အခန်း ၄၄
Vol. 5 Ch. 44
အပိုင်း ၄၄- နေရာလွတ်ကမ္ဘာထဲတွင် ငါးမွေးမြူခြင်း
ယွမ်ဖုန်းသည် စကားလုံး တစ်လုံး ချင်းစီကို အံကြိတ်၍ ပြောနေရသည်။ မြို့တော်ဝန်ကျောက်ကို ထောင်ထဲရောက်အောင် ပို့မည့်သူမှာ သူ၏ကိုယ်ပိုင်သားအရင်း ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးမိခဲ့ပေ။
သူသည် ထိုနေရာမှ ထွက်ပြေးပြီး သတင်းပေးချင်သော်လည်း ကျန်းဖင်က ငွေရောင်လက်ကောက်လေးတစ်ခုကို အမှတ်မထင် ထုတ်ယူကာ လက်ထဲတွင် ကစားပြလိုက်သည်။ ထိုလက်ကောက်မှာ သူ၏သားလေး ဝတ်ဆင်ထားသည့် အန္တရာယ်ကင်းအဆောင်လက်ကောက်လေးမှန်း သူသိလိုက်၏။
သူ၏ မိသားစုအသက်ကို ရင်းပြီး သူ မစွန့်စားနိုင်သလို မစွန့်စားရဲပေ။
အခြေအနေကတော့ ခက်ပြီ။ လင်းစုယွီတစ်ယောက် ကြားသင့်တာရော မကြားသင့်တာရော အကုန်ကြားလိုက်ရလေပြီ။
သူ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ပေ။ အကယ်၍သာ ကမ်းခြေကလူတွေ သတိထားမိသွားပြီး တစ်ယောက်ယောက်က အော်ဟစ်လိုက်လို့ လူမိသွားရင်တော့ ဒုက္ခလှလှတွေ့ပေတော့မည်။
လင်းစုယွီသည် လျင်မြန်သော အရှိန်အဟုန်ဖြင့် နောက်ဆုတ်လိုက်သည်။ ဘေးကင်းစေရန်အတွက် လျန်ဟွေ့ရှိရာသို့ ပြန်ပြေးရန် သူမ ဆုံးဖြတ်လိုက်၏။ လူနှစ်ယောက် အတူရှိနေခြင်းက အာရုံစိုက်မှုကို သိပ်မခံရနိုင်ပေ။
"စုယွီ... ကျောက်ဆောင်တိမ်ပိုင်းတွေဘက်မှာ ပင်လယ်ရေသတ္တဝါတွေ အများကြီးရှိတယ်လို့ လူတွေပြောသံကြားတယ်။ ငါတို့ သွားကြည့်ကြမလား"
လျန်ဟွေ့မှာတော့ လင်းစုယွီ ပျောက်နေသည်ကို လုံးဝ သတိမထားမိပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှုကြောင့် ပစ္စည်းကောင်းတွေ လိုက်ကောက်ရင်း သူတပါးနှင့် စကားဖောင်ဖွဲ့နေသောကြောင့် ဖြစ်သည်။
စောစောက တစ်စုံတစ်ယောက်က ကမ်းခြေမှာ ပစ္စည်းရှာဖွေနည်းတွေကို စေတနာရှေ့ထား သင်ပြပေးခဲ့သဖြင့် လျန်ဟွေ့မှာ အားနာပြီး သင်ယူရင်း စကားပြောနေမိရာ လင်းစုယွီကို လှည့်မကြည့်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ လင်းစုယွီ၏ ပုံးထဲတွင် ခရုအနည်းငယ်သာ ရှိနေသည်ကို မြင်သောအခါ လျန်ဟွေ့မှာ အားနာသွားမိသည်။ သူငယ်ချင်းအရင်းခေါက်ခေါက်ကို လျစ်လျူရှုထားမိသလို ခံစားရသဖြင့် လင်းစုယွီကို ရေသတ္တဝါ ပေါများသည့်နေရာသို့ ခေါ်သွားချင်နေတော့သည်။
"အိုကေ... သွားကြတာပေါ့"
လင်းစုယွီက ပြန်ဖြေလိုက်သည်။ လျန်ဟွေ့ကတော့ ချစ်စရာလေးပဲ။ သူမလည်း ကျောက်ဆောင်တိမ်ပိုင်းတွေဆီသွားပြီး စမ်းသပ်မှုလုပ်ရန် ဘယ်လိုခေါ်သွားရမလဲဟု တွေးနေခဲ့ခြင်း ဖြစ်သည်။ လင်းစုယွီ၏ စိတ်ထဲတွင် ခုနက ကြားလိုက်ရသည့် ထိတ်လန့်ဖွယ် ကောလာဟလများကြောင့် ရှုပ်ထွေးနေသော်လည်း ယခုမှပင် ကမ်းခြေသို့လာရသည့် သူမ၏ တကယ့်ရည်ရွယ်ချက်ကို ပြန်သတိရလိုက်သည်။
လျန်ဟွေ့သည် လမ်းတလျှောက်လုံး သူမ ခုနက သင်ယူခဲ့သော ကမ်းခြေရှာဖွေရေး နည်းလမ်းများအကြောင်း တတွတ်တွတ် ပြောလာခဲ့သည်။
"အမကြီးတစ်ယောက်က ပြောတယ်လေ... သဲသောင်ပေါ်မှာ လေပေါက်လေးတွေရှိတဲ့နေရာမှာ ပင်လယ်စာတွေ ရှိတတ်တယ်တဲ့။ ဒီလို ကျောက်ဆောင်တွေရှိတဲ့နေရာမှာကျတော့ ငါး၊ ပုစွန်နဲ့ ဂဏန်းတွေက ကျောက်ကြားတွေထဲမှာ ပုန်းနေတတ်ကြတာတဲ့"
လျန်ဟွေ့က အရှေ့မှ ဦးဆောင်ပြီး ကျောက်တုံးတွေကို လှန်လှောရှာဖွေနေချိန်တွင် လင်းစုယွီက သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို သုံးကာ အနောက်မှ လိုက်လာခဲ့သည်။
ရေအိုင်လေးထဲတွင် တစ်ခုခုရှိသည်ကို တွေ့တိုင်း လင်းစုယွီသည် ငါးများကို ပင်လယ်ရေနှင့်အတူ သူမ၏ နေရာလွတ် ထဲသို့ တိုက်ရိုက် ခိုးသွင်းလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ယခင်က ထိုသို့မဖြစ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် ပင်လယ်ရေများကို စုပ်ယူလိုက်သည်နှင့် နေရာလွတ်ထဲတွင် ကမ်းခြေလေးတစ်ခု ချက်ချင်း ပေါ်ပေါက်လာခဲ့သည်။
ဤအခြေအနေက အလွန်ပင် ကောင်းမွန်လှသည်။ လင်းစုယွီတစ်ယောက် အစွမ်းကုန် လုပ်နိုင်သွားပြီ ဖြစ်သည်။ သူမသည် ရေအိုင်ထဲသို့ လက်လှမ်းလိုက်တိုင်း သက်ရှိသတ္တဝါအချို့ကို နေရာလွတ်ထဲသို့ သယ်ဆောင်သွားခဲ့သည်။ သို့သော် သူမသည် လောဘမကြီးခဲ့ပေ။ တိမ်ပိုင်းဒေသရှိ သတ္တဝါအများစုကို နေရာလွတ်ထဲသို့ ပြောင်းရွှေ့ပြီးနောက် သူမ ရပ်တန့်လိုက်သည်။
"ဟင်... ထူးဆန်းလိုက်တာ။ စောစောလေးကတင် ငါးလေးတွေ ကူးနေတာ ငါသေချာမြင်လိုက်ပါတယ်၊ ဘာလို့ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားရတာလဲ"
နာရီဝက်ကျော် ကြာပြီးနောက်တွင် လျန်ဟွေ့သည် ပင်လယ်စာ တစ်ခုမှ မဖမ်းမိသေးသဖြင့် မျက်မှောင်ကြုတ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေတော့သည်။
"မရှိရင်လည်း ထားလိုက်ပါတော့ဟာ။ နင့်အဖေရဲ့ စက်ရုံက ဒီနေ့ ပင်လယ်ငါးတွေ ဝယ်နေတယ်မလား၊ အဲဒီကိုသွားပြီး ငါတို့လည်း ဝယ်လို့ရမလား သွားကြည့်ကြရအောင်"
နေရာလွတ်ထဲပို့လိုက်သည့် ငါးအမျိုးအစားများကို တွက်ချက်ပြီးနောက် ၎င်းတို့ ပေါက်ဖွားလာလျှင် စားရန်လုံလောက်ပြီဟု လင်းစုယွီ ဆုံးဖြတ်လိုက်သည်။ သူမသည် ကမ်းခြေတွင် နေပူဒဏ် ဆက်မခံချင်တော့သဖြင့် လျန်ဟွေ့ကို ငါးဖမ်းရွာရှိ ငါးအခြောက်လှန်းသည့်ကွင်းသို့ သွားရန် တိုက်တွန်းလိုက်တော့သည်။
လတ်တလောတွင် ငွေအနည်းငယ် ရှာထားနိုင်သဖြင့် လင်းစုယွီသည် လက်ဖွာပြီး လတ်ဆတ်သော ပင်လယ်ငါး နှစ်သေတ္တာအပြည့်ကို တိုက်ရိုက် ဝယ်ယူလိုက်သည်။ သူတပါးကိုတော့ ငါးခြောက်လုပ်ဖို့ဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင်မူ နောင်တွင် ဖြည်းဖြည်းချင်း စားနိုင်ရန် ဟင်းလင်းပြင်ထဲသို့ ထည့်ထားရန် စီစဉ်ထားခြင်းဖြစ်သည်။
လျန်ဟွေ့နှင့် သူမ၏ အစ်ကိုကို နှုတ်ဆက်ပြီးနောက် လင်းစုယွီသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဤအချိန်တွင် အိမ်နီးနားချင်းများမှာ အလုပ်သွားသူသွား၊ ဈေးဝယ်သူဝယ်နှင့် ရှိမနေကြပေ။ လမ်းကြားထိပ်တွင် လူမရှိသည်ကို သေချာစေပြီးနောက် ငါးသေတ္တာနှစ်လုံးကို နေရာလွတ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။
လင်းစုယွီတစ်ယောက် ယနေ့ကြားခဲ့ရသည့် ထိတ်လန့်ဖွယ် ကောလာဟလများကို ပြန်တွေးနေမိသည်။ ဤကိစ္စတွင် သူမ ပါဝင်ပတ်သက်သင့်၊ မသင့်ကို သေချာစဉ်းစားရန် လိုအပ်သည်။ အတွင်းရေးမှူးဝမ်သည် လင်းမိသားစုအတွက် အမြဲတမ်း အရိပ်အာဝါသသဖွယ် ဖြစ်ခဲ့ပြီး လင်းမိသားစုသည် ထိုသူကို အားကိုး၍ နိုင်ငံခြားသို့ ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အတွင်းရေးမှူးဝမ်သည် နိုင်ငံတော်၏ အရေးကြီးသော ယဉ်ကျေးမှု အမွေအနှစ်များကို တရားမဝင် ပြန်လည်ရောင်းချနေသည့် ကိစ္စတွင် ပါဝင်ပတ်သက်နေမှန်း သူမ သိလိုက်ရပြီဖြစ်သည်။ ဤသည်မှာ ဝတ္ထုထဲမှ ဇာတ်လိုက်မင်းသမီး၏ နောက်ခံလူကို ဖြုတ်ချရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်သည်။
မြို့တော်ဝန်ကျောက်နှင့် ပတ်သက်၍မူ ယွမ်ဖုန်း၏ ပြောစကားအရ သူသည် အရာရှိကောင်းတစ်ဦး ဖြစ်သည်။ အမှန်တကယ်တွင် သူ အရာရှိကောင်း ဖြစ်ခြင်း၊ မဖြစ်ခြင်းမှာ လင်းစုယွီနှင့် မသက်ဆိုင်သော်လည်း၊ သူသည် အတွင်းရေးမှူးဝမ်၏ ပြိုင်ဘက်ဖြစ်နေခြင်းကြောင့် အသုံးချနိုင်သည့် "ရွှေလက်တစ်ဖက်" (အင်အားကြီးသူ) ဖြစ်လာနိုင်သည်။
သူတပါးကိစ္စတွင် ဝင်ပါရာ၌ ပထမဆုံး လိုက်နာရမည့် စည်းကမ်းမှာ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားရန်ဖြစ်သည်။ ထို့ကြောင့် လင်းစုယွီသည် ကျစ်ဆံမြီးကို ဖြည်ကာ ခေါင်းပေါ်တွင် ထုံးလိုက်ပြီး ဦးထုပ်တစ်လုံး ဆောင်းလိုက်သည်။ ထို့နောက် နှစ်အတော်ကြာ မသုံးဖြစ်တော့သော မိတ်ကပ်လိမ်းခြယ်နည်းများကို သုံးကာ မည်သူမျှ မမှတ်မိနိုင်အောင် သူမကိုယ်သူမ ရုပ်ဖျက်လိုက်တော့သည်။
မှန်ထဲမှ သူမကိုယ်သူမကြည့်ရင်း အဆင်ပြေသည်ဟု ခံစားလိုက်ရသည်။ ယခုရုပ်ကို လျန်ဟွေ့မြင်လျင် ပင် မှတ်မိလိမ့်မည်မထင်။
ယခုတစ်ခါတော့ အချိန်က အရေးကြီးဆုံးဖြစ်ကာ သွားရမည့်နေရာကိုလည်း မသိသောကြောင့် ရထားမစီးတော့ပဲ သုံးဘီးဆိုက်ကားငှားကာ ဟဲဖိန်လမ်း ခြံအမှတ်(၁၆)ကို လိုက်ပို့ခိုင်းလိုက်သည်။
မြို့၏တစ်ဝက်ခန့်ကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် သူတို့သည် ဟဲဖိန်လမ်းသို့ ရောက်ရှိလာခဲ့ကြသည်။ သုံးဘီးဆ်ိုက်ကားမောင်းသူသည် လင်းစုယွီထံမှ နှစ်ဆင့် (နှစ်ပဲ) ကို ယူပြီး ထွက်ခွာသွားခဲ့သည်။
အိမ်နံပါတ် (၁၆)၊ (၁၇) နှင့် (၁၈) တို့ကို လိုက်ရှာရာ အနီရောင်အုတ်ခဲများဖြင့် ဆောက်လုပ်ထားသည့် အနောက်တိုင်းစတိုင် အဆောက်အဦးလေးများ တန်းစီနေသည်ကို တွေ့ရသည်။
နံပါတ် (၁၆) နှင့် (၁၇) ခြံဝင်းများမှာ သန့်ရှင်းသပ်ရပ်နေပြီး လူနေထိုင်သည့်ပုံပေါက်သော်လည်း နံပါတ် (၁၈) တွင်မူ သစ်ရွက်ခြောက်များ ဖုံးလွှမ်းနေပြီး အလွန်ပင် ခြောက်ကပ်နေလေသည်။
လင်းစုယွီသည် ဘေးအိမ်များထဲမှ မည်သူမျှ ထွက်လာသည်ကို မမြင်ရသဖြင့် အိမ်နံပါတ်(၁၈) သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ သူမသည် အထဲသို့ စူးစမ်းကြည့်ရှုရန် သူမ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ရာ ထူထပ်နေသော ဖုန်မှုန့်များက ထိုနေရာတွင် မည်သူမျှ နေထိုင်ခြင်းမရှိကြောင်းကို အထင်အရှား ပြောပြနေသည်။
ထိုအချက်က ကောင်းမွန်လှပြီး သူမအတွက် ကိစ္စရပ်များကို ပိုမိုအဆင်ပြေစေသည်။ သို့သော် ယခုအချိန်မှာ နေ့ခင်းဘက်ဖြစ်နေပြီး နေ့ခင်းကြောင်တောင်ကြီးတွင် သူတစ်ပါး၏ အိမ်တံတိုင်းကို ဒီအတိုင်း ကျော်တက်၍မရနိုင်ပေ။ ထိုသို့လုပ်ပါက လူမိသွားရန် အလွန်လွယ်ကူပေလိမ့်မည်။
တည်နေရာကို ကင်းထောက်ပြီးနောက် လင်းစုယွီသည် ကျင်းမန်မြို့ အုပ်ချုပ်ရေးရုံးသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။ ဤအချိန်ဆိုလျှင် မြို့တော်ဝန်ကျောက်သည် ရုံးမှာ ရှိနေတန်ကောင်း၏။ အကယ်၍ သူသာ ထိုနေရာတွင် မရှိခဲ့လျှင်တော့ ၎င်းမှာ သူ၏ ကံကြမ္မာသာ ဖြစ်ပေလိမ့်မည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း