← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အပိုင်း ၃၁ - စနစ်မှန်း သိရှိသွားခြင်း

အဒေါ်ထောင်က တစ်ယောက်တည်းနှင့် လူသောင်းချီကို အောင်နိုင်မည့် စစ်သူကြီးတစ်ဦးကဲ့သို့ တံခါးဝတွင် မားမားမတ်မတ် ရပ်နေသည်။ လန်ရှို့ယင်းနှင့် သူမ၏ သမီးဖြစ်သူမှာ စကားတစ်ခွန်းမှပင် အပိုမပြောရဲဘဲ အဒေါ်ထောင်အား တိုးလျှိုးတောင်းပန်သော လေသံဖြင့်သာ လင်းစုယွီ၏ အိမ်ထဲသို့ ဝင်ရောက်စကားပြောခွင့်ပြုရန် တောင်းဆိုနေကြသည်။

"မမကြီးထောင်... ကျွန်မတို့ စုယွီနဲ့ သေချာစကားပြောဖို့ အထဲကို ဝင်ခွင့်ပြုလို့ မရဘူးလားဟင်"

လင်းစုယွီက ခေါင်းညိတ်ပြတော့မှသာ အဒေါ်ထောင်က သူတို့ကို အထဲဝင်ခွင့်ပြုလိုက်သော်လည်း လင်းစုယွီ၏ လက်ကိုမူ လွှတ်မပေးပေ။

"ကောင်းပြီလေ... အထဲမှာပဲ ပြောကြတာပေါ့၊ ဒါပေမဲ့ ငါကိုယ်တိုင် ဒီမှာရှိနေပြီး စောင့်ကြည့်ရမယ်"

တွေ့ဆုံမှု အခြေအနေမှာ အဆင်မပြေမှန်း သိသာလာသည်နှင့် ချန်လီလီက မျက်မှောင်ကြုတ်ကာ ဘေးနားရှိ မိထွေးဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် မကျေနပ်မှုနှင့် အထင်အမြင်သေးမှုများ ပြည့်နှက်နေသည်ကို လင်းစုယွီ သတိထားမိလိုက်သည်။

"ကျွတ် ကျွတ်... လန်ရှို့ယင်းနဲ့ သူ့ရဲ့ သမီးအစစ်မဟုတ်တဲ့ ကောင်မလေးကြားက ဆက်ဆံရေးက ကြည့်ရတာ ထင်သလောက် မသာယာပါလား" လင်းစုယွီ တွေးလိုက်မိသည်။

သူမ၏ စိတ်ဝိညာဥ်စွမ်းအား ကြောင့် ၁၀ မီတာ ပတ်လည်အတွင်း ရှိသမျှအရာအားလုံးမှာ သူမ၏ သိမြင်မှုအောက်တွင် ရှိနေသည်။

"ရဲဘော်လန်နဲ့ ဒီဘက်က ရဲဘော်တို့... ထိုင်ကြပါ။ ကျွန်မ တစ်ခုလောက် မေးပါရစေ၊ ဘာလို့ ဒီလောက်တောင် ဆွေမျိုးတော်စပ်ဖို့ အတင်းအကျပ် လာလုပ်နေရတာလဲ။ ကျွန်မက ရဲဘော်လန်ရဲ့ သမီး ဟုတ်မဟုတ် ဆိုတာကို ထားပါဦး၊ ကျွန်မ ရဲဘော်လန်ကို မတွေ့ရတာ ၁၂ နှစ်တောင် ရှိပြီပဲ။ အခုမှ ဘာဖြစ်လို့ ရုတ်တရက်ကြီး ကျွန်မကို လာရှာရတာလဲ"

ယခုတစ်ကြိမ်တွင်မူ လင်းစုယွီက "အဒေါ်" ဟုပင် မခေါ်တော့ပေ။ သူမသည် အဒေါ်ထောင်နှင့်အတူ ထိုင်ချလိုက်ပြီး တစ်ဖက်လူကို ချွဲနွဲ့ခွင့် သို့မဟုတ် မိခင်နှင့်သမီး သံယောဇဉ်ကြီးမားဟန် သရုပ်ဆောင်ခွင့် မပေးတော့ဘဲ တည့်တိုးပင် မေးခွန်းထုတ်လိုက်သည်။

သူမသည် သွေးအေးသူတစ်ယောက် ဖြစ်သည့်အတွက် လူတွေ စိတ်ခံစားချက်ဖြင့် ကစားသည်ကို ကြည့်ရသည်မှာ စိတ်မပါလှပေ။ ၂၂ ရာစုတွင် လူတို့၏ စိတ်ခံစားချက်မှာ တည်ငြိမ်ပြီး ပြတ်သားမှု ရှိကြသည်။ ထို့ကြောင့် လန်ရှို့ယင်း၏ လိုအပ်ချက်များနေသော မိခင်ကောင်း သရုပ်ဆောင်မှုကို သူမ ကြည့်ရသည်မှာ အလွန်ပင် ပျို့အန်ချင်စရာ ကောင်းလှသည်။

"အစ်မရယ်... ဘာလို့ ဒီလိုပြောရတာလဲ။ အမေက အစ်မကို အမြဲတမ်း သတိရနေတာပါ။ အရင်က ကျွန်မတို့ မိသားစု အခြေအနေ မကောင်းလို့ အစ်မကို ခေါ်သွားရင် အစ်မ ဒုက္ခရောက်မှာစိုးလို့ အမေက မခေါ်ခဲ့တာ။ ဒါပေမဲ့ အခုတော့ အခြေအနေတွေ မတူတော့ဘူးလေ။ အစ်မက တစ်ယောက်တည်း နေနေရပြီး အရာရာကို ကိုယ့်ဘာသာကိုယ် ရုန်းကန်နေရတာ မြင်တော့ အမေက ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ။"

"ဒါကြောင့် အစ်မရဲ့ အခြေအနေကို သိသိချင်း အမေက ကျင်းမန်မြို့ကို အပြေးအလွှား လာခေါ်တာပေါ့။ ဒါနဲ့ အစ်မက ဘာလို့ အမေ့ကို အမေအရင်း မဟုတ်ဘူးလို့ ထင်နေရတာလဲ။ တစ်ယောက်ယောက်က အစ်မကို တစ်ခုခု လာပြောထားလို့လား။"

ချန်လီလီ၏ နှုတ်သီးမှာ အလွန်ပင် ကောင်းလှသည်။ အကယ်၍သာ မူလကိုယ် မိန်းကလေးသာဆိုလျှင် ဤကဲ့သို့ ချော့မော့ပြောဆိုမှုများကြောင့် မျက်ရည်များပင် ဝဲနေလောက်ပြီဖြစ်သည်။

"ဒါက... ရဲဘော်ရဲ့သမီးလား"

လင်းစုယွီက ချန်လီလီကို အကဲခတ်သည့် အကြည့်ဖြင့် တမင်စိုက်ကြည့်လိုက်သော်လည်း ချန်လီလီကမူ တည်တည်ငြိမ်ငြိမ်ပင် ရှိနေပြီး မည်သည့် မကျေနပ်မှုကိုမျှ မပြပေ။

"ရဲဘော်လန်... ကျွန်မ ပြီးခဲ့တဲ့တစ်ခေါက်ကပဲ ရှင်းရှင်းလင်းလင်း ပြောပြီးပြီထင်တယ်။ ကျွန်မအဖေက လင်းမိသားစုရဲ့ စာရင်းကိုင် 'လင်းချောင်ရင်း' ပါ။ ရှင်တို့ ထင်နေတဲ့ 'လင်းဟွာရှန်း' မဟုတ်ဘူး"

"သန်းခေါင်စာရင်းထဲမှာလည်း အထင်အရှား ရေးထားပြီးသားမို့လို့ အရှိတရားကို လက်ခံစေချင်ပါတယ်။ အဒေါ် အ‌ဒေါ့်သမီးအရင်းကို ရှာချင်တယ်ဆိုရင်တော့ လင်းမိသားစုရဲ့ သခင်ကြီး လင်းဟွာရှန်းကို သွားမေးလိုက်ပါ" လင်းစုယွီက အပြတ်အသတ် ငြင်း ဆိုလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမ၏ သန်းခေါင်စာရင်းက ထိုအတိုင်းပင် ရှိနေပြီး လန်ရှို့ယင်းအနေဖြင့်လည်း မည်သည့်သက်သေမှ ထုတ်ပြနိုင်မည် မဟုတ်ပေ။

ချန်လီလီမှာ ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်ချင်လာမိသည်။ ရင်ထဲတွင်လည်း အောင့်တက်နေကာ စကားလုံးများမှာ ထွက်မလာတော့ပေ။ လင်းစုယွီ စကားပြောလိုက်သည်နှင့် ဤမိန်းကလေးမှာ ကိုင်တွယ်ရခက်မှန်း သူမ သိလိုက်သည်။

သူမက သံယောဇဉ်တရားနှင့် ချော့ပြောလျှင်ပင် တစ်ဖက်မိန်းကလေးက သက်သေအထောက်အထားကိုသာ တည်တည်ငြိမ်ငြိမ် ပြောနေပြီး သူမစကားနောက်သို့ လုံးဝပါမလာခဲ့ပေ။

"အစ်မရယ်... အမေ့ရဲ့ အထူးအခြေအနေကြောင့် လင်းဟွာရှန်းက အစ်မကို လင်းမိသားစု စာရင်းကိုင်ရဲ့ နာမည်အောက်မှာ ထည့်ထားခဲ့တာလေ။ တကယ်တော့ အစ်မက သူ့သမီးပဲ၊ သူနဲ့ အမေနဲ့ ရခဲ့တဲ့ သမီးအရင်းပဲ"

"ဖတ်! သက်သေမရှိဘဲ လျှောက်မပြောနဲ့။ နင်တို့ ငါတို့ စုယွီကို ဒုက္ခပေးဖို့ ကြံနေတာမလား! ငါ သိသားပဲ။ ဘာတွေ လာပြီး ဆွေမျိုးစပ်နေတာလဲ။ စုယွီကို ကိုယ်လုပ်တော်သမီးလို့ နာမည်တပ်လိုက်ရင် ဘာကောင်းကျိုးရှိမှာမို့လို့လဲ။ ဘယ်အမေအရင်းကမှ ဒီလိုလုပ်မှာမဟုတ်ဘူး။ လန်ရှို့ယင်း... ရှင်ကတော့ ကျွန်မတို့ စုယွီရဲ့ အမေအရင်း လုံးဝ မဟုတ်နိုင်ဘူး"

လင်းစုယွီ မျက်ရည်မကျရသေးခင်မှာပင် အဒေါ်ထောင်က ဆက်နားမထောင်နိုင်တော့ဘဲ ဒေါသတကြီး ငေါက်ပစ်လိုက်သည်။

ချန်လီလီမှာ ဒေါသကြောင့် နောက်တစ်ကြိမ် စကားအမှားမှားအယွင်းယွင်း ဖြစ်သွားရပြန်သည်။ သူမက အထောက်အထားအကြောင်း ပြောနေသော်လည်း တစ်ဖက်လူကမူ အမေအရင်းတစ်ယောက်က ဤသို့လုပ်မည်လော မလုပ်မည်လော ဆိုသည်ကိုသာ ဆက်အငြင်းပွားနေသည်။

ရှေ့မှ လူကြီးတစ်ယောက် နှင့်လူငယ်တစ်ယောက်ကို ကြည့်ရင်း ဆွေမျိုးလာတော်စပ်ရသည်မှာ ဤမျှ ရူးချင်စရာကောင်းလိမ့်မည်ဟု ချန်လီလီ တစ်ခါမှ မတွေးဖူးခဲ့ပေ။

"စုယွီ... အမေက တကယ်ပဲ သမီးကို စိတ်ပူလို့ပါ။ အကယ်၍... အကယ်၍ အမေတို့ကို အသိအမှတ်မပြုတာက သမီးအတွက် ပိုသက်သာမယ်ဆိုရင် အမေ သမီးကို ထပ်ပြီး အတင်းအကျပ် မလုပ်တော့ပါဘူး"

လန်ရှို့ယင်းသည် စိတ်ခံစားချက်ဖြင့် ခြိမ်းခြောက်ရာတွင် အလွန်ကျွမ်းကျင်သူဖြစ်သည်။ သူမသည် နာကျင်ခံစားနေရသော မျက်နှာပေးမျိုး လုပ်လိုက်ပြီး ပြောရင်းဆိုရင်း မျက်ရည်များမှာ တပေါက်ပေါက် ကျလာတော့သည်။ အဒေါ်ထောင်က စိုးရိမ်စိတ်ကြောင့် လင်းစုယွီ၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

"ဟူး... ဘာလို့ ဒီလောက်တောင် သမီးတစ်ယောက်လိုချင်နေရတာလဲ ကျွန်မ တကယ် မသိတော့ဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ မိဘတွေအပေါ်မှာတော့ ကျေးဇူးကန်းလို့ မဖြစ်ဘူးလေ။ သူတို့က ကျွန်မကို မွေးထုတ်ခဲ့တာ၊ သူတို့ကို လျစ်လျူရှုပြီး တခြားသူတွေကို မိဘအဖြစ် ကျွန်မ အသိအမှတ် မပြုနိုင်ဘူး"

"သမီး... သမီး ဘယ်လိုဖြစ်ပြီး ကိုယ့်မိဘကို အဲဒီလို ကျိန်ဆိုရတာလဲ"

ယခုတစ်ကြိမ်တွင်မူ လန်ရှို့ယင်း တကယ်ပင် စိတ်ထိခိုက်သွားရသည်။ လင်းစုယွီက သူမ၏ မိဘအရင်းတွေ သေဆုံးသွားပြီဟု တိုက်ရိုက်ကျိန်ဆိုလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ အမှန်တကယ်တွင် လင်းမိသားစု၏ အပြင်ပန်း အမြင်၌ သူမသည် လင်းစုယွီ၏ အမေဖြစ်သည် မဟုတ်ပါလား။

လင်းစုယွီက ဤစကားများကို သူမကို ရည်ရွယ်ပြီး တမင်ပြောလိုက်မှန်း သိလိုက်ရသောအခါ လန်ရှို့ယင်း ရင်ထဲတွင် ဒေါသများ ဝုန်းခနဲ ထလာသည်။

"ဘာလို့ ကျိန်ဆဲတာ ဖြစ်ရမှာလဲ။ ကျွန်မ သန်းခေါင်စာရင်းထဲမှာ အရှင်းသား ရေးထားတာပဲလေ၊ အဖေ လင်းချောင်ရင်း၊ အမေ ပိုင်ဝမ်ချင်း၊ မိဘနှစ်ပါးစလုံး ကွယ်လွန်ပြီးသားလို့"

"ဘာပြောတယ်! ပိုင်ဝမ်ချင်း ဟုတ်လား။ ဘယ်လိုဖြစ်ပြီး ပိုင်ဝမ်ချင်း ဖြစ်နေရတာလဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!"

ထူးဆန်းစွာပင် လင်းစုယွီက 'ပိုင်ဝမ်ချင်း' ဆိုသည့် အမည်ကို ပြောလိုက်သည့်အခါ လန်ရှို့ယင်းမှာ ရုတ်တရက် ရန်လိုလာသည်။ သူမ၏ နုနယ်လှပသော မျက်နှာတွင် ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်များ ပေါ်လာပြီး ရုတ်တရက် မတ်တပ်ရပ်ကာ အတင်းအကျပ် မေးမြန်းတော့သည်။

"ရဲဘော်လန်... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါဦး"

လင်းစုယွီ၏ စိတ်ထဲတွင် သူမသည် ၂၂ ရာစုမှ လာသူသာ ဖြစ်သည့်အတွက် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ ရှိနေသော်လည်း မုလကိုယ်၏ ဆွေမျိုးများအပေါ် မည်သည့် ထူးခြားသော သံယောဇဉ်မှ ရှိမနေပေ။

သမီးအတွက်မူ မူလကိုယ်၏ မိဘအရင်းများမှာ အရေးမကြီးသလို အဓိပ္ပာယ်လည်း မရှိပေ။ သို့သော် အပြင်ပန်းတွင်မူ သိက္ခာရှိရှိပင် တုံ့ပြန်နေဆဲဖြစ်သည်။ လင်းစုယွီ၏ သတိပေးမှုကြောင့် လန်ရှို့ယင်းမှာ ရုတ်တရက် စိတ်ဓာတ်ကျသွားပြီး ပြင်းထန်သော ရိုက်ခတ်မှုတစ်ခု ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ထိုတုံ့ပြန်မှုကြောင့် လင်းစုယွီ ဇဝေဇဝါ ဖြစ်သွားသော်လည်း အလေးအနက် မထားတော့ပေ။ မည်သို့ပင်ဖြစ်စေ သူမသည် တခြားသူများအတွက် အင်အား အဖြုန်းမခံလိုတော့ပါ။

"ကောင်းပြီ... ကောင်းပြီ... သိက္ခာပေါ့လေ။ ငါ တကယ်ကို မလာခဲ့သင့်ဘူး။ ငါ မှားသွားတယ်"

ထိုသို့ပြောပြီးနောက် လန်ရှို့ယင်းမှာ စကားဆက်မပြောတော့ဘဲ ခေါင်းငိုက်စိုက်ချကာ ကုလားထိုင်ပေါ်တွင် ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။ မိထွေးဖြစ်သူပင် မည်သည့်အသာစီးမှ မရဘဲ လင်းစုယွီ၏ ပြတ်သားသော သဘောထားကိုသာ ရင်ဆိုင်လိုက်ရသည်ကို ချန်လီလီ မြင်တွေ့လိုက်ရသည်။

ဘာလို့ ဒီလို ဖြစ်ရတာလဲ။ လင်းစုယွီက သူတို့ကို အခွင့်အရေး တစ်စက်ကလေးတောင် မပေးဘူးပဲ! အပျော့နည်းရော အမာနည်းရော ဘာမှမတိုးဘူး။ သူမရဲ့ မစ်ရှင်က ကျရှုံးတော့မှာလား။

ထိုအချိန်တွင် စနစ် ဆီမှ မစ်ရှင်အသစ်အတွက် အကြောင်းကြားသံ ထပ်မံထွက်ပေါ်လာသည်။ ချန်လီလီက စိတ်ထဲမှနေ၍ မစ်ရှင်ဘောင်ကို ဖွင့်ကြည့်ကာ မစ်ရှင်အသစ်၏ အကြောင်းအရာကို ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။

"ဒင်ဒင်ဒေါင်... ဒင်ဒင်ဒေါင်... ဒင်ဒင်ဒင်ဒင်... ဒေါင်"

ခရစ္စမတ်သီချင်းလား။ အခုအချိန် တရုတ်ပြည်မှာ ခရစ္စမတ်သီချင်းတွေ ဆိုနေကြပြီလား။ ပြီးတော့ ဒါက အီလက်ထရွန်နစ်အသံနံ ခရစ္စမတ်သီချင်းပဲ...

လင်းစုယွီက သူမ၏ စွမ်းအားကို အာရုံစိုက်ထားချိန်တွင် ထူးဆန်းသော အီလက်ထရွန်နစ် အသံတစ်ခုကို ဖမ်းယူရရှိလိုက်သည်။ ဝိုင်းထဲရှိ လူတိုင်းကို ကြည့်လိုက်ရာ ချန်လီလီ၏ မျက်နှာပေးမှာ သိသိသာသာ ပျက်ယွင်းနေသည်ကို တွေ့လိုက်ရသည်။

"စုယွီ... အစ်မက ကျွန်မကို ညီမအဖြစ် အသိအမှတ် မပြုချင်ဘူးဆိုရင်တောင် ကျွန်မကတော့ အစ်မကို ကိုယ့်အစ်မအရင်းလိုပဲ အမြဲတမ်း သဘောထားမှာပါ။ ကျွန်မတို့ မနက်ဖြန် ပြန်တော့မှာမို့လို့... ကျွန်မ တောင်းဆိုချက်တစ်ခုလောက် မေးပါရစေ။ ကျွန်မ အစ်မနဲ့ လက်ဆောင်ချင်း လဲချင်တယ်"

ချန်လီလီက ရုတ်တရက် စိတ်ပြောင်းသွားပြီး လက်ဆောင်လဲရန် အတင်းအကျပ် ကမ်းလှမ်းလာသည်မှာ လင်းစုယွီကို ပို၍ သံသယဝင်စေသည်။ လင်းရှင်းယောင် အဓိကဇာတ်ဆောင်ဖြစ်သည့် ထိုစာအုပ်ထဲတွင် ချန်လီလီက မည်သည့်အခန်းကဏ္ဍက ပါဝင်ခဲ့သည်ကို လင်းစုယွီ ပြန်စဉ်းစားကြည့်သည်။

သို့သော် သူမ၏ မှတ်ဉာဏ်ထဲတွင် ထိုစာအုပ်မှာ မူလကိုယ် ချန်မိသားစုတွင် မည်သို့ဆက်ဆံခံရသည်ကိုသာ အနည်းငယ် ဖော်ပြထားပြီး အခြား အသုံးဝင်သော အချက်အလက်များ မပါရှိပေ။

ချန်လီလီ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ လင်းစုယွီ၏ ဆဋ္ဌမအာရုံက လက်မခံရန် ပြောနေပြီး သူမကိုယ်တိုင်လည်း သဘောမတူလိုပေ။

"စိတ်မကောင်းပါဘူး... မလဲဘူး။ ကျွန်မက သူစိမ်းတွေနဲ့ လက်ဆောင်လဲရတာ ဝါသနာမပါဘူး၊ အဲဒါက ကျွန်မကို စော်ကားသလို ခံစားရလို့ပါ"

လင်းစုယွီ၏ ငြင်းဆိုမှုမှာ အလွန်ပင် ပြတ်သားလှသည်။ အဒေါ်ထောင်မှာပင် စိတ်အေးသွားပြီး ပြုံးမိသွားသည်။ စုယွီမှာ သူမထင်သလောက် အားမငယ်သည်ကို တွေ့ရ၍ ဝမ်းသာမိသည်။

【မစ်ရှင် ကျရှုံးသည်။ တာဝန်လက်ခံသူ Host အနေဖြင့် အပြစ်ပေးမှုကို ခံယူပါရန်။】

...တောက်! ဒါက တကယ့်ကို 'စနစ်'ပဲ!!!

...တောက်! မစ်ရှင်က တကယ်ပဲ ကျရှုံးသွားတာလား!!!

လင်းစုယွီနှင့် ချန်လီလီတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း စိတ်ထဲမှ ကျိန်ဆဲလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters