← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အပိုင်း ၂၉ - ပျက်စီးနေသော စနစ်

လင်းစုယွီသည် ချန်ဟွေ့ယီနှင့် စကားစမြည်ပြောရင်း သူမသည် ပြီးခဲ့သည့်စာသင်နှစ်က အောင်ချက်ကောင်းသည့် အတန်းကြီးများကို သင်ကြားခဲ့သူဖြစ်ကြောင်း သိလိုက်ရသည်။ ထုံးစံအရဆိုလျှင် ချန်ဟွေ့ယီသည် စာသင်နှစ်သစ်တွင် အလယ်တန်း ပထမနှစ်အတန်းသစ်များကို တာဝန်ယူရမည်ဖြစ်ပြီး လင်းစုယွီမှာလည်း ကံကောင်းထောက်မစွာဖြင့် ထိုအတန်းမှ ကျောင်းသူတစ်ဦး ဖြစ်လာတော့မည်ဖြစ်သည်။

"တို့ကျောင်းက လူသိပ်မများဘူးလေ၊ ပထမနှစ်မှာ လေးခန်းပဲရှိတာ။ အဲဒီလေးခန်းလုံးရဲ့ တရုတ်စာဘာသာရပ်ကို အစ်မကပဲ တာဝန်ယူရမှာပေါ့"

အတန်းလေးတန်းလုံးအတွက် တရုတ်စာဆရာမက တစ်ယောက်တည်းလား။ ဒါက တကယ်ကို မလွယ်ကူတဲ့ကိစ္စပဲ။ ဒီခေတ်က ဆရာ၊ ဆရာမတွေဟာ တကယ်ပဲ ဒီလောက်တောင် အလုပ်ကြိုးစားကြတာလားဟု လင်းစုယွီ တွေးမိသည်။

လင်းစုယွီ စပ်စုကြည့်ရာတွင် မူလက ဆရာနှစ်ယောက်ရှိသော်လည်း ဤစာသင်နှစ်တွင် တစ်ယောက်က တခြားသို့ ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းဘက်မှလည်း လူသစ်မခန့်ရသေးသဖြင့် ချန်ဟွေ့ယီကပင် အပိုအတန်းနှစ်ခုကို ယာယီတာဝန်ယူပေးနေရခြင်းဖြစ်သည်။

သိပ်မကြာခင်မှာပင် ဦးလေးချန် အလုပ်မှပြန်ရောက်လာသည်။ လင်းစုယွီ ညစာလာစားမည်ကို သိထားသဖြင့် သူသည် လိမ္မော်ရည်တစ်ပုလင်းကို အထူးတလည် ဝယ်လာခဲ့သည်။ လင်းစုယွီတစ်ယောက် ဤခေတ်ကာလ၏ ဇိမ်ခံဖျော်ရည်တစ်မျိုးကို ကံကောင်းထောက်မစွာ မြည်းစမ်းခွင့်ရခဲ့လေပြီ။

ချန်မိသားစုဝင်များသည် ရိုးသားဖြောင့်မတ်သူများ ဖြစ်ကြသည်။ သူတို့၏ နွေးထွေးသော ဂရုစိုက်မှုအောက်တွင် ညစာစားပွဲလေးမှာ အလွန်ပင် သာယာကြည်နူးဖွယ် ကောင်းလှသည်။

ချန်ဟွေ့ယီသည် လင်းစုယွီ၏ အကျင့်စရိုက်လေးကို သဘောကျသဖြင့် သူမ၏ ပညာရေးကိုလည်း စိတ်ရင်းဖြင့် မေးမြန်းရှာသည်။ စာကြိုကြည့်ချင်လျှင် အလယ်တန်းဖတ်စာအုပ်များ လိုအပ်လားဟု မေးမြန်းပြီး စာနှင့်ပတ်သက်၍ နားမလည်သည်ရှိက အချိန်မရွေး လာမေးနိုင်ကြောင်းလည်း တက်တက်ကြွကြွ ပြောရှာသည်။

လင်းစုယွီမှာ လင်းရှင်းယောင်၏ အခန်းထဲမှ အလယ်တန်း ဖတ်စာအုပ်များကို ရှာတွေ့ထားပြီးဖြစ်ရာ ငှားရန်မလိုပေ။ သို့သော်လည်း သူမသည် လိမ္မာသော ကလေးမလေးကဲ့သို့ ခေါင်းညိတ်ပြုံးပြလိုက်သည်။ သူတစ်ပါးက စေတနာထားလာလျှင် လိမ္မာယဉ်ကျေးစွာ တုံ့ပြန်တတ်ခြင်းမှာ လင်းစုယွီ၏ မူဝါဒပင် မမဟုတ်ပါလား။

နောက်ထပ် နေ့သစ်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီ။ လန်ရှို့ယင်းသည် ကျင်းမန်မြို့သို့ ရောက်နေသည်မှာ သုံးရက်ကျော်သွားပြီ ဖြစ်သည်။ အိမ်အလုပ်အားလုံးကို တာဝန်ယူထားရသည့် အိမ်ရှင်မတစ်ဦး သုံးရက်တိုင်တိုင် အိမ်မှာမရှိခြင်းမှာ အိမ်ထောင်စုတစ်ခုကို ဖရိုဖရဲဖြစ်သွားစေရန် လုံလောက်လှသည်။

မျှော်လင့်ထားသည့်အတိုင်းပင် လန်ရှို့ယင်း၏ နောက်အိမ်ထောင် ချန်မိသားစုမှာ စုပုံနေသော အိမ်အလုပ်များကြောင့် ဆူညံပွက်လောရိုက်နေသည်။

ချန်လီလီသည် နံနက်စာပြင်ဆင်ရန် စောစောထခဲ့သော်လည်း သူမထက် တစ်နှစ်ငယ်သော မောင်ဖြစ်သူ၏ နှာခေါင်းရှုံ့ခြင်းကိုသာ ခံလိုက်ရသည်။

"ထွီ... ထွီ...ထွီ!! ဒါက ဘာကြီးလဲ။ ဒီလောက် တူးစော်နံနေတာကို ဘယ်လိုစားရမှာလဲ။ ချန်လီလီ၊ နင်လုပ်ထားတာကိုလည်း ကြည့်ဦး။ ဆန်ပြုတ်တောင် ဖြစ်အောင် မချက်တတ်ဘူး၊ နင်ကတော့ တကယ်ကို..."

"အသုံးမကျတာ" ဆိုသည့် စကားလုံးမှာ ပါးစပ်ဖျားတွင်တင် ကျန်နေခဲ့သော်လည်း သူ၏မျက်နှာထားမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ မိဘအလိုလိုက်ထားသော ကလေးတစ်ယောက်၏ စကားများမှာ တကယ်ပင် ရင်နာစရာ ကောင်းလှသည်။

"တော်တော့! ချန်ကျန့်ယဲ့၊ ငါ နင့်ကို သည်းခံလာတာ ကြာပြီ။ ဒီလောက်တောင် ရွံစရာကောင်းနေရင်လည်း ငါချက်တာကို မစားနဲ့ပေါ့"

ချန်ကျန့်ယဲ့သည် လန်ရှို့ယင်းနှင့် ချန်လီတဲ့ တို့၏ သားဖြစ်ပြီး အိမ်တွင် အမြဲတမ်း အလိုလိုက်ခံရသူ ဖြစ်သည်။ ထို့ကြောင့် အဖေတူ အမေကွဲဖြစ်သော ချန်လီလီကို သူက အနည်းငယ်မျှပင် လေးစားမှုမရှိပေ။

"စားချင်ရင်စားမယ်၊ မစားချင်ရင်မစားဘူး။ နင်က ချက်တာလည်း ညံ့သေးတယ်၊ ပြောတာကိုလည်း မခံဘူး။ အဖေ၊ ကျွန်တော့်ကို ပိုက်ဆံနဲ့ ပစ္စည်းဝယ်ခွင့်ကတ်ပြားတွေ ပေးပါဦး။ ကျွန်တော် အပြင်ထွက်ပြီး ကောင်းကောင်းသွားစားတော့မယ်"

ချန်ကျန့်ယဲ့သည် ပန်းကန်ကို ချလိုက်ပြီး ချန်လီတဲ့ထံမှ ပိုက်ဆံတောင်းကာ အရသာရှိသော အစားအစာများကို သွားဝယ်စားရန် ပျော်ပျော်ပါးပါး ထွက်သွားတော့သည်။

ချန်လီလီ၏ မျက်လုံးထဲတွင် မကျေနပ်မှုပုံ ရိပ်များ ဖြတ်ပြေးသွားသည်။ သူမအတွက်မူ အရင်းခေါက်ခေါက် ဖခင်ထံမှ ပိုက်ဆံတောင်းရန်မှာ ချန်ကျန့်ယဲ့လောက် မလွယ်ကူလှပေ။

"လီလီ၊ နင့်အမေက ဘယ်တော့ပြန်လာမှာလဲ။ သုံးရက်တောင်ရှိပြီ။ သူ့ကိုဆက်သွယ်ပြီး အမြန်ပြန်လာဖို့ ပြောဦး၊ တစ်အိမ်လုံးလဲ ပြောင်းဆန်နေပြီ "

"အဖေ၊ အမေက ကျင်းမန်မြို့က အစ်မကို သွားခေါ်တာလေ၊ မကြာခင် ပြန်လာမှာပါ။ အစ်ကို့မိန်းမကို ခဏလောက်လာပြီး ထမင်းချက်ပေးဖို့ ပြောလို့မရဘူးလား။ အမေပြန်လာရင် သူလည်း ပြန်လို့ရတာပဲကို"

ချန်လီလီ၏ အဖေ၊အမေတူ မောင်နှမဖြစ်သူ အစ်ကိုကြီး ချန်ကျန့်ကော်မှာ အမြင်စူးရှသူတစ်ဦးဖြစ်သည်။ ဖခင်နှင့် မိထွေးဖြစ်သူမှာ အားကိုးမရမှန်း သိသဖြင့် သူသည် အသက် ၁၈ နှစ် ပြည့်သည်နှင့် ကိုယ့်ဖောင်ကိုယ်ပြင်ကာ အိမ်ထောင်ပြုခဲ့သည်။

မင်္ဂလာဆောင်ပြီးနောက် ချန်ကျန့်ကော်သည် အလုပ်ခွင်မှ ဝန်ထမ်းအိမ်ရာကို လျှောက်ထားခဲ့သည်။ ဖခင်ဖြစ်သူထံမှ အမွေအနည်းငယ်ရအောင် ညှိနှိုင်းပြီးနောက် ဇနီးသည်ကိုခေါ်ကာ အိမ်ခွဲနေခဲ့သည်။ ဇနီးမောင်နှံနှစ်ဦးလုံးမှာ ပါးနပ်သူများဖြစ်ရာ သူတို့ဘဝမှာ အဆင်ပြေချောမွေ့လှသည်။

ပုံမှန်အားဖြင့် ချန်ကျန့်ကော်နှင့် သူ၏ဇနီးမှာ ချန်မိသားစု၏ ကိစ္စရပ်များတွင် လာရောက်ပါဝင်လေ့မရှိပေ။ ထို့ကြောင့် ချန်လီလီသည် အိမ်အလုပ်များကို မလုပ်ချင်လျှင် ဖခင်ဖြစ်သူ ချန်လီတဲ့ကို အတင်းအကျပ်ပြောခိုင်းပြီး မရမက ခေါ်ခိုင်းရခြင်းဖြစ်သည်။

"နင့်ယောင်းမက ကိုယ်ဝန်နဲ့လေ၊ နင့်အစ်ကိုက လာခိုင်းမှာမဟုတ်ဘူး။ နင့်အမေကိုပဲ အမြန်ပြန်လာခိုင်းပါ။ မဟုတ်ရင်တော့ နင်ပဲ အိမ်အလုပ်တွေကို သေသေချာချာ လုပ်ရလိမ့်မယ်"

ချန်လီတဲ့၏ စကားကြောင့် ချန်လီလီ၏ တွက်ကိန်းများ ပျက်စီးသွားခဲ့သည်။ ယောင်းမ ဖြစ်သူမှာလည်း အစောကတည်းက ခိုင်းရလွယ်သူမဟုတ်သလို ချန်လီတဲ့ကိုယ်တိုင်ကလည်း သားနှင့် ချွေးမ၏ အငြိုအငြင်ကိုမခံချင်ပေ။

လန်ရှို့ယင်းက သူမ၏ အရင်ခင်ပွန်းနှင့်ရခဲ့သော သမီးကို အိမ်ခေါ်လာမည့်ကိစ္စအား မိမိသမီးဖြစ်သူက ဘာကြောင့် သဘောတူနေလဲဆိုသည်ကို သူ တကယ်ကို နားမလည်နိုင်ပေ။ သို့သော်လည်း မိမိကို လာမထိခိုက်သရွေ့ ထိုသားအမိနှစ်ယောက် ဘာတွေတွေးနေလဲဆိုသည်ကို သူ ဂရုမစိုက်အားပေ။

"ကောင်းပါပြီအဖေ၊ ကျွန်မ အိမ်အလုပ်တွေကို အကောင်းဆုံး ကြိုးစားလုပ်ပါ့မယ်။ ဒါပေမဲ့ ကျွန်မကို ပိုက်ဆံနဲ့ ကတ်ပြားတွေ ပေးပါဦး၊ ညစာအတွက် အသင့်စားစရာလေးတွေ သွားဝယ်ချင်လို့ပါ"

ချန်လီလီသည် ချန်လီတဲ့ထံမှ ပိုက်ဆံညှစ်ထုတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ သူမ၏ ကိုယ်ပိုင်စုဆောင်းငွေများကို အိမ်အသုံးစရိတ်အတွက် အကုန်ခံရန်မှာ လုံးဝမဖြစ်နိုင်သော ကိစ္စပင်။

ယခုတစ်ကြိမ်တွင်မူ ချန်လီတဲ့ ငြင်းဆန်ခြင်းမရှိခဲ့ပေ။ သုံးရက်တိုင်တိုင် မကျက်တကျက် ထမင်းဟင်းများကို စားခဲ့ရသဖြင့် သူလည်း စိတ်ကုန်နေပြီဖြစ်သည်။

ဖခင်ထံမှ ပိုက်ဆံရရှိပြီးနောက် ချန်လီလီသည် စားပွဲကို အမြန်သိမ်းဆည်းကာ ဖုန်းဆက်ရန် အပြင်သို့ ထွက်လာခဲ့သည်။

လန်ရှို့ယင်းတစ်ယောက် ဘာတွေလုပ်နေလဲဆိုသည်ကို သူမ သိချင်နေပြီဖြစ်သည်။

သုံးရက်တောင် ကြာနေပြီဖြစ်သော်လည်း လူကို ခေါ်မလာနိုင်သေးပေ။ ဒီထက်သာ ကြာနေဦးမည်ဆိုလျှင် သူမ၏ တာဝန်(မစ်ရှင်) ကျရှုံးသွားနိုင်သည်။ ဒီလိုဖြစ်မယ်မှန်းသိလျှင် သူမကိုယ်တိုင် လိုက်သွားမိမည်ဟု တွေးလိုက်မိသည်။

လွန်ခဲ့သော ဆယ်ရက်က ချန်လီလီသည် မောင်ဖြစ်သူနှင့် ရန်ဖြစ်ရင်း ခေါင်းကို ဆောင့်မိခဲ့သည်။ ပြန်နိုးလာချိန်တွင် သူမ၏အတွင်း၌ "ကံကောင်းခြင်းစနစ် (ပျက်စီးနေသောဗားရှင်း)" ဟုခေါ်သည့် အရာတစ်ခု ရှိနေကြောင်း သိလိုက်ရသည်။

ပထမတော့ ချန်လီလီ အလွန်ကြောက်ရွံ့သွားခဲ့သည်။ "စနစ်" ဆိုသည်မှာ ဘာမှန်းမသိသလို မိမိကို အန္တရာယ်ပြုမလားဟုလည်း စိုးရိမ်ခဲ့သည်။ သူမက မေးခွန်းများမေးသော်လည်း စနစ်က ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။

နောက်ပိုင်းတွင် ထိုစနစ်က မစ်ရှင်အသေးလေးများကို စတင်ပေးအပ်လာသည်။ ဥပမာ- တစ်စုံတစ်ဦး၏ မျက်နှာသာပေးမှုကို ရယူရန်၊ ထောက်ခံချက်ရယူရန် သို့မဟုတ် တစ်စုံတစ်ဦး၏ ပစ္စည်းအချို့ကို ရယူရန် စသည်တို့ဖြစ်သည်။

စပ်စုလိုစိတ်ဖြင့် သူမ ထိုမစ်ရှင်များကို လုပ်ဆောင်ခဲ့သည်။ မစ်ရှင်အောင်မြင်သောအခါ စနစ်ထံမှ ဆုလာဘ်များ တကယ်ရရှိခဲ့သည်။ ယခုသူမ ဝတ်ဆင်ထားသော အဝတ်အစားများ၊ ဆံထိုးများနှင့် သားရေဖိနပ်များမှာ လွန်ခဲ့သော ဆယ်ရက်အတွင်း မစ်ရှင်များမှ ရရှိခဲ့သော ဆုလာဘ်များပင် ဖြစ်သည်။

သို့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်က စနစ်တွင် အနီရောင်အဆင့်ရှိ အရေးကြီးသော မစ်ရှင်တစ်ခု ပေါ်လာခဲ့သည်။ ထိုမစ်ရှင်၏ ဆုလာဘ်မှာ မျက်မှောင်ကြုတ်သွားလောက်အောင်ပင် အလွန်တန်ဖိုးကြီးလှသည်။

ရှည်လျားလှသော မစ်ရှင်ဖော်ပြချက်ကို ဖတ်ကြည့်ပြီးနောက် မိထွေးဖြစ်သူ လန်ရှို့ယင်းတွင် ယခင်အိမ်ထောင်နှင့် သမီးတစ်ဦးရှိကြောင်းနှင့် ထိုသမီးမှာ စနစ်က ရွေးချယ်ထားသော ပစ်မှတ်ဖြစ်ကြောင်း ချန်လီလီ သိလိုက်ရသည်။

စနစ်က ခိုင်းစေသည်မှာ မိထွေး၏ သမီးကို ချန်မိသားစုဆီသို့ ခေါ်လာရန်၊ သူမ၏ မျက်နှာသာပေးမှုနှင့် ထောက်ခံမှုကို ရယူရန်နှင့် တစ်ဖက်တွင်လည်း သူမ၏ ဘဝကို ဆင်းရဲဒုက္ခရောက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။

မစ်ရှင်ပါဝင်ချက်များမှာ ထူးဆန်းနေသော်လည်း ထိုမိန်းကလေးကို အိမ်ခေါ်လာရုံဖြင့် ၁ကုဗမီတာရှိသော ကိုယ်ပိုင်သိုလှောင်ခန်းတစ်ခု ရမည်ဆိုသည့်အချက်က သံသယအားလုံးကို ပျောက်ကွယ်သွားစေသည်။

ချန်လီလီသည် စိတ်အာရုံဖြင့် မစ်ရှင်စာမျက်နှာကို ဖွင့်ကြည့်လိုက်သော်လည်း ထူးခြားမှုမရှိသဖြင့် ပြန်ပိတ်လိုက်သည်။

ချန်လီလီ၏ စနစ်မှာ ပျက်စီးနေသော အခြေအနေဖြစ်ပြီး ဉာဏ်ရည်တု(AI)မှာလည်း သိပ်မထက်မြက်လှပေ။

ယခုခေတ်တွင် ဖုန်းဖြင့် တစ်စုံတစ်ဦးကို ဆက်သွယ်ရန်မှာ မလွယ်ကူပေ။ ချန်လီလီသည် လန်ရှို့ယင်း တည်းခိုနေသော တည်းခိုခန်းသို့ အရင်ဖုန်းဆက်ရသည်။ တည်းခိုခန်းဝန်ထမ်းက မက်ဆေ့မှတ်ထားပေးပြီး လန်ရှို့ယင်းထံ သွားပြောမှသာ လန်ရှို့ယင်းက ဖုန်းပြန်ဆက်နိုင်မည်ဖြစ်သည်။

နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ချန်လီလီထံ လန်ရှို့ယင်း၏ ဖုန်းပြန်လာခဲ့သည်။

"အမေ... ဘာလို့ အခုထိ ခေါ်မလာသေးတာလဲ။ အဖေကတော့ အမေ့ကို အတော်လေး ညည်းညူနေပြီနော်"

ချန်လီလီက မကျေမနပ် ပြောဆိုလိုက်သော်လည်း လန်ရှို့ယင်းကမူ မိသားစုမှာ မိမိမရှိဘဲ မဖြစ်ဟု ယူဆကာ ဂုဏ်ယူဝင့်ကြွားစိတ် ဖြစ်သွားခဲ့သည်။

"လီလီ၊ စိတ်မပူပါနဲ့။ အမေ့ဘက်မှာ ကိစ္စလေးတစ်ခု ပေါ်လာလို့ပါ။ နောက်ထပ် ရက်နည်းနည်းလောက် စောင့်ပြီးမှ ပြန်လာလို့ရမယ်"

လင်းစုယွီက မိမိကို အမေအရင်းအဖြစ် အသိအမှတ်မပြုသည့်အချက်ကိုမူ လန်ရှို့ယင်း မပြောရဲပေ။ မိမိသည် အသုံးမကျသူဟု အိမ်ကလူများ အထင်သေးမည်ကို စိုးရိမ်သဖြင့် အချိန်ဆွဲရန် ဆင်ခြေပေးနေခြင်းဖြစ်သည်။

"အမေ၊ အစ်မက အမေနဲ့ လိုက်ဖို့ သဘောတူတယ်မလား။ တခြားကိစ္စတွေကို ဘေးဖယ်ထားလိုက်စမ်းပါ။ သူ့ကို အရင်ဆုံး အိမ်ခေါ်လာဖို့ပဲ လုပ်ပါ"

ချန်လီလီလည်း စိုးရိမ်နေမိသည်။ မစ်ရှင်သာ အချိန်ကျော်သွားပါက ဆုလာဘ်ရပါဦးမည်လား။ အကယ်၍ မစ်ရှင်ကျရှုံးခဲ့ပါက လက်ခံသူ၏ သက်တမ်းမှ တစ်နှစ် နုတ်ယူခံရမည်ဟု ရေးထားသည် မဟုတ်ပါလား။

ပထမဆုံး မစ်ရှင်လက်ခံစဉ်က ချန်လီလီသည် အောင်မြင်မှု၏ အကျိုးကျေးဇူးများကိုသာ မြင်ခဲ့ပြီး နောက်မှသာ ကျရှုံးမှုအတွက် ပေးဆပ်ရမည့် ပြစ်ဒဏ်ကို စာလုံးအသေးလေးများဖြင့် ရေးထားသည်ကို တွေ့ခဲ့ခြင်းဖြစ်သည်။

သူမ၏ သက်တမ်းထဲမှ တစ်နှစ်ကို အလကား အဆုံးရှုံးမခံနိုင်ပေ။ ထို့ကြောင့် မိထွေးဖြစ်သူက ထိုမိန်းကလေးကို အမြန်ဆုံး ခေါ်လာနိုင်ရန် သူမ မျက်ခြေမပြတ် စောင့်ကြည့်ရတော့မည်ဖြစ်သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters