အခန်း ၃၉
Vol. 4 Ch. 39
အပိုင်း ၃၉ - တတိယမြောက်အစ်ကိုလျန်၏ စရိုက်
"ဟွေ့ဟွေ့... လီရှင်းရှင်းတို့ မိသားစုထဲက ဘယ်နှစ်ယောက်များ ချည်မျှင်စက်ရုံမှာ အလုပ်လုပ်ကြလဲဟင်"
လျန်ဟွေ့ကို မေးလိုက်တာက တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ သူမဟာ လီမိသားစု မောင်နှမတွေနဲ့ အချိန်အတော်ကြာ ပတ်သက်ဖူးတာကြောင့် သူတို့အကြောင်းကို ကောင်းကောင်းကြီး သိနေတာ ဖြစ်သည်။
"လီရှင်းရှင်းရဲ့ အဖေတစ်ယောက်ပဲ စက်ရုံမှာ အလုပ်လုပ်တော့တာလေ။ ဟိုတစ်လောလေးကမှ လီရှင်းရှင်းအမေ နေမကောင်းဖြစ်လို့ ဆေးရုံတက်နေရတယ်လို့ ကြားတယ်။ စက်ရုံက သူ့ရဲ့ အလုပ်နေရာကိုတောင် ပြန်ရောင်းလိုက်ရတယ်တဲ့"
အလုပ်ကို ရောင်းလိုက်တာလား။ ဆေးဖိုးပေးဖို့အတွက်ပေါ့။ ဒါကြောင့်မို့လည်း အခုနက လီယန်ပင်းတစ်ယောက် ရေခဲချောင်းရောင်းတဲ့ သေတ္တာကို ပခုံးမှာထမ်းပြီး သွားနေတာကိုး။
"ငါ့အမေ ပြောပြတာတော့ လီရှင်းရှင်းတို့ မိသားစု အခြေအနေက အတော်လေး ဆိုးနေပြီတဲ့။ သူတို့ရဲ့ အဒေါ်က အမေဖြစ်သူရဲ့ အလုပ်နေရာကို ဝယ်ခဲ့တာလေ။ ယွမ်ငါးရာပေးဖို့ သဘောတူထားပြီးမှ နောက်ပိုင်းကျတော့ ဆင်းရဲတယ် ပိုက်ဆံမရှိဘူးဆိုပြီး နှစ်ရာပဲ ပေးတော့တာတဲ့။ ကျန်တဲ့ ယွမ်သုံးရာကိုတော့ မရလိုက်ဘူးပေါ့"
"လီရှင်းရှင်းအဖေကတော့ ဇနီးအပေါ် တကယ်သစ္စာရှိတဲ့ ခင်ပွန်းပဲ။ မိန်းမကို ဆေးကုဖို့အတွက် နေရာအနှံ့မှာ လိုက်ချေးနေတာ။ အခုဆို လီမိသားစုမှာ အကြွေးတွေ နစ်နေပြီလေ"
ဒါဆို လူယုတ်မာတွေဟာ သူတို့လို လူစားမျိုးတွေနဲ့ပဲ ပြန်တွေ့ပြီး ဒုက္ခရောက်နေကြတာပေါ့။ သူမ ဘာမှတောင် မလုပ်ရသေးခင်မှာတင် လီမိသားစုက ဒီလောက်တောင် သနားစရာ ဖြစ်နေပြီလား။ သူတို့ လဲကျနေတုန်း ထပ်ပြီး နင်းသင့်သေးရဲ့လား။
"လီရှင်းရှင်းအမေက ဘာရောဂါဖြစ်နေတာလဲ။ ယွမ်နှစ်ရာနဲ့တောင် မကုနိုင်ဘူးတဲ့လား"
တကယ်လို့ သူတို့က အဲ့ဒီလောက်တောင် အခြေအနေဆိုးနေတယ်ဆိုရင် သူမ ဘာမှလုပ်နေစရာ မလိုတော့ဘူး။ သူတို့ဘာသာသူတို့ ပျက်စီးနေကြတာပဲလေ။
"အစာအိမ်ရောဂါလား၊ ကင်ဆာလားပဲ။ ငါလည်း သေသေချာချာတော့ မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကုလို့မရတဲ့ ရောဂါမျိုးလို့တော့ သိရတာပဲ"
လီမိသားစု အခြေအနေဆိုးနေတာ သေချာသွားပြီ။ လီရှင်းရှင်းကတော့ တကယ့် ငတုံးပဲ။ မိသားစုက ဒီလိုအခြေအနေ ရောက်နေတာတောင် အပြင်ထွက်ပြီး ပြဿနာရှာဖို့ သတ္တိရှိသေးတယ်။ လီမိသားစု ရှေးဘဝက ဘာတွေများ လုပ်ခဲ့လို့ ဒီလို တစ်မိသားစုလုံးကို ဖျက်ဆီးမယ့် သားသမီးမျိုးနဲ့ လာတွေ့ရတာလဲ မသိဘူး။
"လီရှင်းရှင်းကတော့ တကယ်ကို လူထူးလူဆန်းပဲ။ မိသားစုက ရှုပ်ထွေးနေတာတောင် ပြဿနာမွှေဖို့ အားရှိနေသေးတယ်။ လီယန်ပင်းကလည်း အခုနက ရေခဲချောင်း ရောင်းနေတာဆိုတော့ သူတို့ ပိုက်ဆံ တကယ်ပြတ်နေတာ ဖြစ်ရမယ်။ မဟုတ်ရင် သူ့လို မာနကြီးတဲ့လူက ရေခဲချောင်း ထွက်ရောင်းမှာ မဟုတ်ဘူး"
လင်းစုယွီက ခဏလောက် သက်ပြင်းချရင်း စိတ်မကောင်း ဖြစ်သွားကာ လက်လျော့လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမကတော့ သက်တောင့်သက်သာ နေထိုင်နေရတာဖြစ်လို့ စိတ်ညစ်စရာ အကြောင်းတွေကို အများကြီး မကြားချင်တော့ဘူး။
"လီရှင်းရှင်းက လီယန်ပင်းရဲ့ ဝဋ်ကြွေးပဲ။ ဒီလိုညီမမျိုး ရှိနေမှတော့ သူ နောင်လည်း အများကြီး ဒုက္ခရောက်ဦးမှာ! ငါ့အစ်ကိုတွေကတော့ ပိုကံကောင်းပါတယ်၊ ငါက ဘယ်တော့မှ ပြဿနာမရှာဘူးလေ"
လျန်ဟွေ့က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရင်ဘတ်ကို မတ်ပြီး လင်းစုယွီဆီက ထောက်ခံချက်တောင်းတဲ့ပုံစံနဲ့ ပြောလိုက်သည်။ လင်းစုယွီကလည်း ငြင်းမနေတော့ဘဲ သဘောတူတဲ့အနေနဲ့ ခေါင်းကို မြန်မြန်ပဲ ငြိမ့်ပြလိုက်သည်။
စိတ်ထဲကနေတော့ - 'လျန်ဟွေ့ကလည်း အတော်လေး ထူးခြားတဲ့လူပဲ။ လျန်မိသားစုရဲ့ တတိယအစ်ကိုသာ ဒါကိုကြားရင် သွေးအန်သွားမလား မသိဘူး' လို့ တွေးလိုက်မိသည်။
စောနက အဖြစ်အပျက်တွေကြောင့် နှစ်ယောက်သား ဈေးဝယ်ဖို့ စိတ်မပါတော့၍ ရေခဲချောင်း တစ်ယောက်တစ်ချောင်းစီ စားရင်း အိမ်ပြန်ခဲ့ကြပါသည်။
နောက်တစ်နေ့မှာတော့ လင်းစုယွီဟာ သူမလုပ်ထားတဲ့ ဆံပင်အလှဆင်ပစ္စည်းတွေကို လျန်မိသားစုဆီ ယူလာပေးသည်။ တတိယအစ်ကိုလျန်က ကျွမ်းကျင်ပိုင်နိုင်စွာနဲ့ ပစ္စည်းတွေကို စစ်ဆေး ရေတွက်ပြီး ငွေရှင်းပေးလိုက်ကာ လင်းစုယွီအတွက် လိုအပ်သည့် ပစ္စည်းကြမ်းများကို ပေးပြီး အလောတကြီး ပြန်ထွက်သွားသည်။
လျန်ဟွေ့က သူမအတွက် ဆံပင်အလှဆင်ပစ္စည်းလေးတွေ ထပ်ရွေးချင်သေးတာပါ။ ဒါပေမဲ့ သူမ သတိထားမိတဲ့အချိန်မှာတော့ တတိယအစ်ကိုလျန်က ပစ္စည်းထုပ်ကြီးကို ကျောပိုးပြီး ထွက်သွားလေပြီ။
"ဟွန့်... ပြေးနိုင်သလောက်ပြေးပေါ့၊ လွတ်သွားမယ်တော့ မမှတ်နဲ့။ ညကျရင် ပြန်လာမှာပဲ၊ အဲ့ဒီအခါကျမှ ငါကြိုက်တာကို ရွေးယူမယ်"
လျန်ဟွေ့က တတွတ်တွတ် ညည်းညူနေခဲ့ပေမယ့် ညနေရောက်တဲ့အခါမှာတော့ သူမရဲ့ အစီအစဉ်တွေ ပျက်ပြားသွားမှန်း သိလိုက်ရသည်။
တတိယအစ်ကိုလျန်ဟာ ငယ်ငယ်ကတည်းက ဦးလေးလင်းရဲ့ စီးပွားရေးလုပ်ပုံလုပ်နည်း၊ စနစ်တကျ စီမံခန့်ခွဲပုံနဲ့ စကားပြောပါးနပ်ပုံတွေကို အမြဲအားကျခဲ့သူပါ။ တစ်ချိန်တည်းမှာပဲ သူဟာ ပိုက်ဆံရှာရတာနဲ့ ရေတွက်ရတာကိုလည်း သဘောကျသူ ဖြစ်သည်။
အထက်တန်းကျောင်းတက်ကတည်းက သူဟာ မှောင်ခိုဈေးကို ရည်ရွယ်ချက်ရှိရှိဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ခဏခဏသွားပြီး ပစ္စည်းတွေ ပြန်ရောင်းဖို့ ကြိုးစားခဲ့သည်။ အရင်ကတော့ အထည်စလေးတွေ ရောင်းတာမျိုး အသေးအဖွဲလေးတွေပဲ လုပ်ခဲ့တာပါ။
ဒီနှစ်နွေရာသီ ပင်လယ်ကမ်းခြေ ခရီးစဉ်က သူ့ကို အတွေးသစ်တွေ အများကြီး ပေးခဲ့သည်။ တစ်ယောက်တည်း လုပ်တာက မုန့်ဖိုးလောက်ပဲ ရတာမို့၊ ပင်လယ်စာ ရနိုင်မယ့် လမ်းကြောင်းရသွားပြီးသည့်နောက် သူငယ်ချင်းအရင်း နှစ်ယောက်ကို ခေါ်ပြီး အတူတူ လုပ်ခဲ့ကြသည်။
လဝက်အတွင်းမှာတင် သူတို့ ယွမ်ရာဂဏန်းအတော်များများ ရခဲ့ပြီး တစ်ယောက်ကို ယွမ်တစ်ရာကျော်စီ ခွဲဝေရရှိခဲ့သည်။ ဒီအခြေအနေမှာ ပိုက်ဆံပိုရချင်ရင်တော့ လုပ်ငန်းသစ်တွေ ထပ်ချဲ့ထွင်ဖို့ လိုလာပြီလေ။
လင်းစုယွီရဲ့ ဆံပင်အလှဆင်ပစ္စည်းတွေက တတိယအစ်ကိုလျန်အား အမျိုးသမီးတွေရဲ့ ပိုက်ဆံအိတ်ထဲက ငွေတွေကို မြင်လာစေခဲ့သည်။ ဒီလိုလှပတဲ့ ပစ္စည်းလေးတွေကို ဘယ်အမျိုးသမီးက မကြိုက်ဘဲ နေမှာလဲ။
ဒီဘက်ခေတ်မှာ လူအများစုက အရောင်ရင့်ရင့် အဝတ်အစားတွေကိုပဲ ဝတ်ကြတာဆိုတော့ ဆံပင်အလှဆင်ပစ္စည်းလေးတွေကပဲ အမြင်ဆန်းမှုကို ပေးနိုင်တာပါ။ ထို့အပြင် လင်းစုယွီ လုပ်ထားသည့် ပစ္စည်းလေးတွေက ရိုးရိုးယဉ်ယဉ်လေးကနေ တောက်တောက်ပပ ဆွဲဆောင်မှုရှိသည့် ပုံစံများအထိ ပုံစံအမျိုးမျိုး ရှိနေသည်။
လူတိုင်းမှာ အလှအပကို မြတ်နိုးသည့်စိတ် ရှိကြရာ စက်ရုံအသီးသီးက အလုပ်သမလေးတွေဟာ သူတို့သူငယ်ချင်းတွေကို ခေါ်လာပြီး တိတ်တိတ်လေး လာဝယ်ကြသလို၊ အိမ်ထောင်ပြုမည့်အရွယ် လူငယ်လေးတွေကလည်း ရှက်ကိုးရှက်ကန်းနဲ့ သူတို့ရည်ရွယ်သူအတွက် လာဝယ်ကြသည်။ ထို့ကြောင့် တတိယအစ်ကိုလျန်ရဲ့ ဆံပင်အလှဆင်ပစ္စည်းလုပ်ငန်းဟာ အကြီးအကျယ် အောင်မြင်ခဲ့သည်။
တတိယအစ်ကိုလျန် ပိုက်ဆံရရင် လင်းစုယွီလည်း ပိုက်ဆံရတာပါပဲ။ နာရီပိုင်းအတွင်းမှာတင် လင်းစုယွီတစ်ယောက် လျန်ဟွေ့နဲ့အတူ ရေခဲချောင်းစားပြီး ရုပ်ပြစာအုပ် ဖတ်နေတုန်းမှာပဲ တတိယအစ်ကိုလျန်က အမောတကော ပြန်ရောက်လာသည်။
"ညီမစုယွီ... အဲ့ဒီဆံပင်စည်းကွင်းတွေနဲ့ အလှဆင်ပစ္စည်းတွေ အကုန်ပြတ်တော့မယ်။ ထပ်ရှိသေးလား။ ညီမ ထပ်လုပ်ပေးဖို့ လိုတယ်!"
သူ့ညီမကတော့ အေးအေးလူလူ ရုပ်ပြစာအုပ်ဖတ်နေပြီး၊ သူကတော့ ချွေးတလုံးလုံးနဲ့ မျက်နှာတွေနီမြန်းကာ ရေသောက်ဖို့တောင် အချိန်မရခဲ့တာကို ကြည့်ပြီး တတိယအစ်ကိုလျန် စိတ်ထဲ မတင်မကျ ဖြစ်သွားသည်။
သူ့ညီမက အနှောင့်အယှက်ပေးနေတယ်လို့ ခံစားလိုက်ရပြီး တတိယအစ်ကိုလျန်က လျန်ဟွေ့ကို မကျေမနပ် ကြည့်လိုက်သည်။ သူ့ဟာသူကိုယ်တိုင် ပျော်နေတာ ထားပါဦး၊ လင်းစုယွီကိုပါ ဘာလို့ လမ်းမှားခေါ်နေရတာလဲ။ လင်းစုယွီက အိမ်ပြန်ပြီး ဆံပင်အလှဆင်ပစ္စည်းတွေ ထပ်လုပ်ရဦးမှာလေ။
"ဟွေ့ဟွေ့... နင်လည်း အရွယ်ရောက်နေပြီပဲ၊ လက်မှုပညာလေး ဘာလေး သင်သင့်ပြီ။ စုယွီကို ကူညီရင်းနဲ့ သင်ယူလိုက်ပါလား။ စုယွီ... အခု အဲ့ဒီဆံပင်အလှဆင်ပစ္စည်းတွေက အရမ်းရောင်းကောင်းနေတာ။ ကူလုပ်ပေးမယ့်လူတွေ ထပ်ရှာလို့ ရမလား"
လင်းစုယွီ အံ့သြသွားသည်။ ဒီလောက် ရောင်းကောင်းနေတာကို တတိယအစ်ကိုလျန်က ဘာလို့ သူ့ဖာသာသူ လူငှားပြီး မလုပ်တာလဲ။ သူမ ထင်ထားတာက သူဟာ သူမဆီက ဆက်ဝယ်ရင်းနဲ့ တစ်ဖက်မှာလည်း တခြားလူတွေကို ခိုးပြီး ခိုင်းလိမ့်မယ်လို့ပါ။
ဒီလောက် အမြတ်အစွန်းများတဲ့ အလုပ်မှာ ဘယ်သူက အမြတ်ကို လက်လွှတ်ချင်ပါ့မလဲ။ အခုတော့ တတိယအစ်ကိုလျန်က သူမကိုပဲ လူရှာခိုင်းနေတာဆိုတော့ သူ့ရဲ့ သဘောထားက ရှင်းနေပါပြီ။ ဒီလူဟာ တကယ်ကို လူကြီးလူကောင်းဆန်တဲ့ စရိုက်ရှိတာပဲ။
"ကောင်းပါပြီ တတိယအစ်ကိုလျန်။ စိတ်မပူပါနဲ့၊ ကျွန်မ ပြန်ရောက်တာနဲ့ လူချက်ချင်းရှာလိုက်ပါ့မယ်"
သူ့ရဲ့ စေတနာကို သူမ လက်ခံလိုက်သည်။ နောင်တစ်ချိန်မှာ ပြန်ပေးဆပ်ဖို့ အခွင့်အရေး ရှိလာမှာပါပဲ။ အခုမှပဲ လင်းစုယွီဟာ တတိယအစ်ကိုလျန်ရဲ့ စိတ်ဓာတ်ကို အသေအချာ နားလည်သွားပြီး နောင်အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ယုံကြည်မှု အခြေခံကောင်းတစ်ခု ရရှိသွားသည်။
တတိယအစ်ကိုလျန်က စိတ်ဓာတ်မဆိုးဘူးဆိုတော့ သူ့ကို မျိုးစေ့လေးတွေ ဘာတွေ ရှာပေးဖို့ အကူအညီ တောင်းကြည့်ရင် ကောင်းမလား။
"အဲ... ညီမစုယွီ၊ တခြား ဘာရှိသေးလို့လဲ"
သူ့ကို အဲ့ဒီလို ထူးဆန်းတဲ့ အကြည့်တွေနဲ့ မကြည့်လို့မရဘူးလား။ သူ သူမအပေါ် ဘာမှ အမှားမလုပ်မိပါဘူးနော်။ ဒါမှမဟုတ် သူ အမြတ် ၅၀ ရာခိုင်နှုန်းလောက် ယူနေတာကို သိသွားတာများလား။
"တတိယအစ်ကိုလျန်... အစ်ကိုက လူစုံနဲ့ တွေ့နေရတာဆိုတော့ မျိုးစေ့လေးတွေများ ရှာပေးလို့ ရမလား။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ကောက်ပဲသီးနှံ... ဘာမဆို ရပါတယ်"
သူမမှာ နေရာလွတ် ရှိပေမယ့် မျိုးစိတ်တွေက အကန့်အသတ် ရှိနေတာကြောင့် နေ့တိုင်း ဈေးကို ဟင်းသီးဟင်းရွက် သွားဝယ်နေရတုန်းပင်။ ဒါကြောင့် သူမရဲ့ နေရာလေးထဲမှာ စုံစုံလင်လင် ရှိအောင် မျိုးစေ့အသစ်တွေ ထပ်ရှာချင်နေသည်။
ကြက်ဥလေး စားရဖို့အတွက် ကြက်မငယ်လေး နှစ်ကောင်ရဖို့ကို ဈေးထဲမှာ လဝက်ကျော်ကြာအောင် ရှာခဲ့ရပြီး ဈေးကြီးပေးခဲ့ရတာကို တွေးမိတော့ တကယ်ကို ခက်ခဲလွန်းလှသည်။
"ဪ... ဒါပဲလား။ ရပါတယ်၊ ငါ လုပ်ပေးနိုင်ပါတယ်။ ဘယ်လို မျိုးစေ့မျိုးမဆို တကယ်ရတာလား"
လင်းစုယွီရဲ့ တောင်းဆိုမှုကို ကြားတော့မှ တတိယအစ်ကိုလျန် သက်ပြင်းချနိုင်တော့သည်။ တော်သေးတာပေါ့၊ သိပ်မခက်ခဲတဲ့ အလုပ်ဖြစ်နေလို့။ သူနဲ့ ဆက်ဆံနေရတဲ့ လူတွေထဲမှာ ရွာသားတွေလည်း ပါတာမို့ သူတို့ကိုပဲ ကူရှာခိုင်းလိုက်လို့ ရတာပဲ။
"ဟုတ်ကဲ့၊ ဘယ်လိုမျိုးစေ့မဆို ရပါတယ်။ ဖြစ်နိုင်ရင် တတိယအစ်ကိုလျန်... မွေးမြူရေး တိရစ္ဆာန်လေးတွေပါ ရှာပေးလို့ ရမလား။ ဆိတ်ကလေးတွေ၊ ငန်းပေါက်လေးတွေ ဒါမှမဟုတ် ဘဲပေါက်လေးတွေလိုမျိုးပေါ့"
သူကပဲ ရိုးအလွန်းလို့ စောစောစီးစီး စိတ်အေးသွားတာပဲလား။ တတိယအစ်ကိုလျန်သည် လင်းစုယွီရဲ့ အပြစ်ကင်းစင်လှတဲ့ မျက်နှာလေးကို တစ်လှည့်၊ သူ့ညီမရဲ့ ခြိမ်းခြောက်သလိုလို အကြည့်ကို တစ်လှည့် ကြည့်လိုက်ပါသည်။
"ကောင်းပါပြီ... အတတ်နိုင်ဆုံးရှာပေးပါ့မယ်!"
သနားစရာ တတိယအစ်ကိုလျန်ခမျာ သူမ ဘာလို့ အကောင်ပေါက်လေးတွေ လိုချင်တာလဲဆိုတာတောင် မမေးရဲရှာပေ။ သူ့အတွက် နောက်ထပ် တွင်းတစ်တွင်း အဆင်သင့် စောင့်နေမှာကိုပဲ ကြောက်နေရတာပါ။
သူ့မှာ ညီမတစ်ယောက်ရှိတာနဲ့တင် လုံလောက်နေပါပြီ။ လင်းစုယွီကိုပါ ညီမလေးတစ်ယောက်လို ဘာလို့ သဘောထားမိပါလိမ့်။ တကယ်တော့ သူက အစ်ကိုကောင်း တစ်ယောက်ဖြစ်ဖို့ အရည်အချင်း သိပ်မရှိတာတောင် သူမအပေါ် ကောင်းပေးချင်တဲ့စိတ်ကို မထိန်းနိုင်ဖြစ်နေရတာပါ။
ဒါကတော့ သူကိုယ်တိုင် ရှာတဲ့ ဒုက္ခပါပဲလေ...။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း