← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အပိုင်း ၄၁ - ကွယ်လွန်သူသည် ပြန်မလာတော့ပြီ

လီယန်ပင်းတစ်ယောက် ပူဆွေးမှုနှင့် ကြောက်ရွံ့မှုများကြား နစ်မွန်းနေရသဖြင့် လီရှင်းရှင်း၏ ဆင်ခြေများကို ဆက်နားမထောင်နိုင်တော့ပေ။

သူ့ကို အချစ်ဆုံးဖြစ်သော အဖိုးဖြစ်သူ သေဆုံးသွားခြင်းက သူ့ကို အတိုင်းအဆမဲ့ ဝမ်းနည်းစေသလို၊ အဖိုးကို ထိခိုက်အောင်လုပ်ခဲ့သူမှာ သူ၏ ညီမအရင်းခေါက်ခေါက် ဖြစ်နေသည်ဟူသော အမှန်တရားက သူ့ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

သူ၏ စိတ်ထဲတွင် အတွေးနှစ်မျိုး လွန်ဆွဲတိုက်ခိုက်နေစဉ်မှာပင် လီရှင်းရှင်း၏ အားကိုးရာမဲ့စွာ ငိုယိုနေသံက သူ့ကို ဆုံးဖြတ်ချက်တစ်ခု ချမှတ်စေခဲ့သည်။

လူသာ သေသွားသော်လည်း အမှတ်တရများက ကျန်ရစ်မြဲဖြစ်၏။ သေသူသည် သွားလေပြီ၊ ရှင်ကျန်သူများကမူ ရှေ့ဆက်ရဦးမည် မဟုတ်ပါလား။ သူ၏ ညီမလေးကို အဖိုးအရင်းကို သတ်ခဲ့သူဟူသော ရာဇဝတ်မှုမျိုး အတင်မခံနိုင်ပါ။

"ရှင်းရှင်း၊ မငိုနဲ့တော့။ အဖိုးအိမ်ကနေ ထွက်လာတုန်းက တစ်ယောက်ယောက် မြင်သွားသေးလား"

မောင်နှမနှစ်ယောက် အဖိုးအိမ်ကို သွားတိုင်း တိတ်တဆိတ်သာ သွားလေ့ရှိကြသည်။ အကယ်၍ ရှင်းရှင်းကို ဒီတစ်ခေါက်သာ ဘယ်သူမှ မမြင်ခဲ့ဘူးဆိုလျှင်တော့ အားလုံးကို ဒီအတိုင်းပဲ ထားလိုက်ရုံရှိတော့သည်။ ဒါဟာ ကံကြမ္မာပဲ ဖြစ်လိမ့်မည်။

"မမြင်ပါဘူး... အဖိုးအိမ်က လူသူဝေးတဲ့နေရာမှာလေ၊ ဘယ်သူမှလည်း အဲဒီနား မလာကြဘူး။ ထွက်လာတော့လည်း ဘေးပတ်ပတ်လည်ကို သေချာကြည့်ခဲ့သေးတယ်"

"ရှင်းရှင်း... မှတ်ထားနော်၊ နင် ဒီနေ့ အဖိုးအိမ်ကို လုံးဝမသွားခဲ့ဘူး။ အဲဒီသေတ္တာကိုလည်း ဘယ်သူမှမတွေ့အောင် ဖုံးကွယ်ထားလိုက်"

နောက်ဆုံးတွင်တော့ လီယန်ပင်းသည် လီရှင်းရှင်းကို ကာကွယ်ရန်သာ ရွေးချယ်လိုက်တော့သည်။ သို့သော် ဤဆုံးဖြတ်ချက်က နောင်တစ်ချိန်တွင် ကြီးစွာသော နောင်တကို ဖြစ်စေလိမ့်မည်ဟု သူ မသိခဲ့ပေ။

အပြစ်လုပ်ထားသော်လည်း ကာကွယ်ပေးမည့်သူ ရှိနေသဖြင့် လီရှင်းရှင်း၏ စိတ်ရိုင်းများမှာ ပို၍ပင် အထိန်းအကွပ်မဲ့လာခဲ့သည်။ နောင်တွင် သူမသည် ဥပဒေမဲ့သည့် အပြုအမူများကို ပို၍ပင် ရဲရဲဝံ့ဝံ့ လုပ်လာနိုင်ချေ ရှိနေသည်။

ရက်အနည်းငယ်ကြာသောအခါ အဖိုးအို၏ ရုပ်အလောင်းကို ရပ်ကွက်ရုံးမှ လူများက တွေ့ရှိသွားကြပြီး ခရီးထွက်နေသော လီဖခင်ထံ အကြောင်းကြားခဲ့သည်။

မိသားစုနှစ်စုမှာ အဆက်အသွယ်ဖြတ်ကြောင်း သတင်းစာထဲတွင် ကြေညာထားပြီးသား ဖြစ်သဖြင့် လီဖခင် အပြေးအလွှား ပြန်ရောက်လာချိန်တွင် အဖိုးအို၏ နာရေးကိစ္စများကို ရပ်ကွက်ရုံးကပင် စီစဉ်ပေးပြီး ဖြစ်နေလေပြီ။

လီရှင်းရှင်းသည် ရက်အနည်းငယ်ခန့် စိတ်ဒုက္ခရောက်နေခဲ့သော်လည်း အဖိုး၏ ဈာပနပြီးသည့်တိုင် သူမထံ မည်သူမျှ ရောက်မလာသဖြင့် ဘေးကင်းသွားပြီမှန်း သိလိုက်သည်။ စိတ်သက်သာရာရသွားသော လီရှင်းရှင်းသည် ပကတိအတိုင်းပင် လိပ်ပြာမလုံခြင်းမရှိဘဲ ပျော်ပျော်ပါးပါး ပြန်နေနိုင်ခဲ့သည်။

လီယန်ပင်းကမူ သူ့ကိုယ်သူ အပြစ်မကင်းသလို ခံစားရသဖြင့် စိတ်ဓာတ်များ ပို၍ကျဆင်းလာခဲ့သည်။ ဘာမှမဖြစ်ခဲ့သလို နေထိုင်နေသော လီရှင်းရှင်းကို ကြည့်ရင်း သူမအပေါ် မကျေမနပ်ဖြစ်လာကာ မောင်နှမနှစ်ဦးကြားတွင် အက်ကြောင်းများ စတင်ပေါ်ပေါက်လာတော့သည်။

လင်းစုယွီကမူ ဤရက်ပိုင်းအတွင်း အလုပ်များပြီး ပျော်ရွှင်နေခဲ့သည်။ သူမသည် လင်းမိသားစုဝင်များ၏ အဝတ်ဟောင်းများကို အမြှောင်းလေးများဖြတ်ကာ ဆံပင်အလှဆင်ပစ္စည်းများ ပြုလုပ်ခဲ့ပြီး ဘေးအိမ်က အဒေါ်ထောင်ကိုပင် ကူလုပ်ပေးရန် အကူအညီတောင်းခဲ့သည်။

အဒေါ်ထောင်သည် ယခင်က မီးခြစ်အိမ် ကပ်သည့်အလုပ် လုပ်ခဲ့သော်လည်း အလုပ်မှာ ရိုးရှင်းသလောက် ဝင်ငွေမကောင်းလှပေ။ လင်းစုယွီ ခိုင်းသည့် ဆံပင်ကလစ် လုပ်သည့်အလုပ်မှာမူ အားစိုက်ရုံမျှဖြင့် တစ်ခုလျှင် ဆယ်ဆင့် (၁၀ ပြား) ရသဖြင့် အဒေါ်ထောင်အတွက်တော့ ကောင်းကင်က မုန့်ကျလာသကဲ့သို့ပင်။

"စုယွီ... ဒါတွေကို ဒီလောက်အများကြီး လုပ်ဖို့လိုလို့လား။ အဒေါ်က ဒီအလုပ်တွေ အကုန်ယူလုပ်နေရင် သမီးအတွက် အလုပ်မရှိဘဲ ဖြစ်နေဦးမယ်"

လင်းစုယွီက သူမကိုယ်တိုင်လည်း လက်ခစားယူ လုပ်ပေးနေခြင်းသာ ဖြစ်သည်ဟု ပြောထားသဖြင့် အဒေါ်ထောင်က သူမကြောင့် လင်းစုယွီ အလုပ်လက်မဲ့ ဖြစ်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

"အဒေါ်... ဒီဆံပင်အလှဆင်ပစ္စည်းတွေကို လျန်မိသားစုက ရသလောက် လုပ်ပေးဖို့ ပြောထားတာပါ။ ကျွန်မတစ်ယောက်တည်း မနိုင်လို့ အဒေါ့်ကို ကူခိုင်းရတာ။ ဒါမှ ကျွန်မတို့အားလုံး ဟင်းဖိုးလေး ဘာလေး ပိုရအောင်လို့လေ"

သူမသည် အဒေါ်ထောင်၏ စရိုက်ကို ယုံကြည်စိတ်ချသည်။ ထို့ပြင် သူတို့မှာ လက်ခစား သက်သက်သာ လုပ်ကြခြင်းဖြစ်သဖြင့် အပိုဝင်ငွေရခြင်းက ဆိုးလှသည်တော့မဟုတ်။

"အဲဒီလိုလား။ ဒါဆို အဒေါ်ကုတို့ မိသားစုကိုရော ပေးလုပ်လို့ ရမလား။ သူ့ရဲ့ အငယ်ဆုံးသားက လက်မှုအလုပ်ဆို သိပ်ကျွမ်းတာ"

"ရတာပေါ့ အဒေါ်။ ကျွန်မ ကုန်ကြမ်းတွေနဲ့ အရောင်စပ်ပုံစံတွေ ပြင်ထားလိုက်မယ်။ အဒေါ်ကုကိုလည်း ကျွန်မအိမ်ကို လာခဲ့ဖို့ ပြောပေးပါဦး"

ထိုသို့ဖြင့် အဒေါ်ထောင်၏ အကြံပြုချက်ကြောင့် လင်းစုယွီသည် သူမအတွက် ငွေရှာပေးမည့် 'လူသားလက်နက်' များ ပိုရရှိလာခဲ့သည်။ ချန်မိသားစုနှင့် ကျူးမိသားစုတို့က လက်မှုအလုပ်များကို တာဝန်ယူပေးလိုက်သဖြင့် သူမမှာ ကုန်ကြမ်းပြင်ဆင်ပေးရုံသာ လိုတော့သည်။ အလုပ်လေး နည်းနည်းအားလာချိန်တွင် သူမ၏ ယခင်က စီမံကိန်းကို သတိရသွားသည်။

မိမိကိုယ်ကိုယ် အားကိုးကာ စာရေးပြီး ပိုက်ဆံရှာနေသည့် မိဘမဲ့ မိန်းကလေးငယ်တစ်ဦး... ဤပုံစံက အတော်လေး အဆင်ပြေသည်။ အနည်းဆုံးတော့ အပေါ်ယံကြည့်လျှင် သူမတွင် ဝင်ငွေလမ်းကြောင်းရှိနေသဖြင့် တစ်ခါတစ်ရံ စားကောင်းသောက်ဖွယ် ဝယ်စားခြင်း သို့မဟုတ် အဝတ်သစ် ဝယ်ဝတ်ခြင်းတို့က သူများမျက်စိထဲ ထူးဆန်းနေတော့မည် မဟုတ်ပေ။

ကြံရွယ်သည့်အတိုင်းပင် ချက်ချင်း အကောင်အထည် ဖော်တော့သည်။ လင်းစုယွီသည် နောင်အနာဂတ်တွင် နာမည်ကြီးမည့် တိုင်းပြည်ဂုဏ်ပြု ဆောင်းပါးများကို ပြန်လည်အမှတ်ရလိုက်သည်။ ထိုပုံစံများကို အခြေခံကာ သူမ ကိုယ်တိုင်လည်း ဆောင်းပါးကောင်းအချို့ကို ရေးနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

နှစ်ရက်ခန့် စဉ်းစားပြီးနောက် ဆောင်းပါးကောင်း နှစ်ပုဒ် ထွက်လာခဲ့သည်။ စာလုံးပေါင်းများကို အထပ်ထပ်စစ်ဆေးပြီးနောက် လင်းစုယွီသည် ထိုဆောင်းပါးများကို သတင်းစာတိုက်သို့ စာတိုက်မှ ပေးပို့လိုက်လေသည်။

ငြီးငွေ့စရာကောင်းသော နေ့ရက်များသည် လျင်မြန်စွာ ကုန်ဆုံးသွားတတ်မြဲဖြစ်သည်။ လဝက်ခန့် ကြာသွားပြီးနောက် ကျောင်းဖွင့်ခါနီးအချိန်တွင် သူမ "တတိယအစ်ကိုလျန်" ထံမှာ မှာထားသည့် အိမ်မွေးတိရစ္ဆာန်လေးများ ရောက်ရှိလာခဲ့သည်။

ထိုနေ့တွင် တတိယအစ်ကိုလျန်နှင့် လျန်ဟွေ့တို့ ရောက်လာကြပြီး အဝတ်နက် အုပ်ထားသည့် ကြက်လှောင်အိမ် တစ်လုံး ပါလာသည်။

"စုယွီ... ညီမမှာထားတဲ့ ကြက်ပေါက်၊ ဘဲပေါက်နဲ့ ငန်းပေါက်လေးတွေ ရပြီနော်။ ကြည့်ဦးမလား"

လျန်ဟွေ့၏ အသံမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ တိရစ္ဆာန်‌ပေါက်လေးများမှာ ငယ်စဉ်က အမွှေးပွပွလေးများနှင့် အလွန်ပင် ချစ်စရာကောင်းလှသည် မဟုတ်ပါလား။

"ညီမလေး စုယွီ၊ အစ်ကို တောင်းပန်ပါတယ်။ သိုးပေါက်လေးတွေတော့ အခုချက်ချင်း ရှာမရသေးဘူး။ ဒါပေမဲ့ မစိုးရိမ်နဲ့ဦး၊ နောက်လဝက်နေရင် ရလိမ့်မယ်။ အစ်ကို မှာထားပြီးပြီ"

လင်းစုယွီ အပ်နှံထားသည့် ကိစ္စကို အကုန်အစင် မလုပ်ပေးနိုင်သေးသဖြင့် တတိယအစ်ကိုလျန်မှာ အားနာနေမိသည်။

လင်းစုယုအတွက်မူ ဤမျှရသည်ကိုပင် အလွန်ကျေနပ်လှပါပြီ။ လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း သူသည် လတ်ဆတ်သော မျိုးစေ့များစွာကို ရှာဖွေပေးခဲ့သေးသည်။ မည်သို့ပင်ဆိုစေ သူမသည် တတိယအစ်ကိုလျန်ကို အလွန်ကျေးဇူးတင်မိသည်။

"ကျေးဇူးတင်ပါတယ် အစ်ကို။ ဒီအကောင်လေးတွေအတွက် ဘယ်လောက်ကျလဲ၊ ကျွန်မ ပေးပါရစေ"

"မလိုပါဘူး၊ အစ်ကို့ဆီက လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ။ သိပ်လည်း မကျပါဘူး။ ဒါနဲ့ စုယွီ... ကျောင်းလည်း ဖွင့်တော့မယ်ဆိုတော့ ငါတို့ ဆံပင်အလှဆင်ပစ္စည်း လုပ်တဲ့အလုပ်ကို ဆက်လုပ်လို့ ရသေးလား"

"တစ်ကယ်လို့ ညီမဘက်က အဆင်ပြေရင်တော့ စနေနေ့တိုင်း ပစ္စည်းလာယူဖို့ စီစဉ်ထားတယ်"

အမှန်တော့ တတိယအစ်ကိုလျန်မှာ ဤအကျိုးအမြတ်များသော အလုပ်ကို လင်းစုယွီက ရပ်ပစ်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ဤအလုပ်မှာ လုပ်ရသည်မှာ လွယ်ကူပြီး ဝင်ငွေကောင်းလှသဖြင့် သူ လုံးဝ အဆုံးရှုံးမခံနိုင်ပေ။

လင်းစုယွီက ကုန်ပစ္စည်း ပံ့ပိုးပေးထားသရွေ့ သူက တစ်ခုလျှင် ဆယ်ဆင့်၊ နှစ်ဆယ်ဆင့်ခန့် တင်ရောင်းရုံဖြင့် အခြားမြို့နယ်များအထိ အလုံးအရင်းနှင့် ပို့ဆောင်နိုင်ကာ သွားရလာရရုံဖြင့် ဝင်ငွေအတော်လေး ရနေခြင်းဖြစ်သည်။

အရေးကြီးဆုံးမှာ စုယွီပေးသည့် ကုန်ကြမ်းများမှာ ယခုခေတ်တွင် ရှားပါးလှသော အဆင့်မြင့် ပိတ်စများ ဖြစ်နေခြင်းပင်။ အကယ်၍ ရှိခဲ့လျှင်တောင် သူကိုယ်တိုင် ရှာဝယ်နိုင်မည် မဟုတ်ပါ။

သူ့ဖခင်မှာ အထည်စက်ရုံတွင် အလုပ်လုပ်ခဲ့ဖူးသဖြင့် သူကိုယ်တိုင်လည်း သွားရှာဖူးသော်လည်း အဆိုပါ အထည်မျိုးကို များများစားစား မတွေ့ခဲ့ရပေ။ လက်ကျန်အနည်းငယ်ကိုသာ သူရရှိခဲ့ပြီး လင်းစုယွီထံသို့ လာပို့ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ တတိယအစ်ကိုလျန်က ဇာပိတ်စ နှစ်လိပ်ကို ကုန်ကြမ်းအဖြစ် ယူလာပေးခဲ့စဉ်က လင်းစုယွီပင် အံ့သြသွားခဲ့ရသည်။ သူမ အသုံးပြုနေသော ပိတ်စအများစုမှာ လင်းမိသားစုဝင် အမျိုးသမီးများ၏ အဝတ်အစားဟောင်းများကို ဖျက်ပြီး ယူထားခြင်းဖြစ်သည်။

ထိုအဝတ်အစားများမှာလည်း အထည်စက်ရုံမှ လာခြင်းဖြစ်နိုင်သဖြင့် တတိယအစ်ကိုလျန် ယူလာသော ပိတ်စများနှင့် အရင်းအမြစ် တူညီနေခြင်းက သူမအတွက် ပို၍ပင် အဆင်ပြေသွားစေသည်။

ချန်မိသားစုနှင့် ကျူးမိသားစုတို့က တတိယအစ်ကိုလျန် ပစ္စည်းလာပို့သည်ကို မြင်သောအခါ ကုန်ကြမ်းအားလုံးကို လျန်မိသားစုက ပေးသည်ဟုသာ ထင်သွားကြတော့သည်။ ထို့ကြောင့် သူမဆီမှာ ရှားပါးပိတ်စအကျန်အကြွင်းများ အလွန်များနေခြင်းကိုလည်း မည်သူမှ မသင်္ကာမဖြစ်ကြတော့ပေ။

"ရပါတယ် အစ်ကို။ ကျောင်းဖွင့်ရင်လည်း တစ်ပတ်တစ်ခါ လာယူမယ်ဆိုရင် အဆင်ပြေတာပေါ့"

လင်းစုယွီ စိတ်ထဲတွင် ရယ်မိသွားသည်။ ဤမျှ အမြတ်အစွန်းများပြီး ပြဿနာမှန်သမျှကိုလည်း သူမ ရှင်းလင်းထားပြီးသည့် အလုပ်ကို ဘာကြောင့် ရပ်ရမည်နည်း။ ဤအခွင့်အရေးကို သုံးပြီး ချမ်းသာအောင် လုပ်ရမည် မဟုတ်ပါလား။

နိုင်ငံရေး လှုပ်ခတ်မှုများ မလာခင် နှစ်အနည်းငယ် လိုသေးသည်။ ယခုလို ပေါ်လစီများ သိပ်မတင်းကျပ်သေးသည့် အချိန်တွင် ငွေရှာမထားလျှင် နောင်ကျလျှင် လေစားပြီး အသက်ရှင်ရတော့မည်လား။

လိုချင်သည့် အဖြေရသွားသဖြင့် တတိယအစ်ကိုလျန် စိတ်အေးသွားသည်။ မောင်နှမနှစ်ယောက်လုံး လင်းစုယွီအိမ်တွင် ပဲစိမ်းဟင်းချိုရည် သောက်ကြပြီးမှ အိမ်ပြန်သွားကြသည်။

"အစ်ကို... စုယွီလုပ်တဲ့ ပဲစိမ်းဟင်းချိုရည်က သိပ်ကောင်းတာပဲ။ ဒါပေမဲ့ ကြားဖူးတာတော့ မိန်းကလေးတွေက သွေးအားကောင်းအောင် ပဲနီလေးတွေ ပိုစားပေးသင့်တယ်တဲ့။ အစ်ကို ဘယ်တော့လောက် ပဲနီလေးတွေ ရှာပေးနိုင်မလဲ၊ စုယွီနဲ့ ကျွန်မ ဟင်းချိုရည်လုပ်သောက်ချင်လို့"

ထုံးစံအတိုင်းပင် လျန်ဟွေ့သည် စားချင်ဇောဖြင့် သူမအစ်ကိုကို ထောင်ချောက်ဆင်တော့သည်။ သူမက ပဲနီလေးများကို လင်းစုယွီဆီ ပေးဖို့အထိပါ စီစဉ်ထားသေးသည်။ အကြောင်းမှာ လင်းစုယွီ၏ လက်ရာက အလွန်ကောင်းမွန်လှသောကြောင့်ပင် ဖြစ်လေတော့သည်။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters