← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အပိုင်း ၃၇ - ငွေအနည်းငယ် ရှာဖွေခြင်း

ပိုက်ဆံရှာရခြင်းမှာ အမှန်ပင် စွဲလမ်းစရာကောင်းလှသည်။ လင်းစုယွီသည် ဆန်စပါး ရောင်းချ၍ ရရှိလာသော ယွမ်တစ်ရာကျော်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းမိသားစုထံမှ သူမယူဆောင်လာခဲ့သော အဟောင်းအစုတ်ပုံကြီးကို လှမ်းကြည့်လိုက်သည်။ ထိုအဟောင်းအစုတ်များအားလုံးကို ငွေသားအဖြစ် ပြောင်းလဲပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်နေမိသည်။

“လင်းမိသားစုက အမျိုးသမီးတွေ ဝတ်တဲ့အဝတ်အစားတွေရဲ့ အထည်သားက တော်တော်လေး ကောင်းတာပဲ။ ဒါတွေကို အပိုင်းပိုင်းဖြတ်ပြီး ပန်းပွင့်ကလစ်တွေ ဒါမှမဟုတ် တခြား အလှဆင်ပစ္စည်းလေးတွေ လုပ်လို့ရမှာပဲ”

နွေရာသီကျောင်းပိတ်ရက်က ပျင်းစရာကောင်းလှသည်။ သူမ၏ နေရာလွတ် ထဲတွင် စိုက်ပျိုးရေးစီမံကိန်းကြီးဖြင့် အလုပ်ရှုပ်နေသည်မှအပ ကျန်အချိန်များတွင် စာဖတ်ခြင်းနှင့် အလယ်တန်းသင်ခန်းစာများကို ကြိုတင်လေ့လာခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့သည်။ ထို့ကြောင့် အချိန်ဖြုန်းရန်အတွက် လက်မှုအလုပ်အချို့ကို ကိုယ်တိုင်စီစဉ်လုပ်ကိုင်ရန် လင်းစုယွီဆုံးဖြတ်လိုက်သည်။

ကတ်ကြေး၊ သားရေကွင်း၊ သံဝါယာကြိုးအသေး၊ အပ်နှင့် အပ်ချည် စသည့် လိုအပ်သော ကိရိယာတန်ဆာပလာများကို သူမ အလွယ်တကူပင် ပြင်ဆင်လိုက်သည်။

လင်းစုယွီ၏ ကျွမ်းကျင်လှသော လက်ချောင်းလေးများအောက်တွင် လင်းမိသားစုမှ အမျိုးသမီးများ၏ လှပသော ဝတ်စုံများသည် အဝတ်စလေးများအဖြစ် တစ်စစီဖြစ်သွားပြီး ခေါင်းစီးကွင်းများနှင့် ပန်းပွင့်ဆံထိုးကွင်းလေးများအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။

အစပိုင်းတွင် လင်းစုယွီသည် အချောထည်ပစ္စည်းများကို အများကြီး မလုပ်ရဲသေးပေ။ သူမပြုလုပ်ထားသော ခေါင်းစီးကွင်းနှင့် ပန်းပွင့်ကလစ် တစ်ဒါဇင်ခန့်ကို ယူဆောင်၍ လျန်ဟွေ့ဆီသို့ ထွက်လာခဲ့သည်။

လျန်ဟွေ့သည် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး အမြင်ရှိသူလည်းဖြစ်သည်။ ထို့ကြောင့် သူမပြုလုပ်ထားသော ပန်းပွင့်ကလစ်လေးများသည် လက်ရှိခေတ်ရေစီးကြောင်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခိုင်းရန် အကောင်းဆုံးအခွင့်အရေးပင် ဖြစ်သည်။

“စုယွီ... ဒါတွေက ဘာတွေလဲ။ ခေါင်းစီးကြိုးတွေ၊ ပန်းပွင့်ကလစ်တွေလား။ အရမ်းလှတာပဲ! နင် ဒါတွေကို ဘယ်ကဝယ်တာလဲ။ အရင်က တစ်ခါမှ မမြင်ဖူးဘူး”

လျန်ဟွေ့ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ လင်းစုယွီက သူမအိမ်သို့ ဤမျှလှပသော အရာများကို ယူဆောင်လာသည်ဆိုတော့ သူမကို ဝေမျှပေးမည် မဟုတ်ပါလား။ သူမ၏ မုန့်ဖိုးအားလုံးကို သုံးလိုက်ရမည်ဆိုလျှင်ပင် ဤပစ္စည်းလေးများအတွက် တန်လွန်းလှသည်။

ညီမဖြစ်သူ၏ သူငယ်ချင်း လင်းစုယွီရောက်လာသောကြောင့် ခေတ္တရှောင်ပေးနေရမည့် လျန်မိသားစု၏ တတိယမြောက်အစ်ကိုသည်လည်း စားပွဲပေါ်ရှိ ပစ္စည်းများကို မြင်လိုက်ရသောအခါ ခြေလှမ်းများ တန့်သွားတော့သည်။ စားပွဲပေါ်ရှိ ဆံပင်အလှဆင်ပစ္စည်းများသည် ရိုးရိုးပစ္စည်းများ မဟုတ်ဘဲ ငွေစက္ကူထုပ်ကြီးများအဖြစ် သူ၏မျက်လုံးထဲတွင် မြင်ယောင်လာမိသည်။

“ဒီပန်းပွင့်ကလစ်လေးတွေနဲ့ ဆံပင်စီးကြိုးတွေကို ငါကိုယ်တိုင်လုပ်ထားတာ။ လျန်ဟွေ့... နင်ရော ကြိုက်ရဲ့လား။ တခြားမိန်းကလေးတွေရော ဒီလိုမျိုးလေးတွေကို လိုချင်ကြမယ် ထင်လား”

“လိုချင်တာပေါ့၊ လိုချင်တာပေါ့! မကြိုက်ဘဲ နေမလား။ စုယွီ... ငါ ဒီပန်းပွင့်လေးတွေနဲ့ ဆံပင်စီးကြိုးတွေ အကုန်လုံးကို ယူမယ်”

သူမ၏ အရည်လဲ့နေသော မျက်လုံးဝိုင်းလေးများသည် တောင့်တမှုများဖြင့် ပြည့်နှက်နေသည်။ လျန်မိသားစု၏ တစ်ဦးတည်းသော သမီးပီပီ သူမ၏ အပြစ်ကင်းစင်ပြီး အလိုလိုက်ခံထားရသော ပုံစံလေးကြောင့် မည်သူမျှ မငြင်းရက်နိုင်အောင် ဖြစ်နေရသည်။

“နေဦး၊ ဟွေ့ဟွေ့.. အစ်ကိုသုံးကို အရင်ကြည့်ခွင့်ပေးပါဦး။ စုယွီ... မင်းမှာ ဒီလို ပန်းပွင့်လေးတွေ နောက်ထပ် ရှိသေးလား”

တတိယအစ်ကိုလျန်သည် ငွေအနံ့ရသွားလေပြီ။ ဆံပင်အလှဆင်ပစ္စည်းများကို ကိုင်တွယ်နေသော သူ၏လက်များသည် ပို၍နူးညံ့သွားပြီး လင်းစုယွီကို ကြည့်နေသော သူ၏မျက်လုံးများမှာလည်း တလက်လက်တောက်ပနေတော့သည်။

လင်းစုယွီ၏ ဦးနှောက်ထဲတွင် အကြံအစည်ပေါင်း ရှစ်ရာခန့် လည်ပတ်သွားသည်။ သူမ ဘာလုပ်ရမည်ကို ကောင်းကောင်းသိသည်။ သူမအတွက် ဤဆံပင်အလှဆင်ပစ္စည်းများကို ရောင်းချပေးမည့် ကြားခံလူတစ်ယောက် လိုအပ်နေပြီး တတိယအစ်ကိုလျန်မှာ အသင့်တော်ဆုံးလူပင် ဖြစ်သည်။

"တတိယအစ်ကိုလျန်... အစ်ကိုလည်း ဒါတွေကို လိုချင်တာလား။ ကျွန်မ နောက်ထပ် အများကြီး လုပ်လို့ရပါတယ်၊ ဒါပေမဲ့ လုပ်ရတာတော့ သိပ်မလွယ်ဘူး”

သိုးငယ်လေးတစ်ကောင်ကဲ့သို့ နူးညံ့လှသော သူမ၏ အသံကြောင့် တတိယအစ်ကိုလျန်မှာ ကလေးမလေးတစ်ယောက်ကို လှည့်စားနေသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် လင်းစုယွီ ကိုယ်တိုင်လုပ်ခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ၏စိတ်ကူးများမှာ ပို၍ပင် တက်ကြွလာတော့သည်။

“ညီမလေး စုယွီ... ဒါတွေအားလုံးကို ကိုယ်တိုင်လုပ်တာပေါ့၊ ဟုတ်လား။ ဒါဆို နောက်ထပ် ဘယ်လောက်အထိ လုပ်နိုင်မလဲ။ ပြီးတော့ ဒါတွေကို တစ်ခု ဘယ်လောက်နဲ့ ရောင်းချင်တာလဲ”

သူ၏ညီမနှင့် ရွယ်တူဖြစ်သော လင်းစုယွီကို ရင်ဆိုင်ရာတွင် လျန်အစ်ကိုသုံးသည် မှောင်ခိုစျေးကွက်တွင် သုံးလေ့ရှိသော ကောက်ကျစ်သည့် နည်းလမ်းများကို မသုံးတော့ဘဲ တဲ့တိုးသာ မေးလိုက်တော့သည်။

“ဟွေ့ဟွေ့... နင်သာ ဒီလို အလှဆင်ပစ္စည်းလေးတွေကို ဆိုင်မှာတွေ့ရင် ဘယ်လောက်ပေးပြီး ဝယ်မလဲ”

လင်းစုယွီသည် လျန်အစ်ကိုသုံး၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ လျန်ဟွေ့ကိုသာ လှည့်မေးလိုက်သည်။

သူမသာ တစ်ခုကို တစ်ယွမ်ဟု ပြောလိုက်ပါက လူများက သူမကို စိတ်ကူးယဉ်နေသည် သို့မဟုတ် လောဘကြီးသည်ဟု ထင်ကြပေလိမ့်မည်။ သို့သော် လျန်ဟွေ့ကသာ တစ်ယွမ်ပေးဝယ်မည်ဟု ပြောလျှင်မူ ထိုပစ္စည်းမှာ စံချိန်စံညွှန်းမီပြီး လှပသောကြောင့် ပေးဝယ်ရတန်သည်ဟု အဓိပ္ပာယ်သက်ရောက်သွားမည်ဖြစ်သည်။

“ဒီလို ဆံပင်စီးကြိုးမျိုးကို တစ်ယွမ်ပေးဝယ်ဖို့ ငါအဆင်သင့်ပဲ။ ဒီခေါင်းစီးကွင်းဆိုရင် တစ်ယွမ်ခွဲကနေ နှစ်ယွမ်အထိတောင် ပေးဝယ်ချင်တာ။ အို... ဘာပဲဖြစ်ဖြစ် ဒါတွေက အရမ်းကောင်းလို့ ကြိုက်လွန်းလို့ အကုန်လုံးကို ဝယ်ထားချင်တာပဲ”

လျန်ဟွေ့သည် လျန်ကတော်၏ အသည်းကျော်သမီးလေးဖြစ်ပြီး သူမ၏ မုန့်ဖိုးမှာ သူမ၏အစ်ကိုများထက် နှစ်ဆပိုများသည်။ ထို့အပြင် စစ်တပ်ထဲတွင်ရှိသော သူမ၏ အစ်ကိုအကြီးဆုံးကလည်း ပိုက်ဆံခဏခဏ ပို့ပေးလေ့ရှိသည်။

ပိုက်ဆံမရှားသော သူဌေးသမီးလေးသည် စျေးနှုန်းကို ဂရုမစိုက်ဘဲ သူမ၏ အကြိုက်ကိုသာ အလေးထားသည်။ ထို့ကြောင့် လျန်ဟွေ့သည် သူမ၏ တတိယအစ်ကိုလျန်အတွက် မရည်ရွယ်ဘဲ ကျင်းတူးပေးလိုက်သလို ဖြစ်သွားတော့သည်။

တတိယအစ်ကိုလျန် - 'ငါ့ညီမကတော့ မလွယ်ဘူး။ ငါက စီးပွားရေးလုပ်ဖို့ စျေးမေးနေတာကို သူက ကြားထဲက ကျင်းလာတူးပေးနေတယ်' ဟု တွေးနေမိသည်။

“စုယွီ... တစ်ခုချင်းရောင်းရင်တော့ အဲဒီစျေးရနိုင်တာပေါ့။ ဒါပေမဲ့ တစ်ယောက်ယောက်က အပြတ်အသတ် လက်ကားဝယ်မယ်ဆိုရင် စျေးနည်းနည်း လျှော့ပေးလို့ ရမလား”

လင်းစုယွီ၏ အပြစ်ကင်းစင်သော မျက်လုံးလေးများကို မြင်ရသောအခါ တတိယအစ်ကိုလျန်သည် သူ၏ အသိစိတ်ကို ဘေးဖယ်ထားပြီး အံကြိတ်ကာ ဆက်ဖြောင်းဖျလိုက်သည်။

“စုယွီ... ကိုယ့်မှာ ဒါတွေကို အကုန်ရောင်းပေးနိုင်တဲ့ လမ်းကြောင်းရှိတယ်။ ဒါပေမဲ့ စျေးနှုန်းကတော့ ဟွေ့ဟွေ့ပြောသလို အများကြီး မရနိုင်ဘူး။ ဒါပေမဲ့ မင်းကို အရှုံးမခံစေရပါဘူး။ ဆံပင်စီးကြိုးနဲ့ ပန်းပွင့်ကလစ်တွေကို တစ်ခု ၆၀ ပြား၊ လုပ်ရခက်တဲ့ ခေါင်းစီးကွင်းတွေကို တစ်ခု တစ်ယွမ် ၆၀ ပြားနဲ့ဆိုရင်ရော ဘယ်လိုလဲ”

“အစ်ကိုသုံး.. အစ်ကိုပေးတဲ့စျေးက မနည်းပါဘူး။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ သားရေကွင်းတွေ လိုတယ်၊ ကျွန်မမှာ အများကြီးမရှိဘူး။ ပြီးတော့ ခေါင်းစီးကွင်းတွေအတွက် လိုတဲ့ သံဝါယာကြိုးက ပိုတောင်ရှာရခက်သေးတယ်”

“အဲဒီပစ္စည်းတွေကို ကိုယ်ပဲ တာဝန်ယူမယ်၊ စျေးလည်း မလျှော့တော့ဘူး။ ဒါပေမဲ့ စုယွီ... နောက်ဆိုရင် ဒီပစ္စည်းတွေကို ကိုယ့်ဆီမှာပဲ ရောင်းရမယ်နော်”

“ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် အစ်ကိုသုံး။ ဒါဆို သဘောတူပြီနော်”

လင်းစုယွီ၏ မျက်လုံးလေးများမှာ ပြုံးရွှင်မှုကြောင့် လခြမ်းကွေးလေးများကဲ့သို့ ဖြစ်သွားသည်။ တတိယအစ်ကိုလျန် ပေးသောစျေးမှာ သူမ မျှော်လင့်ထားသည်ထက် ၁၀ ပြား၊ ၂၀ ပြား ပိုများနေသည်။ မျှော်လင့်ထားသည့်အတိုင်း တတိယအစ်ကိုလျန်က ရက်ရောလှသည်။

တတိယအစ်ကိုလျန် - 'နေဦး၊ ငါ စိတ်လိုက်မာန်ပါ ဆုံးဖြတ်လိုက်မိတာလား' ဟု တွေးနေသည်။ သူသည် သူ၏ညီမကြောင့် တစ်ကြိမ်၊ စုယွီကြောင့် တစ်ကြိမ် အရှုံးပေါ်နေသကဲ့သို့ ခံစားလိုက်ရသည်။

“အစ်ကိုသုံး... ဒါဆို ဒီပစ္စည်းတွေအတွက် စုယွီကို ပိုက်ဆံပေးဖို့ မမေ့နဲ့ဦး။ ဒါတွေအကုန်လုံး ငါယူမှာ”

လျန်ဟွေ့သည် စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို ကောက်ယူကာ သူမ၏အခန်းထဲသို့ အပြေးကလေး ဝင်သွားတော့သည်။ သူမ၏ တတိယအစ်ကိုလျန်ကို ငွေ ရှင်းခိုင်းရန်လည်း မမေ့ခဲ့ပေ။

တတိယအစ်ကိုလျန်သည် သူ့ညီမ နောက်ကျောကို ကြည့်ရင်း သွေးအန်ချင်စိတ်များ ပေါက်လာတော့သည်။ ဝင်ငွေမရသေးခင်မှာပင် သူ၏ညီမကြောင့် ပိုက်ဆံတွေ အလကားကုန်ရပြန်ပြီ။ အမှန်တကယ်ပင် ညီမဆိုသည်မှာ 'လေလုံအောင် မပိတ်နိုင်သည့် လေပေါက်လေးများ' ကဲ့သို့ပင် ဖြစ်သည်။

“စုယွီ... လိုအပ်တဲ့ပစ္စည်းတွေကို ဒီညနေ အစ်ကိုဝယ်လာခဲ့မယ်။ မနက်ဖြန် ညီမ ဒီကိုလာမလား၊ ဒါမှမဟုတ် အစ်ကိုတို့ကပဲ ညီမဆီ လာခဲ့ရမလား”

“အစ်ကို... မနက်ဖြန် မွန်းလွဲပိုင်းမှာ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို စာရင်းလုပ်ပြီး ယူလာခဲ့မယ်လေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ မနက်ဖြန် ဟွေ့ဟွေ့နဲ့ ကျွန်မ စာအုပ်ဆိုင်သွားဖို့ ချိန်းထားတာလည်း ရှိတယ်”

လျန်ဟွေ့သည် ရင်းနှီးသော စာအုပ်ဆိုင်ဝန်ထမ်းထံမှ မနက်ဖြန် ရုပ်ပြစာအုပ်အသစ်များ ရောက်မည်ဟု ကြားထားသဖြင့် လင်းစုယွီနှင့် စောစောစီးစီး ချိန်းဆိုထားခြင်း ဖြစ်သည်။

“ဒါဆိုရင်လည်း မင်းတို့သူငယ်ချင်းနှစ်ယောက် ဆော့နေတာကို ကိုယ်မနှောင့်ယှက်တော့ဘူး။ အစ်ကို အပြင် ခဏသွားလိုက်ဦးမယ်”

စိတ်နာစရာကောင်းသော ညီမဖြစ်သူကို ထပ်မကြည့်ချင်တော့သဖြင့် လျန်အစ်ကိုသုံးသည် ပစ္စည်းများရှာရန် အပြင်သို့ ထွက်သွားတော့သည်။ မထွက်သွားမီ လျန်ဟွေ့ယူသွားသော ပစ္စည်းများအတွက် ငွေ ပေးချေသွားရန်လည်း မမေ့ခဲ့ပေ။

လျန်ဟွေ့သည် သူမ၏ အစ်ကိုသုံး ထွက်သွားသည်ကို သေချာမှ ခေါင်းလေးပြူထွက်လာသည်။

“အစ်ကိုသုံး သွားပြီမလား။ ဟီးဟီး... ငါတော့ အမြတ်ထွက်ပြန်ပြီ။ စုယွီ... တို့တွေ အပြင်သွားပြီး ရေခဲချောင်းသွားစားရအောင်။ ငါဝယ်ကျွေးမယ်”

မိမိအစ်ကိုကို ဒုက္ခပေးရာတွင် ကျွမ်းကျင်သော လျန်ဟွေ့သည် လင်းစုယွီကို လမ်းမပေါ်သို့ ဆွဲခေါ်သွားပြီး ရေခဲချောင်း ဝယ်ကျွေးလေသည်။ သူမ၏ ဆံပင်တွင် ပန်ထားသော ပန်းပွင့်ကလစ်လေးမှာ လင်းစုယွီ ပြုလုပ်ပေးထားသော ကလစ်လေးပင် ဖြစ်သည်။

“အစ်ကို၊ အစ်ကို... မြန်မြန်ကြည့်ဦး! ဟိုမှာ လင်းစုယွီဆိုတဲ့ ကောင်မလေး မဟုတ်လား။ လာ... ငါတို့ နောက်က လိုက်ကြည့်ရအောင်”

လီမိသားစုမှ မောင်နှမနှစ်ယောက်သည် လမ်းမပေါ်တွင် သစ်သား သေတ္တာအလေးကြီးများကို ထမ်း၍ ရေခဲချောင်း ရောင်းနေကြခြင်း ဖြစ်သည်။ လီရှင်းရှင်းသည် လင်းစုယွီကို မတော်တဆ တွေ့ရှိသွားပြီးနောက် လီယန်ပင်းကို သူမနောက်သို့ လိုက်ရန် လှမ်းခေါ်လိုက်သည်။

“အစ်ကို ကြည့်စမ်း... လင်းစုယွီ ဘေးမှာ ရှိနေတဲ့လူက ရှင်းယောင်ရဲ့ ညီမဝမ်းကွဲ လျန်ဟွေ့ မဟုတ်လား။ သူတို့ ဘယ်လိုဖြစ်ပြီး အတူတူ ဆော့နေကြတာလဲ။ လင်းစုယွီကို ရှင်းယောင် အမုန်းဆုံးဆိုတာ လျန်ဟွေ့ သိနေတာပဲ။ လျန်ဟွေ့က ရှင်းယောင်ကို သစ္စာဖောက်ပြီး လင်းစုယွီနဲ့ ဘယ်လိုလုပ် သူငယ်ချင်း သွားလုပ်ရဲတာလဲ”

လီရှင်းရှင်း၏ မျက်လုံးများထဲတွင် ဒေါသမီးလျှံများ တောက်လောင်နေသည်။ လီမိသားစု၏ ဘဝသည် မကြာသေးမီက အလွန်ခက်ခဲနေသဖြင့် သူမ၏ ဒေါသကို ပုံချရန် တစ်စုံတစ်ယောက်ကို အသည်းအသန် ရှာဖွေနေချိန်တွင် လင်းစုယွီသည် သူမ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာခြင်းပင် ဖြစ်တော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters