အခန်း ၃၆
Vol. 4 Ch. 36
အပိုင်း ၃၆ - ဆန်စပါးရောင်းချရန် လိမ္မာပါးနပ်သော အစီအစဉ်။
အဒေါ်ကု၏ ထပ်တလဲလဲ အာမခံချက်များကြောင့် နောက်ဆုံးတွင် အဒေါ်ထောင်သည် လင်းစုယွီ၏ အိမ်သို့ လိုက်ပါလာခဲ့တော့သည်။
လင်းစုယွီက တံခါးဖွင့်ပေးလိုက်ကတည်းက အဒေါ်ကြီးနှစ်ဦး၏ ရည်ရွယ်ချက်ကို ရိပ်မိပြီးသားဖြစ်၏။ သူမထံမှ ဆန်ကိစ္စကို လာရောက်မေးမြန်းကြခြင်းဖြစ်မည်ဟု သံသယရှိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမတွင် ယင်းကိစ္စကို ကိုင်တွယ်ရန် နည်းဗျူဟာတစ်ခုအား အသင့်စဉ်းစားထားပြီးသား ရှိနေသည်။
ခဏတာ ဝေခွဲမရဖြစ်နေပြီးနောက် အဒေါ်ကုက ဆန်ဝယ်ယူရေးနှင့် ပတ်သက်ပြီး လင်းစုယွီကို စကားထစ်ထစ်ငေါ့ငေါ့ဖြင့် စတင်မေးမြန်းလိုက်သည်။
"ရဲဘော်ရှောင်ယွီ... အဒေါ်ကု မေးချင်တာက မြို့ထဲမှာ ဆန်ဝယ်ဖို့ နည်းလမ်းများရှိမလားလို့ပါ။ အဲဒါက... တကယ်လို့ သမီးက နည်းလမ်းလေးရှာပေးနိုင်မယ်ဆိုရင် အဒေါ်က သမီးကို ကျေးဇူးမကန်းပါဘူး"
အဒေါ်ကု၏ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသော ပုံစံကို ကြည့်ပြီး အဒေါ်ထောင်ကပင် ဝင်ပြောပေးလိုက်တော့သည်။
"စုယွီရေ... ဒီလိုပါ။ မင်းရဲ့ အဒေါ်ကုမှာ ကျန်းမာရေးမကောင်းတဲ့ သားတစ်ယောက်ရှိတယ်။ ခန္ဓာကိုယ်အားပြန်ပြည့်ဖို့အတွက် ဆန်ချောလေးတွေ လိုအပ်နေလို့ပါ"
"စားနပ်ရိက္ခာစာအုပ်ထဲက ခွဲတမ်းနဲ့ရတဲ့ ဆန်ချောလေးက လောက်ငှမှုမရှိဘူးလေ။ ဒါကြောင့် သမီးမှာများ အဆက်အသွယ်ရှိမလားလို့ မေးကြည့်တာပါ။ တကယ်လို့ သမီးအတွက် အခက်အနေရှိမယ်ဆိုရင်လည်း အဒေါ်တို့ မမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါကွယ်"
အဒေါ်ကုက လင်းစုယွီကို စိုးရိမ်တကြီး ကြည့်နေရှာသည်။ သူမ၏ မျက်ဝန်းများတွင် သားဖြစ်သူ၏ ကျန်းမာရေးအတွက် မျှော်လင့်ချက်အရောင်အဝါများ တောက်ပနေ၏။
"အဒေါ်ထောင်၊ အဒေါ်ကု... ဒီနေ့မွန်းလွဲပိုင်းက ဆန်ချောတွေက တကယ်တော့ ကျွန်မရဲ့ အတန်းဖော် လျန်မိသားစုက ပို့ပေးလိုက်တာပါ"
အဒေါ်ကု၏ မျက်ဝန်းမှ အရောင်များ မှိန်ဖျော့သွားသည်ကို မြင်လိုက်ရသဖြင့် လင်းစုယွီက စကားကို အမြန်ပင် ဆက်ပြောလိုက်သည်။
"တကယ်တော့ ဆန်ချောဖြစ်ဖြစ်၊ ရိုးရိုးဆန်ဖြစ်ဖြစ် ဝယ်ချင်တယ်ဆိုရင် နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မပြောရင် အဒေါ်တို့ ယုံဖို့တော့ ခက်လိမ့်မယ်"
လင်းစုယွီသည် ဝမ်ရွှန်တကို ခြုံခိုတိုက်ခိုက်ခဲ့ဖူးသော ကျောင်းအနီးရှိ တောအုပ်လေးကို သတိရသွားသည်။ ထိုတောအုပ်ထဲတွင် တစ်ဝက်တစ်ပျက် ပြိုကျနေသော သက်ကယ်တဲအိုလေး တစ်လုံးရှိ၏။
"မယုံစရာ ဘာရှိမှာလဲကွယ်။ ရပါတယ် ရဲဘော်ရှောင်ယွီ ပြောသာပြောပြပါ။ ဖြစ်နိုင်မဖြစ်နိုင်၊ ယုံနိုင်မယုံနိုင်ဆိုတာကိုတော့ ငါတို့ဘာသာ ဆုံးဖြတ်ပါ့မယ်"
"ကျွန်မတို့ ကျောင်းနားမှာ တောအုပ်လေးတစ်ခုရှိတာ အဒေါ်တို့ သိကြတယ်မဟုတ်လား။ အဲဒီမှာ လူတွေ ဆန်ချင်း လဲလှယ်ကြတယ်ဆိုတာကို ကျွန်မ မတော်တဆ သိခဲ့ရတာ။ ဒါပေမဲ့ ရောင်းတဲ့လူက ဘယ်တော့မှ လူကိုယ်တိုင် ထွက်မပြဘူး"
"တစ်ကယ်လို့ ဆန်လိုအပ်ရင် စာတစ်စောင်ရေးပြီး ပိုက်ဆံကို ထားခဲ့ရတယ်။ အဲဒီအခါ ရောင်းတဲ့လူက ဆန်ကို အဆင်သင့်ပြင်ပြီး တခြားနေရာတစ်ခုမှာ ထားပေးခဲ့လိမ့်မယ်။ အဲဒါကို ကိုယ့်ဘာသာ သွားယူရတာ"
အနီးအနားတွင် နေထိုင်သူများကမူ ထိုတောအုပ်လေးတွင် သရဲတစ္ဆေခြောက်သည် (ယင်စွမ်းအင်များပြည့်နေသည်) ဟု ကောလာဟလများ ကြားဖူးကြသည်။ ယခုခေတ်အစိုးရက ခေတ်ဟောင်း အယူသီးမှုများကို တားမြစ်ထားသော်လည်း လူကြီးပိုင်းများကမူ ထိုနေရာသို့ ကလေးများကို သွားမကစားရန် တားမြစ်လေ့ရှိကြသည်။
"အဲဒီနေရာက..."
အဒေါ်ထောင်က အနည်းငယ် တွန့်ဆုတ်နေသည်။ သူမ ထိုနေရာကို တကယ်ပင် မသွားရဲပေ။ သို့သော် အဒေါ်ကုကမူ "ရတယ်... ရဲဘော်ရှောင်ယွီ အဒေါ် ဘာလုပ်ရမလဲသာပြောပါ။ အဒေါ် အဲဒါတွေကို မကြောက်ဘူး" ဟု ပြတ်ပြတ်သားသား ဆိုလာသည်။
လင်းစုယွီက သက်ကယ်တဲပျက်ထဲရှိ ယဇ်ပလ္လင်ရှိရာအရပ်တွင် စာနှင့် ပိုက်ဆံကို ထားခဲ့ရန်၊ ထို့နောက် တောအုပ်အပြင်ဘက်ရှိ တစ်ပင်တည်းသော မိုးမခပင်၏ သစ်ကိုင်းပေါ်တွင် လျှော်ကြိုးတစ်ချောင်း ချည်ထားရန် ပြောပြလိုက်သည်။
"ပုံမှန်ဆိုရင် နောက်တစ်နေ့မှာ အကြောင်းပြန်ပါလိမ့်မယ်။ ရောင်းတဲ့လူက အကြောင်းပြန်တဲ့အနေနဲ့ လျှော်ကြိုးနေရာမှာ မြက်ခြောက် (သက်ကယ်) နဲ့ အစားထိုးထားပေးလိမ့်မယ်။ အဲဒီ မြက်ခြောက်အရေအတွက်က ညဘက် ဘယ်အချိန်မှာ ဆန်သွားယူရမလဲဆိုတဲ့ အချိန်ကို ညွှန်ပြတာပါ"
မုန့်ဖိုးလေးရှာရတာ တကယ်ကို မလွယ်ကူလှပေ။ သူမလက်ထဲတွင် ပိုက်ဆံအနည်းငယ်ရှိသော်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုကာလ ရောက်ရန် အနှစ် ၂၀ လိုသေးသည်။ ထိုအနှစ် ၂၀ လုံးလုံး ဝင်ငွေမရှိဘဲ သူမ ဘယ်လိုနေနိုင်မည်နည်း။
"အဒေါ်တို့... ကျွန်မပြောရဦးမယ်။ အဒေါ်တို့ ယုံကြည်မှသာ ဒါကို လုပ်ပါ။ တစ်ခါလုပ်ပြီးရင်လည်း ချောင်းကြည့်တာမျိုး လုံးဝမလုပ်ရဘူး။ နောက်ပြီး ဒါကို အဒေါ်တို့ မိသားစုနှစ်ခုကိုပဲ ကျွန်မ ပြောပြထားတာပါ"
"ဒါပေါ့... စည်းကမ်းတွေကို အဒေါ်တို့သိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါက သမီးနဲ့ မပတ်သက်စေရပါဘူး။ စိတ်မပူပါနဲ့၊ ဒီနည်းလမ်းကို ပြောပြပေးလို့တောင် သမီးကို ကျေးဇူးတင်လှပါပြီ"
နောက်တစ်နေ့ နံနက်တွင် လင်းစုယွီသည် ပုံမှန်အတိုင်း လေ့ကျင့်ခန်းလုပ်ရန် ထွက်လာခဲ့သည်။ တောအုပ်လေးနားသို့ ရောက်သောအခါ မိုးမခပင်၏ ကိုင်းကို ဝေ့ကြည့်လိုက်ရာ သစ်ကိုင်းပေါ်တွင် လျှော်ကြိုးအသစ်လေး ချည်ထားသည်ကို တွေ့လိုက်ရသည်။
ဘေးပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင်ကြည့်ပြီးနောက် သူမသည် တဲပျက်ထဲသို့ ငုံ့လျှိုးဝင်သွားသည်။ မြေအုတ်ခဲအောက်တွင် စာနှင့် ပိုက်ဆံကို အမှန်တကယ်ပင် တွေ့လိုက်ရ၏။
ပိုက်ဆံနှင့် စာကို သူမ၏ နေရာလွတ်ထဲသို့ ထည့်လိုက်ပြီးနောက် လင်းစုယွီသည် သစ်ပင်ဆီသို့ ပြန်သွားကာ မြက်ခြောက် ၉ ချောင်းကို ချည်နှောင်လိုက်သည်။ မိသားစုနှစ်ခုလုံးက ဝယ်ယူလိုသော ဆန်အမျိုးအစားကို အတည်ပြုပြီးနောက် သူမ၏ နံနက်ခင်း ပြေးလွှားမှုကို ဆက်လက်ပြုလုပ်ခဲ့သည်။
ည ၈ နာရီတွင် လင်းစုယွီသည် အမှောင်ထုကို အကာအကွယ်ယူကာ တဲပျက်ဆီသို့ ပြေးသွားခဲ့သည်။ ဆန်များကို ထောင့်တစ်နေရာတွင် ဝှက်ထားပေးပြီး အုတ်ခဲအောက်တွင် စာတစ်စောင် ထားခဲ့ကာ လျင်မြန်စွာပင် ပြန်ထွက်လာခဲ့တော့သည်။
ည ၉ နာရီကျော်သောအခါ ကျူးမိသားစု၏ ခြံဝင်းထဲသို့ ရင်းနှီးနေသော ဆန်အိတ်များ ရောက်ရှိသွားသည်ကို မြင်လိုက်ရသဖြင့် အရောင်းအဝယ် အောင်မြင်သွားပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။
သူမ၏ နေရာလွတ်ထဲရှိ ငွေစက္ကူများကို ရေတွက်ကြည့်လိုက်ရာ သူမ၏ ပိုင်ဆိုင်မှုသည် ယွမ် ၁၀၀ ကျော် တိုးလာခဲ့သည်။ ပင်ပန်းသော်လည်း တန်သည်ဟုပင် ဆိုရပေမည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း