အခန်း ၄၇
Vol. 5 Ch. 47
အပိုင်း ၄၇ - လျန်မိသားစုရဲ့ ဒုတိယမြောက်အစ်ကိုကြီး၏ ချိန်းတွေ့ပွဲ
မမျှော်လင့်ဘဲ ငွေပုံကြီးရလာပြီးနောက် လင်းစုယွီတစ်ယောက် ရက်အနည်းငယ်ကြာ ငြိမ်ငြိမ်ကုပ်ကုပ်လေး နေနေခဲ့သည်။ သူမ မီးရှို့ခဲ့သည့်ညက ဘာတွေဆက်ဖြစ်သလဲဆိုတာ သိချင်သဖြင့် နေ့စဉ် သတင်းစာများကိုလည်း အမြဲမပြတ် စောင့်ကြည့်နေခဲ့၏။
သို့သော်လည်း အရာအားလုံးက ပုံမှန်အတိုင်းသာ ရှိနေသည်။ သတင်းစာထဲတွင် ဟဲဖိန်လမ်းက မီးလောင်မှုအကြောင်းဖြစ်စေ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှုဖြစ်ရပ်အကြောင်းဖြစ်စေ လုံးဝဖော်ပြထားခြင်း မရှိပေ။
ကျောင်းပြန်ဖွင့်ခါနီးအချိန်တွင် လျန်ဟွေ့တစ်ယောက် မျက်နှာမကောင်းစွာဖြင့် သူမအိမ်ရှေ့သို့ ရောက်လာသည်။ ထို့နောက် လင်းစုယွီကို အတင်းဆွဲကာ ပန်းခြံထဲတွင် လှေသွားစီးရန် ဇွတ်ခေါ်တော့သည်။
"ဟွေ့ဟွေ့... နင် ငါ့ကို ဩဂုတ်လထဲမှာ လှေသွားစီးဖို့ ခေါ်နေတာလား။ နင့်အတွက် နေက သိပ်မပူသေးလို့လား၊ ဒါမှမဟုတ် နင်ပဲ ဂဏာမငြိမ် ဖြစ်နေတာလား"
"နင် ရူးနေတာလား" ဆိုသည့် နောက်ဆုံးစကားစုကို လင်းစုယွီက ထုတ်မပြောလိုက်သော်လည်း သူမ၏ မျက်နှာဘေးကတော့ လျန်ဟွေ့ကို လူအတစ်ယောက်လို ကြည့်နေမိသည်။
"..." စုယွီရဲ့ ငါ့အပေါ်ထားတဲ့ သံယောဇဉ်က တကယ်ကို 'အတုအယောင် ညီအစ်မ သံယောဇဉ်' ပါပဲလား။
"စုယွီ... ဒီနေ့ ငါ့ဒုတိယအစ်ကိုက ပန်းခြံထဲမှာ ဝမ်ချင်းချင်းနဲ့ ချိန်းတွေ့နေတာ။ ငါက စပ်စုချင်လို့! အဲဒီ ဝမ်ချင်းချင်းဆိုတဲ့ မိန်းမက ကောင်းတဲ့ငှက် (လူကောင်း)မဟုတ်ဘူး၊ အဲဒါကြောင့် ငါ သွားဖျက်ဆီးပစ်ချင်လို့"
လင်းစုယွီနှင့် အချိန်အတော်ကြာ အတူနေခဲ့ဖူးသဖြင့် လျန်ဟွေ့သည် တစ်ခါတစ်ရံတွင် စုယွီ သုံးလေ့ရှိသည့် စကားလုံးအသစ်အဆန်းများကို တတ်နေပြီဖြစ်သည်။ သူမ၏ အစ်ကိုနှင့် တွေ့ဆုံမည့်သူကို 'ကောင်းသည့်ငှက်မဟုတ်သူ' (လူကောင်းမဟုတ်သူ)ဟု တိုက်ရိုက်ခေါ်ဝေါ်လိုက်ခြင်းက သူမ မမည်မျှအထိ မကျေမနပ်ဖြစ်နေသည်ကို ပေါ်လွင်စေသည်။
"သူက မကောင်းဘူးဆိုရင် နင့်အစ်ကိုနဲ့ နင့်မိသားစုကို ပြောပြလိုက်လေ။ အခုလို တိုက်ရိုက်သွားနှောင့်ယှက်ရင် နင့်အစ်ကိုက ပျော်ပါ့မလား"
ဒီကလေးမကတော့ မိသားစုရဲ့ အလိုလိုက်မှုကို ခံထားရလို့ တကယ့်ကို အူကြောင်ကြောင်နိုင်လွန်းသည်။ တကယ်လို့ ဒုတိယအစ်ကိုလျန်ကသာ အဲဒီမိန်းကလေးကို သဘောကျသွားရင် သူတို့ မောင်နှမဆက်ဆံရေး ပျက်စီးသွားနိုင်သည် မဟုတ်ပါလား။
"ပြောလည်း အလကားပဲ။ ဝမ်ချင်းချင်းက အတွင်းရေးမှူးဝမ်ရဲ့ တူမလေ။ ဝမ်ကတော်ကိုယ်တိုင်က ငါ့အမေဆီ ဖုန်းဆက်ပြီး ဒီအောင်သွယ်ပွဲကို စီစဉ်ခိုင်းထားတာ"
လျန်ဟွေ့ စိတ်ဓာတ်ကျသွားသည်။ သူမ၏မိသားစုသည် အတွင်းရေးမှူးဝမ်၏ မျက်နှာကို မထောက်ထား၍ မရမှန်း သိသော်လည်း ရန်တွေ့တတ်ပြီး ရက်စက်ကာ ဗိုလ်ကျလိုစိတ်ရှိသည့် အမျိုးသမီးတစ်ဦးကိုတော့ သူမ၏အစ်ကိုနှင့် မရစေလိုပါ။
"စုယွီ... နင်မသိလို့။ ဝမ်ချင်းချင်းက ပျင်းလည်းပျင်းတယ်၊ အစားလည်းကြီးတယ်။ အားနည်းတဲ့သူတွေကို နှိပ်စက်ရတာကိုလည်း ဝါသနာပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကဆိုရင် သူက လူမိုက်သူငယ်ချင်းတွေနဲ့အတူ ငါ့ဆီက ချောကလက်တွေကို လုယူသွားသေးတယ်"
လွန်ခဲ့သော နှစ်နှစ်က ဖြစ်ရပ်သည် ကလေးကလား ရန်ငြိုးဟု ဆိုနိုင်သော်လည်း အစားအသောက်မက်သော လျန်ဟွေ့အတွက်မူ သူမ၏ ချောကလက်ကို လုယူသူသည်မှာ မလွဲဧကန် ရန်သူပင်ဖြစ်သည်။
"အတွင်းရေးမှူးဝမ်ရဲ့တူမက ဘာလို့ နင့်မိသားစုနဲ့မှ အောင်သွယ်တွေ့ရတာလဲ"
လင်းစုယွီသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေကြည့်မိသည်။ မူလပိုင်ရှင်၏ အမှတ်အသားထဲတွင် ဝမ်ချင်းချင်းသည် ချမ်းသာသော လင်းမိသားစုကိုပင် အထင်သေးတတ်သည့် မာနကြီးသူတစ်ဦးဖြစ်သည်။ ထိုသို့သောသူက အဘယ်ကြောင့် ဒုတိယအစ်ကိုလျန်နှင့် တွေ့ဆုံရသနည်း။
လျန်မိသားစု၏ အခြေအနေ မည်မျှပင် ကောင်းမွန်နေပါစေ၊ သူတို့သည် အလုပ်သမားလူတန်းစားသာဖြစ်ပြီး ဝမ်မိသားစုနှင့် လူမှုအဆင့်အတန်းချင်း မတူညီနိုင်ပေ။
"ဟွန့်... သူက စေ့စပ်ထားတာ ပျက်သွားလို့လေ။ အသက်က ဆယ့်ကိုးနှစ်ရှိပြီ၊ ဘယ်သူမှလည်း မလိုချင်ကြတော့ဘူး။ ငါ့ဒုတိယအစ်ကိုက အခုမှ တက္ကသိုလ်က ဘွဲ့ရပြီး မြို့တော်ခန်းမရဲ့ အတွင်းရေးမှူးရုံးမှာ အလုပ်ဝင်ထားတာ။ အနာဂတ်က အရမ်းတောက်ပနေတော့ အတွင်းရေးမှူးဝမ်က သူ့ကို သဘောကျသွားတာပေါ့"
လင်းစုယွီ နားလည်သွားပြီဖြစ်သည်။ တစ်ဖက်က စေ့စပ်ပွဲပျက်ထားပြီး နာမည်ပျက်ရှိသည့် အမျိုးသမီးဖြစ်ပြီး၊ အခြားတစ်ဖက်ကမူ မြို့တော်ခန်းမတွင် အလုပ်ရခါစ အလားအလာရှိသည့် လူငယ်တစ်ဦးဖြစ်သည်။
အတွင်းရေးမှူးဝမ်ရဲ့ အကြံအစည် တွက်ချက်မှုက ထင်ရှားလှချည်လား။ သူက ဒုတိယအစ်ကိုလျန်ကို မြို့တော်ဝန်ကျောက်ရဲ့ နံဘေးမှာ သံမှိုတစ်ချောင်းလို ရိုက်သွင်းချင်နေတာလား၊ ဒါမှမဟုတ် သူ့အတွက် သူလျှိုလုပ်ခိုင်းချင်တာလား။
ဒါကတော့ လင်းစုယွီရဲ့ တစ်ဦးတည်းသော အတွေးသာဖြစ်သည်။ လျန်ဟွေ့ကိုတော့ ဒီအကြောင်းတွေ ပွင့်ပွင့်လင်းလင်း ပြော၍မဖြစ်ပေ။
"ဟွေ့ဟွေ့... ငါ့အထင်တော့ ဒုတိယအစ်ကိုလျန်က သူ့စိတ်ထဲမှာ တစ်ခုခု စီစဉ်ထားပြီးသား ဖြစ်မှာပါ"
ဒုတိယအစ်ကိုလျန်က မြေခွေးလို ပါးနပ်သူတစ်ယောက်။ အကြံအဖန်တွေကလည်း အံစာတုံးက အစက်အပြောက်တွေလောက်ကို များတာ။ ဝမ်ချင်းချင်းလို မာနကြီးပြီး စိတ်ထဲရှိတာ ဖုံးကွယ်မထားတတ်တဲ့သူမျိုးကို ဒုတိယအစ်ကိုလျန်က အလွယ်တကူ မြင်သာမှာပါ။ ဒါကြောင့် လျန်ဟွေ့ရဲ့ စိုးရိမ်မှုက မလိုအပ်ဘူးလို့ လင်းစုယွီ ခံစားမိသည်။
"မဟုတ်ဘူး၊ ငါ စိတ်မအေးနိုင်သေးဘူး။ စုယွီ... ငါနဲ့အတူ ပန်းခြံကို လိုက်ကြည့်ပေးပါဦး"
လင်းစုယွီ သက်ပြင်းချလိုက်မိသည်။ ကောင်းပြီလေ၊ ဒီအတုအယောင် ညီအစ်မသံယောဇဉ်ကို ဆက်ထိန်းထားရဦးမှာပေါ့။ ထို့ကြောင့် သူတို့နှစ်ဦးမှာ သုံးဘီးနင်းလှည်းတစ်စီးကို ငှားကာ ပြားသုံးဆယ်ပေးပြီး မြို့လယ်ပန်းခြံသို့ တန်းတန်းမတ်မတ် သွားလိုက်ကြတော့သည်။
"ဟွေ့ဟွေ့... ဟိုမှာ!"
လျန်ဟွေ့၏ ဒုတိယအစ်ကိုသည် ပူပြင်းလှသော နေရောင်အောက်တွင် ဝမ်ချင်းချင်းနှင့်အတူ ရပ်နေသည်ကို တွေ့လိုက်ရသည်။ လင်းစုယွီက လျန်ဟွေ့ကို ဆွဲကာ သစ်ပင်ရိပ်ရှိရာသို့ တိတ်တဆိတ် လျှောက်သွားလိုက်သည်။
"နင့်အစ်ကိုကလည်း ဝမ်ချင်းချင်းကို သဘောမကျတာ သေချာပါတယ်။ မဟုတ်ရင် ဒီလောက် ပူနေတာကို နေပူထဲမှာ လမ်းလျှောက်ခေါ်ပါ့မလား။ ဒါပေမဲ့ ဝမ်ချင်းချင်းကတော့ နင့်အစ်ကိုအပေါ် အတော် အထင်ကြီးနေပုံပဲ"
လင်းစုယွီကတော့ လူမှုဆက်ဆံရေးနှင့် ယောက်ျားမိန်းမ ကိစ္စများကို ကောင်းကောင်းနားလည်သည်။ ဝမ်ချင်းချင်းလို မာနကြီးပြီး ဇိမ်ခံချင်သောသူက သူမ မကြိုက်သည့်သူနှင့်ဆိုလျှင် နေပူထဲတွင် အတူရှိနေမည် မဟုတ်ပေ။
"ဒါဆို ဘယ်လိုလုပ်မလဲ။ ဝမ်ချင်းချင်း ငါ့အစ်ကိုအပေါ် တကယ်သဘောကျသွားအောင် ခွင့်မပြုနိုင်ဘူး။ မဟုတ်လို့ကတော့ သူက ငါတို့အိမ်ကို အတင်းအတိုးအကပ်နဲ့ လက်ထပ်ဝင်လာရင် ငါ့အမေက ငြင်းနိုင်မှာ မဟုတ်တော့ဘူး"
သို့သော် လင်းစုယွီ အကြံမပေးနိုင်ခင်မှာပင် လျန်ဟွေ့က "ရပြီ" ဟု တိုးတိုးလေးပြောကာ သူမအိတ်ထဲမှ သကြားလုံးအချို့ကို ထုတ်လိုက်သည်။ ထို့နောက် သစ်ပင်ရိပ်အောက်ရှိ ကလေးတစ်သိုက်ဆီသို့ အပြေးသွားတော့သည်။
"ကလေးတို့... သကြားလုံးစားမလား။ မမကို တစ်ခုခု ကူညီပေးရင် သကြားလုံးကျွေးမယ်။ လုပ်ပေးနိုင်မယ့်သူတွေ လုပ်မယ်ပြောပါ"
"ကျွန်တော် လုပ်မယ်!"
"မမ... ဘာလုပ်ပေးရမလဲဟင်"
ကလေးများမှာ အပြိုင်အဆိုင် လက်ညှိုးထောင်ကာ ကူညီချင်ကြောင်း ပြောကြတော့သည်။ လျန်ဟွေ့က တိတ်တခိုး ပြုံးလိုက်ပြီး လက်ထဲမှ သကြားလုံးများကို မြှောက်ပြကာ ပြောလိုက်သည်။
"ဟိုမှာ အစ်ကိုကြီးတစ်ယောက်က အစ်မကြီးတစ်ယောက်နဲ့ လမ်းလျှောက်နေတယ်မလား။ အဲဒီအစ်မကြီးရဲ့ ဂါဝန်ကို ဆွဲပြီး သကြားလုံးတောင်းလိုက်ကြ။ ဪ... မသွားခင် နင်တို့လက်တွေကို အရင်ဆုံး ညစ်ပတ်အောင် လုပ်သွားကြဦးနော်!"
လင်းစုယွီ ဆွံ့အသွားရသည်။ ဒါလား အကြံအစည်ကောင်း။ သို့သော် ကလေးများကတော့ ဘာမှစဉ်းစားမနေပါ။ အဝတ်အစား ညစ်ပတ်အောင်လုပ်ရုံလေးလား။ အလကားရမည့် သကြားလုံးအတွက်ဆိုလျှင် ဒါက ဘာမှမဟုတ်ပေ။
"ဟုတ်ကဲ့... ဒါပေမဲ့ မမက ကျွန်တော်တို့ကို အရင်ဆုံး သကြားလုံးတစ်လုံးစီ ပေးထားရမယ်နော်"
အချို့ကလေးများက သကြားလုံးကို အိတ်ကပ်ထဲ သေချာထည့်ကြသည်၊ အချို့ကတော့ ချက်ချင်းစားလိုက်ကြပြီး ဝမ်ချင်းချင်းရှိရာသို့ အုပ်စုလိုက် ပြေးသွားကြတော့သည်။
"မမ... မမ... သကြားလုံးပေးပါဦး၊ သကြားလုံးကျွေးပါ"
ကလေးများမှာ ဆူညံပွက်လောရိုက်နေပြီး သူတို့၏ ညစ်ပတ်ပေရေနေသော လက်များဖြင့် ဝမ်ချင်းချင်း၏ ကိုယ်ပေါ်ကို တိုက်ရိုက်ပွတ်ဆွဲလိုက်ကြသည်။ ကလေးတစ်ယောက်က ပိုဆိုးသည်၊ ဝမ်ချင်းချင်း၏ ဂါဝန်စကို သုံးပြီး နှာရည်ကို တိုက်ရိုက် သုတ်ပစ်လိုက်၏။
"အား! ဒီကလေးစုတ်တွေ... ငါ့ကိုလွှတ်စမ်း! ငါ့ဂါဝန်ကြီး ညစ်ကုန်ပြီ!"
ဝမ်ချင်းချင်းမှာ ရှောင်တိမ်းရင်း သူမ၏ အိတ်ကလေးဖြင့် ကလေးများကို ရိုက်ကာ မောင်းထုတ်နေပြီး တရစပ် ဆဲဆိုနေတော့သည်။
"လျန်ချောင်ဟွေ့! ရှင် ဘာလို့ ဒီအတိုင်း ရပ်ကြည့်နေတာလဲ။ ဒီကလေးတွေကို အမြန်မောင်းထုတ်ပေးဦးလေ! သွားကြစမ်း၊ နင်တို့ ငါ့ကို ဘယ်သူမှတ်နေလဲ!"
ကလေးများမှာလည်း မအပါ။ အကြံအစည် အောင်မြင်သည်နှင့် တပြိုင်နက် လူစုခွဲကာ ထွက်ပြေးသွားကြသည်။ သူတို့၏ အပြေးနှုန်းကို ဝမ်ချင်းချင်းကဲ့သို့ အလိုလိုက်ခံထားရသည့် အမျိုးသမီးက မမီနိုင်ပေ။
"လျန်ချောင်ဟွေ့... သူတို့ကို မလွတ်စေနဲ့! ဖမ်းပေးဦးလေ!"
ဝမ်ချင်းချင်းသည် သူမအသစ်ဝယ်ထားသည့် ဂါဝန်လေးမှာ အမည်းကွက်များ၊ အညစ်အကြေးများ ပေကျံသွားသည်ကို ကြည့်လိုက်၊ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေသည့် လျန်ချောင်ဟွေ့ကို ကြည့်လိုက်နှင့် ဒေါသများမှာ ငယ်ထိပ်စောင့်နေပြီး မျက်လုံးများပါ နီမြန်းလာတော့သည်။
"ဘာလို့ ခုနက ကလေးတွေကို မဖမ်းပေးတာလဲ။ လျန်ချောင်ဟွေ့... ရှင်နဲ့ အောင်သွယ်တွေ့နေတဲ့သူကို ဒီလိုပဲ ဆက်ဆံတာလား"
ဝမ်ချင်းချင်း၊ ကိုယ်ကနဦးက လျန်ချောင်ဟွေ့၏ အေးစက်သော ဆက်ဆံမှုကို သည်းခံနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ဝမ်ချင်းချင်း၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားပြီဖြစ်သည်။
"တကယ် စိတ်မကောင်းပါဘူး ရဲဘော် ဝမ်ချင်းချင်း။ ခုနက ကလေးတွေ အုပ်စုလိုက်ကြီး ရောက်လာတော့ ကျွန်တော်လည်း လန့်သွားလို့ပါ။ အချိန်မီ မတုံ့ပြန်နိုင်လိုက်တာကြောင့် ခင်ဗျား ဒုက္ခရောက်သွားရတာပါ"
ထိုပေါ့ပျက်ပျက် တောင်းပန်စကားက ဝမ်ချင်းချင်း၏ ဒေါသကို မငြိမ်းစေရုံသာမက လျန်ချောင်ဟွေ့သည် သူမဦးလေး ပြောသလောက် မပါးနပ်၊ မတော်လှဟုပါ ထင်မြင်သွားစေသည်။
"ရှင်... ဟွန်း! ဒီနေ့တော့ ဒီလောက်ပဲ။ ကျွန်မ အိမ်ပြန်တော့မယ်"
ဝမ်ချင်းချင်းသည် အလိုလိုက်ခံထားရသော်လည်း ချိန်းတွေ့ရာတွင် ယဉ်ကျေးစွာနေရန် သူမဦးလေး မှာကြားထားသည်ကို မှတ်မိနေသေးသည်။ ထို့ကြောင့် လျန်ချောင်ဟွေ့ တောင်းပန်ပြီးနောက် ဒေါသကို အံကြိတ်ထိန်းကာ အိမ်ရောက်မှ လူကြီးများကို တိုင်တောရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ချင်းချင်း ထွက်ခွာသွားသည်ကို ကြည့်နေရင်း လျန်ချောင်ဟွေ့၏ မျက်နှာပေါ်ရှိ နူးညံ့သိမ်မွေ့သော အမူအရာမှာ ချက်ချင်းဆိုသလို အေးစက်ခက်ထန်သွားတော့သည်။
"ခုထိ ထွက်မလာသေးဘူးလား။ ထွက်လာဖို့ ခေါ်ရဦးမှာလား"
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း