← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အပိုင်း ၂၁ - ဝမ်မိသားစုကို စုံစမ်းထောက်လှမ်းခြင်း

နောက်တစ်နေ့တွင် လင်းစုယွီသည် ရပ်ကွက်ထဲရှိ အဒေါ်ကြီးများထံမှ ဝမ်မိသားစုအကြောင်းကို သိသိသာသာတစ်မျိုး၊ မသိမသာတစ်ဖုံ စတင်စုံစမ်းတော့သည်။

ဝမ်မိသားစု၏ အိမ်ဦးနတ်များမှာ ကျင်းဟွာ၏ ယောက္ခမများဖြစ်ကြသည်။ ၎င်းတို့တွင် သားသုံးယောက်နှင့် သမီးလေးယောက် ထွန်းကားခဲ့သော်လည်း သားသုံးယောက်နှင့် အငယ်ဆုံး သမီးလေးတစ်ယောက်သာ အဖတ်တင်ခဲ့သည်။

ကျင်းဟွာ၏ ယောက္ခမများသည် "မိဘရှိသရွေ့ အိမ်ခွဲမနေရ" ဟူသော ရှေးရိုးစွဲဝါဒကို ကိုင်စွဲထားသူများ ဖြစ်သည်။

ထို့ကြောင့် လူတစ်ဒါဇင်ကျော်ရှိသော ဝမ်မိသားစုကြီးတစ်ခုလုံးမှာ ဝင်းအိမ်ရာလေးတစ်ခုအတွင်းရှိ အခန်းလေးခန်းထဲတွင် ပြည့်ကျပ်စွာ စုပြုံနေထိုင်ကြရသည်။

ဝမ်မိသားစုမှ အဖိုးအိုနှင့် အဖွားအိုတို့သည် ခန်းမဆောင်ကြီး၏ အနောက်ဘက်တွင် နေထိုင်ကြပြီး ရှေ့ဘက်ကို သစ်သားကာရံထားသည်။

ကျန်ရှိသော သားသုံးယောက်၏ မိသားစုဝင်များသည် တစ်အိမ်ထောင်လျှင် အခန်းတစ်ခန်းစီ ရကြပြီး ထိုအခန်းငယ်များထဲတွင်လည်း ကလေးများအိပ်ရန်အတွက် သစ်သားပြားများဖြင့် ထပ်ခိုးလေးများ ပြုလုပ်ထားရသည်။

သားအကြီးဆုံးဖြစ်သော ပထမမျိုးဆက် လင်မယားတွင် သားသုံးယောက်ရှိသည်။ အိမ်၏ သားကြီးနှင့် မြေးကြီးများဖြစ်သည့်အတွက် အခွင့်အရေး ပိုရကြသည်။

သားအကြီးဆုံးမှာ အလယ်တန်းအောင်ပြီးနောက် ငွေကုန်ကြေးကျခံကာ စက်ရုံတစ်ခုတွင် ယာယီအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ သို့သော် သူက ရည်မှန်းချက်ကြီးသူဖြစ်ရာ စက်ရုံအလုပ်ရုံမှူး၏ သမီးနှင့် ဖူးစာဆုံခဲ့ပြီး လက်ထပ်ချိန်တွင်လည်း အိမ်တစ်လုံးကို အပိုင်ရရှိခဲ့သည်။

ပထမမျိုးဆက်၏ ဒုတိယသားမှာ နည်းပညာအထက်တန်းကျောင်း တက်ခဲ့ရသည်။ ကျောင်းပြီးသည်နှင့် အလုပ်ချက်ချင်းရခဲ့ပြီး နှစ်အနည်းငယ်အတွင်း အဆောင်ခန်းတစ်ခန်း ရရှိခဲ့သည်။

အချုပ်ဆိုရသော် ဝမ်မိသားစု၏ ပထမမျိုးဆက်တွင် လူဦးရေများသော်လည်း အားလုံးက အရည်အချင်းရှိကြပြီး အိမ်ရာပြဿနာ မရှိကြပေ။

ဒုတိယမျိုးဆက်မှာမူ လူဦးရေအနည်းဆုံးဖြစ်ပြီး သားတစ်ယောက်နှင့် သမီးတစ်ယောက်သာ ရှိသည်။ သားဖြစ်သူက စစ်ထဲဝင်သွားပြီး သမီးဖြစ်သူမှာလည်း အလုပ်ရှိသဖြင့် ၎င်းတို့အတွက် ပူစရာမလိုပေ။

တတိယမျိုးဆက်မှာမူ ကျင်းဟွာ၏ မိသားစုဖြစ်သည်။ အရည်အချင်း အညံ့ဆုံးဖြစ်သော်လည်း ကလေးအများဆုံး မွေးထားသည့် မိသားစုပင်။

ကျင်းဟွာတွင် သားသုံးယောက်နှင့် သမီးနှစ်ယောက်ရှိသည်။ သားအကြီးဆုံး ဝမ်ရွှန်ဖမှာ အသက် (၂၂) နှစ်ရှိပြီဖြစ်သော်လည်း အလုပ်မှာ ယာယီအလုပ်မျှသာ ဖြစ်သည့်အပြင် အိမ်ထောင်ပြုရန်အတွက် အခန်းတစ်ခန်းကိုပင် ကောင်းကောင်းမွန်မွန် မဖန်တီးပေးနိုင်ရှာပေ။

မူလက ကျင်းဟွာသည် သူမ၏ သမီးအကြီးဆုံးကို အိမ်ထောင်ချပေးကာ တောင်းရမ်းခငွေ အများအပြားတောင်းရန်နှင့် ကျန်သည့်ငွေကို ဆွေမျိုးများထံမှ ချေးငှားပြီး ထိုဝင်းအိမ်ရာကို ဝယ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော် သခင်ကြီးလင်းက တစ်ရက်အတွင်းမှာပင် ထိုဝင်းအိမ်ရာကို စုယွီ၏ အမည်ပေါက် ပြောင်းပေးလိုက်လိမ့်မည်ဟု သူမ လုံးဝမထင်မှတ်ထားခဲ့ပေ။

ဝင်းအိမ်ရာထဲသို့ ပြောင်းလာသူမှာ (၁၂) နှစ်၊ (၁၃) နှစ်အရွယ် မိန်းကလေးငယ်လေး စုယွီဖြစ်နေသည်ကို မြင်သောအခါ ကျင်းဟွာက အကွက်ဆင်ရန် ကြံစည်တော့သည်။

ထိုမိန်းကလေးငယ်အား သနားစရာကောင်းဟန်ဆောင်ကာ စိတ်ပျော့သွားစေပြီး သူမ၏ သားကြီး အိမ်ထောင်ပြုရန် အခန်းတစ်ခန်း ငှားရမ်းပေးရန် မျှော်လင့်ခဲ့သည်။

အငှားချပေးလိုက်လျှင်လည်း နောက်ပိုင်းတွင် အိမ်ငှားခမပေးဘဲ ရှောင်လွှဲရန် နည်းလမ်းပေါင်းစုံ သူမတွင် ရှိနေပြီးသားဖြစ်သည်။

ကံမကောင်းသည်မှာ စုယွီက သူမကို လုံးဝဂရုမစိုက်ဘဲ တိုက်ရိုက်ပင် ငြင်းဆိုခဲ့ခြင်းဖြစ်သည်။ အပျော့ဆွဲ၍ မရမှန်းသိသောအခါ ကျင်းဟွာက အကြမ်းနည်းသုံးရန် ကြံစည်ကာ စုယွီကို ခြိမ်းခြောက်ပြီး အလျှော့ပေးလာအောင် လုပ်ဆောင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ထိုအကြံမှာလည်း ကျရှုံးခဲ့ရပြန်သည်။

စာမေးပွဲမတိုင်မီ တစ်ရက်တွင် ကျင်းဟွာ၏ အငယ်ဆုံးသား ဝမ်ရွှန်တက စုယွီနှင့် စာမေးပွဲခန်း တစ်ခန်းတည်း ကျနေသည်ကို သိလိုက်ရသဖြင့် ကျင်းဟွာကို ပြန်ပြောပြခဲ့သည်။

ကျင်းဟွာသည် ယုတ်မာသော အကြံတစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်သည်။ ၎င်းမှာ စုယွီကို စာမေးပွဲတွင် ခိုးချသည်ဟု အကွက်ဆင်ရန်ပင်။

ဤအစီအစဉ်သာ အောင်မြင်သွားပါက စုယွီ၏ နာမည်ကို ဖျက်ဆီးပစ်နိုင်မည်ဖြစ်သည်။ နာမည်ပျက်သွားသော မိဘမဲ့မိန်းကလေးငယ်တစ်ယောက်မှာ သူမ၏ လက်ခုပ်ထဲက ရေ ဖြစ်သွားမည်မဟုတ်ပါလား။

ထိုအကြံအစည်မှာ အလွန်ယုတ်မာလှသည်။ သာမန်လူသာဆိုလျှင် မိမိကိုယ်ကိုယ် အပြစ်မရှိကြောင်း သက်သေပြရန် အတော်လေး ငြင်းခုံရပေလိမ့်မည်။

သို့သော် စုယွီကတော့ မတူပေ။ သူမက စိတ်အာရုံတစ်ခုဖြင့် ခိုးချရန် ထည့်ပေးလိုက်သော စာရွက်အပိုင်းအစများကို သူမ၏နေရာလွတ် ထဲသို့ ပို့လိုက်သည်။ အရာအားလုံးကို အလွန်လျှို့ဝှက်စွာ လုပ်ဆောင်လိုက်သဖြင့် သူမကို အကွက်ဆင်ရန် မည်သည့်သက်သေမျှ ရှာမတွေ့နိုင်တော့ချေ။

ဝမ်ရွှန်တသည် စုယွီကို အကွက်ဆင်ရန် မအောင်မြင်သည့်အပြင် ဂုန်နီအိတ်ဖြင့် အုပ်ကာ အရိုက်ခံလိုက်ရသေးသည်။ ထိုနေ့က သူ အိမ်သို့ပြန်ရောက်သောအခါ အဖျားတက်ကာ တစ်ညလုံး ဟိုလှည့်ဒီလှည့်ဖြင့် ဝေဒနာခံစားခဲ့ရသည်။

အဆိုးဆုံးမှာ ဝေဟုန်ရင်က စေ့စပ်ထားခြင်းကို ပြတ်ပြတ်သားသား ဖျက်သိမ်းလိုက်ပြီး တောင်းရမ်းခများကို ပြန်ပေးလိုက်ခြင်းဖြစ်သည်။ ကျင်းဟွာ၏ သားကြီးမှာလည်း နတ်ဝင်သလိုမျိုး ဖြစ်နေပြီး ကြောင်တောင်တောင်နှင့် ငိုင်တိုင်တိုင် ဖြစ်နေကာ နောက်တစ်နေ့တွင် အလုပ်ပင် မသွားနိုင်တော့ပေ။

ထိုနေ့က ဝမ်ရွှန်ဖ၏ ရူးသွပ်နေသော ပုံစံကြောင့် စုယွီအနည်းငယ် လန့်သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမ အပြင်ထွက်သည့်အခါတိုင်း တစ်ဖက်လူက ရူးသွပ်ပြီး သူမကို လာရှာမည်စိုးသဖြင့် အထူးသတိထားနေခဲ့ရသည်။

စင်စစ်တွင် စုယွီ မသိခဲ့သည်မှာ ထိုနေ့က သူမ ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ်စွမ်းအား က ဝမ်ရွှန်ဖကို ထိခိုက်သွားစေခြင်းဖြစ်သည်။ ဒဏ်ရာက သိပ်မပြင်းထန်သော်လည်း သူ့ကို နှစ်ရက်တိုင်တိုင် ကြောင်အသွားစေခဲ့ပြီး ဆိုးဝါးသော နောက်ဆက်တွဲအနေဖြင့် သူသည် အလွန်ဒေါသကြီးသူ၊ စိတ်တိုလွယ်သူနှင့် မိမိကိုယ်ကို မထိန်းချုပ်နိုင်သူ ဖြစ်သွားစေခဲ့သည်။

ဝမ်မိသားစု နေထိုင်သော အိမ်မှာ ဝင်းအိမ်ရာ၏ အနောက်ဘက်တွင်ဖြစ်ပြီး တံတိုင်းတစ်ခုသာ ခြားထားသည်။ ၎င်းက စုယွီအတွက် အဆင်ပြေစေသည်မှာ သူမ၏ စိတ်ဝိညာဉ်စွမ်းအား စုံစမ်းထောက်လှမ်းနိုင်သည့် အကွာအဝေးမှာ (၁၀) မီတာသာ ရှိသဖြင့် ကွက်တိပင် ဖြစ်နေသောကြောင့်ဖြစ်သည်။

ကျင်းဟွာ၏ မိသားစုမှာ ငွေမရှိသူများ မဟုတ်ကြပေ။ အခန်းတစ်ခန်းထဲမှာတင် ငွေများကို နေရာ ၃-၄ နေရာခန့်တွင် ဝှက်ထားကြသည်။ သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် လှမ်းကြည့်လိုက်ရုံနှင့် ယွမ် ၄၀၀ ခန့်ရှိနေသည်ကို တွေ့လိုက်ရသည်။

စုယွီမှာ ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်ချင်သွားသည်။ ကျင်းဟွာက ဆင်းရဲလွန်း၍ မတတ်သာဘဲ မျက်နှာပြောင်တိုက်ပြီး အိမ်ကို လုယူချင်နေသည်ဟု သူမ ထင်ခဲ့မိသည်။ အမှန်တော့ သူတို့က ဆင်းရဲနေခြင်း မဟုတ်ဘဲ စုယွီကို အသက်ငယ်ပြီး အနိုင်ကျင့်ရလွယ်မည်ဟု ထင်သောကြောင့်သာ ပစ်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။

သူမ၏ ယခင်ဘဝတွင် အရာရာကို အလွယ်တကူ အောင်နိုင်ခဲ့သူဖြစ်ရာ ယခုခေတ်တွင် အနိုင်ကျင့်ခံရန် မည်သို့မှ အခွင့်ပေးမည်မဟုတ်ပေ။ သူမသည် အသက်ငယ်ပြီး ခွန်အားမရှိသည်မှာ မှန်သော်လည်း တစ်ဖက်လူကို သင်ခန်းစာပေးရန် နည်းလမ်းမရှိဟု မဆိုလိုပေ။

ဝမ်မိသားစု၏ အခြေအနေကို စူးစမ်းပြီးနောက် စုယွီသည် ဈေးသို့ ဟင်းသီးဟင်းရွက်ဝယ်ရန် ထွက်လာခဲ့သည်။ နေရာလွတ် အပြင်ဘက်တွင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားမှာ စကင်နာ(Scanner)တစ်ခုကဲ့သို့ အသုံးဝင်သလို သူတစ်ပါး၏ စိတ်ကို တိုက်ခိုက်ရန်လည်း အသုံးချနိုင်သည်။ ထိုသို့ဆိုလျှင် တိရစ္ဆာန်များနှင့် ဆက်သွယ်ရန်ရော အသုံးချ၍ ရနိုင်မလား။

"စမ်းကြည့်လို့ ဘာမှမဖြစ်ပါဘူး" ဟူသော သဘောဖြင့် စုယွီသည် ဈေးမှ ကြက်ဖကြီးတစ်ကောင်ကို တိုက်ရိုက်တစ်ခါတည်းဝယ်လာခဲ့သည်။ အစီအစဉ် မအောင်မြင်ခဲ့လျှင်တောင် ခန္ဓာကိုယ်အားရှိအောင် ကြက်သားဆီပြန်ချက် စားလိုက်ရုံသာ ရှိသည်မဟုတ်လား။

အကယ်၍သာ အောင်မြင်သွားခဲ့လျှင်တော့ သူမအတွက် ချစ်စရာကောင်းသော အကူလေးအချို့ ရရှိလာမည်ဖြစ်သည်။ လေ့ကျင့်ပေးပြီးသွားပါက ၎င်းတို့ကို ရှုပ်ပွနေသည့်သူမအိမ်ကို သန့်ရှင်းရေးလုပ်ခိုင်းခြင်း နှင့် ပစ္စည်းများ ရွှေ့ပြောင်းပေးခြင်းတို့ကို ကူညီပေးနိုင်လိမ့်မည်။

သူမ အိမ်ရှေ့သို့ ရောက်သောအခါ လျန်ဟွေ့က မေးထောက်ကာ စောင့်နေသည်ကို တွေ့လိုက်ရသည်။

“လျန်ဟွေ့!?” စာမေးပွဲတွေလည်း ပြီးပြီပဲ၊ သူ ဘာလို့ ဒီကို ရောက်နေတာလဲ။ သူမ ကြက်သားဆီပြန်ချက် စားတော့မယ်ဆိုတာကိုများ သိနေတာလား!

“စုယွီ၊ နင်ကလည်း အခုမှ ပြန်ရောက်တာလား၊ ငါ စောင့်နေတာ ကြာလှပြီ။ အခု စာမေးပွဲတွေလည်း ပြီးပြီဆိုတော့ နင် အားနေတယ်မလား။ ငါနဲ့အတူ ပင်လယ်ကမ်းခြေကို လိုက်မလားလို့”

ကျင်းမန်မြို့သည် အရှေ့ဘက်တွင် ပင်လယ်၊ မြောက်ဘက်တွင် တောင်တန်းများ၊ အနောက်ဘက်တွင် မြို့တော်နှင့် တောင်ဘက်တွင် လွင်ပြင်များဖြင့် ဝန်းရံထားသဖြင့် ပထဝီဝင်အနေအထားမှာ အလွန်ကောင်းမွန်သည်။ စုယွီ၏ အိမ်မှနေ၍ စက်ဘီးနှစ်နာရီခန့် စီးလျှင် ပင်လယ်ကမ်းခြေသို့ ရောက်ရှိနိုင်သည်။

လျန်ဟွေ့၏ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်ရောက်လာကတည်းက ပင်လယ်သို့ လိုက်ပို့ရန် သူမ ပူဆာနေခဲ့ခြင်းဖြစ်သည်။ ယနေ့မှ ခွင့်ပြုချက်ရခဲ့သဖြင့် လျန်ဟွေ့က သူမ၏ သူငယ်ချင်းကောင်း စုယွီကိုပါ ခေါ်သွားရန် ချက်ချင်းစဉ်းစားမိလိုက်သည်။

“ဒီကနေ ပင်လယ်ကမ်းခြေကို တော်တော်ဝေးတယ်မလား။ နင့်မိဘတွေကရော ခွင့်ပြုရဲ့လား၊ မိသားစုနဲ့ပဲ သွားမှာလား”

စုယုက ဈေးခြင်းတောင်းကို ချကာ တံခါးဖွင့်ရန် သော့ကိုထုတ်ရင်း သိလိုသည်များကို မေးမြန်းလိုက်သည်။

“ငါ့ဒုတိယအစ်ကိုရဲ့ သူငယ်ချင်းနှစ်ယောက် ကျင်းမန်မြို့ကို လာလည်ကြမှာလေ၊ အဲ့ဒါ ပင်လယ်သွားကြည့်ချင်ကြတာတဲ့။ သူတို့သွားရင် ငါ့ကို မခေါ်လို့ ဘယ်ရမလဲ။ အဲ့ဒါကြောင့် ငါတို့နှစ်ယောက်လုံးအတွက် စာရင်းပေးလိုက်ပြီ။ အဓိကကတော့ ငါတစ်ယောက်တည်း မိန်းကလေး ဖြစ်နေမှာမို့လို့၊ နင်သာ မလိုက်ရင် ငါ့မှာ ကစားဖော်မရှိဘူး”

လျန်ဟွေ့က သနားစရာကောင်းအောင် ပြောနေသော်လည်း အမှန်တွင် စုယွီလည်း အလွန်သွားချင်နေပါသည်။ ကျင်းမန်မြို့က ပင်လယ်ကမ်းခြေကို သူမ တစ်ခါမှ မရောက်ဖူးသေးပေ။

“ငါလိုက်လာတာ နင့်အစ်ကိုတို့ကို အနှောင့်အယှက်များဖြစ်နေမလား"

“လုံးဝ အနှောင့်အယှက် မဖြစ်ပါဘူး။ နင်က ငါနဲ့အတူနေမှာလေ၊ သူတို့က ငါတို့အတွက် သယ်ယူပို့ဆောင်ရေးအဖွဲ့ပဲ။ ငါ့ဒုတိယအစ်ကိုက စက်ဘီးတွေ ရှာထားပြီးသား၊ စက်ဘီးစီးသွားကြမှာ။ အဲ့ဒီကျရင် ငါ့တတိယအစ်ကိုက နင့်ကို တင်ခေါ်သွားလိမ့်မယ်”

လျန်ဟွေ့ စုယွီဆီမှာ စာလာကျက်သည့်အချိန်များတွင် လျန်မိသားစု၏ တတိယအစ်ကိုက လာကြိုလေ့ရှိသဖြင့် စုယွီနှင့် အနည်းငယ် ရင်းနှီးပြီးသားဖြစ်သည်။ ပြောဆိုဆက်ဆံဖူးသမျှအရ သူက လူကောင်းတစ်ယောက်ဖြစ်သည်။

“ကောင်းပြီလေ၊ ဒါဆိုလည်း နင့်ကျေးဇူးနဲ့ ငါ အလည်လိုက်ခဲ့မယ်။ နေ့လယ်စာ ဒီမှာပဲ စားသွားဦး၊ ငါ အသားဝယ်လာတယ်။”

လျန်ဟွေ့ကတော့ နေခဲ့ရန် အသင့်ပင်။ သူမက မက်မွန်သီးတစ်ထုပ် ယူလာခဲ့ပြီး စုယွီကို ခရီးသွားရန် ဖိတ်ခေါ်ခြင်းအပြင်၊ ဒုတိယရည်ရွယ်ချက်မှာ စုယွီ၏ လက်ရာကို စားချင်နေခြင်း မဟုတ်ပါလား။

စုယွီ၏ ချက်ပြုတ်မှုအတတ်ပညာမှာ သူမ အမေထက် အများကြီး သာလွန်သည်။ စုယွီချက်သော ရိုးရိုးဟင်းသီးဟင်းရွက်ပြုတ်သည်ပင်လျှင် သူမအိမ်က ဟင်းများထက် ပို၍ အရသာရှိလှသည်။

နောက်ဆုံးတွင်တော့ စုယွီ ကြံစည်ထားသော တိရစ္ဆာန်များနှင့် စိတ်ဝိညာဉ်ချင်း ဆက်သွယ်ရေး အစီအစဉ်မှာ ကျရှုံးသွားခဲ့သည်။

ကြက်ဖကြီးမှာ ကြက်သားဆီပြန်ချက် ဖြစ်သွားရရှာပြီး စုယွီနှင့် လျန်ဟွေ့တို့မှာတော့ ပါးစပ်များ ဆီဝင်းပြောင်သည်အထိ မြိန်ရေယှက်ရေ စားသောက်လိုက်ကြလေတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters