အခန်း ၃၈
Vol. 4 Ch. 38
အပိုင်း ၃၈ - လီမိသားစုမှ မောင်နှမနှစ်ဦး
သူ့ညီမဖြစ်သူက ခြေလှမ်းများကို တစ်ဟုန်ထိုး မြှင့်လိုက်သည်ကို မြင်သောအခါ လီယန်ပင်းသည် မိမိ၏ အရှိန်ကို နှေးကွေးစေသည့် ရေခဲချောင်းထည့်ထားသည့် သစ်သားသေတ္တာကို ကြည့်ကာ တွေဝေသွားသည်။ ယင်းကို ခေတ္တချထားခဲ့ပြီးမှ အမှီလိုက်ရမလားဟု သူစဉ်းစားနေမိသည်။
သို့သော် မိသားစု၏ လက်ရှိအခြေအနေကို ပြန်တွေးမိပြန်တော့လည်း မိမိတို့၏ ဝမ်းစာရေးအတွက် အရေးပါလှသော ဤပစ္စည်းကို မချရဲပေ။ ထို့ကြောင့် ပခုံးပေါ်မှ ပူထူနေသော နာကျင်မှုကို အံကြိတ်ခံရင်းသာ ဆက်သယ်ဆောင်လာခဲ့ရသည်။
"ရှင်းရှင်း... မသွားနဲ့လေ၊ လီရှင်းရှင်း!"
သူသည် လင်းစုယွီကို ပြဿနာမရှာချင်ရုံတင်မကဘဲ လျန်ဟွေ့ကိုပါ မြင်လိုက်ရ၍ဖြစ်သည်။ လောလောဆယ်တွင် သူတို့မိသားစုအခြေအနေမှာ လျန်မိသားစုကို ရန်စနိုင်စွမ်း မရှိသေးပေ။
လင်းစုယွီသည် လီရှင်းရှင်း တစ်ဟုန်ထိုး ပြေးဝင်လာသည်ကို သတိထားမိလိုက်သည်။ လီရှင်းရှင်းက သူမကို တွန်းလှဲရန် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ချိန်တွင် လင်းစုယွီက ဘေးသို့ ကိုယ်ကိုတိမ်းရှောင်လိုက်ရာ လီရှင်းရှင်းမှာ အရှိန်မထိန်းနိုင်ဘဲ မြားတစ်စင်းလို ရှေ့သို့စိုက်ဆင်းကာ မြေပြင်ပေါ် မှောက်ရက်လဲကျသွားလေတော့သည်။
"ဘာဖြစ်တာလဲ စုယွီ..."
လင်းစုယွီ၏ ဆွဲခေါ်မှုကို ခံလိုက်ရသော လျန်ဟွေ့မှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်ပြီး ဘာဖြစ်သွားသည်ကို ချက်ချင်း သဘောမပေါက်သေးပေ။ လင်းစုယွီက လီရှင်းရှင်းကို စိုက်ကြည့်လိုက်သည့်အခါမှသာ သူမ ဘာတွေဖြစ်ပျက်သွားသည်ကို နားလည်သွားသည်။
"အို... ဘယ်သူများလဲလို့!! လမ်းလျှောက်တာ နမော်နမဲ့နိုင်လိုက်တာ"
"တောက်... လင်းစုယွီ၊ နင် ငါ့ကို ပညာပေးလိုက်တာပေါ့လေ!"
လီရှင်းရှင်းသည် နာကျင်မှုကို အောင့်ခံကာ ရုန်းကန်ထလိုက်သည်။ သူမ၏ ပါးစပ်ထဲတွင် သံချေးနံ့ကဲ့သို့ ညှီစို့စို့ သွေးနံ့များကြောင့် မျိုချရပင် ခက်ခဲနေသည်။
"ဟင်... အမလေး! ရုပ်ပျက်ဆင်းပျက်နိုင်လိုက်တာ!"
လီရှင်းရှင်း၏ မေးစေ့တွင် သွေးများပေကျံနေသည်ကို မြင်လိုက်ရသော လျန်ဟွေ့မှာ ထိတ်လန့်သွားပြီး နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ကာ သူမ၏ သူငယ်ချင်း လင်းစုယွီကိုပါ နောက်သို့ ဆွဲယူလိုက်သည်။
ထိုအမူအရာကို မြင်လိုက်ရသော လီရှင်းရှင်းသည် ပို၍ အရှက်ရသွားကာ ပါးစပ်ထဲရှိ သွေးများကို မုန်းတီးစွာဖြင့် ထွေးထုတ်လိုက်သည်။
"လင်းစုယွီ... နင်လို အရင်းရှင်ပေါက်စက ငါ့ကို ဒုက္ခပေးရဲတယ်ပေါ့လေ။ ငါ နင့်ကို တိုင်ပစ်မယ်၊ နင် ဘယ်လိုမှ ပြေးမလွတ်စေရဘူး!"
အရင်းရှင်ပေါက်စ ဟူသော စကားလုံးမှာ အလွန်ပင် ထိရှလွယ်သော အသုံးအနှုန်းဖြစ်သည်။ လမ်းသွားလမ်းလာများမှာ ဘာဖြစ်မည်ကို သိချင်သဖြင့် တိတ်တဆိတ် ရပ်ကြည့်နေကြသည်။
လင်းစုယွီသည် လျင်မြန်သော အာရုံခံစားမှုဖြင့် လူများ၏ စူးစမ်းသော အကြည့်များကို သတိပြုမိသွားသည်။ စဉ်းစားမနေတော့ဘဲ ရှေ့သို့တိုးကာ လီရှင်းရှင်း၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်သည်။
"နင်က ငါ့ကို စွပ်စွဲရဲတယ်ပေါ့လေ။ ငါ့အဖေက ဆင်းရဲတဲ့ အလုပ်သမားတစ်ယောက်ပဲ၊ နင့်ပါးစပ်ထဲကျမှ အရင်းရှင် ဖြစ်သွားရတာလား"
"ဒါဆိုရင် နင်တို့ လီမိသားစုက ပိုတောင် အထင်ကြီးဖို့ ကောင်းနေဦးမယ်။ နင့်အဖိုးက စီးပွားရေးလုပ်ငန်းရှင် ဆိုင်ရှင်ကြီး မဟုတ်လား။ ဒါဆို နင်တို့ မိသားစု နောက်ခံက ဘာလဲ"
ပါးရိုက်ခံလိုက်ရပြီးနောက်တွင် လူအများ၏ အကြည့်များမှာ လီရှင်းရှင်းဆီသို့ ရောက်ရှိသွားသည်။ ထိုအချိန်တွင် လီယန်ပင်းလည်း အမှီရောက်လာလေသည်။
"လင်းစုယွီ... ပါးစပ်ပိတ်ထားစမ်း"
လီယန်ပင်းသည် မိမိ၏ နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လင်းစုယွီကို တားဆီးရန်သာ ကြိုးစားသည်။ သို့သော် နောက်ကျသွားခဲ့ပြီ—လင်းစုယွီသည် ပြောသင့်သည်ရော မပြောသင့်သည်ကိုပါ အကုန်ပြောလိုက်ပြီးလေပြီ။
"ငါ့ကို ပါးစပ်ပိတ်ခိုင်းဖို့ထက် နင့်ညီမကို အပြောအဆို ဆင်ခြင်ဖို့ အရင်ဆုံး သင်ပေးသင့်တာ။ ငါ့ရဲ့ အိမ်ထောင်စုစာရင်းမှာ အလုပ်သမားမျိုးရိုးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်၊ နင်တို့ လီမိသားစုကျတော့ရော"
ယခုအချိန်တွင် လင်းစုယွီသည် အားနည်းသူအဖြစ် ဟန်ဆောင်ရန် အစီအစဉ်မရှိတော့ပေ။ သူမ၏ မျိုးရိုးနောက်ခံကို စူးစမ်းခံရခြင်းမှာ သူမအတွက် အမြဲတမ်း ထိလွယ်ရှလွယ်သော ကိစ္စဖြစ်သည်။ လျန်ဟွေ့ကလည်း လင်းစုယွီဘက်မှ ဝင်ကူပြောပေးသည်။
"ဟုတ်တယ်၊ နင့်ညီမက စုယွီကို အရင်းရှင်ပေါက်စလို့ ခေါ်တာနဲ့တင် အရိုက်ခံရဖို့ ထိုက်တန်နေပြီ။ နောက်ပြီး စုယွီပြောတဲ့ နင်တို့မိသားစု နောက်ခံဆိုတာကလည်း မှားတာမှ မဟုတ်တာ!"
လျန်ဟွေ့၏ မိသားစုမှာ အခြေခံအလုပ်သမားမျိုးရိုးဖြစ်သဖြင့် သူမက ဝင်ပါရန် မကြောက်ပေ။ ယခင်က စက်ရုံမှူးလျန်၏ မိသားစုတွင် ပိုင်ဆိုင်မှုမရှိဘဲ အဆင့်မြင့် အလုပ်သမားအဖြစ်သာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သောကြောင့် လျန်မိသားစုမှာ စစ်မှန်သော အလုပ်သမားမျိုးရိုးဖြစ်သည်။
လီမိသားစုမှာမူ ထိုသို့မဟုတ်ပေ။ သူတို့သည် ယခင်က ဆိုင်ဖွင့်ထားသူများဖြစ်ပြီး လီရှင်းရှင်း၏ အဖိုးမှာလည်း အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို ဆန့်ကျင်ခဲ့ကာ ပြဿနာရှာဖွေခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် အခြေအနေများ ပြင်းထန်လာသောအခါမှ လီရှင်းရှင်း၏ အဖိုးသည် အမှားကို သိရှိသွားပြီး ဆိုင်ကို လှူဒါန်းကာ အသက်ရှင်သန်ရန် ကြိုးစားခဲ့ရသည်။
ယနေ့အထိ လီရှင်းရှင်း၏ ဖခင်သည် သူ၏ ဖခင် (အဖိုး) နှင့် အဆက်အသွယ်ဖြတ်ကာ အလုပ်သမားလူတန်းစား ဖြစ်လာခဲ့သော်လည်း အမည်းစက်ဟူသည်မှာ ပျောက်ကွယ်သွားသည်မဟုတ်ပေ။ မသမာသူ တစ်စုံတစ်ဦးက သွေးထိုးလိုက်လျှင် လီမိသားစုသည် ကြီးလေးသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။
"လင်းစုယွီ၊ နင် လျှောက်ပြောမနေနဲ့။ ငါ့အဖေက ငါ့အဖိုးနဲ့ အဆက်အသွယ်ဖြတ်တာ ကြာလှပြီ။ ငါတို့မိသားစုက အလုပ်သမားမျိုးရိုးပဲ!"
လီရှင်းရှင်းသည် နာကျင်နေသော သူမ၏ မေးစေ့ကို အုပ်ကိုင်ကာ အလျှော့မပေးသော အကြည့်ဖြင့် လင်းစုယွီကို ပြန်လည်အော်ဟစ်လိုက်သည်။
"ငါပြောတာ မှန်၊ မမှန်ဆိုတာ စစ်ဆေးကြည့်ရင် သိသာပါတယ်။ ဒါပေမဲ့ နင့်ရဲ့ စွပ်စွဲချက်ကတော့ ဘာသက်သေမှ မရှိဘူး။ နင် တောင်းပန်မှာလား၊ မတောင်းပန်ဘူးဆိုရင်တော့ ငါ့ကိုယ်ငါ တရားမျှတမှု ရှာဖို့အတွက် နင့်ကို လုံခြုံရေးဦးစီးဌာနအထိ ခေါ်သွားရလိမ့်မယ်"
"မလုပ်ပါနဲ့! လင်းစုယွီ၊ အခြေအနေက အဲ့ဒီလောက်ထိ မကြီးကျယ်ပါဘူး။ ငါ့ညီမကို တောင်းပန်ခိုင်းပါ့မယ်။ ရှင်းရှင်း... မြန်မြန်တောင်းပန်လိုက်!"
လီယန်ပင်းသည် လင်းရှင်းယောင်နှင့် အတန်းဖော်ဖြစ်သော်လည်း သူမထက် သုံးနှစ်ကြီးသဖြင့် လီရှင်းရှင်းထက်စာလျှင် အခြေအနေ၏ ပြင်းထန်မှုကို ပိုနားလည်ကာ ပြဿနာကို ရှောင်လွှဲရန် ကြိုးစားသည်။
"အစ်ကို... အစ်ကို့ရဲ့ ညီမအရင်းက ဘယ်သူလဲ။ သူတို့ဘက်က ဘာလို့ ပါနေတာလဲ။ အစ်ကိုက လျန်ဟွေ့ကို ကြောက်ပေမယ့် ညီမကတော့ မကြောက်ဘူး!"
လင်းရှင်းယောင်သည် ယခင်က လျန်ဟွေ့ကို ဝိုင်းပယ်ရန် လီရှင်းရှင်းကို အဖော်ပြုလေ့ရှိသည်။ ထိုအချက်ကပင် လီရှင်းရှင်းအား သူမလည်း လျန်ဟွေ့ကို နှိမ်၍ရသည်ဟူသော အထင်အမြင်မှားကို ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။
"ဘုရားကဲ့သို့ တော်လွန်းသော ရန်သူထက် ဝက်ကဲ့သို့ မိုက်မဲသော အဖော်ကိုသာ ပို၍ ကြောက်ရသည်" ဆိုသကဲ့သို့ လီရှင်းရှင်းသည် ဝက်ထက်ပင် ပို၍ မိုက်မဲနေသည်။ ယခုအချိန်တွင် သူမသည် လင်းရှင်းယောင်နှင့် ပတ်သက်မှုရှိကြောင်းကို လူအများသိအောင် ချပြနေသကဲ့သို့ လင်းရှင်းယောင်၏ အမည်ကို ထုတ်ပြောလိုက်သည်။
"အစ်ကို မေ့သွားပြီလား၊ ရှင်းယောင်က အစ်ကို့ဆီ စာရေးပြီး ကိစ္စတွေကို ဖြေရှင်းခိုင်းထားတာလေ။ အစ်ကိုကလည်း သူ့ရဲ့ ယုံကြည်မှုကို မဖောက်ဖျက်ဘူးလို့ ပြန်ပြောထားပြီးမှ အခုကျတော့ ညီမကို ဘာလို့ တောင်းပန်ခိုင်းနေတာလဲ"
အော ဟော! လင်းရှင်းယောင်က လီယန်ပင်းတို့ မောင်နှမဆီ စာတွေရေးနေခဲ့တာပေါ့။ ဆိုလိုတာက သူမက ငါ့ကို အလွယ်တကူ လွှတ်ပေးဖို့ အစီအစဉ်မရှိဘူးပေါ့လေ။
ထိုအချက်ကို သိလိုက်ရချိန်တွင် လင်းစုယွီ၏ မျက်လုံးများမှာ လီမောင်နှမပေါ်တွင် ခက်ထန်သွားလေသည်။ သူမအား ဒုက္ခပေးရန် ကြိုးစားနေသူများကို သူမ၏ ဘေးနားတွင် ဆက်လှုပ်ရှားခွင့် ပေးမည်မဟုတ်ပေ။
"ဘာ... လင်းရှင်းယောင်က နင့်ဆီ စာရေးတယ် ဟုတ်လား။ ဒါဆိုရင် နင်တို့က..."
လျန်ဟွေ့ စကားမဆုံးခင်မှာပင် လီယန်ပင်းက လီရှင်းရှင်းကို အသံကျယ်ကျယ်ဖြင့် ငေါက် ငမ်းကာ လျန်ဟွေ့၏ စကားကို ဖြတ်ပစ်လိုက်ပြီး တောင်းပန်မှုဖြင့် ပြဿနာကို အဆုံးသတ်ရန် ကြိုးစားသည်။
"လီရှင်းရှင်း! တောင်းပန်ပါလို့ ငါပြောနေတာ မကြားဘူးလား။ နင် ဘယ်တုန်းက ဒီလောက်အထိ လိမ်တတ်တဲ့ လူလိမ်မကြီး ဖြစ်သွားတာလဲ"
လျန်ဟွေ့နှင့် လင်းစုယွီတို့ ကျေနပ်မည်မဟုတ်သည်ကို စိုးရိမ်သဖြင့် လီယန်ပင်းသည် လီရှင်းရှင်း၏ ပါးကို ရိုက်လိုက်လေတော့သည်။
"ရှင်းရှင်း... နင်က အသက် ၁၃ နှစ်တောင် ရှိနေပြီ။ ဘာပြောသင့်တယ်၊ ဘာမပြောသင့်ဘူးဆိုတာ မသိဘူးလား"
လီယန်ပင်း၏ အသံထဲမှ စိုးရိမ်မှုကို ကြားလိုက်ရချိန်မှ လီရှင်းရှင်းသည် လင်းရှင်းယောင်မှာ ထွက်ပြေးတိမ်းရှောင်နေရသော အရင်းရှင်တစ်ဦးဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
သူမ ခုနက ဘာတွေ ပြောမိလိုက်တာလဲ။ အို ဘုရားရေ... သူမ ဘယ်လောက်တောင် မိုက်မဲလိုက်လဲ၊ မိမိကိုယ်တိုင်၏ အားနည်းချက်ကို လင်းစုယွီတို့ လက်ထဲ ထိုးအပ်လိုက်မိပြီ။
"ငါ... ငါ တောင်းပန်ပါတယ်။ ခုနက ပြောလိုက်တာတွေက... အကုန် လျှောက်ပြောမိတာပါ"
အရိုက်ခံလိုက်ရသော ပါးကို အုပ်ကိုင်ရင်း လီရှင်းရှင်း နောက်ထပ် စကားမပြောရဲတော့ပေ။ တောင်းပန်ပြီးနောက်တွင် သူမ တစ်ယောက်တည်း ထွက်ပြေးသွားလေတော့သည်။
"လင်းစုယွီ၊ လျန်ဟွေ့... ငါတကယ် တောင်းပန်ပါတယ်။ ငါ့ညီမက ငယ်သေးလို့ ဘာမှ နားမလည်လို့ပါ"
"လူကြီးမင်းတို့အားလုံး... ကျွန်တော့်ညီမက စောစောက မနာလိုစိတ်နဲ့ လင်းစုယွီတို့အပေါ် မကောင်းပြောမိတာပါ၊ ဘာမှ အမှန်မဟုတ်ပါဘူး"
လီယန်ပင်းသည် ပြဿနာကို ရှင်းရန် နှိမ့်ချစွာ တောင်းပန်နေရသော်လည်း လင်းရှင်းယောင်၏ စာများကို အစောကြီးကတည်းက မီးရှို့ဖျက်ဆီးထားသဖြင့် စိတ်သက်သာရာ ရနေသည်။ လင်းစုယွီတို့က တိုင်လျှင်ပင် သူကတော့ အသေအလဲ ငြင်းဆိုရန် အဆင်သင့်ပင်။
"ကောင်းပြီလေ၊ နင်တောင် တောင်းပန်နေမှတော့ ငါက ခွင့်မလွှတ်ရင် သဘောထားသေးရာ ကျနေဦးမယ်။ စိတ်မပူပါနဲ့၊ ငါက သဘောထားကြီးတဲ့သူပါ၊ နင့်ညီမရဲ့ အပေါစား စကားတွေကို ထည့်တွက်နေမှာ မဟုတ်ပါဘူး"
ငါ့ခြေထောက်ကိုပဲ ထည့်တွက်လိုက်!!
အမှန်တော့ အရေးယူရန်လည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိပေ။ လီရှင်းရှင်း၏ စကားတစ်ခွန်းကြောင့်သာ ဖြစ်ပြီး၊ ယခုအခါ သူမက မနာလို၍ လျှောက်ပြောခြင်းဖြစ်ကြောင်း ဝန်ခံလိုက်သဖြင့် ထပ်မံ အရေးယူရန်မှာ မဖြစ်နိုင်တော့ပေ။
လီရှင်းရှင်းကိုလည်း ဘယ်သူက အပြစ်တင်နိုင်မှာလဲ။ သူမက ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်သာဖြစ်ပြီး ထိုအချက်ကပင် သူမအတွက် အကာအကွယ် ဖြစ်နေသည်။
သို့သော်... လင်းစုယွီမှာတော့ ထိုမျှလောက်အထိ သဘောထားကြီးတတ်သူ မဟုတ်ပေ။ လီရှင်းရှင်းရဲ့ အဖေက အထည်ချည်မျှင်စက်ရုံက အလုပ်သမားတစ်ယောက် မဟုတ်လား!
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း