အခန်း ၂၀
Vol. 2 Ch. 20
အပိုင်း ၂၀ - တုတ်နဲ့ ချောင်းရိုက်ခြင်း
အတန်းပိုင်ဆရာမက အမှတ်စာရင်းနဲ့ မူလတန်းအောင်ဘွဲ့နှင်းသဘင် လက်မှတ်ထုတ်ယူရမယ့်ရက်တွေကို ကြေညာပြီးနောက် ကျောင်းဆင်းခဲ့သည်။
လျန်ဟွေ့က သူမရဲ့ စာမေးပွဲရလဒ်တွေကို မိသားစုဆီ အမြန်သတင်းပို့ဖို့ အိမ်ကို အပြေးအလွှား ပြန်သွားပေမယ့် လင်းစုယွီကတော့ ဝမ်ရွှန်တ နောက်ကို တစ်ဖြည်းဖြည်းချင်း နောက်ယောင်ခံလိုက်ခဲ့သည်။
အဲဒီကောင်စုတ်က ငါ့ကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြောရဲမှတော့ ကလဲ့စားချေတာကို ခံဖို့သာ ပြင်ထားပေတော့!
သူမက ကိုယ်လုံးသေးပြီး အင်အားမရှိပေမယ့် တုတ်တစ်ချောင်းနဲ့ ချောင်းမြောင်းရိုက်နှက်တဲ့နေရာမှာတော့ ပါရဂူပဲလေ။
ကျောင်းကနေ သူမရဲ့ အိမ်ဝန်းလေးဆီကို သိပ်မဝေးလှပေမယ့် ဝမ်ရွှန်တက ကျောင်းဆင်းတာနဲ့ အိမ်ကိုတန်းပြန်မယ့် လိမ္မာသည့်ကလေးမျိုး မဟုတ်ပေ။ သူက သေမင်းကို ခေါ်ဖိတ်သလိုမျိုး ငှက်သိုက်နှိုက်ဖို့ တောအုပ်လေးထဲကို လမ်းကြိုလမ်းကြားကနေ ပတ်သွားခဲ့သည်။
သိပ်ကောင်းတာပေါ့၊ ဒါက သူမအတွက် အဆင်ပြေသွားတာပေါ့။ သူမ ဘယ်ညာကြည့်လိုက်တော့ လူသူကင်းရှင်းနေတာကြောင့် ကွက်တိပင်ဖြစ်သည်။
သူမအကျင့်အတိုင်း လွယ်အိတ်ထဲကနေ ဂုန်နီအိတ်တစ်လုံး ထုတ်လိုက်ပြီး သူ့ခေါင်းပေါ် စွပ်ချလိုက်သည်။ ပြီးတာနဲ့ တုတ်ကို ဆွဲထုတ်ပြီး တရစပ် လွှဲရိုက်တော့သည်။
"အား! ဘယ်သူလဲ... တော်တော့... အား၊ နာလိုက်တာ၊ မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့၊ ကယ်ကြပါဦး..."
သူက အိတ်ထဲမှာ ရောက်နေပေမယ့်လည်း လင်းစုယွီက သူမရဲ့ စိတ်ဝိညာဉ်စွမ်းအား နဲ့ အာရုံခံကြည့်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ခေါင်းပိုင်းကို တိတိကျကျ ရှောင်ရိုက်ခဲ့သည်။ သူမရဲ့ ရိုက်ချက်တွေက ဝမ်ရွှန်တရဲ့ ကျောကုန်းပေါ်ကိုပဲ တဖုန်းဖုန်း ကျရောက်နေခဲ့သည်။
ဝအောင် ရိုက်ပြီးလို့ စိတ်ကျေနပ်သွားတော့မှ ဝမ်ရွှန်တ သတိလစ်သွားအောင် နောက်ဆုံးတစ်ချက် အားရပါးရ ရိုက်လိုက်သည်။ လင်းစုယွီကတော့ သူမရဲ့ ချောင်းမြောင်းတိုက်ခိုက်တဲ့ နည်းပညာတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ကျွမ်းကျင်ပြောင်မြောက်လာတယ်လို့ ခံစားမိလိုက်သည်။
ဝမ်ရွှန်တရဲ့ ကိုယ်တစ်ပိုင်းလောက်က အိတ်ထဲမှာ တစ်ပိုင်းတစ်စ ရောက်နေတာကို မြင်တော့ အိတ်ကို ပြန်ယူရမှာ ပျင်းတာနဲ့ပဲ ထားပစ်ခဲ့လိုက်သည်။ သူ့ကို ရိုက်ခဲ့ပြီးပြီဆိုတော့ လျော်ကြေးအနေနဲ့ ပြားတစ်ဆယ် နှစ်ဆယ်လောက် ပေးခဲ့သင့်တယ်လို့တောင် သူမ တွေးနေလိုက်သေးသည်။
နောက်ထပ် ရက်အနည်းငယ်ကြာလို့ ဘွဲ့လက်မှတ်ရပြီးရင်တော့ သူမရဲ့ နွေရာသီကျောင်းပိတ်ရက်က တရားဝင် စတင်တော့မှာပင်။ ဒီရှည်လျားလှတဲ့ နှစ်လတာ အချိန်ကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲဆိုတာ သူမ စဉ်းစားရမည်။
ဖြစ်နိုင်ရင် လင်းစုယွီက ရပ်ကွက်ရုံးကိုသွားပြီး ခရီးသွားထောက်ခံစာ အနည်းငယ်ယူကာ မြို့တော်နဲ့ ရှန်ဟိုင်းလို နေရာမျိုးတွေကို ခရီးထွက်ဖို့ စီစဉ်ထားသည်။
အခုဆိုရင် သူမကို စောင့်ကြည့်မည့်သူ မရှိတော့သည့်အတွက် ကောက်ပဲသီးနှံတွေကို ဝယ်ယူပြီး ပြန်ရောင်းတဲ့ အလုပ်မျိုး လုပ်ချင်နေတာပါ။
လင်းမိသားစုရဲ့ လျှို့ဝှက်ဘဏ္ဍာတိုက်ကို သူမ ပြောင်သလင်းခါအောင် ရှင်းပစ်ခဲ့ပေမယ့် လက်ထဲမှာတော့ လက်ငင်းငွေ အများကြီးမရှိပါ။ ပိုက်ဆံမရှိတာဟာ လုံခြုံမှုမရှိသလို ခံစားရစေပြီး ဒါက သူမ လုံးဝသည်းမခံနိုင်သည့် အချက်ပဲ ဖြစ်သည်။
ဒါတင်မကသေးဘဲ လင်းမိသားစုဝင်တွေ မယူသွားဘဲ ထားခဲ့တဲ့ ပစ္စည်းတွေကိုလည်း သူမ စနစ်တကျ ခွဲခြားထားလိုက်သည်။ အဟောင်းဆိုင်မှာ ပြန်ရောင်းလို့ရမည့် အဝတ်အစားနဲ့ ဖိနပ်တွေအပြင် သာမန်သစ်သား ပရိဘောဂတွေနဲ့ အလှဆင်ပစ္စည်းတွေလည်း ရှိနေသေးသည်။ ရောင်းလို့ရတာ အကုန်လုံးကို ပိုက်ဆံဖြစ်အောင် ရောင်းပစ်ဖို့ သူမတွေးလိုက်သည်။
လင်းစုယွီ တစ်ယောက် တွေးတောရင်း အိမ်အပြန် လမ်းကြားအဝင်အရောက်မှာတော့ ဝမ်မိသားစုဝင်တစ်ယောက်ဖြစ်တဲ့ ကျင်းဟွာ ရဲ့ သားအကြီးဆုံး ဝမ်ရွှန်ဖနဲ့ မတော်တဆ ဆုံမိပါတော့သည်။
"ဟုန်ရင်း... ကိုယ့်မိသားစု အခြေအနေကို မင်းလည်း သိတာပဲ။ ကိုယ့်ကို အချိန်နည်းနည်းလောက် ထပ်ပေးလို့ မရဘူးလား။ ကိုယ့်အမေကလည်း အိမ်ရှာနေပြီလေ"
ဝမ်ရွှန်ဖက အမျိုးသမီးတစ်ဦးရဲ့ အင်္ကျီလက်ကို ဆွဲပြီး လေသံတိုးတိုးနဲ့ အသနားခံနေတာကို မြင်တွေ့ရပေမယ့် အဲဒီအမျိုးသမီးကတော့ သူ့ကို ကြင်နာတဲ့အကြည့် တစ်ချက်တောင် မပေးခဲ့ပေ။
"ဝမ်ရွှန်ဖ... ရှင့်ကို ကျွန်မ အချိန်မပေးခဲ့ဘူးလား။ လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက ကျွန်မရဲ့ လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား။ အဲဒီတုန်းက ရှင့်တို့မိသားစုက လက်လွတ်စပယ် ကတိပေးခဲ့တာပဲ၊ ငါတို့ မင်္ဂလာဆောင်ဖို့အတွက် အဲဒီလမ်းထဲက အိမ်ဝန်းလေးကို ဝယ်မယ်လို့တောင် လိမ်ခဲ့သေးတယ်။ အခုတော့ ဘာဖြစ်လဲ။ အဲဒီအိမ်က ပိုင်ရှင်ရှိသွားပြီလေ။ ရှင်က ကျွန်မကို ဆက်လိမ်ချင်နေတုန်းပဲလား"
ဝေဟုန်ရင်းကတော့ ဒေါသတွေ ထွက်နေပါပြီ။ ဝမ်ရွှန်ဖကြောင့် သူမရဲ့ အချိန်တွေ အလကားကုန်ဆုံးခဲ့ရတာပါ။ အခုဆိုရင် သူမနောက်ကို လိုက်နေတဲ့သူ ရှိနေပြီး အဲဒီလူရဲ့ အခြေအနေတွေကိုလည်း သူမက သဘောကျနေတာ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ဝမ်ရွှန်ဖနဲ့ စေ့စပ်ထားတာကို အပြတ်ဖြတ်တော့မယ်လို့ ဆုံးဖြတ်ထားသည်။
"မရဘူး၊ ငါ အစေ့စပ် မပျက်နိုင်ဘူး။ ဟုန်ရင်း... မင်းကို ကိုယ် ဘယ်လောက် တန်ဖိုးထားလဲဆိုတာ မင်းသိပါတယ်။ ငါ့ကို အချိန်နည်းနည်းလောက်ပဲ ထပ်ပေးပါဦးနော်၊ ကိုယ်အိမ်တစ်လုံး ရအောင်ရှာမှာပါ။ မင်းကို ဒုက္ခမရောက်စေရပါဘူး"
"မလိုတော့ဘူး။ အချိန်တွေ ထပ်မဖြုန်းချင်တော့ဘူး။ ရှင့်ဆီက ရထားတဲ့ တင်တောင်းငွေတွေကို ပြန်ပေးပါ့မယ်။ ကျွန်မနောက်ကို ထပ်ပြီး လိုက်မနှောင့်ယှက်ပါနဲ့တော့"
ဝေဟုန်ရင်းက သူမရဲ့ လက်စွပ်ကို အားနဲ့ ဆွဲယူလိုက်ပြီး စေ့စပ်မှုကို ဖြတ်တောက်ဖို့ ခိုင်မာတဲ့ သဘောထားကို ပြလိုက်ပါသည်။
"ကိုယ်သဘောမတူဘူး။ ကိုယ်သေရင်တောင် ဒီစေ့စပ်မှုကို မဖျက်နိုင်ဘူး"
ဝမ်ရွှန်ဖက ဝေဟုန်ရင်းရဲ့ လက်မောင်းကို ဆွဲကိုင်ပြီး ခက်ထန်စွာ ပြောလိုက်တယ်။ မော့ကြည့်လိုက်တော့ အိမ်ပြန်ဖို့ ပြင်နေတဲ့ လင်းစုယွီကို ကံဆိုးစွာပဲ မြင်သွားတော့သည်။ ဝမ်ရွှန်ဖက သူ့ရဲ့ စေ့စပ်ထားသူကို ဆွဲခေါ်လာပြီး လင်းစုယွီရဲ့ လမ်းကို ပိတ်ရပ်လိုက်သည်။
"ရဲဘော်လင်း... အခုလေးတင် ပြောတာကို ကြားတယ်မလား။ မင်းသာ ငါ့ကို အခန်းငှားမပေးရင် ငါ့ရဲ့ စေ့စပ်ထားသူက ငါ့ကို အပြတ်ဖြတ်တော့မှာ။ ငါသာ မင်္ဂလာမဆောင်ရရင် အဲဒါ မင်းအပြစ်ပဲ။ ဒါကြောင့် တောင်းပန်ပါတယ်၊ ငါ့ကို အခန်းငှားပေးပါ!"
...ဒီမိသားစုကတော့ တကယ့်ကို တွယ်ကပ်ပြီး ခြောက်လှန့်နေတဲ့ သရဲတစ္ဆေတွေလိုပဲ။
လင်းစုယွီက ဘာမှပြန်မပြောဘဲ ဝေဟုန်ရင်းကို တိတ်တဆိတ် ကြည့်နေလိုက်သည်။ ဒီအမျိုးသမီးက ဘယ်လို သဘောထားရှိမလဲဆိုတာကို သူမ သိချင်နေတာပါ။
"ဝမ်ရွှန်ဖ... ကျွန်မက အိမ်ငှားချင်တာ မဟုတ်ဘူး။ အရင်က သဘောတူခဲ့တာက အိမ်ဝယ်ဖို့လေ"
အင်း... ဒီမိန်းကလေးက တော်တော်လေး အသိတရားရှိသားပဲ။ သူတို့ကြားက ပြဿနာကို သူမဆီ လွှဲမချခဲ့ဘူး။ လင်းစုယွီက ကျေနပ်သလို ခေါင်းညိတ်လိုက်ပေမယ့် ဝမ်ရွှန်ဖကတော့ ချက်ချင်းပဲ အတင့်ရဲလာပြီး အိမ်ငှားဖို့ကနေ အိမ်ကိုရောင်းဖို့ပါ အတင်းအကျပ် တောင်းဆိုလာပါသည်။
"ကောင်းပြီလေ၊ အိမ်ဝယ်မယ်။ ရဲဘော်လင်း... မင်းရဲ့အိမ်ကို ငါ့ကိုပဲ ရောင်းလိုက်ပါလား။ မဟုတ်ရင်တော့..."
"မဟုတ်ရင် ဘယ်သူမှ ရှင့်ကို ယူမှာမဟုတ်လို့လား။ ဒါမှမဟုတ် တစ်သက်လုံး လူပျိုကြီး ဖြစ်သွားမှာစိုးလို့လား။ အဲဒါက ပိုတောင်ကောင်းသေးတယ်။ ရှင့်လို စရိုက်မျိုးနဲ့က လုံးဝကို မင်္ဂလာမဆောင်သင့်တာ၊ မဟုတ်ရင် တခြားအမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးသလို ဖြစ်နေလိမ့်မယ်"
လင်းစုယွီက ဝမ်ရွှန်ဖရဲ့ စကားတွေကို ဆက်တောင် မကြားချင်တော့ပေ။ ဒီလူတော့ စိတ်ဝေဒနာတစ်ခုခု ခံစားနေရတာ သေချာသည်။
"ခစ်..." ဝေဟုန်ရင်းက ဒီမိန်းကလေးငယ်လေးဆီကနေ ဒီလိုစကားမျိုး ထွက်လာလိမ့်မယ်လို့ မထင်ထားတာကြောင့် မအောင့်နိုင်ဘဲ ရယ်မိသွားသည်။
"ဝမ်ရွှန်ဖ... ဒီကလေးမလေးက သူ့ရဲ့ ကောင်းမွန်တဲ့ အိမ်ကို ရှင့်ကို ဘာလို့ ရောင်းရမှာလဲ။ ရှင့်ရဲ့ အတင်းအကျပ် ဝယ်ယူချင်တဲ့ ကိစ္စထဲမှာ ကျွန်မကို ဆွဲမထည့်နဲ့"
သူ လာနောက်နေတာလား။ သူမရဲ့ မိသားစုက စုံစမ်းကြည့်ပြီးသား။ ဒီကလေးမလေးရဲ့ အိမ်ဝန်းက ပိုင်ရှင်အမည်ပြောင်းတာကို တစ်ရက်တည်းနဲ့ အပြီးလုပ်နိုင်ခဲ့တာလေ။ ဆိုလိုတာက အာဏာ ဒါမှမဟုတ် အဆက်အသွယ် တစ်ခုခုသာ မရှိရင် ဒီလောက်ချောချောမွေ့မွေ့ ဖြစ်နိုင်ပါ့မလား။
ဝေဟုန်ရင်းက သူမ ဖြတ်ပစ်တော့မည့် စေ့စပ်ထားသူအတွက်နဲ့ လူတစ်ဖက်သားကို ရန်သူလုပ်ရလောက်အောင် မိုက်မဲတဲ့သူ မဟုတ်ပေ။
ဝမ်ရွှန်ဖကသာ သူမကို တကယ်တန်ဖိုးထားရင် အခုချိန်ထိ မင်္ဂလာဦးအိမ်ကို အဆင်သင့် ပြင်ထားမှာပါ။ နောက်ပြီး အိမ်တစ်လုံးတောင် မပြင်နိုင်ဘူးဆိုတာက ဝမ်မိသားစုရဲ့ အရည်အချင်းမရှိမှုကို ပြနေတာပဲလေ။
"မှန်တယ်။ ရှင့်တို့ ဝမ်မိသားစုကသာ အတင်းအကျပ် ဝယ်ဖို့ကြိုးစားရင် ကျွန်မ တိုင်ပစ်မှာ။ ဘယ်လိုလူတွေလဲ မသိဘူး၊ တရားမဝင် အရောင်းအဝယ်တွေ လုပ်ရဲတဲ့အပြင် သူများအိမ်ကိုတောင် လုယူချင်နေသေးတယ်!"
မိမိကိုယ်ကိုယ် စကားများရတာ မကြိုက်ဘူးလို့ ယူဆထားတဲ့ လင်းစုယွီတောင် အနည်းငယ် ပြန်ပက်လိုက်မိသေးသည်။ ထိုသို့ ပြောပြီးတာနဲ့ ဒီမြင်ကွင်းကို ဆက်မကြည့်ချင်တော့တာကြောင့် ထွက်သွားဖို့ ပြင်လိုက်သည်။
"မသွားရဘူး! မင်းသာ အိမ်မရောင်းရင် ငါ့မှာ စေ့စပ်ထားသူ ရှိတော့မှာ မဟုတ်ဘူး။ မင်း ထွက်မသွားရဘူး!"
"တော်စမ်း ဝမ်ရွှန်ဖ! အခု ရှင် အိမ်တစ်လုံး ချက်ချင်းဝယ်နိုင်ရင်တောင် ရှင့်ကို ကျွန်မ မယူချင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်"
ဝေဟုန်ရင်းက လင်းစုယွီကို ဒီပြဿနာတွေကြားထဲ ဆွဲမထည့်ချင်တာကြောင့် ဝမ်ရွှန်ဖကို လှမ်းဖမ်းထားပြီး လင်းစုယွီကို ဆက်မနှောင့်ယှက်နိုင်အောင် တားဆီးလိုက်သည်။
"ရဲဘော်လင်း မဟုတ်လား။ တောင်းပန်ပါတယ်နော်။ အိမ်ကို အရင်ပြန်လိုက်ပါ၊ ဒါ မင်းအပြစ်မဟုတ်ပါဘူး။"
ဝေဟုန်ရင်းက လင်းစုယွီကို အရင်ထွက်သွားဖို့ အချက်ပြလိုက်သည်။ ဝမ်ရွှန်ဖကတော့ လုံးဝ ရူးသွပ်သွားသလို ဖြစ်နေပြီး ဝေဟုန်ရင်းကို တွန်းထုတ်လိုက်ရုံတင်မက လင်းစုယွီရဲ့ လက်မောင်းကိုပါ အတင်းလှမ်းဆွဲလိုက်သည်။
"ငါ မင်္ဂလာမဆောင်ရတာ မင်းအပြစ်ပဲ! တောက်... မင်းက ဘာလို့ အဲဒီအိမ်ကို ဝယ်ရတာလဲ။ ငါ့မိသားစုက ဝယ်ဖို့ စီစဉ်နေတာလေ။ မင်းက ဘာလို့ အရင်ဦးအောင် ဝယ်လိုက်ရတာလဲ"
တစ်ဖက်လူက ရန်ငြိုးတကြီးမျက်နှာနဲ့ လင်းစုယွီကို ဆွဲယမ်းနေပြီး သူ့ရဲ့ လက်ဆုပ်ကိုင်အားက အရမ်းအားပါလွန်းတာကြောင့် လင်းစုယုရဲ့ လက်မောင်းမှာ ထုံကျင်ပြီး နာကျင်လာသည်။
"လွှတ်စမ်း!" လို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ရင်း သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ထုတ်သုံးလိုက်သည်။ လင်းစုယွီရဲ့ ဦးခေါင်းက တစ်ချက် ထိုးကိုက်သွားပြီး အဲဒီနောက်မှာတော့ ဝမ်ရွှန်ဖဟာ လျှပ်စစ်ရှော့ခ် ဖြစ်သွားသလိုမျိုး ချက်ချင်း လက်လွှတ်သွားခဲ့သည်။
ဝမ်ရွှန်ဖ ကြောင်အမ်းအမ်း ဖြစ်နေတဲ့ ခဏတာကို အခွင့်ကောင်းယူပြီး လင်းစုယွီက အိမ်ကို အပြေးပြန်ခဲ့သည်။ တစ်ဆက်တည်းမှာပဲ တံခါးကို ချက်ချင်းဖွင့်၊ အထဲဝင်ပြီး ပိတ်လိုက်သည်။
ခုနက ဖြစ်ပျက်သွားတဲ့ အခြေအနေကြောင့် သူမရဲ့ လက်မောင်းပေါ်က နီရဲနေတဲ့ လက်ရာတွေကို ကြည့်ရင်း လင်းစုယွီဟာ သူမကိုယ်သူမ အားနည်းနေသေးတယ်ဆိုတာကို နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရသည်။
ဒါ့အပြင် စိတ်ဝိညာဉ်စွမ်းအားကို အလွန်အကျွံ သုံးလိုက်ရတာကြောင့် သူမရဲ့ ခေါင်းကလည်း ဆက်ပြီး ထိုးကိုက်နေဆဲပင်။
ဒီအချိန်မှာတော့ လင်းစုယွီဟာ သူမရဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်အောင် လုပ်ဖို့ အလွန်အမင်း ဆန္ဒပြင်းပြနေမိသည်။ မဟုတ်ရင် စကားနဲ့ ဖြေရှင်းလို့မရတဲ့ လူမျိုးနဲ့ တွေ့သည့်အခါ သူမပဲ အကြီးအကျယ် ဒုက္ခရောက်ရလိမ့်မည်။
ဝမ်ရွှန်ဖက ဝေဟုန်ရင်းဆီကနေ အပြတ်ဖြတ်ခံလိုက်ရပြီ။ သူ့စရိုက်အရ သူက ဝေဟုန်ရင်းကိုတော့ ရန်မမူရဲပေမယ့် သူမ ဖြစ်တဲ့ လင်းစုယွီကိုတော့ သေချာပေါက် ရန်ငြိုးထားပါလိမ့်မည်။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဝမ်ရွှန်ဖကို သင်ခန်းစာပေးဖို့ နည်းလမ်းရှာရမည်။ ဒါမှမဟုတ် သူ့ကို အရှင်လတ်လတ် မြှုပ်ပစ်လို့ရမည့် ကျင်းနက်ကြီး တစ်ကျင်းလောက် တူးထားဖို့တော့ လိုအပ်နေပြီပေါ့။