အခန်း ၄၈
Vol. 5 Ch. 48
အပိုင်း ၄၈ - ဝမ်ချင်းချင်း၏ အိမ်
"သွားပြီ၊ ဒုတိယအစ်ကို ငါတို့ကို တွေ့သွားပြီ။ စုယွီ... ငါတို့ ဘယ်လိုလုပ်ကြမလဲ"
လျန်ဟွေ့မှာ ငုံးကလေးတစ်ကောင်လို တွန့်ဆုတ်သွားပြီး လင်းစုယွီကိုဆွဲကာ ထွက်ပြေးရန် ပြင်တော့သည်။ သို့သော် လင်းစုယွီက မျက်လုံးလေးကလယ်ကလယ်ဖြင့် သူမကို ပြန်ဆွဲထားလိုက်၏။
'ဘုန်းကြီးပြေးသော်လည်း ကျောင်းမပြေး' ဆိုသလိုပင်၊ ထွက်ပြေးနေမည့်အစား အဆူခံရလျှင်လည်း အေးအေးဆေးဆေး အဆူခံလိုက်ခြင်းက ပိုကောင်းပေမည်။ ကြောက်လန့်တကြား ထွက်ပြေးရခြင်းမှာ အလွန်သိက္ခာကျစရာကောင်းသည်ဟု စုယွီက တွေးမိသည်။
"နေကောင်းလား ဒုတိယအစ်ကိုလျန်။ ဟွေ့ဟွေ့နဲ့ ကျွန်မ ဒီပန်းခြံထဲကို လှေစီးဖို့ လာတာပါ။ အစ်ကိုလည်း ဒီမှာရှိနေမယ်လို့ မထင်ထားမိဘူး"
"ကျစ်! သြဂုတ်လရဲ့ ပူပြင်းတဲ့နေအောက်မှာ လှေစီးတယ် ဟုတ်လား"
သူ ဘယ်သူ့ကို လှောင်နေတာလဲ။
"လျန်ဟွေ့... ဝမ်ချင်းချင်းကိစ္စကို ငါ့ဘာသာငါ ရှင်းမယ်။ နင်တို့နှစ်ယောက် ဒီထဲမှာ ပါမလာစေနဲ့"
ဟုတ်ပါပြီလေ။ ဒုတိယအစ်ကိုလျန်က သူမကိုပါ တကယ်ဆူလိုက်တာပဲ။ လင်းစုယွီက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ တကယ်တော့ သူမကိုယ်တိုင်လည်း ဒီလောက်အထိ ဝင်ပါချင်နေတာ မဟုတ်ပါဘူး။
"အခုတလော ဝမ်မိသားစုထဲမှာ နည်းနည်းရှုပ်ထွေးနေတယ်။ နင်တို့နှစ်ယောက် ဝမ်ချင်းချင်းနဲ့ ဝေးဝေးနေ၊ မလိုအပ်တဲ့ ပြဿနာတွေလည်း လျှောက်မရှာကြနဲ့"
သူ့ရဲ့ နုံအလှတဲ့ ညီမဖြစ်သူကို မယုံကြည်နိုင်သေးသဖြင့် လျန်ချောင်ဟွေ့က လင်းစုယွီဘက်လှည့်ကာ မှာကြားလိုက်ခြင်းဖြစ်သည်။ သူ့အမြင်တွင် လင်းစုယွီက ထက်မြက်သူဖြစ်သဖြင့် အူတူတူ လျန်ဟွေ့ကို ထိန်းနိုင်လိမ့်မည်ဟု ယူဆထားသည်။
ဝမ်မိသားစုမှာ ဒရာမာတွေ ရှိနေတာပဲ! ဒါပေမဲ့ ဒုတိယအစ်ကိုလျန်ရဲ့ စရိုက်အရတော့ သူတို့ကို အသေးစိတ် ပြောပြမှာ မဟုတ်ဘူးဆိုတာ စုယွီ သိနေသည်။
နှမြောစရာပါပဲ။ ဒုတိယအစ်ကိုလျန် မြိုတော်ဝန်အတွင်းရေးမှူးရုံးကို ရောက်သွားပြီဆိုတော့ အတွင်းသတင်းတွေ အများကြီး သိရတော့မယ်လို့ သူမ ထင်ထားတာ။ အတွင်းရေးမှူးဝမ်ကရော သူ့ရဲ့ ရတနာသိုက်ကို သူမ သိမ်းကျုံးယူသွားတာ သိသွားပြီလားဆိုတာကိုလည်း စုယွီ သိချင်နေမိသည်။
"ဟွန့်၊ အစ်ကိုက ဝမ်မိသားစုကို ကြောက်နေတာပဲ။ ကျွန်မကတော့ မကြောက်ဘူး။ ဝမ်ချင်းချင်းရဲ့ စရိုက်နဲ့ဆိုရင် အစ်ကိုသာ သူ့ကို ယူကြည့်လိုက်၊ ကျွန်မ... ကျွန်မ အိမ်ပေါ်က ဆင်းပြီး စုယွီနဲ့ သွားနေမှာ!"
'အမလေး... မလုပ်ပါနဲ့!' ဒီလို ဝန်ထုပ်ဝန်ပိုးကြီးနဲ့အတူ သူမ မနေချင်ပါ။ လင်းစုယွီက လျန်ဟွေ့ကို မနှစ်မြို့သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ဒီကောင်မလေးက ရိုးအလွန်း၊ နုံအလွန်းသဖြင့် အဖော်လုပ်ဖို့ထက် ဒုက္ခပေးမည့်သူသာ ဖြစ်နေသည်။
လျန်ဟွေ့၏ စကားကြောင့် လျန်ချောင်ဟွေ့ ရယ်မိသွားသည်။ သူငယ်ချင်းဖြစ်သူက ရွံရှာသလို ကြည့်နေတာတောင် သူ့ညီမက သူမနဲ့ သွားနေမယ်လို့ ပြောရဲသေးသည်။
ထားလိုက်ပါတော့၊ သူ့ညီမက ဒီလိုပဲ ကြောင်တောင်တောင် ဖြစ်နေမှတော့ နောင်ကျရင် သူပဲ ပိုဂရုစိုက်ပေးရတော့မည်။ ထို့နောက် ဒုတိယအစ်ကိုလျန်က ရှားရှားပါးပါး နူးညံ့သော လေသံဖြင့် လျန်ဟွေ့ကို ရှင်းပြသည်။
"ကဲပါ... အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့။ ငါ ဝမ်ချင်းချင်းကို လက်မထပ်ပါဘူး။ နင်တို့ကို ဝင်မပါနဲ့လို့ ပြောတာက ဝမ်မိသားစု မကြာခင် ပြဿနာတက်တော့မှာ မို့လို့ပဲ"
"နင်တို့ ဝင်ပါရင်းနဲ့ ဝမ်ချင်းချင်းကို သွားဆွသလို ဖြစ်သွားရင် သူက စိတ်ပေါက်ပေါက်နဲ့ နင်တို့လို ကလေးတွေကို တစ်ခုခု လုပ်သွားမှာ စိုးလို့။ နားလည်လား"
လျန်ဟွေ့ကတော့ ဒီစကားတွေရဲ့ အနက်အဓိပ္ပာယ်ကို နားလည်ချင်မှ နားလည်ပေမည်။ သို့သော် ဝမ်မိသားစုရဲ့ ဒရာမာတွေထဲမှာ တိတ်တဆိတ် ပါဝင်ခဲ့ဖူးသည့် လင်းစုယွီအတွက်မူ ဒုတိယအစ်ကိုလျန်၏ စကားက အကွက်စေ့သွားစေသည်။
"ဒုတိယအစ်ကိုလျန်၊ ကျွန်မတို့ နားလည်ပါပြီ။ ဝမ်ချင်းချင်းကို သွားမရှုပ်ပါဘူးလို့ ကတိပေးပါတယ်။ တခြားကိစ္စ မရှိတော့ရင် ဟွေ့ဟွေ့နဲ့ ကျွန်မ ကျောင်းသုံးပစ္စည်းဝယ်ဖို့ သမဝါယမဆိုင် သွားလိုက်ဦးမယ်။ ကျောင်းဖွင့်ဖို့က ရက်ပိုင်းပဲ လိုတော့တာဆိုတော့"
ယခုအချိန်တွင် လင်းစုယွီက အလွန်လိမ္မာယဉ်ကျေးသော မိန်းကလေးတစ်ဦးအလား။ သူမက ဝမ်ချင်းချင်းကို အရင်မစပါဟု ကတိပေးခဲ့သော်လည်း၊ ဝမ်ချင်းချင်းဘက်က အရင်လာရှုပ်လျှင် ပြန်ချဖို့ဆိုသည်မှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စပင် မဟုတ်ပါလား။
လျန်ဟွေ့က ငြင်းခုံချင်သေးသည်ကို မြင်သောအခါ လင်းစုယွီက သူမကို အမြန်ပြန်ဆွဲလိုက်သည်။ စုယွီ၏ စူးရှသော မျက်စောင်းတစ်ချက်အောက်တွင် လျန်ဟွေ့မှာ ငြိမ်ကျသွားတော့သည်။ သူမသည် အမြဲတမ်း စုယွီ၏အလိုအတိုင်း လိုက်ပေးတတ်သူဖြစ်သည်။
"ပိုက်ဆံရော လောက်ရဲ့လား။ ကူပွန်တွေရော ရှိလား"
မွန်းတည့်တော့မည် ဖြစ်သဖြင့် သူ့ညီမ အပြင်မှာ စားဖြစ်မည်ကို သိသော ဒုတိယအစ်ကိုလျန်က သူ၏ ချိန်းတွေ့မှုအတွက် ပြင်ဆင်ထားသော ကူပွန်များကို ထုတ်ပေးလိုက်သည်။
"ဒီပိုက်ဆံနဲ့ ကူပွန်တွေကို ယူသွား။ ညီမလေး စုယွီကိုလည်း နိုင်ငံတော်ပိုင် စားသောက်ဆိုင်ခေါ်သွားပြီး နေ့လယ်စာ ကောင်းကောင်းကျွေးလိုက်"
တကယ့်ကို ညီမလေးကို အလိုလိုက်တဲ့ မိသားစုပါပဲ။ ခုနလေးတင် ဆူပူနေပြီး အခုတော့ မုန့်ဖိုးနဲ့ ကူပွန်တွေ ပေးနေပြန်ပြီ။ လျန်ဟွေ့က ဆုလာဘ်ရသွားလို့ သင်ခန်းစာကို မေ့သွားမှာကို သူ မကြောက်ဘူး ထင်ပါရဲ့။
"ဟိဟိ၊ ကျေးဇူးပဲ အစ်ကို။ ကျွန်မ အစ်ကို့စကား နားထောင်ပါ့မယ်။ သွားကြစို့ စုယွီ၊ သမဝါယမဆိုင် အရင်သွားပြီးမှ စားဖို့သွားကြမယ်"
တစ်ချိန်တည်းမှာပင် ဝမ်ချင်းချင်းမှာ မကျေမနပ်ဖြစ်ကာ အိမ်သို့ ပြန်ရောက်လာသည်။ အတွင်းရေးမှူးဝမ်၏ ညီဖြစ်သူ သူမ၏ဖခင်မှာ နေ့လယ်စာစားပြီး တစ်ရေးတည်းအိပ်ရန် အိမ်သို့ အစောကြီး ပြန်ရောက်နေသည်။
"ဟော... ချင်းချင်း၊ ဒီနေ့ အောင်သွယ်ချိန်းတွေ့ပွဲ သွားရမှာ မဟုတ်လား။ ဘာလို့ အစောကြီး ပြန်လာတာလဲ"
သူ့အစ်ကိုက သမီးဖြစ်သူအတွက် အိမ်ထောင်ဖက်လူတွေ့ပွဲတွေ စီစဉ်ပေးသည်ကို သူက အမြဲသဘောတူသည်။ အမှန်တော့ သူတို့မိသားစု၏ အရာရာတိုင်းသည် သူ့အစ်ကို၏ စီစဉ်မှုအောက်တွင်သာ ရှိနေသည် မဟုတ်ပါလား။
"ဖေဖေ... ဦးလေးက သမီးအတွက် ဘယ်လိုလူမျိုးကို ရှာပေးလိုက်တာလဲ။ သူက တကယ့်ကို အဆင့်မရှိတဲ့လူပဲ။ ကြည့်ဦး... သမီးရဲ့ အင်္ကျီအသစ်လေးတောင် ပျက်စီးသွားပြီ၊ လျန်ချောင်ဟွေ့က သမီးကို နည်းနည်းလေးတောင် ကူညီဖော်မရဘူး"
ဝမ်ချင်းချင်းသည် သူမ၏ မိသားစုနောက်ခံကို ဂုဏ်ယူကာ သူတစ်ပါး၏ အလိုလိုက်ဖားယားမှုကိုသာ ခံယူချင်သူဖြစ်သည်။ ယနေ့ လျန်ချောင်ဟွေ့၏ အေးစက်စက် အမူအရာက သူမ၏ မာနကို ထိခိုက်စေခဲ့သည်။
"လျန်မိသားစုရဲ့ ဒုတိယသားက တော်တော်ကောင်းတာပါ။ မင်းဦးလေးနဲ့ စက်ရုံမှူးလျန်က သိလာတာ ကြာပြီ၊ အဲဒီမိသားစုထဲ ရောက်သွားရင် မင်းအတွက် နစ်နာစရာမရှိပါဘူး။ နောက်ပြီး လျန်ချောင်ဟွေ့မှာ အခု အလုပ်အကိုင်ကောင်း ရှိနေပြီလေ။ သူက အုပ်ချုပ်ရေးစနစ်ထဲ ရောက်သွားပြီဆိုတော့ နောင်ကျရင် အရာရှိကြီး ဖြစ်လာမှာ"
ဝမ်ဖခင်မှာ ထူးခြားသော အရည်အချင်း မရှိလှပေ။ သူ၏ အားသာချက်မှာ စကားနားထောင်ခြင်းသာ ဖြစ်ပြီး၊ ဖခင်နှင့် အစ်ကိုဖြစ်သူ၏ စကားကို မြေဝယ်မကျ နားထောင်တတ်သူဖြစ်သည်။ သူ့ဘဝတစ်ဝက်ကျော်မှာ ဝမ်မိသားစု၏ အကြီးအကဲနှစ်ဦး၏ စီမံမှုအောက်မှာသာ ရှိခဲ့သည်။
"ဖေဖေ... သမီး မလိုချင်ဘူး။ အောက်ခြေအတွင်းရေးမှူးလေးက ဘာများ အနာဂတ်ရှိမှာလဲ။ နောက်ပြီး လျန်မိသားစုရဲ့ကျောထောက်နောက်ခံတွေလည်း အကုန် ထွက်ပြေးကုန်ကြပြီ။ လင်းမိသားစုသာ မရှိရင် စက်ရုံမှူးလျန်က ဘာများ လုပ်နိုင်ဦးမှာလဲ"
"တော်ပြီ... တော်ပြီ။ ဒါတွေ ငါ့ကို လာပြောလည်း အပိုပဲ။ မင်းမကြိုက်ရင် မင်းဦးလေးကို သွားပြော။ ငါ့ကို လာပြီး ဒေါသပုံမချနဲ့"
သမီးဖြစ်သူ၏ ဇွတ်တရွတ်နိုင်သော အပြုအမူကို မြင်သောအခါ ဝမ်ဖခင်က အကျင့်အတိုင်း တာဝန်လွှဲလိုက်သည်။ သူသည် ဤကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စရပ်များကို မကိုင်တွယ်ချင်ပေ။
"ဖေဖေ... ဘာလို့ အမြဲ အဲဒီလိုပဲ ပြောနေတာလဲ။ အရင်တုန်းက ချန်မိသားစုက သားကို သမီးမကြိုက်ပေမဲ့ ဦးလေးက စေ့စပ်ခိုင်းတော့ သမီး နားထောင်ခဲ့တယ်။ နောက်ဆုံးတော့ အပယ်ခံရတာ သမီးပဲလေ"
"အခုလည်း အတူတူပဲ။ လျန်ချောင်ဟွေ့နဲ့ တွေ့ဖို့ သမီး မကြိုက်ပါဘူးဆိုတာကို ဦးလေးက နားမထောင်ဘဲ သမီးကို အတင်းလုပ်ခိုင်းနေတုန်းပဲ။ သမီးက ဖေဖေတို့ရဲ့ အရုပ်လား။ အသုံးချခံ ပစ္စည်းတစ်ခုလား"
ဝမ်ချင်းချင်းမှာ အလွန်စိတ်ပျက်သွားရသည်။ သူမသည် အော်ဟစ်ငိုယိုရင်း သူမ၏ အခန်းထဲသို့ ပြေးဝင်သွားတော့သည်။ သူမ စိတ်နာမိသည်မှာ သူများအဖေတွေက သမီးကို ကာကွယ်ပေးကြသော်လည်း သူမအဖေကမူ အစ်ကိုဖြစ်သူ စကားကိုသာ နားထောင်ပြီး သမီးကို ရောင်းစားရန်သာ ကြိုးစားနေခြင်းကြောင့် ဖြစ်သည်။
"မင်းက ဘာတွေ လာညည်းနေတာလဲ။ မင်းဦးလေး စီစဉ်ပေးတဲ့လူဆိုတာ သူများတွေ တောင်းပန်တိုးလျှိုးယူရတဲ့ လူမျိုး။ မင်းကို ငယ်ငယ်ကတည်းက စည်းစိမ်နဲ့ ထားခဲ့တာ၊ အခုကြီးလာတော့မှ ပုန်ကန်ချင်နေတာလား။ စကားနားမထောင်ချင်ရင် ငါတို့ ဝမ်မိသားစုထဲက ထွက်သွားလို့ရတယ်"
ဝမ်ဖခင်လည်း စိတ်တိုလာသည်။ ပြောသလိုလုပ်လျှင် အရာရာ အဆင်ပြေနေသည် မဟုတ်ပါလား။ လူကြီးတွေ စီစဉ်ပေးတာကိုသာ လိမ္မာပါးနပ်စွာ နားထောင်မည်ဆိုလျှင် တစ်သက်လုံး စားဝတ်နေရေးအတွက် ပူပန်စရာ လိုတော့မည်မဟုတ်။ ဘာကိုများ မကျေမနပ် ဖြစ်နေရသနည်း။
ဝမ်ချင်းချင်း၏ မိခင်ကသာ မီးဖိုချောင်ထဲတွင် သက်ပြင်းချနေမိသည်။ ဤမိသားစုကို လူတိုင်းက အားကျကြသော်လည်း အမှန်တကယ်တွင်မူ စီမံသမျှကိုသာ ခေါင်းငုံ့ခံနေကြရသည့် မိသားစုဖြစ်နေသည်။
သူမ၏ သမီးမှာ လွတ်လပ်ခွင့်အတွက် မျှော်လင့်ချက်အမှားများကို ဆုပ်ကိုင်ထားဆဲဖြစ်ရာ အခြေအနေမှန်ကို မမြင်နိုင်သေးပေ။ ဝမ်မိခင်က စိတ်ထဲမှ သက်ပြင်းချရင်း ဖြန်ဖြေစကားပြောရန် ထွက်လာခဲ့သည်။
"ချင်းချင်းအဖေရယ်... စိတ်မဆိုးပါနဲ့။ ချင်းချင်းက အခုလောလောဆယ် နားမလည်သေးလို့ပါ။ ကျွန်မပဲ သူ့ကို ဖျောင်းဖျလိုက်ပါ့မယ်။ ဒါပေမဲ့ အစ်ကိုကြီးကို တစ်ခွန်းလောက် သွားပြောပေးလို့ မရဘူးလား။ ချင်းချင်း ဘယ်သူ့ကို သဘောကျနေလဲဆိုတာ ရှင်လည်း သိတာပဲကို.."
"ဘာသွားပြောရမှာလဲ။ အစ်ကိုကြီးမှာလည်း သူ့ပြဿနာနဲ့သူ ရှုပ်နေတာ၊ မင်းက ငါ့ကို သွားပြီး အနှောင့်အယှက် ပေးခိုင်းနေတာလား"
"ဝန်ကြီးချန်ရဲ့ သားက ဘာများ ကောင်းလို့လဲ။ အစ်ကိုကြီးက ချင်းချင်းကို သူ့ဆီ ပေးမစားတာဟာ ချင်းချင်းရဲ့ အကျိုးအတွက်ပဲ"
"ငါ သတိပေးထားမယ်၊ မင်း မရီးဆီ သွားပြီး သွားငိုမပြနဲ့။ မရီးရဲ့ အမျိုးတစ်ယောက် အဖမ်းခံထားရလို့ သူလည်း စိတ်တိုနေတာ"
ဝမ်ဖခင်က မျက်လုံးမှိတ်လျက် ဇနီးဖြစ်သူကို သတိပေးလိုက်သည်။ အိမ်ရှိ မိန်းမသားများကြောင့် သူ၏အစ်ကိုနှင့် မရီးဖြစ်သူတို့ကို ဒုတိယမရောက်စေလိုပေ။
အဝေးက အမျိုး ဟုတ်လား။ ဟက်... အစ်ကိုကြီးရဲ့ အညစ်အကြေးတွေကို လိုက်ရှင်းပေးရတဲ့ လက်ပါးစေသက်သက်ပါ။ အစ်ကိုကြီးက အဲဒီလိုလူမျိုးအတွက်တောင် စိုးရိမ်ပေးနိုင်ပြီး သူ့တူမအရင်းအတွက်ကျတော့ ဘာလို့ ထည့်မစဉ်းစားပေးရတာလဲ။
ဝမ်မိခင်သည် သူမမျက်လုံးထဲမှ ရွံရှာမှုများကို ဖုံးကွယ်လိုက်ပြီး သမီးဖြစ်သူကို နှစ်သိမ့်ရန် လှည့်ထွက်လာခဲ့သည်။
"ကဲပါ... ငိုနေလို့လည်း ပြဿနာက ပြေလည်မသွားဘူး။ လျန်မိသားစုက သားကို မကြိုက်ရင် ထပ်မတွေ့နဲ့တော့ပေါ့။ အခုတော့ အချိန်ဆွဲထားလိုက်ဦး။ မင်းဦးလေး အလုပ်တွေအားလို့ လာတွေ့တဲ့အခါကျမှ အေးအေးဆေးဆေး ပြန်ပြောကြည့်တာပေါ့"
ဝမ်ချင်းချင်းက သူမ၏ မျက်ရည်များကို သုတ်လိုက်သည်။ သူမ၏ မိခင်သည် အရင်ကလို စကားနားထောင်ဖို့ချည်းပဲ မတိုက်တွန်းတော့သဖြင့် သူမ စိတ်ထဲတွင် အတော်လေး နေသာထိုင်သာ ရှိသွားတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း