အခန်း ၂၃
Vol. 3 Ch. 23
အပိုင်း ၂၃ - ကြွယ်ဝလှသော ရိတ်သိမ်းချိန်
တတိယအစ်ကိုလျန်က သူတို့အဖွဲ့ကို တံငါရွာလေးဆီ ဦးဆောင်ခေါ်သွားပြီး အကောင်းဆုံးလို့ ထင်ရတဲ့ အိမ်တစ်အိမ်ဆီ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ လမ်းမှာပြောဖြစ်ကြတဲ့ စကားတွေအရ အဲဒီအိမ်က တံငါရွာရဲ့ တပ်မဟာမှူး နေထိုင်ရာအိမ်မှန်း လင်းစုယွီ သိလိုက်ရသည်။
နေ့လယ်စာ စားပွဲဝိုင်းကတော့ ပင်လယ်စာတွေနဲ့ ပြည့်လျှံနေတာပါပဲ။ ငါးကြီးတွေ ဒါမှမဟုတ် အသားဟင်းတွေ မပါပေမဲ့ ကမာ၊ ယောက်သွား၊ ဂဏန်းအသေးလေးတွေနဲ့ ခရုမျိုးစုံကို ဇလုံကြီးတစ်လုံးနဲ့ အပြည့်အစုံ ပြင်ဆင်ပေးထားသည်။
ပြုတ်တာ၊ ဆီသတ်တာ ဒါမှမဟုတ် ဟင်းချိုလုပ်တာ စသဖြင့် ချက်ပြုတ်ပုံ မျိုးစုံကိုကြည့်ရင် အိမ်ရှင်မိသားစုက သူတို့ကို တကယ့်ကို စိတ်ရင်းမှန်နဲ့ ဧည့်ခံကျွေးမွေးတယ်ဆိုတာ သိသာသည်။ သူတို့အဖွဲ့လေးက နေ့လယ်စာကို ဝဝလင်လင်နဲ့ ကျေနပ်အားရစွာ စားသောက်ခဲ့ကြသည်။
ထမင်းစားပြီးတဲ့နောက် ဒုတိယအစ်ကိုလျန်နဲ့ ကျန်တဲ့သူတွေက ကမ်းခြေကို ပြန်မသွားတော့ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့တွေ ပင်ပင်ပန်းပန်းနဲ့ လိုက်ရှာထားတဲ့ ပင်လယ်စာတွေက စုစုပေါင်းမှ ပြားဂဏန်းလောက်ပဲ တန်တာမို့ ဒေသခံတံငါသည်တွေဆီကနေပဲ တိုက်ရိုက်လဲလှယ်ယူတော့မယ်လို့ တွေးလိုက်ကြတာပါ။
လျန်ဟွေ့က ရွာသူကြီးအိမ်မှာ လက်ဖဝါးထက်ကြီးတဲ့ ခရုခွံကြီးတစ်ခုကို တွေ့သွားပြီး အဲဒါကို ရအောင်လဲမယ်လို့ ဇွတ်အတင်း ပြောတော့သည်။ သူက ရွာသူကြီးရဲ့ မြေးမလေးကို မြူဆွယ်ဖို့အတွက် ပါလာတဲ့ သကြားလုံးအချို့ကိုတောင် ထုတ်ပြလိုက်သေးသည်။
"မမ... ဒီခရုခွံကို ယူလိုက်တော့နော်။ ဒီသကြားလုံးက အရမ်းစားကောင်းတာပဲ။ သမီးသူငယ်ချင်းတွေဆီမှာ ဒီထက်လှတဲ့ ခရုခွံတွေ အများကြီးရှိသေးတယ်။ ထပ်ပြီး လဲချင်သေးလားဟင်"
တံငါရွာမှာ လှပတဲ့ ခရုခွံတွေဆိုတာ ဘယ်တော့မှ မရှားချေ။ သကြားလုံးနဲ့ လဲရမယ်ဆိုရင်တော့ ကလေးတွေက တစ်အိတ်အပြည့်တောင် လာပေးနိုင်ကြသည်။ လျန်ဟွေ့ဆီက သဘောတူတဲ့အဖြေ ရရချင်းပဲ အဲဒီကောင်မလေးက တခြားကလေးတစ်သိုက်ကို အမြန်သွားခေါ်လာတော့သည်။
"မမ... ဒါတွေက သမီးတို့ကိုယ်တိုင် ရှာထားတဲ့ ခရုခွံတွေပါ။ ဘယ်ဟာကို ကြိုက်လဲ ကြည့်ပါဦး။ အကုန်လုံး ပေးလို့ရတယ်နော်။ သမီးတို့ကို သကြားလုံးလေး ပေးမလားဟင်"
လျန်ဟွေ့ကတော့ ပြုံးပျော်နေပြီး သူကြိုက်တာတွေကို ရွေးနေသည်။ လင်းစုယွီကတော့ မူလက ဒီပစ္စည်းတွေကို စိတ်မဝင်စားပေမဲ့ ကလေးမလေးတစ်ယောက်က ပန်းရောင်တောက်တောက် 'ကွန်းချ်'ခရုကြီးရဲ့ ပုလဲစေ့ လေးတွေ သိမ်းထားတာကို သတိထားမိသွားသည်။
"ဒီပုလဲလေးတွေရဲ့ အရောင်က တော်တော်လှတာပဲ။ တခြား ရှိသေးလား"
လက်ရှိအချိန်မှာတော့ ဒီပုလဲတွေက သိပ်တန်ဖိုးမရှိသေးပေမဲ့ ၂၂ ရာစုရောက်ရင်တော့ အရှားပါးဆုံး ရတနာတွေထဲက တစ်ခု ဖြစ်လာမှာပင်။
အခုလို အခွင့်အရေးရတုန်း စုဆောင်းထားဖို့ လင်းစုယွီက တော်တော်လေး စိတ်အားထက်သန်နေသည်။ ရတနာတွေရဲ့ တန်ဖိုးတက်လာမယ့်အချိန်ကို စောင့်ဆိုင်းတာက သူမအတွက်တော့ ရင်းနှီးမြှုပ်နှံမှု လုပ်နေကျ နည်းလမ်းတစ်ခုလို ဖြစ်နေပြီလေ။
"အဲ... မမက ခရုကြီးထဲကထွက်တဲ့ ဒီပုလဲတွေကို ကြိုက်တာလား။ သမီးမှာလည်း ရှိတယ်၊ အစ်မမှာလည်း အများကြီးရှိသေးတယ်။ အဲဒါတွေကို ဘာနဲ့လဲမှာလဲဟင်"
အဲဒီကလေးရဲ့ ပါးနပ်လှသည့် မျက်လုံးလေးတွေက လင်းစုယွီဆီမှာ တကယ်ပဲ သကြားလုံး ရှိ၊ မရှိ အကဲခတ်နေသလိုပင်။ ကလေးပီပီ လည်သလိုလိုနဲ့ ရိုးသားနေတဲ့ပုံလေးက သူတို့ကို မတရားလုပ်ရမှာ အားနာစရာ ကောင်းနေပါသည်။
လင်းစုယွီကတော့ ဘာမှမပြောဘဲ ကျောပိုးအိတ်လေးကို ဖွင့်ပြီး ဘီစကစ်တစ်ထုပ်နဲ့ သကြားလုံးအချို့ကို ထုတ်လိုက်ကာ ဘယ်လောက်နဲ့လဲရင် တရားမျှတမလဲဆိုတာ တွေးလိုက်သည်။
"မမဆီမှာ သကြားလုံးနဲ့ ဘီစကစ်တွေ ရှိတယ်။ ပုလဲတစ်စေ့ကို သကြားလုံးတစ်လုံး ဒါမှမဟုတ် ဘီစကစ်တစ်ခုနဲ့ လဲရင် ဘယ်လိုလဲ"
စကားဆုံးတာနဲ့တင် အသက်ကြီးတဲ့ ကလေးအချို့က "သဘောတူတယ်" လို့ အော်ပြီး အိမ်ကို အပြေးအလွှား ပြန်သွားကြတော့သည်။ သူတို့က နေ့တိုင်း ခရုတွေ စားနေကြတာဆိုတော့ အိမ်မှာ ပုလဲလေး အနည်းအကျဉ်းတော့ ရှိကြတာပေါ့။
၁၀ မိနစ်လောက် စောင့်ပြီးတဲ့နောက်မှာတော့ မိန်းကလေးငယ်တွေဟာ ဘူးလေးတွေ၊ ပုလင်းလေးတွေနဲ့ ရောက်လာကြသည်။ ပုလဲတစ်စေ့ကို သကြားလုံးတစ်လုံးနှုန်းနဲ့ လင်းစုယွီက သူတို့ကို ကိုယ်တိုင်ရေတွက်ခိုင်းပြီး အရေအတွက်ကို ပြောခိုင်းလိုက်သည်။
"ဟို... ညီမက ပုလဲတွေနဲ့ လဲချင်တာလားဟင်။ ဒီမှာ... ဒါလေးတွေဆို ရမလား"
အခုရောက်လာတဲ့ မိန်းကလေးက လင်းစုယွီထက် အသက်အနည်းငယ် ပိုကြီးပုံရပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ လင်းစုယွီလို ကလေးတစ်ယောက်ဆီကနေ သကြားလုံးတောင်းဖို့ ခပ်ရှိန်ရှိန် ဖြစ်နေပုံပင်။
"ရတာပေါ့။ စုစုပေါင်း ပုလဲ ဘယ်နှစ်စေ့ ရှိလဲ"
တကယ်တော့ လင်းစုယွီက သူမရဲ့ စိတ်စွမ်းအား နဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲဒီဖန်ပုလင်းထဲမှာ ပုလဲ ၁၂ စေ့ ရှိတယ်ဆိုတာ အတိအကျ သိနေပြီးသားပါ။
"ပုလဲ ၁၂ စေ့ ရှိပါတယ်။ မူလကတော့ လက်ပတ်လုပ်ဖို့ စုထားတာ၊ အပေါက်ဖောက်ပြီး ပုတီးကုံးလို သီမလို့လေ။ ညီမက တကယ်ပဲ... တကယ်ပဲ သကြားလုံး ၁၂ လုံး ပေးမှာလားဟင်"
လင်းစုယွီက သူမအိတ်ထဲကနေ အသီးအရသာ သကြားလုံးအမာလေးတွေကို တစ်ဆုပ်စာ နှိုက်ယူလိုက်ပြီး အဲဒီမိန်းကလေးအတွက် ၁၂ လုံး တိတိ ရေတွက်ပေးလိုက်ပါသည်။
မိန်းကလေးက သကြားလုံးတစ်လုံးကို အဲဒီမှာတင် ခွါပြီး ပါးစပ်ထဲ ထည့်လိုက်တဲ့အခါ ချိုမြိန်တဲ့ အရသာက လျှာပေါ်မှာ ပျံ့နှံ့သွားပြီး ကျေနပ်တဲ့ အပြုံးလေးကို ပြလိုက်သည်။ ဘေးနားက ကလေးတွေအားလုံးကတော့ အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြတာပေါ့။
သူတို့ရဲ့ ပုလဲတွေ၊ ခရုခွံတွေနဲ့ သကြားလုံးကို လဲပေးမယ့် 'လူအ' တစ်ယောက် တကယ်ရှိနေတာပဲလို့ သူတို့ တွေးနေကြသည်။
ဒါကို မြင်သွားတဲ့အခါ ကျန်တဲ့သူတွေကလည်း လင်းစုယွီနဲ့ လျန်ဟွေ့ဆီ ဝိုင်းအုံလာပြီး သူတို့ရဲ့ ပစ္စည်းတွေကို အလုအယက် ထုတ်ပြကြတော့သည်။
လင်းစုယွီက အချိန်မဆွဲဘဲ တစ်ယောက်ချင်းစီကို သကြားလုံးနဲ့ လဲပေးလိုက်သည်။ လျန်ဟွေ့လည်း ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံရှိတဲ့ ခရုခွံတွေ အများကြီး ရလိုက်ပါသည်။
အားလုံးပြီးသွားတော့ လင်းစုယွီက လျန်ဟွေ့ကို ဆွဲပြီး တပ်မဟာမှူးရဲ့ ခြံဝင်းထဲကို လျှောက်ကြည့်ဖို့ ခေါ်သွားသည်။
ခုနက ပုလဲတွေကို စိတ်စွမ်းအားနဲ့ စစ်ဆေးနေတုန်းက တပ်မဟာမှူးရဲ့ ခြံထဲမှာ မြေမြှုပ်ထားတဲ့ အရာတစ်ခုကို သူမ တွေ့ခဲ့လို့ အခု သေသေချာချာ ပြန်လေ့လာနေတာပါ။
နံရံထောင့်မှာ မြှုပ်ထားတဲ့ သေတ္တာထဲမှာ ရွှေတုံးတွေနဲ့ ရှေးဟောင်းပေစာလိပ်တွေ ရှိနေသည်။ တပ်မဟာမှူး မိသားစုက ဒီလောက်တောင် ချမ်းသာတာလားလို့ သူမ တွေးမိသွားသည်။
လင်းစုယွီက အနည်းငယ် စပ်စုချင်စိတ် ဖြစ်သွားပေမဲ့ သူမရဲ့ နေရာလွတ် ထဲမှာလည်း ရွှေတုံးရွှေခဲတွေ ရှိနေတာမို့ သူများပစ္စည်းကိုတော့ လောဘမတက်တော့ပါဘူး။
နောက်ပြီး သူတို့က သူမအပေါ် ဘာမှ စော်ကားထားတာလည်း မရှိဘူးလေ။ ဒါကြောင့် လင်းစုယွီက သူမရဲ့ စပ်စုချင်စိတ်ကို ချက်ချင်းပဲ ဖျောက်လိုက်သည်။
မွန်းလွဲပိုင်းမှာတော့ လျန်ဟွေ့နဲ့ လင်းစုယွီတို့ လိုချင်တာတွေ လဲလှယ်လို့ ပြီးသွားပြီဖြစ်တဲ့အတွက် တတိယအစ်ကိုကလည်း တပ်မဟာမှူးနဲ့ ပင်လယ်စာအခြောက် အမျိုးအစားနဲ့ အရေအတွက်တွေအကြောင်း ပြောဆိုဆွေးနွေးတော့သည်။
နေ့လယ်စာ စားပြီးကတည်းက သူတို့ တိုင်ပင်ထားသည့်အတိုင်း တတိယအစ်ကိုက အကုန်လုံးကို အရင်သိမ်းယူသွားပြီးမှ မြို့ကိုရောက်ရင် ပြန်ခွဲဝေပေးမှာ ဖြစ်သည်။
နာရီအနည်းငယ်ကြာအောင် အလုပ်လုပ်ပြီး နွားလှည်းပေါ်မှာ ပင်လယ်စာတွေ ပြည့်သွားသည့်အခါမှာတော့ သူတို့အဖွဲ့ဟာ မြို့ကို ပျော်ပျော်ပါးပါး ပြန်လာခဲ့ကြသည်။ ဒီပင်လယ်ကမ်းခြေ ခရီးစဉ်လေးကို လူတိုင်း ကျေနပ်နေကြတာပေါ့။
လင်းစုယွီ အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်နီးနားချင်း အဒေါ်ကြီးတွေဆီကနေ ဝမ်ရွှန်ဖနဲ့ ပတ်သက်တဲ့ ထိတ်လန့်စရာ သတင်းကို ကြားလိုက်ရသည်။ အဲဒါက တကယ့်ကို အံ့ဩစရာပါပဲ။
ဟိုတစ်ခါက သူမကို ခြောက်လှန့်ခဲ့တဲ့အတွက် ဘယ်လိုကလဲ့စားချေရမလဲလို့တောင် မတွေးရသေးခင်မှာပဲ ဝမ်ရွန်ဖကတော့ သူကိုယ်တိုင် ကံဆိုးမိုးမှောင်ကျနေပြီ ဖြစ်ပါသည်။
ဖြစ်ပုံကတော့ ဝေဟုန်ရင်းက လူအဝင်အထွက်များတဲ့ လမ်းကြားထိပ်မှာပဲ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်တာပါ။ ဒါကြောင့် ဝေဟုန်ရင်း ထွက်သွားတာနဲ့ တစ်ပြိုင်နက် အိမ်နီးနားချင်း အဒေါ်ကြီးတွေက ချက်ချင်း သိသွားကြသည်။
ဒီလောက် စိတ်လှုပ်ရှားစရာကောင်းပြီး ကျင်းဟွာရဲ့ သားနဲ့လည်း ပတ်သက်နေတဲ့ကိစ္စကို သူတို့တွေက ဘယ်လိုလုပ် အငြိမ်နေပါ့မလဲ။ တစ်ညအတွင်းမှာပဲ ဝမ်ရွှန်ဖ စေ့စပ်ထားတာ ပျက်သွားတဲ့သတင်းက တစ်လမ်းလုံး ပျံ့သွားတော့သည်။
ဝမ်ရွှန်ဖက မနက်ပိုင်း အလုပ်မသွားပါ။ ကျင်းဟွာက အစပိုင်းမှာ သနားသလိုလို ပြောနေသေးပေမဲ့ မွန်းလွဲပိုင်းမှာတော့ သူများတွေ အတင်းပြောနေတာကို ကြားပြီး ဒေါသတွေ ထွက်လာပါတော့သည်။ အိမ်ပြန်လာတဲ့အခါမှာလည်း အိပ်ရာပေါ်မှာ ရွှံ့နွံတုံးကြီးလို ခွေနေတဲ့ သားကြီးကိုမြင်ပြီး ပိုလို့တောင် စိတ်တိုသွားရသည်။
သူမရဲ့သားဟာ အသုံးမကျတဲ့သူ မဟုတ်ကြောင်း၊ အပယ်ခံမဟုတ်ကြောင်းနဲ့ ဒီလောက် ကိစ္စလေးနဲ့ ပြိုလဲမသွားဘူးဆိုတာကို သက်သေပြချင်တဲ့အတွက် ကျင်းဟွာက ဝမ်ရွှန်ဖကို အလုပ်သွားဖို့ အိမ်ထဲကနေ ကန်ထုတ်လိုက်သည်။
ဝမ်ရွှန်ဖသည် ပထမဆုံး စေ့စပ်ထားတာ ပျက်တဲ့ဒဏ်ကို ခံစားရသည်။ အဲဒီနောက် သူ့ကို နားမလည်ဘဲ ကန်ထုတ်တဲ့ မိခင်ဖြစ်သူရဲ့ ဒဏ်ကို ထပ်ခံရပြန်သည်။ ပြီးတော့ အိမ်နီးနားချင်းတွေရဲ့ ကဲ့ရဲ့သံတွေကိုလည်း ကြားနေရသည်။
ဒီလို စိတ်ဖိစီးမှုတွေ အကုန်စုပြုံလာပြီးနောက် လင်းစုယွီရဲ့ စိတ်စွမ်းအား လှုံ့ဆော်မှု နောက်ဆက်တွဲဒဏ်ကြောင့် သူ့စိတ်တွေဟာ ချက်ချင်းပဲ ပေါက်ကွဲထွက်သွားပါတော့သည်။
ရူးသွပ်နေတဲ့ မျက်နှာပေးနဲ့ သူဟာ ဝေဟုန်ရင်းရဲ့ အလုပ်ခွင်ဆီ အပြေးအလွှား သွားပြီးတော့ ဆဲဆိုကြိမ်းမောင်းတော့သည်။ ဝေဟုန်ရင်းကလည်း အလျှော့ပေးမည့်သူ မဟုတ်ပါ။ သူမက ဆဲဆိုတာမျိုး မလုပ်ပေမဲ့ ဝမ်မိသားစု တစ်စုလုံးကို လှောင်ပြောင် သရော်လိုက်သည်။
ဝမ်ရွှန်ဖက ပိုပြီး ဒေါသထွက်သွားပြီး သူ့ရဲ့ နောက်ဆုံးကျန်နေတဲ့ အသိစိတ်လေးပါ ပျောက်ဆုံးသွားပါတော့သည်။ သူဟာ ဝေဟုန်ရင်းရဲ့ စက်ရုံထဲက ပစ္စည်းတွေကို စတင်ရိုက်ခွဲပါတော့သည်။ ဝေဟုန်ရင်းက စက်မှုလုပ်သား တစ်ယောက်ဖြစ်ပြီး သူမရဲ့ အလုပ်ခွင်ကလည်း စက်ကိရိယာတွေနဲ့ ပြည့်နေတာဖြစ်သည်။
အလုပ်ရုံတာဝန်ခံက ဝမ်ရွှန်ဖကို ချက်ချင်း ဖမ်းဆီးခိုင်းလိုက်ပြီး စက်ပစ္စည်းတွေကို စစ်ဆေးခိုင်းလိုက်သည်။ ဝမ်ရွှန်ဖ ရိုက်ခွဲလိုက်တဲ့ထဲမှာ ယွမ်သောင်းနဲ့ချီ တန်ဖိုးရှိတဲ့ စက်တစ်လုံးလည်း ပါသွားပြီး အဲဒါကို ပြန်ပြင်ဖို့ဆိုရင် ငွေတွေ အများကြီး ကုန်ကျမှာ ဖြစ်သည်။
တစ်ကယ့်ကို တိုက်ဆိုင်သွားတာပါပဲ။ ဝမ်ရွှန်ဖဟာ နိုင်ငံတော်ပိုင်ပစ္စည်းကို တမင်ဖျက်ဆီးခဲ့ပြီး စက်ရုံရဲ့ ထုတ်လုပ်မှုကိုလည်း နှောင့်နှေးစေခဲ့သည်။ လျော်ကြေးတောင်းတဲ့အခါ သူဟာ ဒေဝါလီခံရသည်အထိ ပေးရမှာဖြစ်ပြီး အဲဒီလိုပေးတာတောင် လောက်ငချင်မှ လောက်မှာပါ။
အလုပ်ရုံတာဝန်ခံက ဒီလောက်ကြီးမားတဲ့ တာဝန်ကို မထမ်းနိုင်တာကြောင့် စက်ရုံမှူးဆီကို အမြန်ဆုံး အစီရင်ခံလိုက်သည်။ စက်ရုံမှူးကလည်း ရဲကို ချက်ချင်း ဖုန်းဆက်လိုက်သလို၊ ဝေဟုန်ရင်းကိုလည်း အလုပ်ကနေ ခေတ္တရပ်နားပြီး အရေးယူဖို့အတွက် အိမ်မှာ စောင့်နေဖို့ ပြောလိုက်တော့သည်။
ဝေဟုန်ရင်းကတော့ သူမရဲ့ အလုပ်ပြုတ်တော့မယ်ဆိုတာကို သိသွားပုံရသည်။ ဒေါသထွက်ထွက်နဲ့ပဲ သူမဟာ ဝေမိသားစုကို ဦးဆောင်ပြီး ဝမ်မိသားစုဆီ တိုက်ရိုက်သွားရောက် ရင်ဆိုင်တော့သည်။
သူတို့ဘက်က စေ့စပ်တာဖျက်ဖို့အတွက် လျော်ကြေးလည်း ပေးခဲ့ပြီးသား၊ ဝမ်မိသားစုကလည်း အဲဒါကို လက်ခံခဲ့ပြီးသားဖြစ်လို့ ဝမ်ရွှန်ဖအနေနဲ့ သူမနောက်ကို ထပ်ပြီး လိုက်မနှောင့်ယှက်သင့်တော့ဘူးလေ။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း