အခန်း ၃၃
Vol. 4 Ch. 33
အပိုင်း ၃၃ - မကောင်းသော ရည်ရွယ်ချက်များ
လျန်ဟွေ့ဆိုတဲ့ကလေးမလေးက ဒီလောက်အူထုံထုံနဲ့ အရူးလုပ်ရတာ လွယ်လိုက်တာဟု ချန်လီလီက စိတ်ထဲကနေ ကဲ့ရဲ့နေမိသည်။
သို့သော်လည်း နှုတ်ဖျားကမူ ချိုသာသော စကားလုံးများဖြင့် ချော့မော့မြှောက်ပင့်ရင်း လျန်ဟွေ့၏ ပတ်ဝန်းကျင်မှ လူများအကြောင်းနှင့် တစ်ခြား အကြောင်းအရာများကို မသိမသာ မေးမြန်းနေခဲ့သည်။ ထိုမှတစ်ဆင့် လင်းစုယွီ အကြောင်းကိုလည်း ပရိယာယ်ကြွယ်ဝစွာဖြင့် လှည့်ပတ်စုံစမ်းလေသည်။
"အား... ရှောင်ဟွေ့ရယ်၊ စာလည်းတော် ဟင်းချက်လည်းတော်တဲ့ လင်းစုယွီလို သူငယ်ချင်းကောင်းမျိုး ရထားတာ မမ တကယ်အားကျမိတယ်။ မမ မှာလည်း အဲ့ဒီလို တော်တဲ့သူငယ်ချင်းမျိုးသာ ရှိရင် သိပ်ကောင်းမှာပဲ"
လျန်ဟွေ့သည် သူမ၏သူငယ်ချင်းကောင်း လင်းစုယွီအကြောင်းကို ပြောလိုက်သည်နှင့် သူမ၏ မျက်နှာလေးမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ဝင်းပသွားသည်။ စုယွီက တကယ့်ကို တော်သူတစ်ဦး ဖြစ်သည်။ သူတို့ထက် တစ်နှစ်ကြီးသည့် မမလီပင်လျှင် စုယွီကို အထင်ကြီးလေးစားရသည် မဟုတ်ပါလား။
"ဒါက မခက်ပါဘူး။ နောက်ကျရင် စုယွီနဲ့ မိတ်ဆက်ပေးမယ်လေ။ မမက ဒီလောက် စိတ်ထားကောင်းတာ၊ စုယွီလည်း မမကို သေချာပေါက် သဘောကျမှာပါ။" ဟု ရိုးသားဖြူစင်လှသော လျန်ဟွေ့က ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ ကတိပေးလိုက်သည်။
ချန်လီလီသည် သူမ၏ ကြင်နာတတ်သော၊ ရက်ရောသော၊ တက်ကြွသော ပုံစံကို မည်မျှအထိ ပိုင်နိုင်စွာ ဟန်ဆောင်ထားနိုင်သည်ကို ဤနေရာတွင် သိသာလှပေသည်။
စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာသည်နှင့် ချန်လီလီသည် လျန်ဟွေ့ကို ချဉ်းကပ်ရန်နှင့် သူမ၏ ယုံကြည်မှုကို ရယူရန်ဟူသော တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
"ရှောင်ဟွေ့လို သူငယ်ချင်းမျိုး ရတာကို မမတကယ် ကံကောင်းလှပါပြီ။ ညီမလေးရဲ့သူငယ်ချင်းနဲ့တောင် မိတ်ဆက်ပေးဦးမယ်ဆိုတော့..."
ပါးစပ်ကသာ ဤသို့ပြောနေသော်လည်း "အရူးမလေးပဲ" ဟု ချန်လီလီက စိတ်ထဲတွင် အောင်နိုင်သူတစ်ယောက်လို လှောင်ပြောင်ကျိန်ဆဲနေပြီး မျက်နှာပေါ်မှ အပြုံးများကလည်း ပိုကြီးမားလာတော့သည်။
မနေ့က လင်းစုယွီကို ချဉ်းကပ်ဖို့ ကြိုးစားရာတွင် မအောင်မြင်ခဲ့သဖြင့် လျှပ်စစ်ရှော့ခ်တိုက်သည့် အပြစ်ဒဏ်ကို ခံခဲ့ရသည်။ ထိုအဖြစ်အပျက်ကြောင့် ချန်လီလီသည် ကြောက်လည်းကြောက်၊ ဒေါသလည်းထွက်နေသော်လည်း လက်လျှော့ဖို့မူ လုံးဝစိတ်မကူးပေ။
ယနေ့တွင် လျန်ဟွေ့ကို ချဉ်းကပ်သည့် တာဝန်အောင်မြင်သွားပြီး ရရှိလာသည့် ရက်ရောသော ဆုလာဘ်များကို မြင်လိုက်ရသောအခါ သူမ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်ရလာပြီး လင်းစုယွီကို သိမ်းသွင်းနိုင်ဖို့ မျှော်လင့်ချက် ပြန်လည် မြင်လာရသည်။
လျန်ဟွေ့ကို ချဉ်းကပ်သည့် တာဝန်အတွက် စနစ်က သူမကို စားနပ်ရိက္ခာကူပွန်များ၊ အသားကူပွန်များနှင့် ငွေကျပ် ၂၀ တို့ကို ဆုလာဘ်အဖြစ် ပေးအပ်ခဲ့သည်။ ၎င်းမှာ အလွန်ပင် ရက်ရောလှပေရာ သူမ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သည့် ငွေများပင်လျှင် ဤတာဝန်တစ်ခုတည်းမှ ရသည့်ငွေလောက် မများပေ။
နောင်တွင် လျန်ဟွေ့ကို အသုံးချပြီး လင်းစုယွီနှင့် နီးစပ်အောင် လုပ်မည်ဟု ချန်လီလီ တစ်ယောက် မောက်မာစွာ တွေးတောနေစဉ်မှာပင် လျန်ဟွေ့၏ မိခင်ဖြစ်သူ လျန်ကတော် ပြန်ရောက်လာခဲ့သည်။
"ဟွေ့ဟွေ့... ဒါ ဘယ်သူလဲ"
သမီးဖြစ်သူမှာ သူငယ်ချင်းအသစ် ရနေသည်လား။ လျန်ကတော်သည် အနည်းငယ် မောက်မာတတ်သူ ဖြစ်သော်လည်း သမီးဖြစ်သူ၏ သူငယ်ချင်းအနည်းငယ်အပေါ်တွင်မူ အမြဲပင် စေတနာထားတတ်သည်။
ထို့ကြောင့်လည်း ချန်လီလီတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေလိမ့်မည်ဟု သူမ မသင်္ကာဖြစ်မနေသလို၊ အခြားသူများကို တွေ့လျှင် အကဲခတ်တတ်သကဲ့သို့လည်း ချန်လီလီကို ဝေဖန်ဆန်းစစ်သော မျက်လုံးများဖြင့် ကြည့်မနေခဲ့ပေ။
လျန်ဟွေ့ရဲ့ အမေလား။ သူမရှေ့တွင် ရပ်နေသော အမျိုးသမီးကို ကြည့်လိုက်သည်။ စစ်စိမ်းရောင် အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး ပညာတတ်အရှိန်အဝါ အပြည့်ရှိသော ထိုအမျိုးသမီးမှာ အနည်းငယ် မာနကြီးမည့် ပုံစံမျိုး ရှိသည်။
ချန်လီလီသည် သူမ၏ မိထွေးဖြစ်သူ လန်ရှို့ယင်းနှင့် ထိုအမျိုးသမီးကို မသိမသာ နှိုင်းယှဉ်ကြည့်မိသည်။ ခေတ္တအကြာတွင်မူ သူမ၏ မိထွေးနှင့် ဤအမျိုးသမီးတို့ ဘာကြောင့် တစ်ယောက်ကိုတစ်ယောက် သဘောမကျကြသည်ကို သူမ မအံ့သြတော့ပေ။
မိမိထက် ဘက်ပေါင်းစုံက သာလွန်နေသူကို မည်သူက သဘောကျပါမည်နည်း။ လန်ရှို့ယင်းသည် ငယ်စဉ်ကတည်းက သူမ၏ အလှအပနှင့် အရည်အချင်းကို ဂုဏ်ယူခဲ့သူဖြစ်ပြီး ထိုအလှကြောင့်ပင် လင်းမိသားစုထဲသို့ ကိုယ်လုပ်တော်အဖြစ် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် လျန်ကတော်၏ ရုပ်ရည်နှင့် အရှိန်အဝါမှာမူ လန်ရှို့ယင်းထက်ပင် ပိုလှပပြီး ခန့်ညားလွန်းနေသည်။
"မေမေ ပြန်လာပြီပဲ။ ဒါ သမီးရဲ့ သူငယ်ချင်းအသစ် ချန်လီလီလေ။ မေမေ မသိလို့နော် ဒီနေ့ သမီး လူဆိုးတွေနဲ့ တိုးတာ။ မမလီလီနဲ့ သူ့အမေသာ မကယ်ရင် သမီး အနိုင်ကျင့်ခံရတော့မှာ"
လျန်ဟွေ့သည် သူမ၏ မိခင်ရင်ခွင်ထဲသို့ တိုးဝင်ကာ ယနေ့ကြုံတွေ့ခဲ့ရသမျှ မကျေနပ်ချက်များကို ရင်ဖွင့်ပြီး လန်ရှို့ယင်းတို့ သားအမိနှင့် တွေ့ခဲ့ပုံကို အသေးစိတ် ပြန်ပြောပြလေသည်။
လူကယ်တယ် ဟုတ်လား။ ကိုယ့်ကလေးနဲ့ကိုယ် ရှိနေပါလျက် သူတစ်ပါးကို ကယ်ဖို့ ကြိုးစားတယ်ဆိုတော့...
ဒီလူက တကယ့်ကို ကိုယ်ကျင့်တရား ကောင်းမွန်လွန်းသူ ဖြစ်ရမယ်၊ ဒါမှမဟုတ်ရင်လည်း ကိုယ့်သမီးကို လုံလောက်အောင် မချစ်တဲ့၊ သတိမထားတတ်တဲ့ မိခင်မျိုး ဖြစ်ရမယ်။
လျန်ကတော်၏ အတွေးတွင်မူ သူမသာ လျန်ဟွေ့နှင့်အတူရှိနေစဉ် ထိုသို့ကြုံရပါက ကိုယ်တိုင်ဝင်ပါမည် မဟုတ်ပေ။ မိမိကလေး၏ လုံခြုံရေးမှာ အရေးကြီးဆုံးဖြစ်ပြီး၊ အလွန်ဆုံးရှိလှ အခြားသူများကိုသာ အကူအညီတောင်းပေးလိမ့်မည် ဖြစ်သည်။
"အော်... အဲ့လိုလား။ လီလီ၊ သမီးနဲ့ သမီးမေမေတို့ အဒေါ်ရဲ့ သမီးလေးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အဒေါ် က သမီးမေမေကို ကိုယ်တိုင် ကျေးဇူးတင်ချင်လို့ အိမ်ကို ထမင်းစား ဖိတ်ချင်တယ်။ သမီးမေမေ အချိန်ရမလား မသိဘူးနော်"
"အား... မလိုပါဘူး အဒေါ် ရယ်။ သမီးမေမေက အမြဲတမ်း စိတ်ကောင်းရှိပြီး တခြားသူတွေကို ကူညီရတာ ဝါသနာပါတာပါ။ သူက သမီးကို အမြဲသင်ပေးတယ်၊ ကောင်းတာလုပ်ရင် နာမည်မခံနဲ့၊ အကျိုးအမြတ်မမျှော်ဘဲ ကူညီရမယ်တဲ့"
ချန်လီလီက လက်ကိုခါယမ်းကာ ငြင်းရင်း သူမမိခင်၏ မြင့်မြတ်သော ပုံရိပ်ကို အမွမ်းတင်ရန်လည်း မမေ့ခဲ့ပေ။
"သမီးမေမေက ကိုယ်ကျင့်တရား ဒီလောက်ကောင်းတာဆိုတော့ အဒေါ် ပိုလို့တောင် တွေ့ချင်သွားပြီ။ မငြင်းပါနဲ့ လီလီရယ်။ သမီးနဲ့ ဟွေ့ဟွေ့က သူငယ်ချင်းတွေပဲဟာ၊ အဒေါ် လည်း သမီးမေမေနဲ့ သူငယ်ချင်းဖြစ်ချင်တာပေါ့။ ဒါဆို ပိုမကောင်းဘူးလား"
လျန်ကတော်က အလေးအနက် ပြောဆိုလိုက်ရာ လျန်ဟွေ့ကလည်း သူမမိခင်၏ လုပ်ရပ်မှာ သူငယ်ချင်းအသစ်ကို လက်ခံလိုက်ခြင်းဖြစ်သည်ဟု ယူဆကာ ဝမ်းသာအားရ လက်ခုပ်တီး ထောက်ခံလေသည်။
"ဟုတ်တယ် မမလီလီ၊ အဒေါ် လန်ကို ထမင်းစားလာဖို့ ခေါ်လိုက်ပါနော်။ မေမေ့လက်ရာကလည်း သိပ်ကောင်းတာ။ ဒီနေ့ အဒေါ်လန်က သမီးကို အစိုးရစားသောက်ဆိုင်မှာ ကျွေးထားတာဆိုတော့ သမီးတို့ဘက်ကလည်း ပြန်ကျွေးရမှာပေါ့။ မေမေ... ဟုတ်တယ်မလား"
"ဟုတ်တာပေါ့၊ ဟွေ့ဟွေ့ ပြောတာမှန်တယ်။ သူငယ်ချင်းအချင်းချင်း ဆိုတာ အပေးအယူ ရှိမှ ရေရှည်ခိုင်မြဲတာ"
လန် ဆိုတဲ့ မျိုးရိုးအမည်လား။ လျန်ကတော်၏ မျက်ဝန်းများ အနည်းငယ် မှေးစင်းသွားသည်။ လွန်ခဲ့သော နှစ်ရက်ခန့်က အိမ်သို့ ရောက်လာခဲ့သော လန်ရှို့ယင်းကို သူမ ပြန်လည် အမှတ်ရသွားခြင်း ဖြစ်သည်။
လျန်ကတော်သည် ချန်လီလီကို စတင် အကဲခတ်တော့သည်။ သူမ၏ စိတ်ရင်းနှင့် ဖိတ်ကြားမှုကို ချန်လီလီက အလန့်တကြား ငြင်းဆန်နေပုံမှာ တစ်ခုခု ထူးဆန်းနေသည်။ အစပိုင်း ငြင်းဆိုမှုမှာ ပုံမှန်ဟု ထင်ရသော်လည်း အတင်းအကျပ် ဖိတ်ကြားလာသောအခါ ချန်လီလီ၏ တုံ့ပြန်မှုမှာ သိသိသာသာ ပျာယာခတ်လာသည်။
ချန်လီလီမှာ ငယ်သေးသူဖြစ်၍ စိတ်လှုပ်ရှားလာသောအခါ သူမ၏ တုံ့ပြန်မှုများမှာ ယခင်ကကဲ့သို့ ပါးနပ်မှု မရှိတော့ပေ။
"တကယ်... တကယ် မလိုပါဘူး။ သမီးမေမေက တခြားသူတွေအပေါ် အခွင့်အရေးယူရမှာ မကြိုက်ဘူး၊ ပြီးတော့ သူက အပြင်ထွက်ပြီး လူမှုရေးလုပ်ရတာလည်း ဝါသနာမပါဘူး"
ချန်လီလီက ဆင်ခြေတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။ သို့သော် လျန်ကတော်ကမူ ပို၍ပင် သံသယဝင်သွားသည်။ လူမှုရေး မလုပ်ချင်သောသူက သူတစ်ပါးကို ကူညီဖို့ကျတော့ ရှေ့က ထွက်လာလား။ ဤမျှ ဆန့်ကျင်ဘက်ဖြစ်နေသော လူစားမျိုးကို သူမ တစ်ခါမျှ မကြုံဖူးချေ။
"အော်... အဲ့လိုလား။ ခုနက ဟွေ့ဟွေ့ ပြောတာတော့ သမီးမေမေကို အဒေါ် လန် လို့ ခေါ်တာ ကြားလိုက်တယ်။ သမီးမေမေ မျိုးရိုးက လန် လား။ ဒီဒေသမှာ ဒီမျိုးရိုးက တော်တော် ရှားတယ်နော်။ ဒါပေမဲ့ အဒေါ် သိတဲ့ အမျိုးသမီးတစ်ယောက်ကလည်း လန် ပဲ။ အဲ့ဒါ တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် သမီးတို့နဲ့ တော်စပ်လားလို့"
လျန်ကတော်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သော်လည်း ချန်လီလီမှာမူ ချွေးစေးများ ပြန်လာသည်။ 'လျန်ဟွေ့အမေက ဘာလို့ ဒါကို ရုတ်တရက် မေးရတာလဲ။ သေစမ်း... ငါက လန်ရှို့ယင်းရဲ့ သမီးဆိုတာကို သူ သိသွားပြီလား။'
"မ... မဟုတ်ပါဘူး။ သမီးမေမေက ဒီမှာ ဆွေမျိုးမရှိပါဘူး"
ချန်လီလီ၏ ထိတ်လန့်တကြား တုံ့ပြန်မှုက မသင်္ကာစရာ ပိုကောင်းနေသော်လည်း လျန်ကတော်ကမူ သူမ၏ စိတ်ထဲတွင် အဖြေတစ်ခု ရရှိသွားပြီဖြစ်၍ ဆက်မစမ်းသပ်တော့ပေ။
"အဒေါ်... ဟွေ့ဟွေ့၊ အချိန်လည်း နောက်ကျနေပြီဆိုတော့ သမီး ပြန်လိုက်ဦးမယ်။ ဒီနေ့ ဟွေ့ဟွေ့နဲ့ တွေ့ရတာ သမီး တကယ် ဝမ်းသာပါတယ်။ မနက်ဖြန်လည်း ထပ်လာလည်လို့ ရမလားဟင်"
ချန်လီလီသည် လျန်ကတော်၏ ဖိတ်ကြားမှုကို မည်သို့ငြင်းရမှန်း မသိတော့သဖြင့် ထွက်ပြေးရန်သာ ကြံတော့သည်။ သို့သော် လျန်ဟွေ့ကဲ့သို့ အသုံးဝင်သော သူငယ်ချင်းမျိုးကိုလည်း လက်မလွှတ်နိုင်သဖြင့် မနက်ဖြန်အတွက် ချိန်းဆိုမှု ပြုလုပ်ခဲ့သည်။
"ရတာပေါ့။ ညီမက နွေရာသီကျောင်းပိတ်ရက်ဆို အိမ်မှာပဲ ရှိတာ။ အချိန်မရွေး လာလည်လို့ ရတယ်နော်"
လျန်ဟွေ့က အမြဲတမ်းလိုပင် တက်ကြွစွာ ဖြေကြားသည်။ ချန်လီလီ ညနေစာစားချိန်ထိ မနေနိုင်သည်ကိုမူ သူမက နှမြောတသ ဖြစ်နေမိသည်။
လျန်ကတော်က ဘာမှဝင်မပြောဘဲ ဘေးကနေ ပြုံးရုံသာ ပြုံးပြလျက် ချန်လီလီကို အိမ်ပြင်အထိ လိုက်ပို့ပေးသည်။ သူမ ပြန်ဝင်လာသောအခါ သူမ သမီးကို မေးလိုက်သည်။
"ဟွေ့ဟွေ့... ဒီကို လာထိုင်ပါဦး။ ဒီနေ့ အကြောင်းကို အသေးစိတ် ပြန်ပြောပြလို့ ရမလား။ ပြီးတော့ ချန်လီလီရဲ့ အမေ ဘယ်လိုပုံစံလဲဆိုတာ သမီး မှတ်မိလား"
လျန်ဟွေ့သည် ငယ်စဉ်ကတည်းက ရုပ်ပြစာအုပ်များ ဖတ်ရသည်ကို ဝါသနာပါပြီး ပုံဆွဲရသည်ကိုလည်း နှစ်သက်သူဖြစ်သည်။ ထို့ကြောင့်လည်း သူမတွင် ပုံဆွဲစွမ်းရည် ကောင်းကောင်းရှိသည်ကို ပြင်ပလူ အနည်းငယ်သာ သိကြသည်။
လျန်ကတော်သည် ချန်လီလီ၏ မိခင်မှာ လန်ရှို့ယင်း ဖြစ်နေမလားဟု သံသယရှိနေသဖြင့် သမီးဖြစ်သူကို ပုံဆွဲခိုင်းကာ အတည်ပြုရန် ကြံစည်လိုက်ခြင်း ဖြစ်သည်။
လျန်ဟွေ့က ယနေ့ဖြစ်ပျက်သမျှကို တစ်ခုမကျန် ပြန်ပြောနေစဉ်မှာပင် လျန်ကတော်က စုတ်တံနှင့် ပုံဆွဲစာအုပ်ကို ယူလာပေးပြီး လူပုံတူတစ်ခု ဆွဲခိုင်းလိုက်သည်။
"တောက်! လန်ရှို့ယင်း... နင် ဘာတွေ ကြံစည်နေတာလဲ။ ငါ့သမီးနားကိုတောင် ချဉ်းကပ်ရဲတယ်ပေါ့၊ နင် တကယ်ပဲ အသေစောချင်နေပြီပဲ"
ပုံဆွဲစက္ကူပေါ်မှ ရင်းနှီးနေသော ထိုရုပ်ပုံကို ကြည့်ရင်း လျန်ကတော်၏ ရင်ထဲတွင် ဒေါသများနှင့်အတူ ထိတ်လန့်တုန်လှုပ်မှုများကလည်း ရောပြွမ်းလျက် ရှိနေတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း