အခန်း ၃၄
Vol. 4 Ch. 34
အပိုင်း ၃၄ - ပြတ်သားသော နည်းဗျူဟာများ
သူမ၏ သမီးဖြစ်သူကို အလွန်အမင်း အလိုလိုက် အကာအကွယ်ပေးခဲ့မိလေလားဟု လျန်ကတော်ကြီး နောင်တရမိသွားသည်။ သူမ၏သမီးမှာ ရိုးအအေးအေးနှင့် သူစိမ်းများအပေါ် သတိထားရကောင်းမှန်း၊ ဝေဖန်ပိုင်းခြားရကောင်းမှန်း မသိရှာပေ။ ထို့ကြောင့်ပင် မရိုးသားသော ရည်ရွယ်ချက်ရှိသူများအတွက် အသုံးချရန် အလွန်လွယ်ကူသော ပစ်မှတ်တစ်ခု ဖြစ်နေရခြင်းပင်။
တစ်ဖက်တွင်လည်း ပြဿနာကို အချိန်မီ ရိပ်မိလိုက်သည့်အတွက် ဝမ်းသာမိပြန်သည်။ လန်ရှို့ယင်းတွင် မည်သို့သော မကောင်းကြံစည်မှုမျိုးပဲ ရှိနေပါစေ၊ ယခုအချိန်မှစ၍ သူမ၏သမီးကို အသုံးချနိုင်ရန် လုံးဝစိတ်မကူးလေနှင့်တော့။
လျန်ကတော်ကြီးမှာ စကားထက် အလုပ်ကို ပိုဦးစားပေးသည့် အမျိုးသမီးဖြစ်သည်။ နောက်တစ်နေ့ နံနက်စောစောတွင် လင်းစုယွီကို ခေါ်ယူပြီး သမီးဖြစ်သူ လျန်ဟွေ့ကို ကူညီစောင့်ရှောက်ပေးရန် အကူအညီတောင်းရုံသာမက လန်ရှို့ယင်းအကြောင်း စုံစမ်းထောက်လှမ်းမှုများကိုပါ ပြုလုပ်ခဲ့သည်။
"စုယွီ... တို့ရဲ့ ဟွေ့ဟွေ့ကို မင်းလက်ထဲပဲ အပ်ထားပါရစေ။ လန်ရှို့ယင်း ကိစ္စကတော့ အဒေါ် ကိုယ်တိုင် ဖြေရှင်းလိုက်မယ်။ စိတ်မပူပါနဲ့၊ သူ မင်းအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေရဘူးလို့ အဒေါ် အာမခံတယ်"
"စိတ်ချပါ အဒေါ်၊ လျန်ဟွေ့အတွက် ကျွန်မ ဘာလုပ်ပေးရမလဲဆိုတာ ကောင်းကောင်းသိပါတယ်"
လင်းစုယွီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ "ဒီနေ့လည်း ကံကောင်းပြန်ပြီ" ဟု ဆိုကာ ပျော်ရွှင်နေမိသည်။ လျန်မိသားစုကို ပစ်မှတ်ထားခဲ့သည့် လန်ရှို့ယင်းကိုပင် ကျေးဇူးတင်ရပေမည်။ သို့မဟုတ်ပါက ဤကဲ့သို့သော အခွင့်အရေးမျိုး သူမ ရလာမည်မဟုတ်ပေ။
အမှန်စင်စစ် လျန်ကတော်ကြီးသည် လန်ရှို့ယင်းအကြောင်း မေးမြန်းနေစဉ်မှာပင် လင်းစုယွီနှင့် သဘောတူညီချက်လေးတစ်ခု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် လျန်ဟွေ့ကို ပိုစောင့်ရှောက်ပေးရန်နှင့် သူငယ်ချင်းအပေါင်းအသင်း ရွေးချယ်တတ်စေရန် အကြံပေးလမ်းပြပေးရန် သူမက မျှော်လင့်နေသည်။
အချုပ်အားဖြင့်ဆိုရသော် လင်းစုယွီအနေဖြင့် လျန်ဟွေ့ကို စောင့်ကြည့်ပေးရမည်ဖြစ်ပြီး မသမာသူများ၏ အသုံးချခြင်းကို မခံရအောင် ကာကွယ်ပေးရမည်ဖြစ်သည်။
ယင်းအတွက် အပြန်အလှန်အနေဖြင့် လင်းစုယွီသည် လျန်မိသားစု၏ အကာအကွယ်ကို ရရှိမည်ဖြစ်သည်။ ဤအချက်သည်ပင် လျန်ကတော်၏ "သမီးဖြစ်သူကို ပြုပြင်ပြောင်းလဲရေး" အစီအစဉ်တွင် လင်းစုယွီ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် လုံလောက်သော အကြောင်းပြချက် ဖြစ်ခဲ့သည်။
လျန်မိသားစု၏ အကာအကွယ်ကို ရရှိခြင်းမှာ အလွန်ပင် အရေးကြီးလှသည်။ လက်ရှိတွင် လင်းစုယွီမှာ ငယ်ရွယ်သေးပြီး သြဇာအာဏာ မရှိသေးသဖြင့် လူယုတ်မာများကို ဟန့်တားနိုင်ရန် လူသိရှင်ကြား အားကိုးထိုက်သည့် လူကြီးတစ်ဦး လိုအပ်နေသည်။
လျန်ကတော်ကြီးမှာ အမြော်အမြင်ရှိပြီး အကဲခတ်တော်သူတစ်ဦး ဖြစ်သည်။ လျန်မိသားစုအနေဖြင့်သာ လင်းမိသားစုနှင့် ပတ်သက်မှုမရှိပါက နောင်တွင် ကြုံတွေ့ရမည့် "နိုင်ငံရေးမုန်တိုင်း" များကို ဘေးကင်းစွာ ဖြတ်ကျော်နိုင်မည်ဖြစ်သည်။
အဆိုးဆုံးအခြေအနေကို တွေးကြည့်လျှင်ပင် အပြောင်းအလဲလေပြင်းများ တိုက်ခတ်လာချိန်တွင် လင်းစုယွီမှာ အရွယ်ရောက်နေပြီဖြစ်သဖြင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိနေပေလိမ့်မည်။ အကယ်၍ လျန်မိသားစုသာ ထိုအကျပ်အတည်းကို မကျော်လွှားနိုင်ဘဲ သူမကို အကာအကွယ် မပေးနိုင်တော့လျှင်ပင် သူမကိုယ်တိုင် ရပ်တည်နိုင်မည်ဖြစ်သည်။
"စုယွီ... နင်နဲ့ ငါ့မေမေ ဘာတွေလျို့ဝှက် ပြောနေကြတာလဲ၊ ထူးထူးဆန်းဆန်း!"
လျန်ဟွေ့မှာ လင်းစုယွီကို သူမ၏အိမ်တွင် မြင်လိုက်ရသဖြင့် အလွန်ဝမ်းသာနေသည်။ သူမ၏ သူငယ်ချင်းသစ်အကြောင်းကို တိုးတိုးတိတ်တိတ် ပြောပြရန်ပြင်နေစဉ် လင်းစုယွီနှင့် သူမ၏မိခင်တို့ အလွန်လျှို့ဝှက်စွာ စကားပြောနေသည်ကို ကြားလိုက်ရခြင်းဖြစ်သည်။
"ဘာမှမဟုတ်ပါဘူး... ဟွေ့ဟွေ့၊ စုယွီကို အိမ်မှာ ကောင်းကောင်း ဧည့်ခံလိုက်ဦးနော်။ မေမေ အပြင်မှာ ကိစ္စလေးတွေ ရှိလို့ သွားလိုက်ဦးမယ်။ နေ့လယ်စာစားချိန်ကျမှ ပြန်လာခဲ့မယ်"
လျန်ကတော်မှာ စကားလမ်းကြောင်းလွှဲကာ သမီးဖြစ်သူကို မှာတမ်းခြွေပြီးနောက် စက်ရုံမှူးလျန်၏ ရုံးခန်းသို့ ထွက်ခွာသွားတော့သည်။
လျန်မိသားစုသည် ထျန်းကျင်းမြို့တွင် ဩဇာအာဏာရှိသကဲ့သို့ မြို့တော်နှင့်လည်း နီးကပ်သဖြင့် အဆက်အသွယ်ကောင်းများ ရှိကြသည်။ လျန်ကတော်ကြီးသည် သူမ၏ စိတ်ထဲတွင် အကူအညီပေးနိုင်မည့်သူများကို စဉ်းစားကြည့်ရာ မကြာမီမှာပင် သင့်တော်သူတစ်ဦးကို ရှာတွေ့သွားသည်။
လန်ရှို့ယင်းကိုမူ လျန်ကတော်က ကိုယ်တိုင်ကိုယ်ကျ သတိပေးရန် စိတ်မကူးပေ။ ဩဇာရှိသော မိသားစုများသည် ထိုကဲ့သို့သော ကိစ္စရပ်များကို ကိုယ်တိုင် လုပ်ဆောင်ရန် မလိုအပ်ချေ။ လန်ရှို့ယင်း လက်ထပ်ထားသည့် မိသားစုအကြောင်းကို သိရုံဖြင့် အားနည်းချက်ကို ရှာဖွေနိုင်ပြီဖြစ်သည်။
ဖုန်းအနည်းငယ် ဆက်လိုက်ရုံဖြင့် လျန်ကတော်သည် လန်ရှို့ယင်းနှင့် သူမ၏သမီးကို အပြတ်ကိုင်လိုက်နိုင်သည်။ ဒီနေ့ပြီးလျှင် ထိုသားအမိနှစ်ယောက် သူတို့ရှေ့သို့ နောက်ထပ် ပေါ်လာတော့မည် မဟုတ်ပေ။
နာရီဝက်ခန့်အကြာတွင် မြို့တော်မှ ပြန်လည်ခေါ်ဆိုသော ဖုန်းသံ ထွက်ပေါ်လာသည်။ ဖုန်းသုံးကြိမ်မြည်ပြီးနောက် လျန်ကတော်က တည်ငြိမ်စွာပင် ဖုန်းကို ကိုင်လိုက်သည်။
"လျန်ကတော်လား။ ဟုတ်ကဲ့၊ ကျွန်တော်က မြို့တော်သံမဏိစက်ရုံက လျိုထျန်းကွေ့ပါ။ လျန်ကတော်ကြီး ကျွန်တော့် ယောက်ဖဆီကနေတစ်ဆင့် မှာထားတဲ့ကိစ္စကို ဖြေရှင်းပြီးပါပြီ။ ချန်လီတဲ့ကို အကြောင်းပြချက်တစ်ခုပေးပြီး ရာထူးပြောင်းရွှေ့လိုက်ပါပြီ"
တစ်ဖက်မှလူက အစီရင်ခံစာ တင်ပြနေသကဲ့သို့ ပြောဆိုနေသည်။ လျန်ကတော်ကို ရိုသေစွာ ရှင်းပြပြီးနောက် ကျေနပ်သော အခြေအနေကို ရရှိသည်နှင့် ဖုန်းချသွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် ညွှန်ကြားရေးမှူးလျို၊ ကူညီပေးတဲ့အတွက် ဝမ်းသာပါတယ်။ နောက်နေ့ကျရင် ရှင်နဲ့ ရှင့်ယောက်ဖအတွက် ထျန်းကျင်းက ဒေသထွက်လက်ဆောင်လေးတွေ ပို့ပေးလိုက်ပါ့မယ်။ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်"
အကူအညီတောင်းခံသည့်အခါတွင် လျန်ကတော်သည် မည်သည့်အခါမျှ လက်တွန့်လေ့မရှိဘဲ ဆုလာဘ်များကို ရက်ရက်ရောရော ပေးလေ့ရှိသူဖြစ်သည်။
ကိစ္စအားလုံး အဆင်ပြေသွားပြီဖြစ်သဖြင့် လျန်ကတော်ကြီးသည် သတင်းကြားပြီးနောက် လန်ရှို့ယင်း၏ မျက်နှာပျက်သွားမည့်ပုံကို စိတ်ကူးကြည့်နေမိသည်။ ထိုမြင်ကွင်းကို လူကိုယ်တိုင် သွားမကြည့်နိုင်သည်မှာ နှမြောစရာပင်။
မြို့တော်တွင်မူ ချန်လီတဲ့မှာ ဒေါသများ အလိပ်လိုက် ထွက်နေသည်။ ဘာကြောင့်မှန်းမသိဘဲ သူ၏အထက်လူကြီးက သူ့ကို မူလရာထူးမှ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်သည်။ သူသည် ရာထူးတိုးရန် လက်တစ်ကမ်းအလိုသို့ ရောက်နေသော်လည်း ယခုမူ အခွင့်အရေးအားလုံး ဆုံးရှုံးသွားခဲ့ရပြီ။
ထို့အပြင် သူ၏အထက်လူကြီး စကားအရ ဤကိစ္စအားလုံး၏ အရင်းအမြစ်မှာ ထျန်းကျင်းသို့ ရောက်နေသော သူ၏ဇနီးကြောင့် ဖြစ်ကြောင်း သိလိုက်ရသည်။
"တောက်...လန်ရှို့ယင်းး!!" သူသည် တောက်တစ်ခေါက်ခေါက်နှင့် လန်ရှို့ရင်းကို ကျိန်ဆဲမိသည်။
"နင်တို့ သားအမိ ထျန်းကျင်းမှာ ဘာတွေသွားလုပ်ကြလို့ ငါ့ရာထူးတိုးကို ထိခိုက်ရတာလဲ၊ ဘယ်သူ့ကို သွားစော်ကားမိကြတာလဲ!"
ချန်လီတဲ့သည် အထက်လူကြီးကို မည်သို့မျှ မပြောရဲသဖြင့် လန်ရှို့ယင်းနှင့် သမီးဖြစ်သူကိုသာ စိတ်ထဲမှ အငြိုးတကြီး ကျိန်ဆဲနေမိသည်။ ထို့နောက် စက်ရုံမှဖုန်းကို ငှားကာ ထျန်းကျင်းရှိ လန်ရှို့ယင်းထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်တော့သည်။
"လန်ရှို့ယင်း! နင်တို့ သားအမိ ထျန်းကျင်းမှာ ဘာ 'ကောင်းမှုကုသိုလ်' တွေ သွားလုပ်နေကြလို့ ငါ့ကို ဒုက္ခပေးနေတာလဲ။ ငါ အဖွဲ့ခေါင်းဆောင် ဖြစ်မယ့်အခွင့်အရေး ဆုံးရှုံးသွားပြီ။ အခုတော့ နင် ကျေနပ်ပြီမလား!"
ချန်လီတဲ့သည် တစ်ဖက်မှပြန်ပြောသည်ကိုပင် မစောင့်တော့ဘဲ ဒီနေ့ချက်ချင်း မြို့တော်ကို ပြန်လာရန်နှင့် ပြန်မလာလျင် ကွာရှင်းမည်ဖြစ်ကြောင်း ပြတ်သားသော ရာဇသံကို ပေးလိုက်သည်။
ဖုန်းချပြီးသည့်တိုင် ချန်လီတဲ့၏ စိတ်မအေးနိုင်သေးပေ။ သူ၏ရာထူးမှာ ပြောင်းလဲသွားပြီး သူ၏ ကြိုးစားအားထုတ်မှုအားလုံး ရေစုန်မျောသွားရသဖြင့် မခံမရပ်နိုင် ဖြစ်နေရသည်။
ချန်လီလီမှာမူ မနေ့က ပြောထားသည့်အတိုင်း လျန်ဟွေ့ဆီသို့ လာခဲ့သည်။ လျန်ကတော် အိမ်ကထွက်သွားပြီး မကြာမီမှာပင် လျန်အိမ်တော်၏ တံခါးခေါက်သံ ထွက်ပေါ်လာသည်။
လင်းစုယွီ၏ ဖျောင်းဖျပြောဆိုမှုကြောင့် လျန်ဟွေ့သည် သူမအား ချန်လီလီက တမင်တကာ ချဉ်းကပ်ပြီး အသုံးချနေခြင်းဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။
"ငါ ဘာလုပ်ရမလဲ။ ဒါ ချန်လီလီ ဖြစ်မှာပဲ၊ သူ ဒီနေ့ လာခဲ့မယ်လို့ မနေ့က ပြောထားတယ်"
လင်းစုယွီ၏ မျက်စောင်းထိုးခြင်းကို ခံလိုက်ရသဖြင့် လျန်ဟွေ့မှာ အားနာသွားမိသည်။ "ငါလည်း ဒီလောက် အလွယ်တကူ အလိမ်မခံချင်ပါဘူးဟာ" ဟု စိတ်ထဲမှ အော်ဟစ်နေမိသည်။
"လျစ်လျူရှုထားလိုက်။ ခဏနေရင် အိမ်မှာ ဘယ်သူမှမရှိဘူး ထင်ပြီး သူဘာသာသူ ပြန်သွားလိမ့်မယ်"
လင်းစုယွီသည် သူမ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ တံခါးအပြင်ဘက်တွင် ပြုံးဖြီးဖြီးနှင့် တံခါးကိုထုကာ လျန်ဟွေ့အမည်ကို ခေါ်နေသော ချန်လီလီကို မြင်နေရသည်။
"ကံဆိုးလိုက်တာ၊ နောက်ထပ် နှောင့်ယှက်တတ်တဲ့ ကပ်ပါးကောင်တစ်ကောင်ပဲ" စုယွီ တွေးလိုက်သည်။ ထိုစဉ် သူမသည် ဝမ်ရွှန်ဖကို ဒဏ်ရာရအောင် စိတ်ဝိဉာဥ်စွမ်းအားအသုံးပြုခဲ့သည့် အတိတ်က အတွေ့အကြုံကို သတိရသွားသည်။
သူမ၏ စိတ်ဝိဉာဥ်စွမ်းအားကို သုံးပြီး ချန်လီလီကို တစ်ခုခုလုပ်ပေးလျှင် ကောင်းမလား။ ဥပမာအားဖြင့် ချန်လီလီ၏ ချို့ယွင်းနေသော စနစ်ကို စိတ်ဝိဉာဥ်စွမ်းအားဖြင့် ဖျက်ဆီးပစ်နိုင်မလား။
သူမသည် အိတ်ထဲမှ (စိတ်ဝိညာဉ်နေရာလွတ် ထဲမှ ထုတ်ယူလိုက်သည့်) ကြိုတင်ပြင်ဆင်ထားသော စိတ်ဝိညာဉ်စမ်းရေပုလင်းကို ထုတ်ကာ အဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် စိတ်ဝိဉာဥ်စွမ်းအားကို စတင်အသုံးပြုရန် ပြင်လိုက်စဉ်မှာပင်... တဒေါင်ဒေါင်နှင့် အသံများ ထွက်ပေါ်လာသည်။
ချန်လီလီ၏ စနစ်ထံမှ မစ်ရှင်အသစ်များ ပေးအပ်သည့် အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။ "လင်းစုယွီ၏ ရေပုလင်းကို ရယူပါ" ဟူသော မစ်ရှင်ပင်။ ထိုရေပုလင်းက ဘယ်လောက်တောင် တန်ဖိုးရှိနေလို့ ဆုလာဘ်အနေဖြင့် ၂ ကုဗမီတာရှိသော သိုလှောင်နယ်မြေကို ပေးရသနည်း။
သို့သော်လည်း ထိုတုံးအအ ချို့ယွင်းနေသော စနစ်မှာ ဘာမှမတုံ့ပြန်နိုင်မီမှာပင် လင်းစုယွီ၏ စိတ်စွမ်းအင်တိုက်ခိုက်မှုအောက်ကို ရောက်ရှိသွားလေပြီ။
"ဇိ... ဇိ..." ပျက်စီးနေသော စနစ်မှာ လင်းစုယွီ၏ တိုက်ခိုက်မှုကို လုံးဝမတွန်းလှန်နိုင်ပေ။ တဖြောက်ဖြောက် မြည်သံအချို့ ထွက်ပေါ်လာပြီးနောက် ထိုစနစ်မှာ လုံးဝရပ်ဆိုင်း သွားတော့သည်။
ချန်လီလီသည် သူမ၏စိတ်ထဲတွင် မစ်ရှင်ဇယားကွက်များ လျင်မြန်စွာ လက်ခနဲ ဖြစ်သွားပြီးနောက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ သူမ စိတ်ဖြင့် မည်သို့ပင် ခေါ်ယူပါစေ မည်သည့်တုံ့ပြန်မှုမျှ မရှိတော့ချေ။
"စနစ် တာဝန်ဇယားကို ဖွင့်စမ်း!"
ရုတ်တရက် အခြေအနေပြောင်းလဲသွားသဖြင့် ချန်လီလီမှာ မျက်နှာဖြူလျော့ကာ ကြောက်လန့်သွားသည်။ သူမသည် စနစ်ကို အသည်းအသန် ပြန်ခေါ်သော်လည်း ပင်လယ်ထဲ ကျသွားသော ကျောက်ခဲကဲ့သို့ ဘာသံမှ ပြန်မကြားရတော့ပေ။
ဤအချိန်တွင် သူမအနေဖြင့် လျန်ဟွေ့ကို ဂရုမစိုက်နိုင်တော့ပေ။ သူမသည် ချက်ချင်းလှည့်ထွက်ကာ တည်းခိုခန်းသို့ ပြေးပြန်သွားပြီး စနစ်ကို ဆက်ခေါ်ယူနေသော်လည်း အားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။
အောင်မြင်သွားပြီးနောက် လင်းစုယွီသည် သူမ၏ စွမ်းအင်များ ထိန်းမနိုင်သိမ်းမရ မဖြစ်စေရန် စိတ်ဝိညာဉ်စမ်းရေကို အမြန်သောက်လိုက်သည်။
ချန်လီလီ၏ ပျက်စီးနေသော စနစ်ကို တိုက်ခိုက်လိုက်ရသည်မှာ တန်ပေသည်။ စိတ်ဝိညာဉ်စွမ်းအင်ထံမှ ရရှိသော တုံ့ပြန်ချက်အရ ထိုစနစ်မှာ အချိန်အတော်ကြာအောင် ပြန်နိုးထလာနိုင်တော့မည် မဟုတ်ပေ။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း