← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အပိုင်း ၃၀ - ချန်မိခင်နှင့် သမီးဖြစ်သူ

"လီလီရေ! အမေ ဒီမှာ လုပ်စရာလေးတွေ ကျန်သေးလို့ အခုလောလောဆယ် ဖုန်းမပြောတော့ဘူးနော်။ နောက် နှစ်ရက်လောက်ဆို အမေ ပြန်လာခဲ့မယ်။ ဖုန်းချလိုက်ပြီနော်!"

လန်ရှို့ယင်းသည် သူမ၏ လင်ပါသမီးဖြစ်သူ၏ မေးခွန်းကို မဖြေရဲသဖြင့် ကပျာကယာပင် ဖုန်းချလိုက်မိသည်။ လင်းစုယွီကို ပြန်ခေါ်လာဖို့ နည်းလမ်းမရှိတော့ကြောင်း ချန်လီလီ သိသွားမည်ကို သူမ ကြောက်နေမိသည်။

လင်းစုယွီက သူမကို အမေအရင်းအဖြစ် အသိအမှတ်ပြုလာပြီး လိုက်လာအောင် ဘယ်လိုများ လုပ်ရပါ့မလဲ။ လန်ရှို့ယင်း တစ်ယောက် ပူပန်နေမိသည်။

သူမသည် လင်းစုယွီ၏ အိမ်နီးချင်းများဆီသို့ နှစ်ရက်တိုင်တိုင် လည်ပတ်ခဲ့သော်လည်း သူမ၏ "မိခင်မေတ္တာ" ကို မည်သူကမျှ မစာနာခဲ့ကြပေ။ အိမ်နီးချင်းများ၏ အတင်းအဖျင်းစကားကို အသုံးချကာ လင်းစုယွီကို ဖိအားပေး အသိအမှတ်ပြုခိုင်းရန်မှာလည်း မဖြစ်နိုင်တော့သလိုပင်။

ချန်လီလီသည် ပြတ်တောက်သွားသော ဖုန်းကို ကြည့်ရင်း စိတ်ထဲတွင် မသင်္ကာမှုများ မြင့်တက်လာသည်။ သူမ၏ မိထွေးအကြောင်းကို သိနေသည်ဖြစ်ရာ အကယ်၍ အစီအစဉ်သာ အောင်မြင်ပါက ယခုကဲ့သို့ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေမည် မဟုတ်ပေ။

ရှုံးသွားတာလား။

တောက်... လန်ရှို့ယင်းက ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ' ဟု တွေးကာ ချန်လီလီ တစ်ယောက် ဘာဆက်လုပ်ရမှန်းမသိဘဲ စိုးရိမ်တကြီး ဖြစ်လာသည်။

အသက် ၁၃ နှစ်သာ ရှိသေးသည့် သူမသည် ရထားစီးဖို့ ဝေးစွ၊ မြို့တော်ထဲကတောင် တစ်ခါမှ အပြင်မထွက်ဖူးပေ။ ထို့ကြောင့်လည်း တစ်ယောက်တည်း သွားရန် မဝံ့ရဲခဲ့ပါ။

သူမ လုပ်နိုင်သည်မှာ လန်ရှို့ယင်းကို သူမ စိတ်တိုင်းကျ ခိုင်းစေရန်သာ ရှိသည်။ ယခု လန်ရှို့ယင်းက အစွမ်းမပြနိုင်တော့သဖြင့် သူမတွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။

ချန်လီလီ၏ ကူကယ်ရာမဲ့နေမှုကို သိရှိသွားသယောင် "စနစ်" က အချိန်ကန့်သတ်ချက်ရှိသည့် မစ်ရှင်အသေးလေးတစ်ခုကို ထုတ်ပြန်ပေးလိုက်သည်။

[ကျင်းမန်မြို့သို့ သွား၍ လင်းစုယွီကို ရှာဖွေရန် မစ်ရှင်ကို လက်ခံမလား။ လက်ခံပါက မြို့တော်မှ ကျင်းမန်မြို့သို့ သွားမည့် ရထားလက်မှတ်တစ်စောင် (ထောက်ခံစာနှင့်တကွ) ပေးအပ်မည် ဖြစ်သည်။]

ချန်လီလီအတွက်မူ ၎င်းမှာ "အိပ်ချင်နေတုန်းခေါင်းအုံး ပေးလိုက်သလို" ပင်။ တွေဝေနေစရာ မလိုတော့ဘဲ သူမအနေဖြင့် လန်ရှို့ယင်းကို ရထားဘူတာတွင် လာကြိုရန်သာ အကြောင်းကြားဖို့ လိုတော့သည်။

ထို့ကြောင့် သူမသည် လန်ရှို့ယင်းထံသို့ ဖုန်းပြန်ဆက်လိုက်သည်။

ထိုအချိန်တွင် လန်ရှို့ယင်းမှာ လင်းစုယွီ သူမနှင့်အတူ လိုက်လာအောင် မည်သို့လုပ်ရမည်ကို ဟိုတယ်ဧည့်ခန်းဆောင်၌ ထိုင်စဉ်းစားနေဆဲ ဖြစ်သည်။

"ရဲဘော် လန်ရှို့ယင်း ဖုန်းလာနေတယ်" ဟု ဟိုတယ်ဧည့်ကြိုက စိတ်မရှည်သော လေသံဖြင့် အော်ပြောလိုက်သည်။ လန်ရှို့ယင်းမှာ နေ့တိုင်း အထုတ်အပိုးများနှင့် ဝင်လိုက်ထွက်လိုက် လုပ်နေသော်လည်း မည်သည့် လက်ဆောင် သို့မဟုတ် မုန့်ဖိုးမျှ မပေးသဖြင့် ဧည့်ကြိုဝန်ထမ်းက မကျေမနပ် ဖြစ်နေခြင်းပင်။

"မေမေ၊ အစ်မက အိမ်ပြန်ဖို့ ငြင်းနေတာလား။ သမီး ဒီနေ့အတွက် ရထားလက်မှတ် ဝယ်လိုက်ပြီ။ ကျင်းမန်မြို့ ဘူတာရုံကို မွန်းလွဲ ၃ နာရီမှာ လာကြိုပေးနော်။ သမီးလည်း အစ်မကို အတူတူ လိုက်ဖျောင်းဖျပေးမယ်။ သမီးပြောရင် သူ သေချာပေါက် ပြန်လိုက်လာမှာပါ" ချန်လီလီက ဖုန်းခဈေးကြီးသဖြင့် စကားမရှည်ဘဲ တိုက်ရိုက်ပင် ပြောချလိုက်သည်။

အံ့ဩစရာကောင်းသည်မှာ လန်ရှို့ယင်းက မကန့်ကွက်သည့်အပြင် ချန်လီလီကို ရထားပေါ်တွင် ဘယ်သူ့ကိုမှ မယုံရန်သာ မှာကြားလိုက်သည်။ လင်ပါသမီး ခိုင်းတာကို မပြီးမြောက်သေးသည်က တစ်ကြောင်း၊ လင်းစုယွီသာ ချန်မိသားစုထဲ ရောက်လာလျှင် ရမည့် အကျိုးအမြတ်များကို တွေးမိသည်က တစ်ကြောင်းကြောင့် လန်ရှို့ယင်းမှာ ငြင်းဆန်နိုင်ခြင်း မရှိခဲ့ပေ။

လီလီသာ ရောက်လာလျှင် လင်းစုယွီကို ချန်မိသားစုဆီ ချော့မော့ခေါ်သွားနိုင်ကောင်းပါရဲ့။ တကယ်တော့ လင်းစုယွီကို လက်ခံဖို့ ချန်လီလီ၏ ဖခင်ကို ဖျောင်းဖျပေးခဲ့သည်မှာ လီလီပင် ဖြစ်သည်။

လင်းစုယွီသာ အိမ်ကို ရောက်လာလျှင် အိမ်အလုပ်တွေ ခိုင်းလို့ရမည့်အပြင် အရွယ်ရောက်လျှင်လည်း တောင်းရမ်းခ (တင်တောင်းငွေ) ရနိုင်သည်ဟု လန်ရှို့ယင်းကို အကြံပေးခဲ့သူမှာလည်း လီလီပင် မဟုတ်ပါလား။

ယခု ကျင်းမန်မြို့သို့ ရောက်လာမှ လင်းစုယွီတွင် ကိုယ်ပိုင်အိမ်ဝန်းလေး တစ်ခုရှိနေကြောင်း သူမ သိလိုက်ရသည်။ အကယ်၍ ထိုကောင်မလေးကသာ သူမကို အမေအရင်းအဖြစ် အသိအမှတ်ပြုလိုက်လျှင် ထိုအိမ်ဝန်းမှာ သူမအပိုင် ဖြစ်လာပေတော့မည်။ ၎င်းကို ပြန်ရောင်းလိုက်လျှင် ယွမ်တစ်ထောင်လောက်တော့ အသာလေး ရနိုင်သည်လေ။

လန်ရှို့ယင်း တွေးလေလေ လင်းစုယွီကို ပြန်ရဖို့ စိတ်ပိုင်းဖြတ်လေလေ ဖြစ်လာသည်။ ရှေ့တင်ရောက်နေသည့် အဆီတစ်ထပ် အသားတစ်ထပ် ခဲဖွယ်ကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်ပါ့မလဲ။

ချန်လီလီသည်လည်း "စနစ်" ၏ မစ်ရှင်ကို လက်ခံလိုက်ပြီး နံနက် ၁၁ နာရီခွဲ ရထားလက်မှတ်ကို ဝယ်ယူလိုက်သည်။ အချိန်ကို ကြည့်လိုက်ပြီး အိမ်မှာ စာတစ်စောင် ချန်ထားကာ ဘူတာရုံသို့ ထွက်လာခဲ့တော့သည်။

မြို့တော်မှ ကျင်းမန်မြို့သို့ အကွာအဝေးမှာ ကီလိုမီတာ တစ်ရာကျော်သာ ဝေးသဖြင့် သုံးနာရီခန့်သာ ကြာပြီးနောက် ချန်လီလီ တစ်ယောက် ကျင်းမန်မြို့ ဘူတာရုံသို့ ဆိုက်ရောက်လာသည်။ ခဏမျှ စောင့်ဆိုင်းပြီးနောက် လန်ရှို့ယင်းက သူမကို လာရောက်တွေ့ဆုံသည်။

"လီလီရယ်... သမီးကတော့လေ လက်မှတ်ဝယ်ပြီး တစ်ယောက်တည်း ကျင်းမန်အထိ လာရဲတယ်လို့။ အမေဖြင့် စိတ်ပူလိုက်ရတာ သေတော့မယ်။ နောက်တစ်ခါ ဒီလိုမျိုး လုံးဝ မလုပ်နဲ့တော့နော်။ တစ်ခုခု ဖြစ်သွားရင် အမေ သမီးအဖေကို ဘယ်လို မျက်နှာပြရမလဲ"

လန်ရှို့ယင်းသည် ချန်လီလီ၏ လက်ကို ကိုင်ကာ ခြေဆုံးခေါင်းဆုံး ကြည့်ပြီး ဖုန်တစ်စက်တောင် မတင်မှန်း သိရမှ စိတ်အေးသွားတော့သည်။ လန်ရှို့ယင်းသည် လင်းစုယွီထက် ချန်လီလီအပေါ် ပို၍ အလိုလိုက်ကာ စိတ်ရင်းဖြင့် ချစ်ခင်ကြောင်း သိသာလှသည်။

"မေမေ၊ ဒါတွေ ထားလိုက်ပါတော့။ အစ်မကိစ္စ ဘာဖြစ်နေတာလဲ။ သူမက ကျွန်မတို့အိမ်ကို လိုက်လာဖို့ ဘာတွေ စိုးရိမ်စိတ်ပူနေတာလဲ"

ချန်လီလီသည် မစ်ရှင်ပြီးဆုံးရန် နှစ်ရက်သာ လိုတော့ကြောင်း ပြသနေသည့် "စနစ်" ကို ကြည့်ကာ စိတ်ပူလောင်နေမိပြီး မိထွေးဖြစ်သူ၏ အပိုစကားများကို နားမထောင်နိုင်တော့ပေ။

"အဲ့ဒီ အသုံးမကျတဲ့ လင်းစုယွီလေ... ငါက သူ့အမေအရင်းဆိုတာကို သက်သေပြမှ ယုံမယ်တဲ့။ ခက်တာက ဆယ်နှစ်ကျော်သွားပြီပဲ၊ ငါက သက်သေကို ဘယ်မှာ သွားရှာရမှာလဲ" လန်ရှို့ယင်းက ငြီးငြူလိုက်သည်။ ယခုအချိန်တွင် လန်ရှို့ယင်း၏ မျက်နှာတွင် လင်းစုယွီရှေ့၌ ပြသခဲ့သော နူးညံ့သိမ်မွေ့သည့် ပုံရိပ်များ အစအနပင် မရှိတော့ပေ။

"လင်းမိသားစုကို သိတဲ့လူ တစ်ယောက်မှ မတွေ့ဘူးလား။ မေမေက သူ့အမေအရင်းပဲဥစ္စာ၊ ဘယ်လိုလုပ် သက်သေမရှိဘဲ နေမလဲ"

"လီလီ၊ သမီးမသိလို့ပါ။ လင်းမိသားစုဝင်တွေ အကုန်လုံး ပြောင်းသွားကြပြီ။ ရပ်ကွက်ရုံးက မှတ်တမ်းတွေမှာလည်း သူ့မိဘတွေက တခြားလူတွေ ဖြစ်နေတယ်။ ဒီတော့ ငါက သူ့ကို ဘယ်လို သွားပြော ရမှာလဲ" လန်ရှို့ယင်းက ပြန်ပြောသည်။

လင်းမိသားစုကို သိသူများကိုလည်း ကြိုတင်သတိပေးထားပြီး ဖြစ်ရာ လန်ရှို့ယင်းဘက်က မည်သူမျှ သက်သေလိုက်ပေးမည် မဟုတ်ပေ။

"ဒါဆို ဘယ်လိုလုပ်မလဲ။ မေမေက အစ်မကို အမေအရင်းပါလို့ သေသေချာချာရော ရှင်းပြရဲ့လား။ ဒါမှမဟုတ် မေမေက တစ်ခုခုလုပ်လိုက်လို့ သူက မေမေ့ကို မကြည်ဖြူလို့ အသိအမှတ်မပြုတာလား။"

လန်ရှို့ယင်း၏ စရိုက်မှာ တစ်ခါတစ်ရံ စိတ်ပျက်စရာ ကောင်းတတ်သဖြင့် ချန်လီလီက ထိုသို့ တဲ့တိုးပင် မေးလိုက်ခြင်းဖြစ်သည်။

"ရှင်းပြတာပေါ့၊ လက်ဆောင်တွေတောင် ပေးခဲ့သေးတယ်။ ဒါပေမဲ့ သူမက ရပ်ကွက်ရုံးကိုပါ ဆွဲထည့်တာ။ လီလီရေ... တို့ ဘာဆက်လုပ်ကြမလဲ။ မိန်းကလေး တစ်ယောက်တည်း အိမ်ဝန်းကြီးထဲမှာ နေနေတာ၊ လူဆိုးတွေ အနိုင်ကျင့်မှာ မကြောက်ဘူးလား မသိဘူး၊ ဟင်း..."

'အိမ်ဝန်းကြီးထဲမှာ တစ်ယောက်တည်း နေတာလား။ အဲ့လောက်တောင် ချမ်းသာတာလား' ဟု တွေးကာ ချန်လီလီ၏ မျက်လုံးများ တောက်ပသွားသည်။ လင်းစုယွီမှာ ပိုက်ဆံရှိနေခြင်းက ကောင်းသည်၊ သူမ၏ မိထွေးမှာ ပိုက်ဆံဆိုလျှင် အသက်ထက်ပင် ချစ်သူ မဟုတ်ပါလား။

"မေမေ၊ အစ်မ အခု အိမ်မှာ ရှိလား။ လက်ဆောင်တွေယူပြီး သူ့အိမ်ကို သွားရအောင်။ သမီး သေသေချာချာ ပြောကြည့်မယ်၊ သူ သေချာပေါက် နားဝင်လာမှာပါ"

သားအမိနှစ်ယောက် စိတ်ချင်း ထပ်တူကျသွားကြသည်။ လန်ရှို့ရင်းသည် ဟိုတယ်သို့ ပြန်မသွားတော့ဘဲ ဘူတာရုံနားက ဆိုင်တစ်ခုတွင် သစ်သီးတစ်အိတ်ကို ရက်ရက်ရောရော ဝယ်ယူကာ ချန်လီလီနှင့်အတူ လင်းစုယွီ၏ အိမ်သို့ တန်းစီထွက်လာခဲ့တော့သည်။

သူတို့ လင်းစုယွီအိမ်သို့ ရောက်ချိန်တွင် လင်းစုယွီမှာ သူမ၏ နေရာလွတ်ထဲတွင် စိတ်စွမ်းအင်ကို လေ့ကျင့်ရင်း ကောက်ပဲသီးနှံများ စိုက်ပျိုးနေသည်။ အိမ်ရှေ့တံခါးကို ကျယ်လောင်စွာ ထုရိုက်သံကြောင့် ဘေးအိမ်က အဒေါ်ထောင်ပင် ဘာဖြစ်လဲဟု ထွက်ကြည့်ရတော့သည်။

"အော်... ရဲဘော်လန်ပါလား။ ဒီနေ့ စုယွီအိမ်ကို ဘာကိစ္စ ရှိလို့လဲ။ မနေ့ကတော့ ကျန်းတကျွီအိမ်ဘက်ကို ပြေးနေတာ မြင်သားပဲ" အဒေါ်ထောင် ပြောသည်။

လင်းစုယွီသည် အပြင်မှ အသံများကို ကြားသဖြင့် နေရာလွတ်ထဲမှ ထွက်လာကာ တံခါးဖွင့်ပေးလိုက်ရာ အဒေါ်ထောင် စကားကို အချိန်ကိုက် ကြားလိုက်ရသည်။

'ဟဲဟဲ... အဒေါ်‌ထောင်ကတော့ ငါ့စိတ်ကို သိနေသလိုပဲ' ဟု တွေးကာ အိမ်ထဲသို့ ဖိတ်ခေါ်ပြီး အကူအညီယူရန် ပြင်လိုက်သည်။

"နေကောင်းလား အဒေါ်။ သမီး အခုတင် အိပ်ရာနိုးလို့ ဒအဒေါ်နဲ့အတူ ဈေးဝယ်ထွက်မလို့ လုပ်နေတာ"

လင်းစုယွီသည် လန်ရှို့ယင်းတို့ သားအမိကို မမြင်ချင်ဟန်ဆောင်ကာ အဒေါ်ထောင်ကိုသာ နှုတ်ဆက်လိုက်သည်။

"စုယွီ... အမေ သမီးကို လာတွေ့တာ။ ဒါက သမီးရဲ့ ညီမလေး ချန်လီလီလေ။ သူက သမီးအကြောင်း ကြားတာနဲ့ မြို့တော်ကနေ ရထားကြီးစီးပြီး သမီးကို လာရှာတာ၊ သူက သမီးကို သိပ်ချစ်တာ" လန်ရှို့ယင်းက ဆိုသည်။

လန်ရှို့ယင်း ပြောပြီးသည်နှင့် ချန်လီလီကလည်း "ဟုတ်တယ်... ညီမလေးက အမြဲတမ်း အစ်မတစ်ယောက်လောက် ရှိချင်နေတာ။ အခု အစ်မကို တွေ့ရတော့ သိပ်ပျော်တာပဲ။ နောင်ကျရင် တို့တွေ ကျောင်းအတူတူသွား၊ ဈေးအတူတူ ဝယ်ကြမယ်လေ" ဟု ဝင်ပြောသည်။

"ရဲဘော်လန်၊ ဘာလို့ ကျွန်မကို ရှင်တို့သမီးလို့ ထင်နေရသေးတာလဲ။ ရပ်ကွက်ရုံးမှာ အားလုံး ရှင်းသွားပြီလို့ ကျွန်မ ထင်ထားတာ"

လင်းစုယွီက မျက်မှောင်ကြုတ်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေဟန် ဆောင်လိုက်သည်။ ထိုအခါ အဒေါ်ထောင်က လင်းစုယွီကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး လန်ရှို့ယင်းတို့ သားအမိကို ဒေါသတကြီး စိုက်ကြည့်နေတော့သည်။

All Chapters