အခန်း ၅၂
Vol. 6 Ch. 52
အပိုင်း ၅၂ - ချန်မိသားစုအတွက် ပြဿနာ
"စုယွီ... မနက်ဖြန် လမုန့်ပွဲတော်ကို အစ်မတို့အိမ်မှာ လာဆင်နွှဲပါလား။ အဖေနဲ့အမေက ညီမလေးကိုလည်းမဖြစ်မနေ ဖိတ်ခဲ့ပါဆိုလို့"
မနက်ဖြန်သည် လမုန့်ပွဲတော်ဖြစ်သည်။ ချန်ဟွေ့ယီသည် လင်းစုယွီကို အိမ်သို့ လိုက်ပို့နေစဉ်တွင် သူမနှင့်အတူ ပွဲတော်ဆင်နွှဲရန် ဖိတ်ခေါ်ဖို့ စဉ်းစားလိုက်မိခြင်းဖြစ်သည်။
"အစ်မဟွေ့ယီ... ဒီနားကလူတွေက လမုန့်ပွဲတော်ကို ဘယ်လိုမျိုး ကျင်းပလေ့ရှိလဲ"
လင်းစုယွီမှာ အနည်းငယ် စပ်စုချင်စိတ် ဖြစ်သွားသည်။ မူလကိုယ်၏ မှတ်ဉာဏ်ထဲတွင်မူ လမုန့်ပွဲတော်ဆိုသည်မှာ အခန်းကျဉ်းလေးထဲ၌ အထိန်းတော်လင်းနှင့်အတူ လမုန့်တစ်လုံးကို ခွဲဝေစားသောက်ခဲ့ရသည်သာ ရှိလေသည်။
"အခုခေတ်ကတော့ ပွဲတော်အတွက် သိပ်ပြီး အကျအန မပြင်ဆင်နိုင်ကြတော့ဘူး။ မမ ငယ်ငယ်တုန်းကတော့ တကယ့်ကို စည်ကားတာ။ လမ်းထဲက အိမ်တိုင်းမှာ ခရုကြော်၊ လမုန့်၊ ဖရဲသီးနဲ့ ဖရုံသီးကောက်ညှင်းထုပ်တွေနဲ့ စားသောက်ပွဲကြီးတွေ လုပ်ကြတာ။ အခြေအနေကောင်းတဲ့ မိသားစုတွေဆိုရင် ဘဲပေါ်တာ၊ ဂဏန်းပေါင်းတာမျိုးအထိ လုပ်ကြတယ်လေ။"
ချန်ဟွေ့ယီသည် အစားအသောက် ရှားပါးမှုမဖြစ်ခင်က သူမ၏ ငယ်ဘဝကို တမ်းတမ်းတတ ပြန်လည်ပြောပြနေသည်။
ယခုအခါ အိမ်တိုင်းတွင် ရိက္ခာရှားပါးနေသဖြင့် ကလေးများအတွက် မြည်းစမ်းရုံမျှ နှမ်းမုန့်လေးအချို့ လုပ်ပေးနိုင်ရုံသာ ရှိတော့သည်။
"အဖေနဲ့အမေကတော့ ဒီနှစ် လမုန့်ပွဲတော်ကို ကောင်းကောင်းပြင်ဆင်ပြီး အတူတူ လကြည့်ကြမယ်လို့ ပြောတယ်။ အဖေက မနေ့က ဘဲတစ်ကောင် ဝယ်လာတယ်၊ မနက်ဖြန်ကျရင် အဲဒါကို ချက်စားကြမှာ"
မနက်ဖြန်အတွက် ပြင်ဆင်ထားသည့် အသားနှင့် ပွဲတော်အစားအစာများကို တွေးတောရင်း ချန်ဟွေ့ယီမှာ စိတ်လှုပ်ရှားစွာ မျှော်လင့်နေပုံရသည်။
ချန်ဟွေ့ယီ မျှော်လင့်နေသည်ကို မြင်ရသဖြင့် လင်းစုယွီလည်း လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။ အားနာစရာမဖြစ်စေရန် သစ်သီးအချို့ ယူသွားမည်ဟုလည်း သူမ စိတ်ကူးလိုက်မိသည်။
ယခုကဲ့သို့ ကောက်ပဲသီးနှံ ထွက်နှုန်းကျဆင်းနေချိန်တွင် ဖရဲသီးနှင့် ပန်းသီးကဲ့သို့သော ရှားပါးသီးနှံများ၏ ဈေးနှုန်းမှာ အသားဈေးနှင့် ရင်ပေါင်တန်းနေပြီး အရာရှိကြီးများ၏ မိသားစုများသာ ရရှိနိုင်သော အရာများ ဖြစ်သည်။
အိမ်ရှေ့မရောက်ခင် အကွာအဝေးတစ်ခုမှာပင် ချန်ဟွေ့ယီက စက်ဘီးကို ရပ်လိုက်သည်။ လင်းစုယွီက နားမလည်နိုင်သဖြင့် ချန်အိမ်ဘက်သို့ ခေါင်းပြူကြည့်လိုက်ရာ အိမ်ရှေ့တွင် ထိုင်နေသော အဘွားအိုတစ်ဦးကို တွေ့လိုက်ရသည်။
"ကောင်မလေး... နင် ပြန်လာပြီလား။ နင့်အမေက ဘာတွေလုပ်နေမှန်းကို မသိဘူး၊ အိမ်မှာလည်း မရှိဘူး။ နင်ပြန်လာတာ ကံကောင်းသွားတာပဲ။ မြန်မြန် တံခါးဖွင့်ပေးစမ်း... ငါတော့ ရေငတ်လို့ သေတော့မယ်"
အဘွားအိုသည် ချန်ဟွေ့ယီကို မြင်သည်နှင့် မထီမဲ့မြင်ပြုသော အမူအရာဖြင့် တတွတ်တွတ် စတင်ဆူပူတော့သည်။
"အဘွား... ဘာလို့ ဒီကိုရောက်နေတာလဲ"
ချန်ဟွေ့ယီမှာ ခေါင်းခဲသွားရသည်။ သူမ၏ အဘွားသည် ဆက်ဆံရခက်သောသူဖြစ်ပြီး သူမအနေဖြင့် ရင်ဆိုင်နိုင်မည်မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်သည်။
"သေနာမလေး၊ ဘာကို အချိန်ဆွဲနေတာလဲ။ ဘာလို့ ခုထိ တံခါးမဖွင့်သေးတာလဲ"
ချန်ဟွေ့ယီ တုံ့ဆိုင်းနေသည်ကို မြင်ရသောအခါ အဘွားအိုက ထပ်မံ အော်ဟစ်တော့သည်။ သူမတို့နောက်မှ ခြေသံကြားရသဖြင့် လင်းစုယွီလည်း စက်ဘီးပေါ်မှ ဆင်းလိုက်သည်။
အဒေါ်ထောင်က ဟင်းသီးဟင်းရွက်ခြင်းကို ကိုင်ကာ လမ်းလျှောက်လာသည်။ လင်းစုယွီနား ရောက်သောအခါ သူမက ခြင်းထဲမှ ခရမ်းချဉ်သီးတစ်လုံးကို ဆွဲထုတ်ကာ လင်းစုယွီကို ပေးလိုက်ပြီး အိမ်ပြန်နှင့်ရန် အချက်ပြလိုက်သည်။ ထို့နောက်မှ အဘွားအိုဘက်သို့ လှည့်ကြည့်လိုက်သည်။
"အမေ... ဒီနေ့ ဘယ်လိုဖြစ်ပြီး ဒီကို အချိန်ပေးပြီး ရောက်လာတာလဲ။ လောင်ချန်းက ဒီနေ့ နေ့လယ်ကပဲ လမုန့်ပွဲတော်အတွက် လက်ဆောင်တွေ လာပို့ထားတယ် မဟုတ်လား"
အဒေါ်ထောင်၏ စကားသံကို ကြားရသည်နှင့် လင်းစုယွီအနေဖြင့် ဤအဘွားအိုနှင့် အဒေါ်ထောင်တို့၏ ဆက်ဆံရေးမှာ မပြေလည်မှန်း သိလိုက်သည်။ သူမအနေဖြင့် မိသားစုရေး ဒရာမာများကို မကြည့်ချင်သဖြင့် အလိုက်တသိပင် အိမ်ပြန်ခဲ့သည်။
"ဘာ... ငါ့သားအိမ်ကို ငါလာတာ နင့်ဆီက ခွင့်တောင်းနေရဦးမှာလား။ တကယ့်ကို ဖြုန်းတီးတတ်တဲ့ မိန်းမပဲ၊ ကောင်းတဲ့ပစ္စည်းတွေကို ဘယ်သူမှန်းမသိတဲ့ လူတွေကို ပေးကမ်းနေရတယ်လို့"
ထိုသို့ ပြောဆိုရင်း လင်းစုယွီ သူမဘေးမှ ဖြတ်သွားစဉ် အဘွားအိုက လက်တစ်ဖက်ဖြင့် ခရမ်းချဉ်သီးကို လုယူကာ တိုက်ရိုက် ကိုက်စားပစ်လိုက်သည်။ စုယွီကတော့ စိတ်ထဲမှ "ဒီလိုဖြစ်မယ်မှန်းသိရင် အိမ်သာတက်ပြီး လက်မဆေးဘဲ နေခဲ့ပါတယ်" ဟုပင် ကျိန်ဆဲလိုက်မိသည်။
ထားလိုက်ပါတော့လေ၊ အိမ်တိုင်းမှာ သူ့ပြသနာနဲ့သူ ရှိတတ်တာပဲ။ ဒီအဘွားကြီးကတော့ အဒေါ်ထောင်တို့ မိသားစုအတွက် ပြဿနာပဲ။ ကြည့်ရတာ ဒီအဘွားကြီးက တော်ရုံနဲ့ ကိုင်တွယ်ရလွယ်မယ့်သူမျိုး မဟုတ်ဘူး။
ဒီနှစ် လမုန့်ပွဲတော်အတွက် လင်းစုယွီတွင် လမုန့်ဝယ်ရန် ကူပွန်မရှိသဖြင့် ဝယ်ရန်လည်း အစီအစဉ်မရှိပေ။ ကိုယ်တိုင်လုပ်ရန် စိတ်ကူးသော်လည်း မုန့် ဖုတ်ရတာ အလုပ်ရှုပ်သဖြင့် လက်လျှော့လိုက်သည်။
နောက်ဆုံးတွင်တော့ လင်းစုယွီသည် ရိုးရှင်းသော ဆီးသီးကိတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ နေရာလွတ်ကို ရရှိပြီးကတည်းက သူမသည် မျိုးစိတ်ပေါင်းစုံကို စုဆောင်းခဲ့သည်။ ရေသစ်အယ်သီး များကိုလည်း အကြိမ်ပေါင်းများစွာ ရိတ်သိမ်းပြီး ရေသစ်အယ်သီးအမှုန့်အဖြစ် ပြုပြင်ထားပြီးဖြစ်သည်။
ဤရေသစ်အယ်သီးအမှုန့်သည် တကယ့် အကောင်းစားဖြစ်သည်။ သူမ၏ အရင်ဘဝက ဟောင်ကောင်စတိုင် မုန့်များလုပ်ရာတွင် အကြိုက်ဆုံး ပါဝင်ပစ္စည်းဖြစ်ပြီး "ဆီးသီးသစ်အယ်သီးကိတ်" မှာလည်း သူမ မကြာခဏ လုပ်လေ့ရှိသော အချိုပွဲတစ်ခု ဖြစ်သည်။
လင်းစုယွီ အိမ်တွင် မုန့်လုပ်နေစဉ် ချန်မိသားစုအိမ်မှ ရန်ဖြစ်သံမှာ သူမ၏ နားထဲသို့ သဲ့သဲ့လေး ကြားနေရသည်။ အာရုံခံစားမှု အလွန်စူးရှနေခြင်းမှာ တစ်ခါတစ်ရံတွင် မကောင်းလှပေ။
"အမေ... ကျွန်မတို့ ဟွေ့ယီရဲ့ အိမ်ထောင်ရေးကို စိတ်ပူနေဖို့ မလိုပါဘူး။ ကျွန်မ သူမအတွက် လူတစ်ယောက် ရွေးထားပြီးသားပါ"
အဒေါ်ထောင်သည် သူမ၏ အသံကို တည်ငြိမ်အောင် ထိန်းထားသော်လည်း အဘွားအိုချန်ကမူ သူမ ရွေးချယ်ထားသောသူနှင့်သာ ချန်ဟွေ့ယီကို စေ့စပ်ရန် ဇွတ်အတင်း ပြောဆိုနေသည်။
"ငါက ဘာလို့ စိတ်မပူရမှာလဲ။ ငါက သူ့ရဲ့ အဘွားပဲ၊ ငါလက်ညှိုးထိုးတဲ့သူနဲ့ သူလက်ထပ်ရမှာပေါ့။ ဒါ့အပြင် ငါရွေးထားတဲ့သူက သာမန်မိသားစုက မဟုတ်ဘူး"
"သူ့မိဘနှစ်ပါးစလုံးက အရာရှိတွေ။ ဟွေ့ယီသာ ဆရာမအလုပ်ကောင်းကောင်း ရမထားရင် သူတို့က လှည့်တောင် ကြည့်မှာမဟုတ်ဘူး"
အဒေါ်ထောင်မှာ ချန်မိသားစု၏ ချွေးမဖြစ်လာသည်မှာ တစ်ရက်နှစ်ရက် မဟုတ်တော့ပေ။ ယောက္ခမ၏ စရိုက်ကို သူမ ကောင်းကောင်းသိသည်။ အကျိုးအမြတ်မရှိလျှင် ဘယ်တော့မှ ဝင်မပါတတ်သူဖြစ်သည်။ အဘွားအိုချန်က စိတ်ရှည်လက်ရှည် ဖြောင်းဖျလေလေ၊ အဒေါ်ထောင်၏ ရင်ထဲတွင် ပို၍ လေးလံလာလေလေ ဖြစ်သည်။
"မသွားဘူး၊ အဘွား နောက်ထပ် ဘာမှပြောမနေနဲ့တော့။ သမီးရဲ့ အိမ်ထောင်ရေးကို သမီးဘာသာ ဆုံးဖြတ်မယ်"
သူမ ငယ်ငယ်ကတည်းက မိန်းကလေးဖြစ်၍ အမြဲ အနှိမ်ခံခဲ့ရပြီး မိသားစုကိုလည်း ခွဲထုတ်ပစ်ခဲ့သည့် အဘွားဖြစ်သူက ယခုမှ သူမအကျိုးကို လိုလားသည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ချန်ဟွေ့ယီက ငြင်းလိုက်သည်နှင့် အဘွားအိုချန်က စတင် ဆဲဆိုတော့သည်။ ထိုအချိန်မှာပင် ဦးလေးချန် ပြန်ရောက်လာသည်။
"အမေ... ကျွန်တော်တို့ ဟွေ့ယီရဲ့ ကိစ္စကို ဝင်မပါပါနဲ့လို့ ပြောထားတယ် မဟုတ်လား။ ဘာလို့ ဒီကိစ္စနဲ့ပဲ ထပ်လာနေရတာလဲ"
သူသည် ခြံဝင်းတံခါးအပြင်ဘက်တွင် ရပ်နေသည်မှာ ကြာပြီဖြစ်သည်။ မိခင်ဖြစ်သူက အရှက်မရှိ ပြုမူနေပြီး သမီးဖြစ်သူကို အတင်းအကျပ် အိမ်ထောင်ချပေးရန် ကြိုးစားနေသည်ကို ကြားရသောအခါ သူ အလွန် ခံရခက်သွားရသည်။
မိသားစု ခွဲဝေစဉ်တုန်းက သူသည် ဘာမှမရဘဲ ထွက်လာခဲ့ရသူ ဖြစ်သည်။ နှစ်အတော်ကြာအောင် သူသည် ဘာမှမညည်းညူခဲ့ဘဲ မိဘတွေကို ထောက်ပံ့ကြေးအဖြစ် တစ်လ ၃ ယွမ် ပုံမှန်ပေးခဲ့သည်။ ယခုကဲ့သို့ အစားအသောက် ရှားပါးနေချိန်တွင်ပင် မိခင်ဖြစ်သူ ငတ်မှာစိုး၍ တစ်လလျှင် ရိက္ခာတစ်အိတ် ပုံမှန် ပို့ပေးနေခဲ့သူ ဖြစ်သည်။
သူသည် သားလိမ္မာတစ်ယောက်အနေဖြင့် တာဝန်ကျေခဲ့သော်လည်း မိခင်ဖြစ်သူမှာ ဘက်လိုက်မြဲဖြစ်ပြီး သူမ၏ မြေးယောင်္ကျားလေး (အစ်ကိုဖြစ်သူ၏သား) လမ်းပွင့်စေရန် သူ၏ သမီးဖြစ်သူကို ရောင်းစားရန် ကြိုးစားနေခြင်းပင်။
"အို... ဘုရား... ငါ ဘာတွေများ လုပ်ခဲ့မိလို့ ဒီလိုတွေ ခံနေရတာလဲ။ သားငယ်... အမေ နင့်ကို ကျွေးမွေးပြီး ပြုစုခဲ့တာပါ၊ အခုတော့ မိန်းမရတော့ အမေ့ကို မေ့သွားပြီပေါ့လေ"
"အမေပြောမယ်... နင် ဒီကိစ္စကို နားထောင်ရမယ်။ မဟုတ်ရင် နင့်အလုပ်ခွင်က လူကြီးတွေဆီ သွားပြီး နင်ဟာ မိဘအပေါ် မသိတတ်တဲ့သူဆိုပြီး တိုင်ပစ်မယ်"
"ဟွေ့ယီရဲ့ ကျောင်းကိုလည်း သွားမယ်၊ သူမက စာရိတ္တမကောင်းဘူး၊ လူကြီးတွေကို မလေးစားဘူးလို့ ပြောမယ်။ အဲဒီကျရင် သူ ဘယ်လို ဆရာမ ဆက်လုပ်မလဲ ကြည့်ကြသေးတာပေါ့"
အဒေါ်ထောင်တို့ မိသားစုက ငြင်းဆန်တိုင်း အဘွားအိုချန်သည် 'မိဘအပေါ် ဝတ္တရားပျက်ကွက်မှု' ကို လက်နက်သဖွယ် အမြဲ အသုံးချလေ့ရှိသည်။ အရင်ကတော့ ဦးလေးချန်က လိုက်လျောခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ အဘွားအိုချန် တွက်ကိန်း မှားသွားလေပြီ။
"ကောင်းပြီလေ... အမေနဲ့အတူ ကျွန်တော် လိုက်ခဲ့မယ်။ အာဏာပိုင်တွေဆီသွားပြီး မိသားစုခွဲတုန်းက ကျွန်တော် ဘာရခဲ့လဲ၊ နှစ်တွေအကြာကြီး ကျွန်တော် ဘယ်လောက် ပေးခဲ့လဲ၊ အစ်ကိုကြီးတို့ မိသားစုက ကျွန်တော့်ဆီက ဘာတွေရခဲ့လဲဆိုတာ အကုန်သွားပြောကြတာပေါ့"
"ပြီးတော့ မြေးမလေးရဲ့ အိမ်ထောင်ရေးကို အတင်းအကျပ် စီစဉ်နေတဲ့ အဘွားတစ်ယောက်ဟာ ဘာပြစ်မှုမြောက်လဲဆိုတာကိုလည်း အာဏာပိုင်တွေကို မေးကြည့်ချင်သေးတယ်။ အမေ... အခုပဲ ရဲစခန်းကို သွားကြစို့!"
မျက်လုံးများ နီမြန်းနေသော ဦးလေးချန်သည် အဘွားအိုချန်၏ လက်မောင်းကို ဆွဲကိုင်ထားပြီး မလွှတ်တော့ပေ။ ကြည့်ရသည်မှာ ယခုတစ်ကြိမ်တွင်တော့ သူသည် မိခင်ဖြစ်သူနှင့် အပြတ်အသတ် ရင်ဆိုင်ရန် ဆုံးဖြတ်ထားပုံရသည်။
"အမေ... အမေက အစ်ကိုကြီးကိုပဲ ဘက်လိုက်နေတာကို ကျွန်တော် ဘာမှမပြောခဲ့ဘူး။ ဒါပေမဲ့ အမေက မရီးစကားကို နားယောင်ပြီးတော့ အစ်ကိုကြီးသားအတွက် လမ်းခင်းပေးဖို့ ဟွေ့ယီကိုတော့ ရောင်းမစားသင့်ဘူး"
"မရီးပြောတဲ့ အဲဒီမိသားစုမှာတင် မိန်းမနှစ်ယောက် သေပြီးပြီလေ။ ဘာလို့ ကျွန်တော်တို့ ဟွေ့ယီက သူ့ရဲ့ မောင်ဝမ်းကွဲအတွက်နဲ့ သူများရဲ့ မိထွေး သွားလုပ်ပေးရမှာလဲ"
"နင်... နင် ဒါကို ဘယ်လို..."
အဘွားအိုချန်မှာ သူမသားဖြစ်သူက ထိုမိသားစု၏ နောက်ကြောင်းကို သိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဒါကို ကြားလိုက်ရတော့မှ လင်းစုယွီ အနည်းငယ် ကျေနပ်သွားသည်။ အကယ်၍ ဦးလေးချန်သာ အရင်လိုပဲ ပျော့ညံ့စွာ လိုက်လျောနေမည်ဆိုပါက သူမအနေဖြင့် ချန်မိသားစုနှင့် ချက်ချင်းပင် အဆက်အသွယ် ဖြတ်လိုက်မိပေလိမ့်မည်။
"အမေ... ကျွန်တော် အမေကို ပြန်ပို့ပေးမယ်။ နောက်ဆိုရင် အရေးကြီးကိစ္စမရှိဘဲ ကျွန်တော်တို့အိမ်ကို မလာပါနဲ့တော့။ ထောက်ပံ့ကြေးကိုတော့ လစဉ် ပုံမှန်ပို့ပေးပါ့မယ်။ ဒါပေမဲ့ ရိက္ခာကတော့ ကျွန်တော်တို့အိမ်မှာလည်း မလောက်မငှမို့လို့ နောက်ဆို မပို့ပေးနိုင်တော့ဘူး"
မကြာခင်မှာပင် ဦးလေးချန်သည် ပွစိပွစိပြောနေသော အဘွားအိုချန်ကို ခေါ်ထုတ်သွားပြီးနောက် ချန်အိမ်လေးမှာ ပြန်လည် တိတ်ဆိတ်သွားတော့သည်။
သို့သော်လည်း ဤဖြစ်ရပ်သည် ချန်ဟွေ့ယီအား သူမ၏ စစ်မှန်သော အချစ်ကို ရဲရဲဝံ့ဝံ့ စတင်ရှာဖွေရန် တွန်းအားပေးလိုက်သည့် အချက်ပေးခေါင်းလောင်းသဖွယ် ဖြစ်သွားလေတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း