← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အပိုင်း ၄၆ - လက်ထဲရောက်လာသော ရတနာထုပ်ကြီး

ထမင်းစားနေစဉ်အတွင်း လင်းစုယွီတစ်ယောက် နောက်ယောင်ခံလိုက်သင့် မလိုက်သင့်ကို အကျပ်ရိုက်ကာ စဉ်းစားနေမိသည်။ ဝင်မပါတော့ဟု ဆုံးဖြတ်လိုက်ကာရှိသေး၊ ထိုသူက သူမမျက်စိရှေ့မှောက်သို့ အလိုအလျောက် ပေါ်လာပြန်သည်။

"ဒါ ကောင်းကင်ဘုံရဲ့ အလိုတော်ပဲ ဖြစ်မှာပါလေ" သူမ စိတ်ထဲက ရေရွတ်လိုက်သည်။ သူ ဘယ်ခြံထဲကို ဝင်သွားမလဲဆိုတာ ကြည့်ရသေးတာပေါ့။ လင်းစုယွီသည် ထိုလူနောက်သို့ ခပ်လှမ်းလှမ်းမှနေ၍ အေးအေးလူလူ လိုက်ပါသွားခဲ့သည်။

မကြာခင်မှာပင် ထိုလူသည် တံခါးဝအဝင်နက်ပြီး တံတိုင်းမြင့်မြင့်ရှိသော ခြံဝင်းတစ်ခုထဲသို့ ချိုးကွေ့ဝင်သွားသည်။ တံခါးမပိတ်မီ သူက ပတ်ဝန်းကျင်ကို ခိုးကြောင်ခိုးဝှက် ကြည့်ရှုလိုက်သေးသည်။ လင်းစုယွီ ခြေလှမ်းတို့ကို ရပ်တန့်လိုက်၏။ တံခါးပိတ်သွားပြီး ခဏအကြာမှာတော့ ခြံတံခါးသည် 'ဂျောက်' ခနဲ အသံနှင့်အတူ ပြန်ပွင့်လာသည်။

"အစ်ကိုကြီး... ဘယ်သူမှမရှိဘူး!" ထိုအသံသည် အလွန်အမင်း ထိတ်လန့်သံသယဖြစ်နေပုံ ပေါက်နေသည်။

"အေး... တံခါးကို သေချာစောင့်ကြည့်ထား။ သတိရှိမှ အသက်ရှည်မှာ။ ဒီနေရာမှာ တစ်ခုခုမှားယွင်းသွားရင် မင်းနဲ့ မင်းတစ်မိသားစုလုံးကို ရောင်းစားရင်တောင် အရှုံးပေါ်သွားလိမ့်မယ်"

"တော်တော်လေး သတိထားတာပဲ" လင်းစုယွီ စိတ်ထဲမှ မှတ်ချက်ချမိသည်။ အတွင်းထဲမှာ တစ်ခုခုတော့ အဖိုးတန်တာရှိရမယ်၊ မဟုတ်ရင် ဒီလောက်အစောင့်အရှောက် ထူထပ်စရာ အကြောင်းမရှိဘူး။

လင်းစုယွီသည် တံခါးနားသို့ တိုက်ရိုက်မချဉ်းကပ်ဘဲ တံတိုင်းတစ်လျှောက် ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သူမ၏ ဝိညာဉ်စွမ်းအားကို သုံး၍ အတွင်းဘက်ကို စစ်ဆေးကြည့်လိုက်၏။ ခြံဝင်းထဲတွင် ထူးခြားမှုမရှိသော်လည်း မြေအောက်ခန်းထဲ၌မူ တောင်ပုံရာပုံ စုပုံထားသော သစ်သားသေတ္တာကြီးများဖြင့် ပြည့်နှက်နေသော လျှို့ဝှက်ခန်းတစ်ခု ရှိနေသည်။

"ဘုရားရေ!" ဓနနတ်မင်းကြီးက သူမကို သဘောကျနေတာလား။ သူမဆီကို ငွေတွေ ထပ်ပို့ပေးနေပြန်ပြီ။

လင်းစုယွီ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ အတွင်းထဲကို ချက်ချင်းဝင်၊ လူတွေကို ရိုက်နှက်မေ့လဲစေပြီး သေတ္တာတွေကို သိမ်းကျုံးယူလိုက်ချင်သော်လည်း စိတ်ကူးနှင့် လက်တွေ့က ကွာခြားနေဆဲဖြစ်သည်။ သူမတွင် ထိုကဲ့သို့ တိုက်ခိုက်နိုင်စွမ်း မရှိသေးပေ။

အတွင်းထဲကလူတွေကို ဘယ်လိုအပြင်ထွက်အောင် လုပ်ရမလဲ။ လင်းစုယွီသည် ခြံဝင်းကို တစ်ပတ်ပတ်ကြည့်လိုက်သည်။ အပြင်ဘက် မီတာနှစ်ဆယ်ပတ်လည်ကို အသေအချာ သိရှိသော်လည်း အိမ်ထဲက အခြေအနေကိုတော့ သူမ မသိရသေး။

ခြံတံခါးမှ နံပါတ်ပြားကို ကြည့်လိုက်ရာ 'ဟဲဖိန်လမ်း၊ အမှတ် ၂၄' ဟု ရေးထားသည်။ အမှတ် ၁၈ နှင့် အိမ်အနည်းငယ်သာ ကွာဝေးသဖြင့် ထိုနေရာမှ တစ်ဆင့် နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်ကောင်းရဲ့ဟု သူမ တွေးမိသည်။

ကျန်းဖိန်နှင့် ယွမ်ဖုန်းတို့၏ စကားဝိုင်းအရ အမှတ် ၁၈ ခြံသည် အတွင်းရေးမှူးဝမ်က မြို့တော်ဝန်ကျောက်ကို ထောင်ချောက်ဆင်ရန် ပြင်ဆင်ထားသည့် နေရာဖြစ်သည်။ သူတို့ အကွက်မရွှေ့မီအထိ အတွင်းရေးမှူးဝမ်၏ လူတွေက အမှတ် ၁၈ ကို တစ်ခုခု အဖြစ်ခံမှာ မဟုတ်ဘူး မဟုတ်လား။

အကယ်၍ သူမသာ အမှတ် ၁၈ မှာ မီးရှို့လိုက်ရင်ကော။ အမှတ် ၂၄ က လူတွေ မီးထွက်ငြှိမ်းကြမလား၊ ဒါမှမဟုတ် အမှတ် ၁၈ မီးလောင်နေတာကို ဒီအတိုင်း ထိုင်ကြည့်နေမလား။

သူမ လောင်းကြေးထပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ အောင်မြင်ခဲ့လျှင် ဓနနတ်မင်း ဆင်းသက်လာပြီး လာဘ်ကြီးလာဘ်ကောင်းတွေ လက်ထဲရောက်လာမည်။ မအောင်မြင်ခဲ့လျှင်လည်း သူမ၏ နေရာလွတ်ဏ၏၏ကို သုံး၍ ချက်ချင်း ပုန်းအောင်းဆုတ်ခွာမည်။

လင်းစုယွီသည် နေ့လယ်ခင်းတစ်ခုလုံးကို ပြင်ဆင်မှုများအတွက် အသုံးပြုခဲ့သည်။ တကယ့်မီးကို ရှို့ရန်မဖြစ်နိုင်သဖြင့် မီးခိုးလုံးကြီးများ ထွက်ပေါ်လာစေပြီး ပြဿနာရှာရန် သူမ စီစဉ်လိုက်သည်။

မိုးချုပ်လာသည်နှင့်အမျှ သူမသည် လိုအပ်သော ပစ္စည်းများကို နေရာအနှံ့မှ စုဆောင်းခဲ့ပြီးဖြစ်သည်။ မှောင်မိုက်သော ညတွင် အခြားသူများအတွက် အခက်အခဲရှိသော်လည်း စိတ်ဝိညာဉ်စွမ်းအားရှိသော လင်းစုယွီအတွက်မူ နေ့ခင်းဘက်ကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။

သူမသည် လှေကားကိုထောင်ကာ တံတိုင်းပေါ်သို့ သွက်လက်စွာ တက်သွားသည်။ အခြားတစ်ဖက်တွင်လည်း လှေကားထပ်ထောင်ပြီး ကျော်ဆင်းသွားကာ လှေကားကို သူမ၏ နေရာလွတ် ထဲသို့ ပြန်သိမ်းလိုက်သည်။

လင်းစုယွီသည် ဤအလုပ်ကို အကြိမ်ပေါင်းများစွာ လုပ်ဖူးသကဲ့သို့ပင် လုင်ငန်းစဉ်တစ်ခုလုံးသည် အလွန်ချောမွေ့နေသည်။

အိမ်နီးနားချင်းခြံဝင်းများမှ မီးရောင်အချို့က လူရှိကြောင်း ပြနေသော်လည်း လူအများစုမှာ ညစာစားပြီး အနားယူနေကြပြီဖြစ်၍ လင်းစုယွီ၏ လှုပ်ရှားမှုကို မည်သူမျှ သတိမပြုမိကြချေ။

အမှတ် ၁၈ ခြံထဲတွင် ပစ္စည်းအများကြီး မရှိပါ။ အမှန်တော့ ဤနေရာသည် မြို့တော်ဝန်ကို အကွက်ဆင်ရန် အတွင်းရေးမှူးဝမ် ပြင်ထားသည့် နေရာသာဖြစ်သည်။ ငွေအနည်းငယ်၊ ရွှေတုံးအချို့၊ ရှေးဟောင်းပစ္စည်းနှင့် လုပ်ကြံထားသော လျှို့ဝှက်အထောက်အထားအချို့ ထည့်ထားလျှင် လုံလောက်နေပြီ။ သူပိုင်သမျှ အကုန်လုံးကို ဒီနေရာကို ရွှေ့ထားမှာ မဟုတ်ဘူးလေ။

လင်းစုယွီသည် ပစ္စည်းကောင်းများကို သေချာရွေးမနေတော့ပါ။ သူမ၏ နေရာလွတ်က အကျယ်ကြီးဖြစ်၍ အကုန်လုံးကိုသာ စုပုံထည့်လိုက်သည်။ အားမှပဲ အေးအေးဆေးဆေး ပြန်ရွေးတော့မည်။

ဗီလာတစ်ခုလုံးကို ရှင်းလင်းပြီးနောက် လင်းစုယွီသည် မီးဖိုသဖွယ် အသုံးပြုနိုင်သည့် သံပိုက်အချို့ကို အခန်းများနှင့် ဧည့်ခန်းထဲတွင် မီးရှို့ကာ ထားခဲ့လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဗီလာထဲမှ မီးခိုးလုံးကြီးများ လွင့်တက်လာသည်။ လင်းစုယွီ အမြန်ဆုတ်ခွာလိုက်၏။ မိနစ်အနည်းငယ်အတွင်း မီးခိုးများ ပိုထူလာမည်ဖြစ်ပြီး သူမက ယမ်းတောင့်အချို့ကိုပါ သီးခြားစီ စီစဉ်ထားခဲ့သေးသည်။

ပြဿနာရှာဖို့ ဆုံးဖြတ်ပြီးကတည်းက စုံစမ်းစစ်ဆေးခံရမှာကို သူမ မကြောက်တော့ပါ။ သူမသာ သေချာသတိထားရင် ၁၂ နှစ်အရွယ် မိဘမဲ့မိန်းကလေးတစ်ယောက်က ဒါကို လုပ်ခဲ့တယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူး။

ထို့အပြင် သူမ ချန်ထားခဲ့သော ခြေရာများသည် ကလေးတစ်ယောက်၏ ခြေရာများမဟုတ်သလို အခြားသူများကို လမ်းမှားစေမည့် သဲလွန်စများကိုလည်း အလုံအလောက် ချန်ထားခဲ့သည်။

ခြံထဲကထွက်ပြီးနောက် လင်းစုယွီသည် အမှတ် ၂၄ ခြံတံတိုင်းနားသို့ အမြန်သွားကာ သူမ၏ နေရာလွတ်ထဲဝင်၍ စောင့်နေလိုက်သည်။ ခြံ အမှတ် ၂၄ က လူတွေ ထွက်သွားတာနဲ့ သူမ ချက်ချင်း အလုပ်စတော့မည်။

"ဒိုင်း!" မိုးကြိုးထက် ကျယ်လောင်သောအသံက ဟဲဖိန်လမ်းရှိ လူနေအိမ်ထက်ဝက်ခန့်ကို လန့်နိုးသွားစေသည်။ ခြံအမှတ် ၁၈ ဘေးက အိမ်နီးနားချင်းက အော်ဟစ်တော့သည်။

"ကယ်ကြပါဦး! မီးလောင်နေပြီ! အမှတ် ၁၈ မှာ မီးလောင်နေပြီ! လူရှိကြလား!"

ထို့နောက် ပြေးထွက်လာကြသူများသည် အမှတ် ၁၈ ခြံတံခါးကို အလန့်တကြား ထုရိုက်ကြလေတော့သည်။

"အမှတ် ၁၈ က ဘယ်လိုဖြစ်ပြီး မီးလောင်တာလဲ။ လူမှ မနေတာကို။ ဘာတွေဖြစ်ကုန်တာလဲ"

အမှတ် ၁၈ အကြောင်း သိကြသော အိမ်နီးနားချင်းများသည် မီးဘယ်လိုစလောင်လဲဆိုသည်ကို အံ့သြနေကြသည်။

နေရာလွတ်ထဲဝင်ကာ တိတ်တဆိတ် စောင့်နေသော လင်းစုယွီသည် အပြင်က ရုတ်ရုတ်သဲသဲ အသံတွေကို ကြားနေရသည်။ ပြီးတော့ သူမ မျှော်လင့်ထားသည့်အတိုင်း အမှတ် ၂၄ ခြံတံခါး ပွင့်လာခဲ့ပြီ။

"အစ်ကိုကြီး... ဟိုမှာနားထောင်ဦး။ အမှတ် ၁၈ မီးလောင်နေပြီတဲ့။ ကျွန်တော်တို့ သွားကြမလား"

"ဘာတွေ အချိန်ဆွဲနေတာလဲ။ တံခါးကို မြန်မြန်ပိတ်။ ရေပုံးတွေယူပြီး သွားကြည့်ရအောင်"

ထိုခြံထဲတွင် မြို့တော်ဝန်ကို ထောင်ချောက်ဆင်ရန် အထောက်အထားများစွာ ရှိနေသည်။ မီးလောင်သွားလို့ မဖြစ်ဘူး၊ မဟုတ်ရင် အဲဒီအထောက်အထားတွေကို ပြန်ဖန်တီးဖို့ ဘယ်လောက်ကြာဦးမလဲ မသိနိုင်ဘူးလေ။

'အစ်ကိုကြီး' ဟု ခေါ်သောလူသည် သူ့လက်အောက်ငယ်သားကို မယုံကြည်ပေ။ သူကိုယ်တိုင် သော့ခလောက်ကြီးဖြင့် ခြံတံခါးကို သေချာခတ်ပြီးမှ အမှတ် ၁၈ ဆီသို့ ပြေးသွားခဲ့သည်။

"အထဲက တံခါးဖွင့်မပေးဘူး။ ဘယ်လိုလုပ်မလဲ။ ဖျက်ဝင်ကြမလား"

အိမ်နီးနားချင်းတစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။ ရုတ်တရက် နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်ရာ လူတိုင်း ပို၍ ထိတ်လန့်သွားကြသည်။ မီးက သူတို့အိမ်တွေကို ကူးစက်လာမှာကို ကြောက်နေကြသည်။

"သော့ဖျက်ဝင်လိုက်တော့! မြန်မြန်လုပ်! မဟုတ်ရင် မီးက ပိုကြီးလာပြီး ငါတို့အိမ်တွေကိုပါ ကူးကုန်လိမ့်မယ်။ မြန်မြန်!"

သူတို့ အမှတ် ၁၈ တံခါးကို ဖျက်ဆီးရန် ကြိုးစားနေစဉ်မှာပင် လင်းစုယွီသည် အမှတ် ၂၄ ခြံဝင်းထဲသို့ ကျွမ်းကျင်စွာ ကျော်ဝင်သွားပြီးဖြစ်သည်။

နေ့လယ်ကပင် ပတ်ဝန်းကျင်ကို အကြမ်းဖျင်း လေ့လာထားပြီးသား ဖြစ်သဖြင့် သူမ၏ လှုပ်ရှားမှုများက ပို၍ မြန်ဆန်နေသည်။ စိတ်ဝိညာဉ်စွမ်းအား၏ အကူအညီဖြင့် မြေအောက်ခန်းအဝင်တံခါးကို လွယ်လွယ်ကူကူပင် ရှာတွေ့သွားသည်။

အတွင်းထဲတွင် သစ်သားသေတ္တာကြီးများကို စီစီရီရီ စုပုံထားသည်။ ဘာတွေပဲ ဖြစ်ဖြစ် လင်းစုယွီသည် သူမ၏နေရာလွတ်ထဲသို့ အကုန်သိမ်းလိုက်သည်။ ဤလုပ်ဆောင်ချက်သည် အသက်နှင့်ရင်းရသည့် အပြေးပြိုင်ပွဲတစ်ခုမှန်း သူမ ကောင်းကောင်းသိသည်။

"ဟူး... တော်သေးတာပေါ့"

နောက်ဆုံးတော့ ဘေးကင်းကင်းနှင့် ထွက်လာနိုင်ခဲ့ပြီ။ လင်းစုယွီသည် ဟဲဖိန်လမ်း၏ နောက်ဘက်လမ်းတွင် ရပ်နေသည်။ ဒီနေ့ကတော့ တကယ့်ကို ရင်ခုန်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။

ဤနေရာတွင် ကြာကြာနေရန် မသင့်တော်သဖြင့် လင်းစုယွီ ခြေလှမ်းကို အရှိန်မြှင့်ကာ ထွက်ခွာခဲ့သည်။ ငါးဆင့်ပေး၍ ထရော်လီဘတ်စ်ကား စီးကာ ထျန်းကျင်းမြို့တစ်ပတ် ပတ်ပြီးနောက် သူမ ကျွမ်းကျင်သော နယ်မြေထဲသို့ ပြန်ရောက်လာသည်။

တောအုပ်ငယ်လေးအနီးတွင် သူမ၏ နေရာလွတ်ထဲသို့ ဝင်လိုက်ပြီး ယနေ့ ဝတ်ဆင်ခဲ့သော ရုပ်ဖျက်ပစ္စည်းများ၊ အဝတ်အစား၊ ဖိနပ်နှင့် ဦးထုပ်အားလုံးကို မီးရှို့ဖျက်ဆီးလိုက်သည်။ သက်သေဖျောက်ခြင်းကို စနစ်တကျ လုပ်ဆောင်ရမည်လေ။

မိနစ်နှစ်ဆယ်အကြာတွင် လင်းစုယွီသည် ပင်လယ်ငါးနှစ်ကောင်ကို ဆွဲလျက် အိမ်သို့ အေးအေးဆေးဆေး ပြန်လာခဲ့သည်။ အိမ်ထဲမဝင်မီ ဘေးအိမ်နီးနားချင်းများကို ငါးတစ်ကောင်စီ ပေးကမ်းခဲ့သည်။

"အဒေါ်ထောင်... သမီး ဒီနေ့ လျန်မောင်နှမတွေနဲ့ ပင်လယ်ကမ်းခြေသွားတာ။ ဒါ အဒေါ်တို့ မိသားစုအတွက် ငါးပါ"

"မယူပါရစေနဲ့ သမီးရယ်။ သမီးကိုယ်တိုင် ရှာလာတာ သမီးပဲ စားပါ။ အဒေါ် ငါးစားချင်ရင် ဝယ်စားပါ့မယ်။ ကလေးဆီကနေ ဘယ်လိုယူရက်ပါ့မလဲ"

"အဒေါ်ကလည်း... အခွင့်အရေးယူတာ လုံးဝ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့အပတ်ကလည်း သမီးကို မုန့်တွေ ပေးခဲ့သေးတာပဲ။ အခု ဒီငါးကို မယူဘူးဆိုရင် နောက်ခါ အဒေါ်ပေးတဲ့ မုန့်တွေကို သမီးလည်း မယူတော့ဘူးနော်"

လင်းစုယွီက အတင်းအကျပ် ပေးနေပြီး အိမ်မှာ ငါးတွေအများကြီး ကျန်သေးကြောင်း ထပ်ခါတလဲလဲ ပြောနေသဖြင့် အဒေါ်ထောင်က သူမ၏ စေတနာကို ကြည့်ကာ ပြုံးလျက် လက်ခံလိုက်တော့သည်။

ကျူးမိသားစုဆီ ငါးသွားပေးသောအခါ သားငယ်လေးက တံခါးလာဖွင့်ပေးသည်။ စုယွီကို တွေ့လိုက်ရသဖြင့် သူ ခေတ္တမျှ မှင်တက်သွားပြီးမှ သူမလက်ထဲက ငါးကိုကြည့်ကာ သွားရည်ကျမတတ် ဖြစ်သွားသည်။

"အစ်ကိုကျားအန်း... သမီး ဒီနေ့ သူငယ်ချင်းတွေနဲ့ ပင်လယ်သွားပြီး ငါးတွေရလာလို့။ ဒါ အစ်ကိုတို့ စားဖို့ပါ"

လင်းစုယွီက ငါးကို ကမ်းပေးသော်လည်း သူက ချက်ချင်းမယူဘဲ အထဲသို့ ပြေးဝင်သွားကာ တောင်းလေးတစ်လုံးဖြင့် ပြန်ထွက်လာသည်။

"ဒါက အစ်ကိုတို့ဇာတိက ပို့လိုက်တဲ့ ဆီးသီးတွေ။ မြည်းကြည့်ဖို့ ယူသွားဦး။ မချဉ်ဘူးနော်"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုကျားအန်း"

လင်းစုယွီသည် အပြန်အလှန် လက်ဆောင်ပေးသော ဓလေ့ကို ဘယ်တော့မှ ငြင်းဆန်လေ့မရှိပေ။ သူမက ငါးကို ပေးလိုက်ပြီး ဆီးသီးတောင်းကို လက်ခံလိုက်သည်။

အိမ်သန့်ရှင်းရေးလုပ်ပြီးနောက် လင်းစုယွီသည် သူမ၏ နေရာလွတ်ထဲသို့ ချက်ချင်းဝင်လိုက်သည်။ စိတ်လှုပ်ရှားလွန်း၍ အိပ်ပင် မ‌ပျော်တော့ချေ။

ဒီသေတ္တာတွေက ဒီနေ့အတွက် သူမရဲ့ အောင်ပွဲခံ လက်ဆောင်တွေပဲ။ ချမ်းသာရတာ တကယ့်ကို စွဲမက်ဖို့ကောင်းတာပဲ၊ အထူးသဖြင့် ဒီလိုမျိုး မမျှော်လင့်ဘဲ ရလာတဲ့ လာဘ်ကြီးတွေပေါ့။

စိတ်ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးကြည့်ရုံနှင့် သေတ္တာထဲမှာ ဘာတွေရှိမှန်း သိနေသော်လည်း လင်းစုယွီက တစ်လုံးချင်းစီ လိုက်ဖွင့်ကြည့်နေမိသည်။ ရွှေရဲ့ရနံ့ကို သူမ ရှူရှိုက်ချင်သေးသည်လေ။

"မွှေးလိုက်တာ!" အတွင်းရေးမှူးဝမ် စုဆောင်းထားသော သစ်သားသေတ္တာများသည် ပန်းပုလက်ရာ အမျိုးမျိုးနှင့် ပုံစံအဖုံဖုံဖြစ်ရာ မိသားစုအသီးသီးဆီက လာပုံရသည်။ ထို့ပြင် သေတ္တာ ဆယ်လုံးကျော်ခန့်မှာ လင်းမိသားစု၏ မြေအောက်ခန်းရှိ သေတ္တာများနှင့် ပုံစံတူနေသည်ကို သူမ သတိပြုမိလိုက်သည်။

ခဏမျှ စဉ်းစားကြည့်ပြီးနောက် အတွင်းရေးမှူးဝမ်သည် အရင်းရှင်တွေကို ထွက်ပြေးဖို့ ကူညီပေးနေတာ ဖြစ်နိုင်သည်ဟု သူမ ခန့်မှန်းလိုက်သည်။ မဟုတ်ရင် သေတ္တာပုံစံတွေက ဒီလောက်အများကြီး ကွဲပြားနေမှာ မဟုတ်ဘူး။

ဒီကပ်ပါးကောင်ကတော့ တကယ့်ကို ကြောက်စရာပဲ။ ရှေးဟောင်းပစ္စည်းနဲ့ ပန်းချီကားတွေ သေတ္တာဆယ်လုံးကျော်၊ ကျောက်စိမ်းနဲ့ လက်ဝတ်ရတနာတွေ သေတ္တာဆယ်လုံးကျော်၊ ရွှေတုံးတွေတောင် သေတ္တာဆယ်လုံးကျော် စုထားတာပဲ။

နှမြောစရာကောင်းတာက အတွင်းရေးမှူးဝမ်က ငွေသားတွေကို ဒီမှာမထားတာပဲ။ မဟုတ်ရင် သူမ ဆံပင်ကလစ်တွေလုပ်ပြီး ပိုက်ဆံရှာနေစရာ မလိုတော့ဘူး။ ခြေပစ်လက်ပစ်နဲ့ ကျောခင်းပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရုံပဲ။

လင်းစုယွီတစ်ယောက် ညည်းညူနေစဉ်မှာပင် အမှတ် ၁၈ ကနေ ယူလာခဲ့တဲ့ ပစ္စည်းတွေကို ရုတ်တရက် သတိရသွားသည်။

"ငွေတွေပါလား!" ဆယ်ယွမ်တန် အုပ်လိုက် ငွေစက္ကူတွေ သေတ္တာအပြည့်ပဲ။ ကြည့်ရတာ သောင်းနဲ့ချီရှိမယ်။ ဒါတွေကို သူမ တစ်သက်လုံး သုံးလို့တောင် ကုန်မှာမဟုတ်ဘူး။

လင်းစုယွီ၏ အကြည့်က လုပ်ကြံထားသော စာရွက်စာတမ်းတွေဆီ ရောက်သွားသည်။ သူမက မြို့တော်ဝန်ကျောက်ရဲ့ နာမည်မပါတဲ့ လုပ်ကြံသက်သေတွေကို သေချာရွေးထုတ်လိုက်သည်။

ဘဝဆိုတာ ရှည်လျားပါတယ်။ အတွင်းရေးမှူးဝမ် လုပ်ကြံထားတဲ့ ဒီသက်သေအတုတွေက တစ်နေ့နေ့မှာ အသုံးဝင်လာနိုင်တာပဲလေ။

၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း

All Chapters