်ကို မစွပ်စွဲဘူး!"
'သေစမ်း၊ ဒီကောင်လေးက ဆွပေးတာကိုတောင် နားမလည်လောက်အောင် အူကြောင်ကြောင်နိုင်လှချည်လား။ မူကြိုကလေးတစ်ယောက်လို ဂျောက်ဂျက်လုပ်တတ်တာပဲ သိတယ်'ဟု လင်းစုယွီ စိတ်ထဲမှ ကျိန်ဆဲမိသည်။
"ကောင်းပြီလေ။ တကယ်လို့ စက္ကူလုံးမရှိရင်တော့ နင် ငါ့ကို စွပ်စွဲတာပဲ။ အဲ့ဒီအချိန်ကျရင် ငါ့ကိုရော၊ ဒီက ကျောင်းသားအားလုံးကိုပါ နင် တောင်းပန်ရမယ်။ ဘာလို့လဲဆိုတော့ နင်က လူတိုင်းရဲ့ စာမေးပွဲဖြေဆိုချိန်တွေကို အလဟဿ ဖြုန်းတီးလိုက်လို့ပဲ"
ပြောပြီးသည်နှင့် လင်းစုယွီသည် ခြေထောက်ကို ကြွလိုက်ပြီး သူမတွင် မည်သည့်စက္ကူလုံးမှ မရှိကြောင်း ဆရာမ ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် စားပွဲဘေးတွင် ရပ်လိုက်သည်။
"ငါ့ကို စွပ်စွဲတဲ့သူ၊ သေချာကြည့်လိုက်ဦး။ ငါ့ခြေထောက်အောက်မှာ ဘာမှမရှိဘူး။ လာကြည့်လေ၊ ငါ့ဖိနပ်အောက်ခြေကိုပါ မပြရမချင်း နင်ကျေနပ်မှာ မဟုတ်ဘူးထင်တယ်။ ဘာမှမရှိဘူး မဟုတ်လား။ ကဲ... ငါ့ကို တောင်းပန်တော့"
လင်းစုယွီ၏ ပူးပေါင်းဆောင်ရွက်မှုကို ဆရာမက သဘောကျသွားသည်။ စစ်ဆေးပြီးနောက်တွင် လင်းစုယွီ စာမခိုးကြောင်း ဆရာမ အသေအချာ ယုံကြည်သွားလေပြီ။
ထို့ကြောင့် တိုင်တောသူမှာ တောင်းပန်ရန်သာ ရှိတော့သည်။ ဆရာမသည် လင်းစုယွီကို တိုင်ခဲ့သော ဝမ်ရွှင်တ ဆီသို့ လျှောက်သွားပြီး "ကျောင်းသား၊ မင်း တောင်းပန်သင့်တယ်။ မင်းနာမည် ဘယ်သူလဲ" ဟု မေးလိုက်သည်။
စက္ကူလုံးက ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ။ သူကိုယ်တိုင် အဖြေတွေရေးထားတဲ့ စက္ကူလုံးကို ပစ်လိုက်တာပဲဥစ္စာ။
ဝမ်ရွှင်တမှာ ထိတ်လန့်သွားပြီး "မဖြစ်နိုင်တာ! အဲ့မှာ စက္ကူလုံး တကယ်ရှိတာပါ!" ဟု အလိုအလျောက် အော်ဟစ်မိတော့သည်။
"ကျောင်းသား၊ ဆရာမ စစ်ပြီးပြီ။ လင်းစုယွီ စာမခိုးချဘူး။ မင်းကတော့ မဟုတ်တာကို ထပ်ခါတလဲလဲ ပြောပြီး လူတိုင်းကို အနှောင့်အယှက် ပေးနေတယ်။ အခု မတောင်းပန်ဘူးဆိုရင် စာမေးပွဲခန်းထဲက ထွက်သွားတော့"
ဆရာမက ဝမ်ရွှင်တ၏ အဖြေလွှာကို တစ်ချက်ကြည့်လိုက်ရာ လက်ရေးမှာ စုတ်ပြတ်နေပြီး မေးခွန်းအများစုမှာလည်း အလွတ်များသာ ဖြစ်နေသဖြင့် သူသည် စာညံ့သူတစ်ဦးမှန်း သိသာလှသည်။
"ကျောင်းသား ဝမ်ရွှင်တ၊ မင်းရဲ့ အပြုအမူကို ကျောင်းအုပ်ကြီးဆီ တိုင်ရလိမ့်မယ်။ မင်း တကယ် မတောင်းပန်ဘူးလား"
ဝမ်ရွှင်တသည် မည်မျှပင် လူဆိုးလေးဖြစ်ပါစေ အသက် ၁၂၊ ၁၃ နှစ်သားသာ ရှိသေးသည်။ ဆရာမ၏ စကားကြောင့် သူ ကြောက်သွားပြီး မဝံ့မရဲ တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်၊ အားလုံးရဲ့ စာမေးပွဲဖြေဆိုချိန်ကို နှောင့်နှေးအောင် လုပ်မိလို့ပါ"
လင်းစုယွီသည် ထိုအဓိပ္ပာယ်မရှိသော တောင်းပန်မှုကို ဂရုမစိုက်ပါ။ သူမသည် ဆရာမကို ခွင့်တောင်းကာ စာရွက်ကို စောစောအပ်ပြီး စာမေးပွဲခန်းထဲမှ ထွက်လာခဲ့သည်။
ဆရာမက ကျန်သူများကို စာဆက်ဖြေရန် ပြောသော်လည်း ဝမ်ရွှင်တ၏ ဘေးနားတွင်သာ ရပ်နေသဖြင့် ဝမ်ရွှင်တမှာ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
လင်းစုယွီကို အကွက်ဆင်ရန် ကြိုးစားမှုမှာလည်း မအောင်မြင်သည့်အပြင် ဆရာမ၏ အထူးစောင့်ကြည့်ခြင်းကိုပါ ခံနေရသဖြင့် သူ နောင်တရလို့ မဆုံးတော့ပေ။
မူလကတည်းက သူ ဖြေနိုင်သည့်မေးခွန်းမှာ လက်ချိုးရေ၍ ရသည်။ ယခုမှာမူ ဆရာမက တောင်ကြီးတစ်လုံးလို အနားမှာ ရပ်နေသဖြင့် သူ ဘာမှမမှတ်မိတော့ဘဲ ဟိုခြစ်ဒီခြစ်လုပ်ကာ စာပြန်စစ်သယောင် ဟန်ဆောင်နေရတော့သည်။
"စာကို သေသေချာချာဖြေ၊ အဖြေတွေကို ပြန်စစ်ပြီး ကွက်လပ်တွေကို ဖြည့်ဦးလေ" တာဝန်သိလှသော ဆရာမသည် ဝမ်ရွှင်တ၏ စားပွဲကို နှစ်ချက်ခေါက်ကာ သတိပေးလိုက်သေးသည်။
ဝမ်ရွှင်တသည် တရုတ်စာစာမေးပွဲ ပြီးဆုံးချိန်အထိ မနည်းအောင့်အီးသည်းခံခဲ့ရသည်။ နောက်ဖြေရမည့် သင်္ချာစာမေးပွဲတွင် လင်းစုယွီကို မည်သို့ဆက်၍ အကွက်ဆင်ရမလဲဟုသာ သူ တွေးနေမိသည်။
သို့သော် သင်္ချာစာမေးပွဲတွင်မူ ဆရာမသည် တစ်ချိန်လုံးနီးပါး ဝမ်ရွှင်တ၏ ဘေးမှာသာ ကပ်နေတော့သည်။ လင်းစုယွီကို အကွက်ဆင်ဖို့ နေနေသာသာ၊ ဆရာမ၏ အကြည့်အောက်တွင် သူကိုယ်တိုင်ပင် အလွန်တရာ စိတ်လှုပ်ရှားနေသဖြင့် ခေါင်းထဲ၌ ဘာမှမရှိတော့ဘဲ သင်္ချာအဖြေလွှာ တစ်ခုလုံးမှာလည်း အဓိပ္ပာယ်မရှိသည့် စာများဖြင့်သာ ပြည့်နေတော့သည်။
"စုယွီ၊ သင်္ချာမေးခွန်းတွေက ငါတို့ အရင်က တွက်ဖူးတာတွေချည်းပဲ။ သိပ်ကောင်းတာပဲ! ဒီတစ်ခါတော့ ငါ့အမှတ်တွေ မဆိုးလောက်တော့ဘူး။ နင် စာပြပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ်"
စာမေးပွဲအပြီးတွင် အတန်းပိုင်ဆရာမ၏ ညွှန်ကြားချက်များကို နားထောင်ရန် အတန်းထဲသို့ ပြန်သွားကြရသည်။ လျန်ဟွေ့သည် စိတ်လှုပ်ရှားစွာဖြင့် လင်းစုယွီကို ဆွဲကိုင်ကာ ကျေးဇူးတင်စကားများ တတွတ်တွတ်ပြောရင်း ပွေ့ဖက်ချင်နေပုံရသည်။
"ရပါတယ်။ ကဲ... ဒီမှာ၊ နင့်ရဲ့ စာမေးပွဲကြက်ဥ။ နောက်ဆို ဘယ်သူ့ကိုမှ လျှောက်မပေးနဲ့ဦး" ရာသီဥတုက ပူပူလောင်လောင်တွင် ဤကလေးမက စိတ်အားထက်သန်လွန်းကာ လာဖက်ချင်နေသဖြင့် လင်းစုယွီမှာ မနေတတ်တော့ပေ။ ထို့ကြောင့် လျန်ဟွေ့၏ စကားမစဲနိုင်သော ပါးစပ်ကို ပိတ်ရန် ကြက်ဥကိုသာ အတင်းပြန်ထည့်ပေးလိုက်တော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း