အခန်း ၅၃
Vol. 6 Ch. 53
အပိုင်း ၅၃ - အောင်သွယ်တော်လုပ်မည့် လျန်ဟွေ့
ထိုခေတ်ကာလက လုပ်အားပေးခြင်းသည် အမွန်မြတ်ဆုံး ဂုဏ်ဒြပ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် လမုန့်ပွဲတော်အတွက် သီးသန့်ရုံးပိတ်ရက်ဆိုတာမျိုး မရှိဘဲ အလုပ်ရှိသူက အလုပ်သွား၊ ကျောင်းတက်ရမည့်သူက ကျောင်းတက်ရမြဲပင် ဖြစ်သည်။
လျန်ဟွေ့သည် သူမ၏ မိခင်မှာကြားလိုက်သည့်အတိုင်း လင်းစုယွီအတွက် လမုန့်နှစ်လုံးကို ကျောင်းသို့ ယူဆောင်လာခဲ့သည်။ သူမ လမုန့်ထုတ်လိုက်သည့်အချိန်တွင် အတန်းဖော်အများစုမှာ မနာလိုသလို ကြည့်မိကြသလို တံတွေးကိုလည်း ခိုးမြိုချနေကြရသည်။
“စုယွီ... ဒါက ငါ့မေမေ နင့်အတွက်ပေးလိုက်တဲ့ လမုန့်တွေလေ။ တစ်လုံးက ဆီးသီးယိုအစာသွတ်၊ နောက်တစ်လုံးက အစေ့အဆန်ငါးမျိုး အစာသွတ်တဲ့”
လင်းစုယွီကလည်း လျန်ဟွေ့ကို ဆီးသီးအရသာ ရေသစ်အယ်သီးကိတ်မုန့်တစ်ထုပ် ပြန်ပေးလိုက်သည်။ အများကြီး မဟုတ်သော်လည်း လျန်မိသားစုဝင် တစ်ယောက်ကို နှစ်ခုစီလောက်တော့ ဝေစားလို့ရသည်။ လျန်ဟွေ့ကလည်း အားနာမနေတော့ဘဲ ချက်ချင်းဖောက်စားလိုက်တော့သည်။
“စားလို့ကောင်းလိုက်တာ။ စုယွီ... ဒါကို ဘယ်မှာဝယ်တာလဲ။ နောက်တစ်ခါ ငါ မုန့်ဝယ်ခွင့်လက်မှတ်တွေ စုမိရင် သွားဝယ်ဦးမယ်”
“ငါကိုယ်တိုင်လုပ်ထားတာ”
လျန်ဟွေ့ရဲ့ မျက်လုံးတွေ အရောင်တောက်သွားတာ မြင်တာနဲ့ လင်းစုယွီက ဘာပြောတော့မလဲဆိုတာ ကြိုသိလိုက်သည်။ ထို့ကြောင့် သူမက လျန်ဟွေ့ရဲ့ စားချင်စိတ်ကို ကြိုပိတ်ပင်လိုက်သည့်အနေဖြင့် ဖြတ်ပြောလိုက်သည်။“လာမမျှော်နဲ့ဦး၊ နင်ကိုယ်တိုင် လုပ်တတ်အောင် သင်ရင်သင်၊ မသင်ရင်တော့ မစားရဘူးမှတ်”
“ဒါဆိုရင်တော့ မစားတော့ဘူးဟေ့၊ ငါ့လက်တွေက ပန်းချီစုတ်တံကိုပဲ ကိုင်ဖို့ ဖန်တီးထားတာ”
လျန်ဟွေ့ နှာခေါင်းရှုံ့လိုက်သည်။ သူမ ချက်တတ်တာဆိုလို့ ဆန်ပြုတ်တစ်မျိုးပဲ ရှိတာကို သိပါလျက်နှင့် လင်းစုယွီက သင်ခိုင်းနေခြင်းမှာ သူမကို အရှက်ခွဲချင်၍ဖြစ်မည်ဟု တွေးလိုက်သည်။
လင်းစုယွီနှင့် လျန်ဟွေ့တို့ စနောက်နေစဉ်မှာပင် ဆရာမ ချန်ဟွေ့ယီက လျန်ဟွေ့ကို အပြင်သို့ခေါ်၍ စကားပြောခဲ့သည်။ ဆယ်မိနစ်ပင်မပြည့်မီ လျန်ဟွေ့ ပြန်ဝင်လာသောအခါ သူမ၏မျက်နှာမှာ နီမြန်းနေပြီး တစ်စုံတစ်ခုကို ကြောင်တောင်တောင် ဖြစ်နေသည့်အမူအရာ ပေါက်နေလေသည်။
လျန်ဟွေ့သည် လင်းစုယွီကို တစ်ခုခုပြောချင်နေသော်လည်း ဇဝေဇဝါဖြင့် အကြိမ်ကြိမ် ထိန်းထားကာ ပြောမထွက်ခဲ့ပေ။ နောက်ဆုံး ကာယအချိန်ရောက်မှ သူမ မအောင့်နိုင်တော့ဘဲ လင်းစုယွီကို ဘေးသို့ဆွဲထုတ်ကာ တိုးတိုးလေး ပြောတော့သည်။
“ဒါက တကယ့်သတင်းထူးပဲ စုယွီ။ ဒီနေ့ ငါ ဘာတွေနဲ့ ကြုံခဲ့ရလဲ သိလား”
လျန်ဟွေ့က စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် လင်းစုယွီကို ကြည့်ကာ မေးခွန်းပြန်မေးလာအောင် စောင့်ဆိုင်းနေသည်။
“ဆရာမချန်က နင့်ကို ဘာပြောလိုက်လို့လဲ။ နင် တစ်နေ့လုံး လိပ်ပြာလွင့်နေသလိုမျိုး ဖြစ်နေတာ”
“အား... နင် ဘယ်လိုသိတာလဲ။ စုယွီ... နင်ကတော့ တကယ်ကို တော်လွန်းတယ်”
လျန်ဟွေ့က သူမ၏ အကျင့်အတိုင်း အော်ဟစ်လိုက်ပြီးမှ အသံကိုပြန်နှိမ့်ကာ ဆရာမချန်နှင့် ပြောခဲ့သမျှကို ပြန်ဖောက်သည်ချတော့သည်။
“စုယွီ... ငါ့ရဲ့ လူရိုးကြီး ဒုတိယအစ်ကိုကို တကယ်ကြီး သဘောကျတဲ့သူ ရှိနေတယ်ဟ။ ဆရာမချန်လို လူကောင်းလေးက ငါ့အစ်ကို့အကြောင်းတွေ—စေ့စပ်ထားတာရှိလား၊ ချစ်သူရှိလားဆိုတာတွေကို လာမေးတယ်လေ။ ဆရာမက ငါ့အစ်ကို့ကို မေတ္တာရှိနေတာ ဖြစ်ရမယ် မဟုတ်ဘူးလား”
လျန်ဟွေ့က လင်းစုယွီကို ဘာမဆို ပြောပြနေကျ ဖြစ်သည်။ အခုလည်း ဆရာမချန်ရဲ့ လျှို့ဝှက်ချက်ကို ပြောပြနေရင်း ဒါက သူတစ်ပါးရဲ့ လုံခြုံမှုဖြစ်လို့ ဖုံးကွယ်ထားသင့်တယ်ဆိုတာကို သူမ လုံးဝ သတိမထားမိပေ။
“ဟွေ့ဟွေ့... ဒါကို တခြားဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်။ ဒါက ဆရာမချန်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ”
ဆရာမချန်က သူမကို ညီမလေးတစ်ယောက်လို စောင့်ရှောက်ခဲ့သူဖြစ်သဖြင့် လင်းစုယွီအနေဖြင့် ဆရာမ၏ သိက္ခာကို မထိခိုက်စေလိုပေ။
“ငါသိပါတယ်၊ နင့်ကိုပဲ ပြောပြတာပါ။ အိမ်ပြန်ရင်တောင် ငါ့မေမေကို မပြောဘူး”
လျန်ဟွေ့၏ ကတိစကားကြောင့် လင်းစုယွီ စိတ်အေးသွားရပြီး နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။
“ဒါနဲ့... နင် ဆရာမကို အစ်ကိုလျန်ရဲ့ အခြေအနေတွေ ပြောပြလိုက်လား”
“ပြောပြလိုက်တာပေါ့။ ငါသိသမျှ အကုန်ပြောပြလိုက်တာ။ ဟဲဟဲ... ဆရာမချန်သာ ငါ့ရဲ့ ဒုတိယမရီးဖြစ်လာရင် ဘယ်လောက်ကောင်းမလဲ။ ပြီးတော့ ဒီအပတ်ပိတ်ရက်မှာ မြို့လယ်ပန်းခြံကိုသွားဖို့ ဆရာမနဲ့ ချိန်းထားတယ်၊ အဲ့ကျရင် ငါ့အစ်ကို့ကိုပါ ခေါ်သွားမှာ။ နင်လည်း လိုက်ခဲ့ရမယ်နော်”
လင်းစုယွီ - ... (ငါ့ကို သတိရပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ဟယ်!)
လျန်ဟွေ့၏ စိတ်လှုပ်ရှားမှုမှာ ပိတ်ရက်အထိ မပြယ်သေးပေ။ ထိုနေ့ မနက်စောစောမှာပင် လျန်ဟွေ့သည် သူမ၏ဒုတိယအစ်ကိုကို စက်ဘီးနင်းခိုင်းပြီး လင်းစုယွီအိမ်သို့ ရောက်လာခဲ့သည်။
“အစ်ကို... ခဏနေရင် ညီမလေးကို စက်ဘီးပေါ်တင်ခေါ်သွားနော်၊ စုယွီကိုကျတော့ ဆရာမချန်က တင်ခေါ်လိမ့်မယ်။ မြို့လယ်ပန်းခြံမှာ လှေသွားလှော်ကြမယ်လေ”
အစ်ကိုလျန်၏ မျက်မှောင်မှာ အနည်းငယ် ကျုံ့သွားသည်။ လင်းစုယွီအပြင် တခြားသူပါ ပါလာလိမ့်မည်ဟု သူ မထင်ထားပုံရသည်။
“အစ်ကိုလျန်... ဆရာမချန်က ကျွန်မအတွက် အစ်မတစ်ယောက်လိုပါပဲ။ သူလည်း ကျွန်မတို့နဲ့အတူ လိုက်ခဲ့လို့ရမလားဟင်”
သူမနှင့် လျန်ဟွေ့က လူကြီးတစ်ယောက်စီ အဖော်ခေါ်လာသလိုမျိုး ဖြစ်နေသဖြင့် အခြေအနေမှာ ပုံမှန်ဟုပင် ထင်ရသည်။
လင်းစုယွီ သက်ပြင်းချလိုက်မိသည်။ သူမသည် ဘဝနှစ်ခုလုံးမှာ တစ်ခါမှ အောင်သွယ်မလုပ်ခဲ့ဖူးသော်လည်း ယနေ့မှာတော့ ချွင်းချက်ဖြစ်နေသည်။ သူမ၏ ဇာတိမြေမှာတော့ "အောင်သွယ်မလုပ်နဲ့၊ သုံးဆက်ချမ်းသာမယ်" ဆိုသည့် စကားပုံရှိသည်။ ထို့အပြင် သူမကိုယ်တိုင်ကလည်း ချစ်ရေးဆိုသည့် အရေးကြီးကိစ္စများတွင် ဝင်ပါလိုသူ မဟုတ်ပေ။
လင်းစုယွီက စကားဆိုလိုက်ပြီဖြစ်၍ လျန်အစ်ကိုကလည်း ဘာမှထပ်မပြောတော့ပေ။ မကြာခင်မှာပင် လေးယောက်သား မြို့လယ်ပန်းခြံသို့ ရောက်ရှိသွားကြသည်။ စက်ဘီးများကို ရပ်နားပြီးနောက် ပန်းခြံအတွင်းရှိ ရေကန်ငယ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားကြသည်။
“အစ်ကို... ညီမလေး အိမ်သာခဏသွားချင်လို့။ စုယွီ လိုက်ခဲ့ဦး။ ညီမလေးတို့ ကြာနေရင် နှစ်ယောက်သား အရင်သွားကစားနှင့်ကြနော်”
လှေစီးလက်မှတ်များ ဝယ်ပြီးသည်နှင့် လျန်ဟွေ့က အိမ်သာသွားမည်ဟု အကြောင်းပြကာ လင်းစုယွီကို ခေါ်ထုတ်သွားတော့သည်။ သူမတို့ မထွက်သွားမီ ကျန်ခဲ့သည့် နှစ်ယောက်ကို အရင်သွားနှင့်ရန်လည်း မှာကြားခဲ့သေးသည်။
“ဟွေ့ဟွေ့... နင် လုပ်တာကြီးက သိသာလွန်းတယ်။ နင့်အစ်ကို ရိပ်မိမှာ သေချာတယ်”
လင်းစုယွီနှင့် လျန်ဟွေ့တို့မှာ သစ်ပင်ရိပ်အောက်တွင် ထိုင်ကာ ရေခဲချောင်းစားရင်း စကားဖောင်ဖွဲ့နေကြသည်။ ပြန်သွားဖို့ စိတ်ကူး လုံးဝမရှိကြပေ။
“သိတော့ ဘာဖြစ်လဲ၊ ငါ့ကို ဝါးစားမှာမို့လို့လား။ သူ့ရဲ့ နှစ်တစ်ထောင် ရေခဲတုံးလို မျက်နှာကြီးနဲ့ လူတစ်ယောက်ကို လာစိတ်ဝင်စားတာကိုပဲ သူက ကျေးဇူးတင်ရမှာ။ တကယ်တော့ ငါက သူ့ကို လူပျိုကြီးဖြစ်မှာစိုးလို့ စေတနာနဲ့ လုပ်ပေးနေတာ”
တစ်ခါတစ်ရံတွင် လျန်ဟွေ့က သူမထက်ပင် ပို၍ အသည်းမာသည်ဟု လင်းစုယွီ ခံစားရသည်။
“ဟဲဟဲ... ငါ့မေမေက အစ်ကို့ကို အောင်သွယ်ပေးဖို့ ကြောင်းနေတာ ကြာပြီ၊ သူကပဲ အကြောင်းပြချက်မျိုးစုံနဲ့ ရှောင်နေတာလေ။ အခု ငါသာ အောင်သွယ်အောင်သွားရင်တော့ မေမေက ပျော်လွန်းလို့ ရူးတောင်သွားမလားပဲ”
'နင့်မေမေ ရူးမရူးတော့ မသိဘူး၊ နင့်အစ်ကိုကတော့ ရူးတော့မှာ သေချာတယ်'လို့ လင်းစုယွီ တွေးလိုက်မိသည်။ လင်းစုယွီသည် မျက်စိလျင်သူပီပီ အဝေးကနေ လှမ်းကြည့်လိုက်သည့်အခါ လျန်အစ်ကို၏ မျက်နှာမှာ ရဲတွတ်နေပြီး ဆရာမချန်ကတော့ ငိုနေသလိုမျိုး ခေါင်းငုံ့ထားသည်ကို မြင်လိုက်ရသည်။
နှမြောစရာပဲ။ အကွာအဝေးက အနည်းငယ် ဝေးနေသလို သူမ၏ စိတ်ဝိဉာဉ်စွမ်းအားကလည်း ထိုအထိ မရောက်နိုင်ပေ။ မဟုတ်လျှင်တော့ ဒီထက်ပိုပြီး မြင်ရမှာ ဖြစ်သည်။
လင်းစုယွီက ထိုနှစ်ယောက်ကိုပဲ အာရုံစိုက်နေမိသည်။ လျန်ဟွေ့ကတော့ သူမ၏အစ်ကိုက မင်းသမီးလေး ဆရာမချန်ကို ဘယ်လိုမျိုး သူရဲကောင်းပီပီ ကယ်တင်ခဲ့ဖူးကြောင်းတွေကို မရပ်မနား ပြောနေတုန်းပင်။
ထိုစဉ် သူတို့နောက်ကွယ်မှ အပြေးအလွှား လာနေသည့် ခြေသံများကို ကြားလိုက်ရသည်။ လင်းစုယွီ သတိထားမိသည့် အချိန်မှာတော့ ထိုခြေသံများက ၁၀ မီတာခန့်သာ ဝေးတော့သည်။
“ကယ်ကြပါဦး။ လူလိုက်သတ်နေလို့ပါ"
အကူအညီတောင်းနေသူမှာ သူမရှေ့ကလူများမှာ ကလေးငယ်နှစ်ယောက်သာ ဖြစ်သည်ကို သတိမထားမိဘဲ အော်ဟစ်လာခြင်းဖြစ်သည်။ လျန်ဟွေ့နှင့် လင်းစုယွီကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများတွင် တုံ့ဆိုင်းမှုများ ဖြစ်ပေါ်သွားပြီး ဘေးကနေ ကျော်ပြေးဖို့ ကြိုးစားပြန်သည်။ သို့သော် အလွန်အမင်း မောပန်းနေသဖြင့် သူမ၏ခြေထောက်နှင့် ငြိကာ ခလုတ်တိုက်မိပြီး ဘုန်းကနဲ လဲကျသွားတော့သည်။
“မြန်မြန်ပြေးကြတော့၊ နောက်ကလိုက်လာတဲ့သူက လူဆိုးကြီး”
လင်းစုယွီက လျန်ဟွေ့ကို ဆွဲပြီး အမြန်ပြေးရန် ပြင်လိုက်သော်လည်း အကူအညီတောင်းနေသူမှာ တစ်ခါက ခဏတာ ဆုံဖူးခဲ့သည့် ဝေဟုန်ရင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်မှာပင် လိုက်လာသူကလည်း အနားသို့ ရောက်ရှိနေပြီဖြစ်သည်။
“ဟားဟား... ဝေဟုန်ရင်း၊ နင် ဘယ်ကိုမှ ပြေးလို့မရတော့ဘူး။ ငါနဲ့ ငြိမ်ငြိမ်လေး လိုက်ခဲ့စမ်း။ ဟော... နင်ပါလား လင်းစုယွီ။ ကောင်းလိုက်တာ၊ ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ၊ အားလုံး တစ်စုတစ်ဝေးတည်း ရှိနေကြတာပေါ့”
“ဝမ်ရွှန်ဖလား”
ဝေဟုန်ရင်း လူးလဲထနေစဉ်မှာပင် လင်းစုယွီက လျန်ဟွေ့ကို နောက်သို့ အနည်းငယ် ဆွဲလိုက်သည်။
“ဝမ်ရွှန်ဖ... ဒီမှာ လူတွေအများကြီး သွားလာနေတာနော်။ မိုက်မိုက်ကန်းကန်း မလုပ်နဲ့၊ မဟုတ်ရင် ငါတို့ ရဲတိုင်လိုက်မယ်၊ နင် ဒုက္ခရောက်သွားမယ်”
အခြေအနေက ဤအထိ ရောက်နေပြီဖြစ်သော်လည်း ဝေဟုန်ရင်းက ဝမ်ရွှန်ဖကို ခြိမ်းခြောက်ရန် ကြိုးစားနေဆဲပင်။
“ငါ့အစ်ကိုလည်း ဒီနားတင်ရှိတယ်၊ ဒီလောက် အသံဗလံတွေ ဖြစ်နေရင် သူကြားမှာပဲ”
လျန်ဟွေ့လည်း ကြောက်လန့်နေပြီး တစ်ဖက်လူကို သတိပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရွှန်ဖ၏ လက်ထဲတွင် ဓားမြှောင်တစ်လက် ပါလာသောကြောင့် ဖြစ်သည်။
“ကောင်းပြီလေ၊ နင်တို့ သူများကိစ္စထဲ ဝင်မပါသရွေ့ ငါ နင်တို့ကို ဒုက္ခမပေးဘူး။ ဝေဟုန်ရင်းကိုပဲ ခေါ်သွားမယ်၊ ဟုတ်ပြီလား”
ဝမ်ရွှန်ဖက လျန်ဟွေ့ကို ကြောက်သည့်ပုံစံ ဖမ်းလိုက်သည်။ ထို့နောက် ဓားမကိုင်ထားသည့် လက်ကို အိတ်ကပ်ထဲထည့်ကာ အမြန်လှမ်းလာပြီး ဝေဟုန်ရင်းကို ဖမ်းချုပ်ကာ ပါးစပ်ပိတ်လိုက်တော့သည်။
“လျန်ဟွေ့... အမြန်ပြေး!”
လင်းစုယွီမှာ တခြားဘာမှ တွေးတောနေရန် အချိန်မရှိတော့ပေ။ သူမ၏ ကျင့်စဉ်စွမ်းအားဖြင့် တိုက်ခိုက်ဖို့ ကြိုးစားခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။ ယခုအချိန်မှာ မပြေးလျှင် အဖမ်းခံရဖို့ပဲ ရှိတော့သည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း