အခန်း ၂၇
Vol. 3 Ch. 27
အပိုင်း ၂၇ - လန်ရှို့ယင်း၏ အကြံအစည်
"စုယွီ... ပြန်လာပြီလား။ လာ၊ အထဲဝင်ရအောင်။ အဒေါ် မေးစရာရှိလို့"
အဒေါ်ထောင် တစ်ယောက် ဘာကြောင့် ဒီလောက် စိုးရိမ်တကြီး ဖြစ်နေရသလဲဆိုတာ အံ့သြစရာတော့ မရှိပါ။ လန်ရှို့ယင်းကို လိုက်ပို့ပြီးနောက် အပြင်ထွက် လမ်းလျှောက်ရင်း လမ်းထိပ်ရှိ ကျန်းမိသားစုအိမ်မှ လန်ရှို့ယင်း ပြန်ထွက်လာသည်ကို သူမ မြင်လိုက်ရသောကြောင့် ဖြစ်သည်။
ကျန်းမိသားစုက အားလုံး အဆင်ပြေကြသော်လည်း အလုပ်မရှိဘဲ အတင်းအဖျင်းပြောရာတွင် နာမည်ကြီးသည့် အကြီးဆုံးချွေးမကြောင့်သာ နာမည်ပျက်နေခြင်းဖြစ်သည်။ ပို၍အရေးကြီးသည်မှာ လန်ရှို့ယင်းသည် ထိုအိမ်မှ ပြန်ထွက်လာချိန်တွင် မျက်နှာတစ်ခုလုံး ပြုံးပျော်နေခြင်းပင်။
ဤအခြေအနေကြောင့် အဒေါ်ထောင် ညစာပင် ကောင်းကောင်းမချက်နိုင်ဘဲ စိတ်ထဲ တနုံ့နုံ့ ဖြစ်နေရသည်။ နောက်ဆုံးတွင် သူမကိုယ်တိုင် ကျန်းမိသားစုအိမ်သို့ တစ်ခေါက်သွားကြည့်ပြီးမှ လန်ရှို့ယင်း ဘာကြောင့် ပြုံးနေရလဲဆိုသည်ကို သဘောပေါက်သွားတော့သည်။
"အဒေါ် ထောင်... တစ်ခုခုဖြစ်လို့လားဟင်။ ဘာပဲဖြစ်ဖြစ် စိတ်မပူပါနဲ့ဦး။ အရင်ထိုင်ပါဦး၊ သမီး ရေအေးတစ်ခွက် ခပ်ပေးပါ့မယ်"
အမြဲတမ်း တက်ကြွလန်းဆန်းနေတတ်သည့် အဒေါ်ထောင် ယခုလို ပျာပျာသလဲ ဖြစ်နေသည်ကို လင်းစုယွီ တစ်ခါမှ မမြင်ဖူးချေ။ ထို့ကြောင့် သူမကို အမြန်ထိုင်ခိုင်းပြီး သကာရည် အနည်းငယ်ပါသော ရေအေးတစ်ခွက်ကို ခပ်ပေးလိုက်သည်။
"အို... ဧည့်ဝတ်ပြုမနေပါနဲ့တော့။ လာ၊ သမီးလည်း ထိုင်ဦး။ အဒေါ် တကယ် စိတ်ပူနေလို့ပါ"
အဒေါ်ထောင်သည် ရေကို မသောက်ဘဲ ခွက်ကို စားပွဲပေါ်တင်ကာ လင်းစုယွီကို ဆွဲထိုင်ခိုင်းလိုက်သည်။ ထို့နောက် လန်ရှို့ယင်း သူမဆီသို့ လာရောက်သည်မှစ၍ အိမ်နီးနားချင်းများထံ လိုက်လံစပ်စုနေသည့် အကြောင်းစုံကို ရင်ဖွင့်ပြောပြတော့သည်။
"စုယွီ... အဒေါ် စပ်စုတယ်လို့တော့ မထင်ပါနဲ့။ အဲဒီ ရဲဘော် လန်ရှို့ယင်းက တကယ်ပဲ သမီးရဲ့ အရင်းခေါက်ခေါက် အမေ ဟုတ်ရဲ့လား။ အဒေါ် ကြည့်ရတာ တစ်မျိုးပဲ။ သူက အမှားပြင်ဖို့ လာတာဆိုပြီး ဘာလို့ အိမ်နီးနားချင်းတွေဆီ လိုက်စပ်စုနေရတာလဲ"
အဒေါ်ထောင်မှာ အာခြောက်မတတ် ပြောပြပြီးမှ လင်းစုယွီက သူမကို အတင်းအဖျင်းပြောသည်ဟု အထင်မှားမည်ကို စိုးရိမ်ကာ မျက်နှာတွင် မလုံမလဲ ဖြစ်သွားရရှာသည်။
"အဒေါ်ထောင်က သမီးအကျိုးအတွက် လုပ်ပေးတာပဲ၊ သမီးက ဘယ်လိုလုပ် အပြစ်မြင်ရမှာလဲ"
လင်းစုယွီက စိတ်ကောင်းရှိသော အဒေါ်ထောင်ကို စိတ်မကောင်းမဖြစ်စေရန် ကွာစေ့ ပန်းကန်လေးကို အမြန်ကမ်းပေးလိုက်သည်။ သူမသာ အိမ်နီးနားချင်း အဒေါ်ကြီးများနှင့် ရင်းနှီးအောင် ပေါင်းထားနိုင်လျှင် နောင်တစ်ချိန်တွင် သူတို့က သူမအတွက် အားကိုးရမည့် လက်ရုံးများ ဖြစ်လာလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့်ပင် လင်းစုယွီသည် အိမ်နီးချင်းများနှင့် ပေါင်းသင်းဆက်ဆံရေး ကောင်းကောင်း တည်ဆောက်ထားရမည်ကို နားလည်ထားသည်။ စိတ်ရင်းကောင်းသူများကို စည်းရုံးထားပြီး အတင်းအဖျင်း ပြောတတ်သူများနှင့်လည်း အဆက်အသွယ် မပြတ်အောင် နေထိုင်သည်။
"အဲဒီ ရဲဘော် လန်ရှို့ယင်းက ရပ်ကွက်ရုံးကို သွားပြီး သူမက သမီးရဲ့ အမေအရင်းပါလို့လည်း ပြောခဲ့တာ အဒေါ်ရယ်"
"ဒါပေမဲ့ ရုံးက အရာရှိ လျိုက စစ်ဆေးပေးတော့ သူပေးတဲ့ အချက်အလက်တွေက သမီးရဲ့ အိမ်ထောင်စုစာရင်းနဲ့လည်း မကိုက်ညီဘူး၊ သမီးရဲ့ လူကြီးတွေ ပြောပြခဲ့တာတွေနဲ့လည်း လွဲနေတယ်။ အဲဒါကြောင့် သမီးက သူ့သမီးအရင်း မဟုတ်နိုင်ဘူး။ ဒါကို သူက ဘာလို့ သမီးနဲ့ ဆွေမျိုးတော်စပ်ဖို့ ဒီလောက် ဇွဲနပဲကြီးနေတာလဲ မသိပါဘူး"
ဒါကို ကြားလိုက်ရတော့ အဒေါ်ထောင် စိတ်ထဲမှာ သံသယတွေ ပိုဝင်လာသည်။ အထောက်အထား မခိုင်လုံဘဲ ဘာကြောင့် သမီးအဖြစ် အတင်းအကျပ် လာလုပ်နေရသနည်း။ ဘယ်လိုပဲကြည့်ကြည့် တစ်ခုခုတော့ မရိုးသားသည်မှာ သေချာသည်။
အဒေါ်ထောင် လင်းစုယွီ၏ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည့် ခြံဝန်းလေးကို ဝေ့ကြည့်လိုက်သည်။ သေးငယ်သော်လည်း အသုံးအဆောင် ပြည့်စုံသည့်အပြင် အခန်းနှစ်ခန်းပါသော သီးသန့်ခြံဝန်းလေးမှာ အလွန်တန်ဖိုးရှိလှသည်။
"သူက သမီးရဲ့ ဒီခြံလေးကို မျက်စိကျနေတာတော့ မဟုတ်ပါဘူးနော်။ အရင်က ဝမ်မိသားစုကလည်း လိုချင်နေတာ။ အခုကျမှ အမေအရင်းဆိုပြီး ပေါ်လာပြန်ပြီ၊ တကယ်လည်း မဟုတ်ဘဲနဲ့"
အဒေါ်ထောင်သည် လင်းစုယွီ၏ စကားကို တထေရာတည်း ယုံကြည်သွားပြီး လန်ရှို့ယင်းတွင် အကြံတစ်ခုခု ရှိရမည်ဟု အခိုင်အမာ ယူဆလိုက်တော့သည်။
"အဒေါ်ထောင်... သူက အိမ်နီးနားချင်းတွေကို လိုက်ပြောပြီး ဘာလုပ်မလို့လဲဟင်။ မဟုတ်မှလွဲရော... သမီးကို အတင်းခေါ်သွားချင်လို့များလား"
ပြောရင်းနှင့် လင်းစုယွီက အခေါ်ခံရမည်ကို ကြောက်လန့်နေသည့်ဟန်ဖြင့် အဒေါ်ထောင်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ မျက်နှာငယ်လေးဖြင့် သရုပ်ဆောင်လိုက်သည်။
"မကြောက်နဲ့နော် သမီး။ သူ စကားအကောင်းပြောရုံနဲ့ သမီးကို ခေါ်သွားဖို့ အဒေါ် တို့ ခွင့်ပြုမှာ မဟုတ်ဘူး။ သမီးမှ မလိုက်ချင်တာ၊ ရပ်ကွက်ရုံးကလည်း သူ့ကို ဘာထောက်ခံစာမှ ထုတ်ပေးမှာ မဟုတ်ဘူး"
အဒေါ်ထောင်က ယုံကြည်မှုအပြည့်ဖြင့် အာမခံလိုက်သည်။ သူမသည် ဤနေရာတွင် ဆယ်စုနှစ်တစ်ခုကျော် နေထိုင်လာသူဖြစ်ရာ အိမ်နီးချင်းများနှင့် အလွန်ရင်းနှီးသည်။ သူမသာ စကားတစ်ခွန်း ပြောလိုက်လျှင် လန်ရှို့ယင်း၏ အကြံအစည်များ အောင်မြင်မည်မဟုတ်ပေ။
"ဟုတ်ကဲ့ပါ... အဒေါ် တို့ရှိနေလို့သာပဲ။ အဒေါ်တို့ ကူညီပေးကြလို့ သမီး ဒီမှာ အေးအေးချမ်းချမ်း နေနိုင်တာပါ။ သမီး ပိုက်ဆံရှာနိုင်တဲ့နေ့ကျရင် အဒေါ်တို့ကို နိုင်ငံပိုင် စားသောက်ဆိုင်မှာ သေချာပေါက် ကျွေးပါ့မယ်"
လင်းစုယွီတွင် ပိုက်ဆံရှိနေသော်လည်း ၁၂ နှစ်သမီးအရွယ် အလုပ်မရှိသူဖြစ်သဖြင့် လူသိမခံရအောင် သတိထားရသည်။ ပိုက်ဆံရှိမှန်း သိသွားပါက နောင်တွင် ဒုက္ခရောက်နိုင်သည် မဟုတ်ပါလား။
"ကောင်းပါပြီကွယ်... အဒေါ် စောင့်နေပါ့မယ်။ အခုတော့ စာကိုပဲ အာရုံစိုက်ပါ။ မနက်ဖြန် အမှတ်စာရင်း ထွက်မယ့်နေ့မလား။ အမှတ်ဘယ်လောက် ရလဲဆိုတာ အဒေါ်ကို ပြန်ပြောဦးနော်"
စုယွီ၏ စာမေးပွဲရလဒ် ကောင်းမည်ဟု သူမ ကြားထားသဖြင့် အမှတ်သိရလျှင် ဂုဏ်ပြုပေးချင်နေသည်။ သူမတွင် သက်တမ်းကုန်တော့မည့် အသားဝယ်ယူခွင့်လက်မှတ် ရှိနေသဖြင့် အသားဝယ်ကာ စုယွီကို ဖတ်ထုပ်လေးများ ကျွေးရန် စိတ်ကူးထားသည်။
အဒေါ်ထောင်သည် လိမ္မာယဉ်ကျေးသည့် မိန်းကလေးများကို ချစ်တတ်သူဖြစ်ရာ လင်းစုယွီကို သမီးအရင်းကဲ့သို့ပင် ပို၍ ဂရုစိုက်မိနေတော့သည်။
"ရတာနဲ့ အဒေါ်ကို လာပြောပါ့မယ်"
"အေးအေး... မနက်ဖြန်ညကျရင် အဒေါ်အိမ်မှာ ဖတ်ထုပ်လာစားဦး။ သမီးရဲ့ အစ်မ ဟွေ့ယီလည်း နွေရာသီကျောင်းပိတ်ရက်မို့ အိမ်ပြန်လာလိမ့်မယ်၊ အချင်းချင်း မိတ်ဆက်ပေးချင်လို့"
အဒေါ်ထောင်၏ သမီး ချန်ဟွေ့ယီမှာ အသက် ၂၀ အရွယ် အလယ်တန်းပြဆရာမတစ်ဦးဖြစ်ပြီး အတန်းကြီးများကို အချိန်ပိုသင်ပေးရန် ကျောင်းဆောင်တွင် သွားနေ နေရာ ယခုမှ အိမ်ပြန်လာခြင်းဖြစ်သည်။
"ဟုတ်ကဲ့ အဒေါ်က ဖိတ်နေတာ ဆိုတော့ သမီး လလာခဲ့ပါ့မယ်။ အစ်မဟွေ့ယီနဲ့လည်း တွေ့ချင်ပါတယ်။ အစ်မက အလယ်တန်းပြဆရာမဆိုတော့ သမီး နောက်နှစ်တက်မယ့် ကျောင်းက အစ်မကျောင်းပဲ ဖြစ်မှာ"
အကယ်၍ ကိစ္စထွေထူးပေါ်မလာပါက နောက်နှစ်သူမတက်မည့် မူလတန်းကျောင်းသည် ချန်ဟွေ့ယီအလုပ်လုပ်သည့်ကျောင်းဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် အိမ်နီးချင်း ဆရာမတစ်ယောက်နှင့် ကြိုတင်ရင်းနှီးထားခြင်းမှာ သူမအတွက် အကျိုးရှိလှပေသည်။
"အဲဒါဆို အတည်ပဲနော်။ မနက်ဖြန်ည လာခဲ့။ ပြီးတော့ မနက်ဖြန်ကျရင် အဒေါ် အိမ်နီးချင်းတွေကို အဲဒီ လန်ရှို့ယင်းအကြောင်း လိုက်ပြောပြလိုက်မယ်။ စိတ်မပူနဲ့ စုယွီ၊ သမီးသာ သဘောမတူရင် ဘယ်သူမှ အတင်းခေါ်လို့မရစေရဘူး"
လင်းစုယွီ စိတ်အေးသွားသည်ကို မြင်မှ အဒေါ်ထောင်လည်း စိတ်သက်သာရာရသွားသည်။ သူမ မပြန်မီ တစ်ခုခုဖြစ်လျှင် အော်ဟစ်အကူအညီတောင်းရန် လင်းစုယွီကို သေချာမှာကြားသွားခဲ့သည်။ တကယ်ကို စိတ်ရင်းကောင်းသည့် အဒေါ်ကြီးဟု လင်းစုယွီ စိတ်ထဲမှ ချီးကျူးမိသည်။
သူမကိုယ်သူမ လူချစ်လူခင်ပေါသည့် 'ကံကောင်းခြင်းငါးလေး' ဖြစ်နေပြီလားဟု တွေးမိသည်။ ကူးပြောင်းလာကတည်းက သူမ၏ကံမှာ အမြဲကောင်းနေခဲ့သည်။ ဒုက္ခကြုံတိုင်း အခွင့်အရေး ဖြစ်လာသလို၊ သူမကို ရန်ပြုသူများမှာလည်း ကံဆိုးမှုနှင့် ကြုံရမြဲပင်။
'မဟုတ်သေးပါဘူး... ငါ သတိလက်လွတ် မဖြစ်သင့်ဘူး။' ကံကောင်းနေသော်လည်း သတိရှိရှိနှင့် ခပ်လျှိုလျှိုနေရန် သူမ ဆုံးဖြတ်ထားလိုက်သည်။ ပင်လယ်စာအခြောက်များ ဝယ်စဉ်ကပင် လျန်မိသားစုက သူမတွင် ပိုက်ဆံရှိမှန်း သိနေနိုင်သော်လည်း သူမသည် အများကြီးမဝယ်ဘဲ လိုသလောက်သာ ဝယ်ခဲ့သည်။
လင်းစုယွီသည် နေ့စဉ်ဖြစ်ပျက်သမျှကို ပြန်လည်ဆန်းစစ်လေ့ရှိပြီး အမှားပါပါက အမြန်ပြင်ဆင်တတ်သည်။ ဤအကျင့်ကြောင့်ပင် သူမ အရွယ်ရောက်သည့်တိုင်အောင် ဘေးကင်းစွာ နေထိုင်နိုင်ခဲ့ပြီး အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့်လည်းပဲ အခက်အခဲများက အခွင့်အလမ်းအဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် လန်ရှို့ယင်းသည် အိမ်နီးချင်းများထံ လိုက်လံစပ်စုခဲ့သည်။ လူအများစုမှာ အဒေါ်ထောင်းကဲ့သို့ပင် သတိထားနေကြသော်လည်း ကျန်းမိသားစုမှ ချွေးမကြီးမှာမူ သူမအတွက် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။ နောက်တစ်နေ့တွင် လန်ရှို့ယင်းသည် လက်ဆောင်ပစ္စည်းများ ကိုင်ဆောင်ကာ ကျန်းမိသားစုအိမ်သို့ တစ်ဖန် ရောက်ရှိလာပြန်သည်။
အဒေါ်ထောင်မှာ လန်ရှို့ယင်းကို စောင့်ကြည့်နေသည်မှာ ကြာပြီဖြစ်ရာ လန်ရှို့ယင်း လမ်းထဲဝင်လာသည်နှင့် သတင်းပေးသူက ရောက်လာတော့သည်။ အဒေါ်ထောင်းသည် ချက်ချင်းပင် အိမ်နီးချင်း အန်တီကြီးများကို စုစည်းကာ ကျန်းမိသားစုအိမ်သို့ ချီတက်သွားတော့သည်။
လန်ရှို့ယင်းတစ်ယောက် သူတို့အားလုံးရှေ့တွင် ဘာတွေများ လျှောက်ပြောဦးမလဲဆိုသည်ကို သူမ စောင့်ကြည့်ရပေဦးမည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း