← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အပိုင်း ၂၅ - မိခင်အရင်းက လိုက်ရှာနေတာလား?

"မဖြစ်နိုင်တာ! ငါတို့ ဝမ်မိသားစုမှာ အလုပ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့သူ ဆယ်ယောက်ကျော်ရှိတာလေ၊ လတိုင်းလည်း လစာရဲ့တစ်ဝက်ကို အိမ်အပ်ကြတာပဲ။ အိမ်မှာ စုစုပေါင်းမှ ယွမ်ခြောက်ရာကျော်ပဲ ရှိတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အိမ်မှာ ပိုက်ဆံမရှိတော့ဘူးဆိုတာကို ကျင်းဟွာတစ်ယောက် လုံးဝမယုံကြည်နိုင် ဖြစ်နေသည်။

ဝမ်မိသားစုဝင် ဆယ်ယောက်ကျော်မှာ အလုပ်အကိုင် အတည်တကျရှိကြပြီး တစ်ယောက်ကို တစ်လ ၁၀ ယွမ်နှုန်း အပ်ရင်တောင် တစ်လကို ယွမ်တစ်ရာကျော်ရသည်။ တကယ်တမ်းဆိုလျှင် ထိုပမာဏထက်ပင် ပိုသေးသည်။

"တတိယချွေးမ... နင်က မိသားစုဝင်ငွေကိုပဲ တွက်နေပြီး ထွက်ငွေကို ထည့်မတွက်ဘူးပဲ။ ဒီအိမ်က ယောက်ျားလေးတွေ မိန်းမယူရင် တစ်ယောက်ကို ယွမ်နှစ်ရာနှုန်း သတ်မှတ်ထားတာ၊ အဲဒါတွေကို နင်နှုတ်ပြီးပြီလား"

"အိမ်မှာ လူဦးရေကလည်း များတော့ လစဉ်ရတဲ့ ရိက္ခာက မလောက်ဘူးလေ။ လတိုင်း အပြင်ကနေ ဈေးကြီးပေးပြီး ဆန်တွေ ဆီတွေ ဝယ်နေရတာကော နင်တွက်မိရဲ့လား"

"ကလေးတွေကလည်း အများကြီး၊ သူတို့ကျောင်းလခတွေကလည်း နည်းတာမဟုတ်ဘူးဆိုတာ နင်လည်း သိတာပဲ! အိမ်မှာ ပိုက်ဆံသုံးရတဲ့နေရာတွေက အများကြီးမို့လို့ လတိုင်း အများကြီးမစုမိတာပါ။ နင်မယုံရင် ငါ စာရင်းအသေးစိတ် တွက်ပြလို့ရတယ်"

အဘွားအိုစကားဆုံးသည်နှင့် ပထမသားနှင့် ဒုတိယသား မိသားစုက လူများကလည်း ဝိုင်းပြောကြတော့သည်။

"မရီး... ရွန်ဖက မရီးရဲ့ တစ်ဦးတည်းသောသားမှ မဟုတ်တာ။ ရွှန်ချိုင့်နဲ့ ရွှန်တ တို့အတွက်လည်း ထည့်စဉ်းစားပေးဦးမှပေါ့! ရွှန်ချိုင့်ကလည်း အိမ်ထောင်ပြုမယ့်အရွယ် ရောက်နေပြီ၊ ရွှန်တကလည်း နောက်နှစ်လဆို အလယ်တန်းတက်ရတော့မယ်။ ဒါတွေအကုန်လုံးက ပိုက်ဆံကုန်ဖို့ချည်းပဲလေ"

သူမ ဘယ်လောက်ပဲ ခါးခါးသီးသီး အသနားခံနေပါစေ အချည်းနှီးပဲဆိုတာ ကျင်းဟွာ သိလိုက်သည်။ ဝမ်မိသားစုက ပိုက်ဆံထုတ်ပေးမှာ မဟုတ်သလို သူမ၏ မျက်ရည်များကြောင့်လည်း သနားကြင်နာပေးမည် မဟုတ်ပေ။

သို့သော် ကျင်းဟွာသည် သူမသား အလုပ်ကြမ်းစခန်း ပို့ခံရမှာကိုတော့ ကြည့်မနေနိုင်ပါ။ ထို့ကြောင့် သားဖြစ်သူအတွက် သူမ ရူးသွပ်မတတ် သောင်းကျန်းတော့သည်။ ဘာပဲဖြစ်ဖြစ် သားဖြစ်သူအတွက် လွတ်လမ်းတစ်ခုကိုတော့ သူမ တိုက်ယူရပေမည်။

အဆုံးတွင်တော့ ဝမ်မိသားစု၏ ပထမနှင့် ဒုတိယသားတို့၏ မိသားစုများက အိမ်ခွဲကြရန် အတူတကွ တောင်းဆိုလာကြသည်။ အဘိုးအို ဝမ်အနေဖြင့်လည်း နောင်လာနောက်သားများ၏ အနာဂတ်ကို ထည့်တွက်ကာ တတိယသားမိသားစု၏ အမှားကြောင့် အခြားမြေးများ၏ အနာဂတ် အဖျက်ဆီးမခံနိုင်သလို၊ ဤကိစ္စကြောင့် တတိယသားမိသားစုက သူတို့ကို ရန်ငြိုးဖွဲ့သွားမှာကိုလည်း မလိုလားပေ။

ထို့ကြောင့် အဘိုးအိုဝမ်က အိမ်ခွဲရန် သဘောတူလိုက်သည်။ သို့သော်ပိုင်ဆိုင်မှုအရ တတိယအိမ်ခွဲကို နှစ်စုပေးကာ ကျန်နှစ်စုကို ပထမနှင့် ဒုတိယအိမ်ခွဲများအား ခွဲဝေပေးလိုက်သည်။

ကျင်းဟွာမှာ လက်ကို အတင်းဖိနှိပ်ကာ အိမ်ခွဲခြင်းသဘောတူညီချက်တွင် လက်မှတ်ထိုးခိုင်းခြင်း ခံလိုက်ရသည်။ အဆုံး၌ သူမသည် ဝမ်မိသားစု၏ ပထမနှင့် ဒုတိယအိမ်ခွဲများအပေါ် ရန်ငြိုးကြီးစွာ ထားရှိသွားလေတော့သည်။

ဝင်းထဲက အိမ်နီးနားချင်းများမှာမူ ထမင်းပန်းကန်များကိုယ်စီကိုင်ကာ ထိုင်ပြီး ပွဲကြည့်နေကြသည်။ ပွဲပြီးသွားသောအခါ ဝမ်မိသားစုလည်း နောက်ဆုံးတော့ အိမ်ခွဲသွားကြပြီဟု သက်ပြင်းချရင်းသာ ကျန်ရစ်ခဲ့ကြသည်။

လင်းစုယွီသည် ကျင်းဟွာမိသားစုကို လက်စားချေပြီးနောက် ဝမ်မိသားစု၏ ကိစ္စများကို စိတ်မဝင်စားတော့ပေ။ အကြောင်းမှာ ယခုအခါ သူမတွင် ရင်ဆိုင်ရမည့် ပို၍အရေးကြီးသော ကိစ္စရပ်များ ပေါ်လာ သောကြောင့်ဖြစ်သည်။

ကမ်းခြေမှာ ရေထွက်ပစ္စည်းများ သွားရောက်ရှာဖွေပြီး နှစ်ရက်အကြာတွင် ရပ်ကွက်ရုံးမှ လူများက လင်းစုယွီကို လာရောက်ရှာဖွေကြသည်။ သူမ၏ မိခင်ရင်းက လာရောက်ရှာဖွေနေကြောင်းနှင့် နောက်တစ်နေ့မနက်တွင် မိသားစုအဖြစ် အသိအမှတ်ပြုရန်အတွက် ရပ်ကွက်ရုံးသို့ လာရောက်ပေးရန် ပြောကြားခဲ့သည်။

ထိုကဲ့သို့ တုန်လှုပ်ဖွယ်သတင်းကို ကြားလိုက်ရချိန်တွင် လင်းစုယွီသည် သူမ၏နေရာလွတ် ထဲရှိ စားစရာများကို ကြည့်ရင်း လုံးဝအစာစားချင်စိတ် မရှိတော့ပေ။ ရုတ်တရက်ကြီး မိခင်ရင်းဆိုသူ ပေါ်လာပြီး သူမကို လာတောင်းဆိုနေခြင်းမှာ ဘယ်လိုကြည့်ကြည့် သံသယဖြစ်စရာ ကောင်းလှသည်။

သူမသည် ဝတ္ထုထဲက ဇာတ်ကွက်ကို ရှင်းရှင်းလင်းလင်း ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယခုဘဝတွင် သူမသည် သခင်ကြီးလင်းကို အိမ်ထောင်စုစာရင်း ပြောင်းခိုင်းထားပြီး အိမ်တစ်လုံးပင် ပိုင်ဆိုင်ထားပြီဖြစ်သည်။

သူမသည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကာ ကောင်းမွန်စွာ နေထိုင်နေပါလျက်နှင့် ဝတ္ထုထဲက ထိုမိခင်ဆိုသူက ဘာကြောင့် သူမအကြောင်းကို သိနေရသေးတာလဲ။

ရပ်ကွက်ရုံးကလည်း သူမကိုယ်တိုင် ရပ်တည်နိုင်ကြောင်း အတည်ပြုပြီးသားမို့ ထိုအမျိုးသမီးကို ပြန်ရှာမှာ မဟုတ်တာ သေချာသည်။

သို့သော်လည်း သူမအကြောင်းကို ထိုအမျိုးသမီးက သိသွားသေးသည်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ။

လင်းစုယွီသည် တစ်ညလုံးနီးပါး စဉ်းစားသော်လည်း အကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင်တော့ ဆက်မစဉ်းစားတော့ဘဲ မနက်ဖြန်ကျမှ အခြေအနေကြည့်ပြီး ရှင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

မူရင်းဝတ္ထုထဲက မိခင်ရင်းဆိုသူမှာ တကယ့်ကို လက်ပေါက်ကပ်သူတစ်ယောက်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမကို ထိန်းချုပ်မည့် ဒုက္ခပေးမည့် ဆွေမျိုးများနှင့် မပတ်သက်ချင်ပါ။

ထို့ကြောင့် မိသားစုအဖြစ် အသိအမှတ်ပြုဖို့ဆိုသည်မှာ မဖြစ်နိုင်သောကိစ္စဖြစ်ပြီး ယခုဘဝတွင် သူမသည် တစ်ယောက်တည်း အေးအေးဆေးဆေးသာ နေလိုတော့သည်။

သတ်မှတ်ထားသည့် အချိန်တွင် လင်းစုယွီသည် ရပ်ကွက်ရုံးသို့ အချိန်တိကျစွာ ရောက်ရှိလာခဲ့သည်။ သူမကို ကြိုဆိုသူမှာ သူမ၏ အိမ်ထောင်စုစာရင်းကို ကိုင်တွယ်ပေးခဲ့သည့် အရာရှိပင် ဖြစ်သည်။

"မင်္ဂလာပါ အရာရှိ လျို ကျွန်မရဲ့ မိခင်ရင်းလို့ ပြောတဲ့သူ တစ်ယောက်က ကျွန်မကို တွေ့ချင်နေတယ်လို့ ကြားလို့ပါ?"

တွေ့ဆုံရမည့် ဒုက္ခပေးမည့် ဆွေမျိုးနှင့် ပတ်သက်ပြီး လင်းစုယွီသည် စိတ်ရှည်နိုင်စွမ်း မရှိလှပေ။ သူမသည် အရာရှိလျိုကို လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

"ရဲဘော်စုယွီ ရောက်လာပြီပဲ။ အဲဒီကိစ္စက တကယ်ရှိပါတယ်။ သူ အခု ဧည့်ခန်းထဲမှာ စောင့်နေတယ်၊ ခဏနေရင် ကျွန်မ လိုက်ပို့ပေးပါ့မယ်။ စိတ်မပူပါနဲ့၊ ကျွန်မတို့ ရပ်ကွက်ရုံးက ရဲဘော်အတွက် အဆင်ပြေအောင် ကြည့်ပေးမှာပါ"

အရာရှိလျိုသည် လင်းစုယွီကို အထင်ကြီးလေးစားသူဖြစ်၍ သူမကို နှစ်သိမ့်စကားအချို့ ပြောကြားခဲ့သည်။ လင်းစုယွီ၏ သဘောထားမှာ အလွန်အမင်း ဆန့်ကျင်နေခြင်းမျိုး မရှိသည်ကို အတည်ပြုပြီးမှသာ သူမကို ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

"အရာရှိလျို... အဲဒီလူက တကယ်ပဲ ကျွန်မရဲ့ အမေအရင်း ဟုတ်လို့လား။ ကျွန်မရဲ့ အိမ်ထောင်စုစာရင်းထဲမှာတော့ မိဘနှစ်ပါးစလုံး ကွယ်လွန်ပြီးပြီလို့ပဲ ရှင်းရှင်းလင်းလင်း ရေးထားတာလေ"

အရာရှိလျိုက နောက်ပိုင်းတွင် ဝင်ရောက်ကူညီပေးရမည်ဖြစ်သောကြောင့် လင်းစုယွီသည် စာရွက်စာတမ်းနှင့် ထိုအမျိုးသမီး၏ ပြောကြားချက် မကိုက်ညီကြောင်းကို သွယ်ဝိုက်ပြီး သတိပေးလိုက်ခြင်းဖြစ်သည်။

"ခဏနေရင် အသေးစိတ် မေးကြည့်ကြတာပေါ့။ စုယွီ... တကယ်လို့ ရဲဘော်က သဘောမတူဘူးဆိုရင် ကျွန်မတို့ သူ့ကို ပေးမခေါ်သွားပါဘူး"

အရာရှိလျိုသည် လင်းစုယွီ၏ ဖိုင်ထဲက အချက်အလက်များကို ကောင်းကောင်းသိသည်။ သူမကိုယ်တိုင် ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရုတ်တရက်ကြီး ပေါ်လာပြီး မိခင်ဟု အခိုင်အမာဆိုနေသည့် ထိုအမျိုးသမီးကို သူမလည်း သံသယဖြစ်မိသည်။

အရာရှိလျို၏ ကတိကို ရရှိပြီးနောက် လင်းစုယွီ စိတ်အေးသွားသည်။ မကြာမီ သူတို့နှစ်ဦး ဧည့်ခန်းသို့ ရောက်ရှိသွားသည်။

"သမီး... သမီးက အမေ့ သမီး စုယွီလား။ အရမ်းကြီးလာပြီပဲ။ မေမေ သမီးကို သိပ်လွမ်းနေတာ!"

မျက်နှာထား နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးက လင်းစုယွီဆီသို့ ပြေးလာပြီး ဖက်ရန် ကြိုးစားသည်။ သို့သော် လင်းစုယွီက ရှက်တတ်သောကလေးတစ်ယောက်ကဲ့သို့ ဟန်ဆောင်ကာ အသာအယာရှောင်လိုက်ပြီး အရာရှိလျို၏ လက်မောင်းကို ဆွဲကာ ပုန်းနေလိုက်သည်။

ထိုအမျိုးသမီး၏ မျက်လုံးထဲတွင် ခဏမျှ ဖြတ်ပြေးသွားသော အထင်သေးရိပ်ကို မြင်လိုက်ရသဖြင့် လင်းစုယွီ စိတ်သက်သာရာ ရသွားသည်။ အခြားသူက စိတ်ရင်းမရှိမှန်း သေချာသွားပြီဖြစ်သောကြောင့် သူမအနေဖြင့် အားနာနေစရာ မလိုတော့ပေ။

ဝတ္ထုထဲတွင် ထိုမိခင်ဆိုသူက မူလကိုယ်အား ပထွေးဖြစ်သူ၏အိမ်သို့ ခေါ်သွားခြင်းခဲ့ပြီး အိမ်အလုပ်အားလုံးကို ခိုင်းခဲ့သည်ကို သူမ အထင်အရှား မှတ်မိနေသည်။

အရွယ်ရောက်သည်အထိ သည်းခံခဲ့ပြီးနောက် ထိုမိသားစုအတွက် အနစ်နာခံသိုးသူငယ် ဖြစ်လာခဲ့ရပြီး ပထွေး၏ ကလေးများကိုယ်စား ကျေးလက်နယ်ဘက်သို့ အလုပ်ဆင်းပေးရသည့် လူငယ်အဖြစ် စေလွှတ်ခံခဲ့ရသည်။

ဒီမိခင်ဆိုသူမှာလည်း မူလကိုယ်ကို တစ်ခါမျှ နွေးထွေးမှု မပေးခဲ့ဘဲ အစွမ်းကုန် အမြတ်ထုတ်ခဲ့သူသာ ဖြစ်သည်။ ထိုကဲ့သို့သော မိခင်မျိုး ရှိနေတာထက် မရှိတာကမှ ပိုကောင်းဦးမည်။

အရေးကြီးဆုံးမှာ လင်းစုယွီသည် အေးအေးဆေးဆေး နေလိုသူဖြစ်သည်။ သူမသည် အခြားသူ၏ စေတနာကို လက်ခံကာ အပြုံးဖြင့် တုံ့ပြန်နိုင်သော်လည်း မနာလိုမုန်းတီးမှုကိုမူတော့ လက်မခံနိုင်ပေ။ သူမအပေါ် ရန်လိုသူမှန်သမျှကို ရန်သူကဲ့သို့ပင် သတိကြီးစွာဖြင့် ဆက်ဆံမည်သာ ဖြစ်သည်။

"ရဲဘော်... အဲဒီလိုလုပ်ရင် စုယွီ ကြောက်သွားလိမ့်မယ်။ အရင်ဆုံး ပြန်ထိုင်ပါဦး။ ကျွန်မတို့ အချက်အလက်တွေကို အရင်စစ်ဆေးပြီး အတည်ပြုပါရစေဦး၊ ပြီးမှပဲ လွမ်းစရာတွေ ပြောကြတာပေါ့"

အလွန်ကောင်းသည်။ အရာရှိလျိုသည် စကားပြောဆိုပုံနှင့် အလုပ်ကိုင်ပုံ တကယ်ကို ကျွမ်းကျင်သူဖြစ်သည်။

ထိုအမျိုးသမီး၏ ငိုယိုနေမှုမှာ အလွန်ပင်ကြည့်ရဆိုးလှသည်။ မသိသူများအဖို့ သမီးဖြစ်သူကို တကယ်ချစ်သည်ဟု ထင်ရသော်လည်း အားလုံးက ဟန်ဆောင်မှုများသာ ဖြစ်သည်။

"ကောင်းပါပြီ၊ ကျွန်မ ထိုင်ပါ့မယ်။ စုယွီ... အမေက တကယ်ပဲ သမီးအမေအရင်းပါ။ အဲဒီတုန်းက အမေသမီးကို မွေးခဲ့တာ၊ ဒါပေမဲ့ နိုင်ငံစနစ်သစ် ထူထောင်ပြီးတဲ့နောက်မှာ ကိုယ်လုပ်တော်စနစ်ကို လက်ခံလို့မရတော့လို့ အမေ နောက်အိမ်ထောင်ပြုခဲ့ရတာ။ သမီးက လင်းမိသားစုရဲ့ သွေးသားဆိုတော့ သူတို့ဆီမှာပဲ ထားခဲ့ရတာပေါ့"

...ကြည့်ရတာ တစ်ဖက်လူက သူမရဲ့ အထောက်အထားကို လင်းမိသားစုက ပြောင်းလဲထားမှန်း မသိသေးပုံပဲ၊ သိရင် ဒီလိုပြောမှာ မဟုတ်ဘူး။

"ကိုယ်လုပ်တော်လား။ မေးပါရစေဦး၊ ရဲဘော်ပြောတဲ့ ကိုယ်လုပ်တော်ဆိုတာ နောက်အိမ်ထောင်မပြုခင်က အခြေအနေကို ပြောတာလား။ ပြီးတော့ ရဲဘော်ရဲ့သမီးက လင်းမိသားစုက သခင်ကြီး လင်းဟွာရှန်းရဲ့ သမီးဆိုတာ သေချာရဲ့လား"

အရာရှိလျိုသည် အလွန်စေ့စပ်သူဖြစ်ရာ မေးမြန်းရင်းနှင့် စကားပြောဆိုချက်များကို မှတ်တမ်းတင်နေသည်။

"သေချာတာပေါ့၊ စုယွီက သခင်ကြီးလင်း၊ လင်းဟွာရှန်းရဲ့ သမီးဆိုတာ ဘာမှသံသယဖြစ်စရာ မလိုပါဘူး"

လင်းစုယွီ၏ အထောက်အထားမှာ လင်းမိသားစု သခင်ကြီး၏ သမီး ဖြစ်နေမှသာ ဖြစ်မည်... မဟုတ်ရင်တော့...

"ဒါဆိုရင်တော့ ရဲဘော် မှားနေပြီထင်တယ်။ ရဲဘော်စုယွီက ရဲဘော်ရဲ့ သမီးအရင်း မဟုတ်ဘူး။ ရဲဘော်လင်းစုယွီရဲ့ အဖေ နာမည်က လင်းချောင်ရင်းဖြစ်ပြီး သူက လင်းမိသားစုရဲ့ စာရင်းကိုင် တစ်ယောက်ပါ"

"ဘယ်လိုဖြစ်နိုင်မှာလဲ။ လင်းစုယွီက ကျွန်မသမီး၊ ကျွန်မ ကိုးလလွယ် ဆယ်လဖွားခဲ့တဲ့ သမီးပါ"

အရာရှိလျိုက သူမပြောတာကို ငြင်းလိုက်သဖြင့် ထိုအမျိုးသမီးသည် ဒေါသတကြီး ထရပ်လိုက်ကာ အရာရှိလျိုကို စူးစိုက်ကြည့်လေတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters