အခန်း ၄၂
Vol. 5 Ch. 42
အပိုင်း ၄၂ - နေရာလွတ် အဆင့်မြှင့်တင်ခြင်း
လင်းစုယွီသည် လျန်မိသားစုမှ တတိယအစ်ကို ပို့ပေးလိုက်သော အမွှေးပွပွ သားပေါက်လေးများကို ခေါ်ဆောင်ကာ နေရာလွတ်ထဲသို့ ဝင်ရောက်လိုက်ချိန်တွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ လင်းစုယွီသည် နေရာလွတ်ထဲမှ အပြင်သို့ တိုက်ရိုက် လွင့်ထွက်လာခဲ့သည်။
နောက်ဆုံး၌ နေရာလွတ်သည် အဆင့် (၂) သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအဆင့်သို့ ရောက်ရှိရန် ခရီးလမ်းမှာ အလွန်ရှည်လျားလှသဖြင့် အကယ်၍သာ အဆင့်မတက်သေးပါက လင်းစုယွီတစ်ယောက် ငိုမိတော့မည့်အခြေအနေပင်။
လွန်ခဲ့သောရက်များက သူမသည် လယ်သမားတစ်ဦးကဲ့သို့ အချိန်မှန်ဝင်ရောက်ကာ အဆုံးမရှိသော ရိတ်သိမ်းခြင်းနှင့် မျိုးစေ့ချခြင်း လုပ်ငန်းများကို နေ့စဉ်နှင့်အမျှ ပင်ပန်းကြီးစွာ လုပ်ကိုင်ခဲ့ရသည်။ သူမ၏ စိတ်ဝိညာဉ်စွမ်းအားနှင့် စိတ်ဆန္ဒကို အသုံးချကာ အလုပ်လုပ်ခဲ့သော်လည်း ပင်ပန်းနွမ်းနယ်မှုကိုတော့ ရှောင်လွှဲ၍ မရခဲ့ပေ။
အတန်ကြာ စောင့်ဆိုင်းပြီးနောက် နေရာလွတ်အဆင့်မြှင့်တင်မှု ပြီးဆုံးသွားကြောင်း သူမ၏ အသိစိတ်ထဲတွင် ခံစားလိုက်ရသည်။ ထို့ကြောင့် မည်သည့် ထူးခြားဆန်းသစ်မှုများ ရှိနေမည်ကို သိရှိနိုင်ရန် လင်းစုယွီတစ်ယောက် နေရာလွတ်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ဝင်ရောက်ကြည့်ရှုလိုက်သည်။
နေရာလွတ်ထဲရှိ မြက်ခင်းပြင်လွတ်ပေါ်တွင် ခြံစည်းရိုးများ ပါဝင်သည့် ကြက်ခြံနှင့်တူသော တဲအိမ်လေး သုံးလုံး ပေါ်ပေါက်နေသည်။ အမွှေးပွ သားပေါက်လေးများသည်လည်း အုပ်စုအလိုက် မိမိတို့နယ်မြေအတွင်း လွတ်လပ်စွာ လမ်းလျှောက်ကာ အစာကောက်နေကြပြီး ၎င်းတို့ ရရှိသည့် ဝန်ဆောင်မှု ဂရုစိုက်မှုတို့မှာ အဆင့်မြင့်မားလှသည်။
နောက်ထပ် သတင်းကောင်းတစ်ခုမှာ နေရာလွတ်ထဲသို့ ဝင်လိုက်သည်နှင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအား တိုးတက်လာသည်ကို ခံစားလိုက်ရခြင်းပင်။ ယခင်က သူမ၏ စိတ်ဝိညာဉ်စွမ်းအားသည် ၁၀ မီတာ အကွာအဝေးအထိသာ စူးစမ်းနိုင်သော်လည်း ယခုအခါ ၂၀ မီတာအထိ စူးစမ်းနိုင်ပြီ ဖြစ်သည်။
ဆိုလိုသည်မှာ လင်းစုယွီ၏ စိတ်ဝိညာဉ်စွမ်းအားသည် ယခင်ကထက် နှစ်ဆ တိုးတက်လာပြီး သူမ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း နှစ်ဆ တိုးလာခဲ့သည်။ အကယ်၍ ယခုရှိနေသော စွမ်းအားဖြင့်သာ ချန်လီလီ၏ စနစ်ကို တိုက်ခိုက်ခဲ့လျှင် ယခင်ကကဲ့သို့ ခေတ္တရပ်ဆိုင်းသွားရုံသာမကဘဲ တစ်ခါတည်း အမြစ်ပြတ် ဖျက်ဆီးပစ်နိုင်သည့် အနေအထားမျိုးပင် ဖြစ်သည်။
နေရာလွတ်အနှံ့ သွားလာနေသော ကြက်ငှက်တိရစ္ဆာန်များနှင့် ရွှေရောင်ဝင်းနေသော သီးနှံစိုက်ခင်းများကို ကြည့်ကာ လင်းစုယွီ ကျေနပ်ပီတိ ဖြစ်နေသည်။ နောက်ဆုံးတော့လည်း သူမ စိတ်ကြိုက် အသားစားနိုင်ခွင့် ရပြီဖြစ်သည်။ ကြက်ငှက်များသာ ဖြစ်သော်လည်း ယခင်ကကဲ့သို့ သတ်သတ်လွတ်စားနေရသည်ထက် များစွာ သာလွန်လှသည်။
ကြက်ငှက်များ ရှိလာပြီဖြစ်၍ လင်းစုယွီသည် ပင်လယ်စာအကြောင်းကို စဉ်းစားမိပြန်သည်။ ယခင်က လျန်ဟွေ့၏ မိသားစုနှင့်အတူ ကောက်ယူခဲ့သော ပင်လယ်စာများသည် ထူးဆန်းစွာပင် နေရာလွတ်ထဲ၌ မျိုးပွားနိုင်ခြင်း မရှိခဲ့ပေ။ နေရာလွတ်၏ အဆင့်မမြင့်မားသေး၍ ပင်လယ်သတ္တဝါများ မရှင်သန်နိုင်ခြင်း ဖြစ်မည်ဟု သူမ မရေမရာ တွေးလိုက်သည်။
ယခု နေရာလွတ်သည် အဆင့် (၂) သို့ ရောက်ရှိသွားပြီဖြစ်ရာ ပင်လယ်သားငါးများ မွေးမြူနိုင်မလားဆိုသည်ကို သူမ သိချင်နေသည်။ ကျောင်းမဖွင့်မီ စမ်းသပ်မှုတစ်ခု ပြုလုပ်ရန်လည်း လင်းစုယွီ ကြံစည်ထားသည်။ သူမက တတိယအစ်ကို လျန်ထံမှ စက်ဘီးငှားရန် ရည်ရွယ်နေစဉ်တွင် လျန်ဟွေ့က သူမ၏ အစီအစဉ်ကို မတော်တဆ သိသွားခဲ့သည်။
ပျော်ပျော်နေတတ်ပြီး အစားအသောက် မက်သော လျန်ဟွေ့မှာမူ ဤကဲ့သို့ စိတ်လှုပ်ရှားစရာကို လက်လွတ်ခံမည် မဟုတ်ပေ။ သူမသည် လင်းစုယွီ၏ လက်မောင်းကို ချက်ချင်းဖမ်းဆွဲကာ ချွဲနွဲ့ပြီး တောင်းဆိုတော့သည်။
"စုယွီ... ငါ့ကိုလည်း ခေါ်သွားပါဦး။ ကမ်းခြေမှာ ပင်လယ်စာတွေ ထပ်သွားကောက်ချင်လို့ပါ။ ချစ်မကြီးရေ... ခေါ်သွားပါနော်၊ ငါ ဘာပြဿနာမှ မဖြစ်စေရ ပါဘူး"
ကံမကောင်းစွာပင် ယခုတစ်ကြိမ်တွင်မူ ချွဲပြခြင်းသည် အရာမထင်ခဲ့ပေ။ လင်းစုယွီက တည်ငြိမ်သော မျက်နှာထားဖြင့် တိုက်ရိုက် ငြင်းဆိုလိုက်သည်။
"လျှောက်မပြောနဲ့။ ငါက စက်ဘီးနဲ့ နင့်ကို တင်ခေါ်သွားလို့ မရဘူး။ ဒါမှမဟုတ် နင်က ၂၈ လက်မ စက်ဘီးကို စီးပြီး ငါ့ကို တင်မှာလား"
လင်းစုယွီ၏ တည်တင်းသော မျက်နှာထားမှာ တော်တော်လေး ကြောက်စရာကောင်းသဖြင့် လျန်ဟွေ့မှာ ဆက်မပြောရဲတော့ဘဲ လက်ချောင်းလေးများကို ရေတွက်ရင်း သနားစဖွယ် ရပ်နေရှာသည်။
ဤမြင်ကွင်းသည် တတိယအစ်ကို လျန်အတွက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။ မိမိညီမကို တစ်စုံတစ်ဦးက ထိန်းကျောင်းနိုင်သည်ကို ဝမ်းသာမိသော်လည်း ညီမဖြစ်သူအတွက်လည်း စိတ်မကောင်း ဖြစ်မိသည်။
"တကယ်တော့ အတူသွားဖို့ နည်းလမ်းမရှိတာ မဟုတ်ပါဘူး။ သဘက်ခါကျရင် အဖေ့စက်ရုံက ပစ္စည်းဝယ်ယူရေးအဖွဲ့က ပင်လယ်စာသွားယူဖို့ တံငါရွာလေးကို သွားကြမှာ။ တစ်ကယ်လို့ မင်းတို့ စောစောထနိုင်ရင် စက်ရုံက ကုန်တင်ကားနဲ့ လိုက်သွားလို့ရတယ်လေ" ဟု တတိယအစ်ကို လျန်က အကြံပေးလိုက်သည်။
စက်ရုံမှူးလျန်သည် စက်ရုံသစ်တစ်ခုသို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်သည်။ အနာဂတ်တွင် အလုပ်အဆင်ပြေစေရန်အတွက် ဝန်ထမ်းများကို ခံစားခွင့်များ ပေးအပ်ခြင်းသည် လုပ်ငန်းခွင်နှင့် လျင်မြန်စွာ ရောနှောနိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ ဤကာလတွင် အသားစားရခြင်းထက် ပို၍ ပျော်ရွှင်စေမည့် ခံစားခွင့်မျိုး မရှိပေ။ သို့သော်လည်း အသားထုတ်လုပ်ရေးစက်ရုံမှ ဝက်သားမှာ ပြတ်လပ်နေပြီး ဝက်တစ်ကောင် ရရှိရန်ပင် အလွန်ခက်ခဲနေသည်။
စက်ရုံရှိ ဝန်ထမ်းနှစ်ထောင်ကျော်ကို အသားကျွေးရန်မှာ စက်ရုံမှူးလျန်အတွက် မလွယ်ကူသော အလုပ်ဖြစ်သည်။ သူ၏ အငယ်ဆုံးသားက တံငါရွာမှ ပင်လယ်စာခြောက် အမြောက်အမြား ယူဆောင်လာသည်ကို မြင်သောအခါ ထိုတံငါရွာလေးမှ ပင်လယ်စာများကို ဝယ်ယူကျွေးမွေးရန် သူ စတင်စဉ်းစားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူသည် တတိယအစ်ကို လျန်ကို ကိုယ်စားလှယ်အဖြစ် တံငါရွာသို့ ပို့လွှတ်ကာ ပင်လယ်စာဝယ်ယူရန် ညှိနှိုင်းစေခဲ့သည်။ တတိယအစ်ကို လျန်မှာလည်း စွမ်းဆောင်ရည်ရှိသူ ဖြစ်သည့်အတိုင်း စီးကရက်တစ်ဖာနှင့် အရက်နှစ်ပုလင်းဖြင့် အလုပ်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
"စုယွီ... သဘက်ခါမှ သွားကြစို့။ ကြည့်ပါဦးဘယ်လောက်အဆင်သင့်လိုက်လဲ။ ကားကြုံလိုက်ရမှာဆိုတော့ ပိုသက်သောင့်သက်သာ ရှိတာပေါ့ မဟုတ်ဘူးလား"
ဟုတ်တာပေါ့၊ အမှန်ပဲ။ ညီမဖြစ်သူကို ဤမျှအလိုလိုက်ပြီး နှုတ်ကြမ်းသော်လည်း စိတ်ထားနူးညံ့သော အစ်ကိုမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ကုန်တင်ထရပ်ကား စီးခွင့်ရမည်ဆိုလျှင် သူမလည်း ၂၈ လက်မ စက်ဘီးကို နင်းမသွားချင်တော့သည်မှာ အမှန်ပင်။
လင်းစုယွီက လွယ်လွယ်ကူကူပင် သဘောတူလိုက်သဖြင့် လျန်ဟွေ့လည်း နောက်ဆုံးတွင် ငြိမ်သက်သွားတော့သည်။ ထို့နောက် သူတို့သည် သွားမည့်အချိန်ကို တိုင်ပင်ကြသည်။ သန်ဘက်ခါ နံနက် ၅ နာရီတွင် ထွက်ခွာမည်ဟု အတည်ပြုပြီးနောက် လင်းစုယွီသည် လျန်မိသားစုအိမ်တွင် ကြာကြာမနေဘဲ တန်းပြန်ခဲ့သည်။
သူမ အိမ်ရှေ့သို့ ရောက်သောအခါ အဒေါ်ထောင်သည် စာပို့သမားတစ်ဦးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ မျက်စိလျင်သော အဒေါ်ထောင်က လင်းစုယွီကို ချက်ချင်း မြင်သွားပြီး လှမ်းခေါ်လိုက်သည်။"စုယွီ... မြန်မြန်လာပါဦး။ စာပို့သမားက နင့်အတွက် စာပါတယ်လို့ ပြောနေတယ်။ နင်ပြန်ရောက်လာပြီဆိုတော့ ကိုယ်တိုင်ပဲ လက်မှတ်ထိုးလိုက်တော့"
အဒေါ်ထောင်က လင်းစုယွီကို အလောတကြီး ခေါ်လိုက်ပြီးနောက် စပ်စုလိုစိတ်ဖြင့် မေးမြန်းတော့သည်။"စာအိတ်ပေါ်က လိပ်စာကြည့်ရတာ သတင်းစာတိုက်ကပဲ။ စုယွီ... ဒါက ဘာအကြောင်းတွေလဲ"
"ရဲဘော် လင်းစုယွီလား။ ဒါက မင်းအတွက် စာပါ၊ လက်မှတ်ထိုးပေးပါ" စာပို့သမားက ပြောကာ လင်းစုယွီထံ စာအိတ်ကို ကမ်းပေးလိုက်သည်။ သူမ လက်မှတ်ထိုးပြီးနောက် စာပို့သမားက သူ၏ ဖောင်တိန်ကို ပြန်သိမ်းကာ အဒေါ်ထောင်၏ သိလိုစိတ်ကို အားကျသောလေသံဖြင့် ဖြေရှင်းပေးလိုက်သည်။
"သတင်းစာတိုက်ကလာတဲ့ မှတ်ပုံတင်စာတွေဆိုတာ များသောအားဖြင့် စာမူခ ဒါမှမဟုတ် နမူနာစာစောင်တွေ ပို့တာပါ။ ဒီရဲဘော်မလေးက သတင်းစာတိုက်ကို စာမူပို့ထားတာ ထင်တယ်။ စာမူက ရွေးချယ်ခံရလို့ သတင်းစာတိုက်က စာမူခ ပို့ပေးတာပဲ ဖြစ်ရမယ်"
"တကယ်လား။ စုယွီ... မြန်မြန်ဖွင့်ကြည့်စမ်း။ အို... ဒါ တကယ်ကို ဝမ်းသာစရာ သတင်းပဲ"
အဒေါ်ထောင်၏ ကျယ်လောင်သော အသံကြောင့် လင်းစုယွီတစ်ယောက် ကြေညာနေစရာ မလိုတော့ဘဲ သူမ စာရေးပြီး ပိုက်ဆံရှာနေနိုင်ပြီဆိုသည်ကို လမ်းထဲရှိလူတိုင်း မကြာမီ သိတော့မည်မှာ သေချာနေသည်။
မျှော်လင့်ထားသည့်အတိုင်း အိမ်နီးချင်းခြံဝင်းတံခါး ပွင့်လာပြီး အဒေါ်ကု၏ အငယ်ဆုံးသားပင် ထွက်လာကာ သူမကို ဂုဏ်ပြုလေသည်။
"ညီမလေး စုယွီ... ဂုဏ်ယူပါတယ်နော်။ ညီမလေးက စာအရေးအသား ဒီလောက်ကောင်းမှန်း မသိခဲ့ဘူး။ နောက်ဆို ကျွန်တော့်ကို နည်းနည်းလောက် လမ်းညွှန်ပေးပါဦးမလား"
အမှန်တော့ နာတာရှည်ဖျားနာတတ်သော ကျူးကျားအန်းသည်လည်း သတင်းစာတိုက်များသို့ စာမူများ ခဏခဏ ပို့လေ့ရှိသော်လည်း အမြဲတမ်း ပယ်ချခံရလေ့ရှိသည်။ ကျူးကျားအန်းသည် ကျန်းမာရေးမကောင်းသဖြင့် မိသားစုက သူ့အတွက် ငွေကုန်ကြေးကျများနေသည်။
သူသည် မိသားစုကို ကူညီရန် ငွေရှာချင်သော်လည်း ကျန်းမာရေးအခြေအနေကြောင့် ရွေးချယ်စရာ နည်းပါးနေသူ ဖြစ်သည်။ စာရေးခြင်းကသာ သူ၏ကျန်းမာရေးနှင့် အကိုက်ညီဆုံးဟု သူ ခံစားရသော်လည်း အကြိမ်ကြိမ် ပို့ခဲ့သမျှ စာမူများမှာ အပယ်ခံခဲ့ရသည်။
"အာ... တကယ်တော့ ကျွန်မက အစ်မဟွေ့ယီဆီကနေ အကြံဉာဏ်တွေ တောင်းခဲ့တာပါ။ ဒီတစ်ခါ စာမူရွေးခံရတာက ကံကောင်းလို့ ဖြစ်မှာပါ" လင်းစုယွီက ပြန်ပြောလိုက်သည်။
လင်းစုယွီသည် မိမိကိုယ်မိမိ အကန့်အသတ်ရှိကြောင်း သိထားသဖြင့် ကျူးမိသားစုမှ ဒုတိယအစ်ကိုကို အလွယ်တကူ ကတိမပေးရဲပေ။ "စုယွီက နှိမ့်ချလွန်းနေတာပါ။ ငါတို့ရဲ့ ဟွေ့ယီကတောင် စုယွီရဲ့ အရေးအသားက စိတ်ကူးဉာဏ် အလွန်ကောင်းတယ်လို့ ပြောဖူးတယ်။ အခုလို ရွေးချယ်ခံရတာက စုယွီရဲ့ အရည်အချင်းကြောင့်ပါပဲ" ဟု အဒေါ်ထောင်က ရိုးသားစွာ ချီးမွမ်းလိုက်သည်။
အဒေါ်ထောင်သည် သူမ၏ သမီးအရင်းကို ချီးမွမ်းသည်ထက်ပင် ပို၍ စိတ်ရင်းမှန်ဖြင့် လင်းစုယွီကို ချီးမွမ်းနေပြီး ချစ်ခင်လွန်းသဖြင့် ရင်ခွင်ထဲသို့ပင် ဆွဲသွင်းထားချင်နေသည်။ လင်းစုယွီက ရှက်ပြုံးလေးဖြင့် သတင်းစာတိုက်မှ ပို့လိုက်သော ငွေလွှဲလက်မှတ်ကို ကြည့်လိုက်သည်။ စာမူခ ၂၃ ယွမ်နှင့် ၆၀ ဆင့်ဆိုသည်မှာ အတော်လေးများသော ပမာဏ ဖြစ်သည်။ အဒေါ်ကု စက်ရုံထမင်းစားဆောင်တွင် ယာယီအလုပ်သမားအဖြစ် လုပ်ကိုင်ရရှိသော လစာပင် ဤမျှ မရှိချေ။
"အဒေါ်... သမီး ဒီနေ့ ဖရဲသီး ဝယ်လာတယ်။ ခဏနေရင် အဒေါ်တို့နဲ့ ဒုတိယအစ်ကိုကျူးတို့ကို မြည်းကြည့်ဖို့ ပေးပါဦးမယ်။ သမီးရဲ့ ပထမဆုံးဝင်ငွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ပေါ့"
စာပို့သမားကို ပြန်လွှတ်ပြီးနောက် လင်းစုယွီသည် အိမ်ထဲဝင်ကာ နေရာလွတ်ထဲမှ ဖရဲသီးတစ်လုံးကို ယူ၍ ချန်မိသားစုနှင့် ကျူးမိသားစုတို့ဆီသို့ ဝေမျှပေးလိုက်သည်။
လင်းစုယွီသည် အိမ်နီးချင်းများနှင့် အမြဲတမ်း ဆက်ဆံရေးကောင်းအောင် နေထိုင်တတ်သူဖြစ်သည်။ စုပေါင်းခြံဝင်းထဲတွင် နေထိုင်သော ကျင်းဟွာက လင်းစုယွီ စာမူခရသည်ကို ကြားသောအခါ မနာလိုဖြစ်ကာ ပြဿနာရှာရန် ကြိုးစားသော်လည်း ကျူးမိသားစုနှင့် ချန်မိသားစုဝင်များက လင်းစုယွီ၏ ခြံရှေ့တွင် တံတိုင်းသဖွယ် ဝိုင်းရံကာကွယ်ပေးခဲ့ကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ပြဿနာရှာချင်သည့် ကျင်းဟွာမှာ ချက်ချင်းပင် အမြီးကုပ်သွားကာ သူမက လင်းမိသားစုထံသို့ တောင်းပန်ရန်နှင့် ဂုဏ်ပြုရန်သာ လာခြင်းဖြစ်ကြောင်း ပြောဆိုပြီး ငြိမ်သက်သွားရတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း