အခန်း ၂၄
Vol. 3 Ch. 24
အပိုင်း ၂၄ - ဝမ်မိသားစု၏ ကံကြမ္မာ
ဝမ်မိသားစုကတော့ တစ်ရပ်ကွက်လုံးမှာ နာမည်ကြီးသွားခဲ့ပါပြီ။
ကျင်းဟွာက ပုံမှန်အားဖြင့်လည်း နှုတ်ဆက်စကားပြောတာထက် ရန်စကားပြောတာ ပိုများလေတော့ တစ်လမ်းလုံးက အိမ်နီးချင်းတွေကလည်း ဝမ်မိသားစုရဲ့ ကံဆိုးမိုးမှောင်ကျမှုကို လက်ဖက်ရည်ကြမ်းလေးသောက်ရင်း ကြည့်နေကြတာပေါ့။
ရပ်ကွက်ထဲက အဒေါ်ကြီးတွေရဲ့ အတင်းအဖျင်းစကားတွေကို နားထောင်ပြီးနောက် လင်းစုယွီတောင် နည်းနည်း စိတ်ပျော့သွားမိသည်။
ဝမ်ရွှန်ဖရဲ့ ဦးနှောက်မပါတဲ့ လုပ်ရပ်ကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းတွေ ပျက်စီးသွားရတာကို လျော်ကြေးပေးဖို့က ကိစ္စအသေးအမွှားပါ။ ဒါပေမဲ့ သူ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လည်း ချမှတ်ခံရမလားဆိုတာကတော့ သူမလည်း မသိနိုင်ဘူးလေ။
သူမ လက်စားချေသင့်သေးရဲ့လား? "လဲနေတဲ့လူကို ထပ်နင်းသလို" ဖြစ်နေမလား?
ဝမ်မိသားစု လျော်ကြေးမပေးနိုင်အောင် သူတို့ဆီက ငွေတွေကို ခိုးယူလိုက်ရင် ပိုပြီး ကြီးလေးတဲ့ ပြစ်မှုဖြစ်သွားမလား။
ဒါပေမဲ့ "အကြောင်းရှိလို့ အကျိုးဖြစ်တာပဲလေ၊ ငါကတော့ ဝမ်မိသားစုရဲ့ ဝဋ်ကြွေးကို ပြန်တောင်းတဲ့လူပဲ" လို့ သူမ တွေးလိုက်သည်။
နောက်ဆုံးမှာတော့ လင်းစုယွီက သူမရဲ့ မူဝါဒအတိုင်းပဲ ဆုံးဖြတ်လိုက်သည်။
မိန်းမပျိုလေးတစ်ယောက် ဆိုတာ အငြိုးရှိရင် လက်စားချေရမယ်၊ ကျေးဇူးရှိရင် ပြန်ဆပ်ရမယ်။ ဝမ်မိသားစုကတော့ ကံဆိုးနေမှတော့ သူမအတွက် နစ်နာကြေးအဖြစ် တစ်ခုခုယူတာကို သူတို့ အပြစ်တင်လို့ မရတော့ဘူးလေ။
ဝမ်ရွှန်ဖ ပြဿနာတက်နေပြီး ဝမ်မိသားစုကလည်း အိုးအိမ်မခွဲရသေးတာကြောင့် အကြီးအကဲတွေရော၊ မောင်နှမတွေပါ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမှုပေါ့အောင် လူကြီးတွေကို လိုက်တောင်းပန်ရတော့သည်။
မဟုတ်လျင် ဒီကိစ္စက တစ်မိသားစုလုံးရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်သည်။ ဒီလိုနဲ့ အိမ်မှာ ဘယ်သူမှ မရှိတုန်း လင်းစုယွီအတွက် အခွင့်အရေး ရသွားတော့တာပါပဲ။
သူမဟာ လှေကားနှစ်စင်းကို ဝမ်မိသားစုအိမ်ဘက်တံတိုင်းမှာ ခပ်သွက်သွက်ပဲ ထောင်လိုက်ပြီး ဖျတ်လတ်တဲ့ လှုပ်ရှားမှုတွေနဲ့ အထဲကို ခိုးဝင်သွားလိုက်သည်။
သူမရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ တစ်ချက်ဝေ့ကြည့်လိုက်ရုံနဲ့ ကျင်းဟွာရဲ့ ပိုက်ဆံတွေ ဝှက်ထားတဲ့နေရာကို ချက်ချင်း သိလိုက်သည်။ လင်းစုယွီဟာ ပိုက်ဆံတွေနဲ့ ပစ္စည်းဝယ်ခွင့်ကူပွန်တွေ ထည့်ထားတဲ့ လက်ကိုင်ပဝါထုပ်ကို သူမရဲ့နေရာလွတ်ထဲ ထည့်လိုက်ပြီး ဝင်လာတဲ့အတိုင်းပဲ ငြိမ်ငြိမ်သက်သက် ပြန်ထွက်လာခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးက သုံးမိနစ်တောင် မကြာလိုက်ပေ။ လင်းစုယွီက ခြေရာလက်ရာဖျောက်ပြီး ဈေးကို ဟင်းသီးဟင်းရွက်သွားဝယ်ဖို့ အေးအေးဆေးဆေးပဲ ထွက်လာခဲ့တော့သည်။
တစ်ဖက်မှာလည်း ဝမ်မိသားစုဝင်တွေဟာ စက်ရုံမှူးဆီကိုသွားပြီး ဝမ်ရွှန်ဖကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်မချဖို့ လူကြီးလူငယ်မရွေး အသနားခံနေကြသည်။ စက်ရုံမှူးကတော့ အခွင့်အရေးကို ကြည့်ပြီး စက်ပြင်ခအားလုံးကို အပြည့်အဝပေးနိုင်လျင်တော့ စက်ရုံဘက်က ကျေအေးပေးဖို့ စဉ်းစားပေးမည် ဟုပြောလိုက်သည်။
ကျေအေးပေးမယ်တဲ့လား။ ကျင်းဟွာကတော့ အားတက်သွားပြီး ယောက္ခမတွေနဲ့ ခဲအိုတွေကို ပိုက်ဆံဝိုင်းထည့်ပေးဖို့ ချက်ချင်းပဲ အပူကပ်တော့သည်။
"အဖေ၊ အမေ... ရွှန်ဖကို ကယ်ပါဦး! အမှုကျေအေးစာရရင် ရွှန်ဖ ထောင်ကျမှာ မဟုတ်တော့ဘူး။ သူက အဖေတို့ရဲ့ မြေးအရင်းခေါက်ခေါက်ကြီးလေ!"
"ညီမ... နင် နောက်နေတာလား။ အဲဒါ ငွေနှစ်ထောင်နဲ့ ခြောက်ရာတောင်လေ။ တို့မိသားစုမှာသာ အဲဒီလောက် ပိုက်ဆံရှိရင် ဒီလို အိမ်ကျဉ်းလေးထဲမှာ စုပြုံတိုးနေကြမလား" လို့ ကျင်းဟွာရဲ့ လင်ညီအစ်မကြီးက ယောက္ခမတွေ စကားမပြောရသေးခင်မှာပဲ ဒေါသတကြီး ကြားဖြတ်ပြောလိုက်ပါသည်။
"အစ်မကြီးရယ်... တို့မိသားစုမှာ အလုပ်လုပ်တဲ့သူတွေ အများကြီးပဲလေ။ အားလုံး စုကြည့်ကြရအောင်ပါ။ နည်းနည်းပါးပါး လိုရင်လည်း ကျွန်မ အိမ်ပြန်ပြီး ချေးငှားပေးပါ့မယ်" ဟု ကျင်းဟွာက ဆိုပြန်သည်။
"ဘာပြောတယ်! ညီမဟွမ်... နင့်တွက်ကိန်းက အတော်ကို ဆန်းတာပဲ။ ယောက္ခမတွေရဲ့ ပိုက်ဆံတင်မကဘူး၊ ငါတို့ အိမ်ထောင်စုတွေရဲ့ ချွေးနည်းစာကိုပါ နင်က မျက်စိကျနေတာလား" ဒုတိယအိမ်ထောင်မှ လင်ညီအစ်မဖြစ်သူကပါ ဘဝင်မကျဖြစ်ပြီး ကျင်းဟွာကို ဒေါသတကြီး ဇတ်ကနဲ အော်ငေါက်လိုက်ပါတော့သည်။
"အစ်မကြီးတို့ရယ်... ကလေးကိုတော့ ဒီအတိုင်း အသေခံရမှာလားး ဒီပိုက်ဆံကို ကျွန်မတို့ တတိယအိမ်ထောင်စုဆီက ချေးငွေလို့ပဲ သဘောထားပေးကြပါနော်။ တောင်းပန်ပါတယ်၊ ရွှန်ဖလေးကို ကယ်ပေးကြပါ" လို့ ကျင်းဟွာကတော့ အောက်ကျနောက်ကျခံပြီး ဆက်၍အသနားခံနေရှာသည်။
စက်ရုံမှူးကတော့ ကျင်းဟွာရဲ့ ဇာတ်လမ်းရှည်တွေကို နားမထောင်ချင်တော့ပါ။ စက်ရုံအတွက် နစ်နာကြေးပြန်ရဖို့သာ မဟုတ်ရင် ဒီလိုလူမျိုးတွေကို သူ လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။
"ကဲ... အိမ်ပြန်ပြီး ဆွေးနွေးကြစို့"
စက်ရုံမှူးပြန်သွားတော့ သူတို့လည်း ဆက်နေဖို့ အကြောင်းမရှိတော့ပါ။
"သားထွေး... မင်းမိန်းမကို ပြန်ခေါ်သွားစမ်း။ ဒီမှာ အရှက်လာမခွဲနဲ့တော့" ဝမ်အဘိုးကြီးက မျက်နှာပျက်ပျက်နဲ့ ပြောပြီး အိမ်ကို ပြန်လာခဲ့ကြသည်။ ဝမ်မိသားစုအတွက်တော့ ဒီလိုမျိုး နိမိတ်မကောင်းတဲ့ ချွေးမကို ရထားတာဟာ တကယ့်ကို ကံဆိုးမှုပင်။
ဝမ်မိသားစု၏ ချွေးမကြီးက ဒုတိယချွေးမကို လက်ဝါးပေါ်မှာ "ခွဲ" (အိမ်ထောင်ခွဲမယ်) ဆိုတဲ့ စာလုံးလေးကို ရေးပြလိုက်သည်။ ဒုတိယချွေးမကလည်း ချက်ချင်း ခေါင်းငြိမ့်ထောက်ခံလိုက်သည်။ သူတို့နှစ်ယောက်ဟာ သဘောတူညီမှုရပြီးတာနဲ့ ကိုယ့်ယောကျ်ားတွေဆီကို သွားပြီး တိုင်ပင်ကြတော့သည်။
အိမ်ကိုလည်း ပြန်ရောက်ရော၊ ဘယ်သူမှ ထိုင်ပင်မထိုင်ရသေးခင်မှာပဲ ကျင်းဟွာက သူမရဲ့ ယောကျ်ားနဲ့ ကလေးတွေကို ဆွဲပြီး လူကြီးတွေရှေ့မှာ ဒူးထောက်ခိုင်းလိုက်ပြန်သည်။
"အဖေ၊ အမေ... ရွှန်ဖကို ကယ်ပေးပါဦး!"
"သားကြီး၊ သားလတ်... မင်းတို့ကော ဘယ်လိုထင်သလဲ" ဝမ်အဘိုးကြီးက ကျင်းဟွာတို့ လင်မယားကို လျစ်လျူရှုပြီး မေးလိုက်သည်။
အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ သူဟာ တစ်မိသားစုလုံးရဲ့ အကျိုးစီးပွားကို အရင်ကြည့်ရမှာဖြစ်သည်။
"အဖေ... ရွှန်ဖကိစ္စက သိပ်ကြီးလွန်းတယ်။ ကျွန်တော်တို့ဆီမှာ ငွေနှစ်ထောင်ကျော် ဘယ်ကရှိမှာလဲ။ ကျွန်တော့်သား ရွှန်လင်လည်း အခု မိန်းမပေးစားဖို့ ပြင်နေရတာ အဖေသိသားပဲ" သားကြီးဖြစ်သူက ခပ်နွမ်းနွမ်းလေး ပြောလိုက်သည်။
"အမေလည်း မင်းကို ပြောပြီးသားပဲ။ ငါတို့အိမ်မှာ စုစုပေါင်း ခြောက်ရာကျော်ပဲ ရှိတယ်။ သားထွေး... အိမ်က ပိုက်ဆံအကုန် မင်းတို့ကို ပေးလိုက်ရင်တောင် ကျန်တဲ့ နှစ်ထောင်ကို ဘယ်ကရှာမလဲ" ဝမ်အဘွားကြီးက ပွင့်ပွင့်လင်းလင်းပဲ ပြောချလိုက်ပါတော့သည်။
အခြေအနေအရပ်ရပ်ကတော့ 'မကယ်ချင်တာ မဟုတ်ဘူး၊ မကယ်နိုင်တာ'ဆိုတဲ့ သဘောကိုပဲ ညွှန်ပြနေသည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း