အခန်း ၅၄
Vol. 6 Ch. 54
အပိုင်း ၅၄ - ပန်းခြံထဲက မတော်တဆမှု
"တောက်! ဒီလို အသက်လုနေရတဲ့ အချိန်ကျမှ ဘာလို့ စိတ်ဝိညာဉ်စွမ်းအားတိုက်ကွက်က အလုပ်မလုပ်ရတာလဲ"
လင်းစုယွီသည် ဤအသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ပြဿနာကို စဉ်းစားရင်း လျန်ဟွေ့ကို ဆွဲကာ လျန်မိသားစုရဲ့ ဒုတိယအစ်ကိုရှိရာဆီသို့ ဦးတည်ပြေးတော့သည်။
သူတို့နောက်က ဝမ်ရွှန်ဖကတော့ ပိုလို့တောင် စိတ်ကြွလာပုံရသည်။ သူသည် သတိမေ့နေသော ဝေ့ဟုန်ရင်းကို မြေကြီးပေါ် ပစ်ချထားခဲ့ပြီး လင်းစုယွီတို့နောက်သို့ တကောက်ကောက် လိုက်လေသည်။ လူမိသွားမှာကိုလည်း အနည်းငယ်မျှ ကြောက်ရွံ့ပုံမရပေ။
"ကယ်ကြပါဦး! လူသတ်သမား... အရူးတစ်ယောက် လူလိုက်သတ်နေလို့ပါ!"
လျန်ဟွေ့၏ အဆုတ်အားကတော့ အံ့မခန်းပင်။ သူမ၏ အော်သံက ဟိန်းထွက်သွားသည်။ သို့သော် မမျှော်လင့်ဘဲ နောက်က ဝမ်ရွှန်ဖက ပိုမြန်လာပြီး အရှိန်မလိုက်နိုင်ဘဲ နောက်ကျကျန်ခဲ့သည့် လျန်ဟွေ့ကို ဆွဲကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။
"စုယွီ!!!"
လျန်ဟွေ့ခမျာ လင်းစုယွီရဲ့ နာမည်ကိုသာ လှမ်းအော်နိုင်ပြီး မြေကြီးပေါ်သို့ မှောက်ရက်လဲကျသွားရှာသည်။ ကံကောင်းထောက်မစွာဖြင့် လဲကျသည့်နေရာက မြက်ခင်းပြင်ဖြစ်နေ၍သာ တော်တော့သည်။ မဟုတ်လျှင်မူ ဤအရှိန်နှင့်ဆိုပါက မျက်နှာတစ်ခုလုံး ပွန်းပဲ့ပျက်စီးသွားနိုင်ပေသည်။
"ရပ်လိုက်စမ်း၊ ဝမ်ရွှန်ဖ!"
လင်းစုယွီသည် သူမ၏နေရာလွတ်ထဲမှ ကျောက်ခဲတစ်လုံးကို ထုတ်ကာ ဝမ်ရွှန်ဖထံသို့ တည့်တည့်ပစ်ပေါက်လိုက်သည်။ ဝမ်ရွှန်ဖ ကျောက်ခဲကို ရှောင်တိမ်းနေသည့် ခဏတာအတွင်း လျန်ဟွေ့၏ ရှေ့မှ ကာကွယ်ပေးလိုက်သည်။
'တောက်... ငါ့ဘဝနှစ်သက်တမ်းတစ်လျှောက်မှာ ဘယ်တုန်းကမှ ဒီလောက်အထိ သူတော်ကောင်း မဆန်ဖူးဘူး။ အန္တရာယ်နဲ့တွေ့ရင် ငါအရင်ပြေးရမှာလေ။ လျန်ဟွေ့... နင်သာ နောင်ကျရင် ငါ့ကို ကောလာဟလတွေနဲ့ သတင်းအချက်အလက်တွေ စုံစုံလင်လင် မပြောပြနိုင်ရင်တော့ နင့်ကို ငါနှိပ်စက်တော့မှာနော်' ဟု စိတ်ထဲက ကျဲဉ်ဆဲနေမိသည်။
"ရပ်ရမယ် ဟုတ်လား။ ဘယ်လိုလုပ် ရပ်နိုင်မှာလဲ။ ဒါတွေအားလုံး နင့်ကြောင့်ဖြစ်တာ။ ဝေ့ဟုန်ရင်းကိုတောင် ငါ ဓားနဲ့တစ်ချက် လုပ်လိုက်ပြီးပြီ၊ အခု နင့်အလှည့်ပဲ။ လင်းစုယွီ... နင် ငါ့ဆီက လွတ်မှာမဟုတ်ဘူး"
'မလွတ်နိုင်ဘူး' ဆိုတဲ့ စကားလုံးကို ထပ်ကြားရပြန်ပြီ။ အန္တရာယ်နှင့် ရင်ဆိုင်နေရချိန်တွင် လင်းစုယွီ၏ နှလုံးသားမှာ ထိတ်လန့်နေသော်လည်း ဉာဏ်ကို လွှတ်ကာ အဖြေရှာရန် ကြိုးစားနေသည်။
"ကောင်းပြီလေ၊ ငါမပြေးတော့ဘူး။ ဝေ့ဟုန်ရင်းကို ဓားနဲ့လုပ်လိုက်တယ်ဆိုတော့ ငါ့ကိုလည်း ဓားနဲ့ ထိုးချင်တာပေါ့ ဟုတ်လား"
"ဟက်... မှန်တာပေါ့။ နင်လည်း ငါ့လက်ထဲက ဓားချက်ကို ခံရမှာပဲ"
ထိုအချိန်မှသာ လင်းစုယွီသည် ဝမ်ရွှန်ဖ၏ မျက်လုံးများ နီမြန်းပြီး အရောင်မှိန်နေကာ တစ်ကိုယ်လုံး ရူးသွပ်ဖောက်ပြန်နေသည်ကို သတိထားမိလိုက်သည်။
"စုယွီ... ငါ့အတွက် စိုးရိမ်မနေနဲ့၊ ပြေးတော့!"
လျန်ဟွေ့က အသံတိုးတိုးဖြင့် ပြောရင်း မြေကြီးပေါ်မှ တိတ်တဆိတ် ပြန်ထရန် ကြိုးစားနေသည်။
"ပြေးမယ် ဟုတ်လား။ ဘယ်သူမှ မပြေးရဘူး။ ငါ နင်တို့အားလုံးကို ဓားနဲ့ မွှန်းပစ်မယ်၊ မဟုတ်ရင် သတ်ပစ်မယ်။ နင်တို့အားလုံးက မကောင်းတဲ့သူတွေပဲ။ ငါ့ဘဝက ဒီလိုမဖြစ်သင့်ဘူး။ ငါသာ မိန်းမရရင် ကောင်းကောင်းမွန်မွန် နေနိုင်မှာ။ ငါ့မိန်းမ ဘယ်မှာလဲ။ ငါ့မိန်းမ ဘယ်ရောက်သွားပြီလဲ။ ဟုန်ရင်း... ဟုန်ရင်း... နင် ဘယ်မှာလဲ"
... ဒီလူ ရူးသွားတာလား။ မိန်းမ မရရုံနဲ့တင် ဒီလောက်တောင် ဖြစ်သွားတာလား။
"မြန်မြန်... ဟိုဘက်မှာ၊ အဲဒီလူပဲ!"
ဝေ့ဟုန်ရင်း ရောက်လာပြီဖြစ်သည်။ သူမနှင့်အတူ ဒုတိယအစ်ကိုလျန်နှင့် ချန်ဟွေ့ယီတို့လည်း ပါလာသည်။
လင်းစုယွီသည်လည်း ဒုတိယအစ်ကိုလျန်ကို ချက်ချင်းမြင်လိုက်သည်။ သူမသည် လျန်ဟွေ့ကို အသာအယာ ဆွဲဆုတ်လိုက်ရင်း လက်ထဲမှ လွယ်အိတ်ကို တင်းတင်းဆုပ်ထားသည်။ ဝမ်ရွှန်ဖက တစ်ခုခုကို သတိပြုမိသွားပြီး သူတို့ကို အတင်းအဓမ္မ ထိခိုက်အောင် လုပ်လာမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ကံတရားက အမြဲတမ်း လင်းစုယွီဘက်မှာ ရှိနေစမြဲပင်။ ဒုတိယအစ်ကိုလျန်က ဝမ်ရွှန်ဖကို အရှိန်နှင့် လွှတ်ကနဲခုန်အုပ်ကာ မြေကြီးပေါ်သို့ ဖိချလိုက်ရာ ဓားသည် မီတာအတော်ဝေးဝေးသို့ လွင့်စင်သွားတော့သည်။
လင်းစုယွီသည် ဒုတိယအစ်ကိုလျန်နှင့် ဝမ်ရွှန်ဖတို့ လုံးထွေးသတ်ပုတ်နေသည်ကို ဂရုမစိုက်နိုင်အားဘဲ ဓားရှိရာသို့ အမြန်ပြေးကာ ဓားကို ကန်ထုတ်လိုက်ပြီး ဖိနင်းထားလိုက်သည်။
"ဒုတိယအစ်ကို... အဲဒီလူကို သေအောင်ရိုက်ပစ်! သူက အရူးကြီး!"
အားကိုးစရာ ရောက်လာသည်နှင့် လျန်ဟွေ့လည်း သတ္တိတွေ တက်လာကာ ဘေးကနေ လက်ခုပ်တီးပြီး အားပေးတော့သည်။
လျန်ချောင်ဟွေ့ (ဒုတိယအစ်ကို) တွင် စစ်တပ်ထဲ၌ တာဝန်ထမ်းဆောင်နေသည့် အစ်ကိုတစ်ယောက်ရှိပြီး ထိုအစ်ကို၏ လေ့ကျင့်ပေးမှုကြောင့် သူ၏ လက်ဝှေ့နပန်းအတတ်မှာ အတော်ပင် ကောင်းမွန်လှသည်။ ထို့ပြင် ပြိုင်ဘက်က ရူးသွပ်နေသည့် သာမန်လူတစ်ယောက်သာ ဖြစ်သဖြင့် အသာစီးရရန် မခက်ခဲပေ။
မိနစ်အနည်းငယ်အတွင်း ဒုတိယအစ်ကိုလျန်က ဝမ်ရွှန်ဖကို အလဲထိုးလိုက်နိုင်သည်။ လက်ကို နောက်ပြန်ချုပ်ထားခြင်း ခံရသည့် ဝမ်ရွှန်ဖှာမှာတော့ မျက်နှာတစ်ခုလုံး ဝက်ခေါင်းလို ဖူးယောင်နေသော်လည်း အရူးတစ်ယောက်လို တဟိဟိနှင့် ရယ်နေတုန်းပင်။
"ဝမ်ရွှန်ဖ... ရှင် တကယ်ကို ရူးနေတာပဲ။ ကျွန်မ ရှင့်ကို လက်မထပ်ခဲ့တဲ့အကြောင်းရင်းက ရှင် ဆင်းရဲလို့တင် မဟုတ်ဘူး၊ ရှင်က ဆင်းရဲရုံတင်မကဘဲ စိတ်ဓာတ်ကလည်း အောက်တန်းကျလို့ပဲ"
ဝေ့ဟုန်ရင်းက နောင်တကြီးစွာဖြင့် ပြောလိုက်သည်။
ဝေ့ဟုန်ရင်းသည် လင်းစုယွီကို မှတ်မိသွားပြီး ချက်ချင်းပင် တောင်းပန်လိုက်ကာ သူမကို ကယ်တင်ပေးခဲ့သည့် ဒုတိယအစ်ကိုလျန်ကိုလည်း ကျေးဇူးတင်စကား ပြောရှာသည်။
"ဒုတိယအစ်ကိုလျန်... ဒီအရူးကို အရင်ဆုံး ကြိုးနဲ့ ချည်လိုက်ရအောင်"
လင်းစုယွီက ထိတ်လန့်နေဆဲဖြစ်ရာ သူမ၏ အိတ်ထဲမှ လျှော်ကြိုးတစ်ခွေကို အမြန်ထုတ်ကာ ဒုတိယအစ်ကိုလျန်ထံ ပေးလိုက်သည်။
"စုယွီ... နင့်အိတ်ထဲမှာ ဘာတွေရှိနေတာလဲ။ ခုနတုန်းကလည်း ကျောက်ခဲထွက်လာတယ်၊ အခုကျတော့ လျှော်ကြိုးထွက်လာပြန်ပြီ"
လျန်ဟွေ့က စိတ်အနည်းငယ် အေးသွားသည်နှင့် သူမသူငယ်ချင်း၏ အိတ်ထဲမှ ထူးထူးဆန်းဆန်း ပစ္စည်းများ ထွက်လာခြင်းကို စပ်စုတော့သည်။
"ငါက ပန်းခြံထဲကနေ အိမ်အတွက် ထင်းလေးဘာလေး ကောက်သွားရအောင် ကြိုးယူလာတာလေ။ ကျောက်ခဲကတော့ ခုနက မြေကြီးပေါ်ကနေ လှမ်းကောက်လိုက်တာပါ"
လင်းစုယွီက ဆင်ခြေပေးလိုက်ရာ သူမ၏အကြောင်းပြချက်မှာ ယုတ္တိရှိသဖြင့် မည်သူမျှ သံသယမဝင်ခဲ့ကြပေ။
ချန်ဟွေ့ယီသည် ဒဏ်ရာရနေသော ဝေဟုန်ရင်အား ကူတွဲပေးနေသည်။
ပြသနာဖြေရှင်းပြီးနောက် ဝမ်ရွှန်ဖကို ရဲစခန်းခေါ်သွားရန်နှင့် ဝေဟုန်ရင်ကိုလည်း နီးစပ်ရာဆေးရုံအမြန်ပို့ကာ ဆေးပတ်တီးစည်း ကုသမှုခံယူရန်လိုကြောင်း ပြောလိုက်သည်။
"ရဲဘော်လျန်က ဝမ်ရွှန်ဖကို ရဲစခန်းပို့လိုက်ပါလား။ ကျွန်မကတော့ ရဲဘော်ဝေကို နီးစပ်ရာ ဆေးရုံခေါ်သွားလိုက်မယ်"
ဝမ်ရွှန်ဖ ကြိုးချည်ခံလိုက်ရသည်ကို မြင်သောအခါ လင်းစုယွီသည် ခုနကစိတ်ဝိညာဉ်စွမ်းအား ဘာလို့ အလုပ်မလုပ်လဲဆိုသည်ကို သတိရသွားသည်။ သူမသည် ဘေးပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဝမ်ရွှန်ဖထံသို့ ဝိညာဉ်စွမ်းအားတိုက်ကွက်ကို တိတ်တဆိတ် ထပ်မံလွှတ်လိုက်သည်။
မှန်းထားသလိုပင် ဝမ်ရွှန်ဖက နာကျင်ပုံမပြဘဲ ပို၍ပင် ရူးသွပ်စွာ ရုန်းကန်လာတော့သည်။ ကြိုးချည်ထားသည်ကို မကျေနပ်သဖြင့် တဆတ်ဆတ်တုန်ကာ ဆဲဆိုလိုက်၊ တိုးတိုးလေး ရေရွတ်လိုက်နှင့် ဖြစ်နေသည်။
"အမလေးး.. သူက ပိုရူးလာပြီ! ဒုတိယအစ်ကို... ဒီအရူးကို မြန်မြန် ရဲစခန်းကို ပို့လိုက်တော့၊ ကြောက်စရာကြီး။"
လျန်ဟွေ့က တုန်လှုပ်စွာဖြင့် အော်လိုက်သည်။ လင်းစုယွီအဖြေကို ရိပ်မိသွားပြီဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားတိုက်ကွက်က အရူးတစ်ယောက်အပေါ် သက်ရောက်သည့်အခါ ထိုလူကို ပို၍ ကြမ်းတမ်းရူးသွပ်လာအောင် လှုံ့ဆော်ပေးသလို ဖြစ်နေခြင်းပင်။
'ချီးပဲဟေ့... စောနက ကိုယ့်ကိုယ်ကိုသေအောင် လုပ်မိတော့မလို့'ဟု တွေးကာ စိတ်ပျက်သွားသည်။
ဒီအတိုင်းတော့ မဖြစ်တော့ပေ။ သူမအနေဖြင့် ကိုယ်ခံပညာကို လေ့ကျင့်ရမည်။ အဆင့် (၃) စိတ်ဝိညာဉ်စမ်းရေတွင်းရှိတဲ့ နေရာလွတ်ရေ... အဆင့်မြှင့်ပြီးရင်တော့ ငါ့ကို စွမ်းအားတွေ အများကြီး ပေးပါတော့ဟု လင်းစုယွီက စိတ်ထဲက တောင်းဆိုနေမိသည်။
ရဲစခန်းမှ ပြန်လာသည့်လမ်းတွင် လျန်ဟွေ့မှာ ကြောက်စိတ်ပြေသွားပြီ ဖြစ်ရာ ဒုတိယအစ်ကိုလျန်နှင့် ဆရာမ ချန်ဟွေ့ယီတို့ကို ခိုးကြည့်ရင်း လင်းစုယွီကို တိုးတိုးလေး ကပ်မေးနေသေးသည်။
"နင့်အနေနဲ့ ငါ့ဒုတိယအစ်ကိုနဲ့ ဆရာမချန်တို့ကြား တစ်ခုခု ဖြစ်နိုင်ချေရှိလား"
လင်းစုယွီ ဘာမှ မပြောပဲ မျက်စောင်းသာ လှမ်းထိုးလိုက်သည်။ ဒီလောက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့တာတောင် လျန်ဟွေ့က အကောင်းမြင်စိတ်ရှိနေနိုင်သေးတာပဲ။ သူမကိုယ် သူမ သိမ်ငယ်စိတ်ဝင်သွားမိသည်။
"ဝမ်းကွဲညီမလေး စုယွီ အတော်လေး ကြောက်သွားမှာပဲ။ စိတ်မပူပါနဲ့၊ ဝမ်ရွှန်ဖကို ရဲတွေ ဖမ်းထားလိုက်ပြီဆိုတော့ နောင်ကို လွတ်လာမှာ မဟုတ်တော့ဘူးး ဆိုတော့ အစ်ကိုတို့အိမ်ကို လိုက်ခဲ့ပြီး ဒီည လျန်ဟွေ့နဲ့ အိပ်လိုက်ပါလား"
ဒုတိယအစ်ကိုလျန်က လင်းစုယွီ ပုံမှန်ထပ် ပို ငြိမ်နေသဖြင့် စိတ်ပူကာ လျန်အိမ်ကို လိုက်ခဲ့ရန် နှစ်သိမ့်စကားပြောရှာသည်။
"စုယွီ ဘာမှမစိုးရိမ်နဲ့။ လူဆိုးကြီးကိုလည်း ဖမ်းလိုက်ပြီဆိုတော့ နင့်ကို မထိခိုက်နိုင်တော့ဘူး။ ဒုတိယအစ်ကိုရဲ့ စကားကို နားထောင်ပြီး ဒီနေ့ ငါတို့အိမ် လိုက်ခဲ့ပါလားး။ညကျရင် ငါ့အိပ်ရာထဲ အတူအိပ်ရအောင်"
"ရပါတယ် ငါအဆင်ပြေပါတယ်.."
အဖွဲ့ထဲမှ အလိုလိုက်ခံရသည့် သူလို သူမ ရုတ်တရက်ကြီး ခံစားလိုက်ရသည်။ ထို့ကြောင့် သူမ အတွေးလွန်နေခြင်းသာ ဖြစ်ကြောင်း အမြန် ရှင်းပြလိုက်သည်။
"နေလည်း မွန်းတည့်တော့မယ်၊ တို့တွေ တစ်ခုခုသွားစားကြမလား"
ချန်ဟွေ့ယီက ဒုတိယအစ်ကိုလျန်နှင့် အတူရှိချိန် ပိုလိုချင်နေသည်။ ခုနက ပန်းခြံထဲတွင် ဝန်ခံစကားပြောရန် ကြိုးစားနေစဉ် ဤမတော်တဆမှုကြောင့် အစီအစဉ် ပျက်သွားခဲ့ရသည် မဟုတ်ပါလား။
"ဒုတိယအစ်ကို... ညီမလေး ငါးဟင်း စားချင်တယ်! ဆရာမချန်နဲ့ စုယွီကိုပါ ခေါ်ပြီး ငါးအသားပြားဝိုင်စိမ်ရယ်၊ သုံးမျိုးစပ်ကုန်းဘောင်ကြော်ရယ် ပုစွန်ဆီပြန်ဟင်းတွေ သွားစားရအောင်!"
အစားအသောက်အကြောင်း ပြောလာသည်နှင့် လျန်ဟွေ့က အခွင့်အရေးကို လက်လွတ်မခံဘဲ အသားဟင်းများကို တန်းစီမှာတော့သည်။ သူ၏ဒုတိယအစ်ကိုကို အောင်သွယ်တွဲပေးဖို့ဆိုလျှင်တော့ လျန်ဟွေ့က တကယ်ကို လည်လွန်းသူပင်။
ပန်းခြံထဲက အဖြစ်အပျက်ကြောင့် ကြောက်လန့်သွားကြသည့် လင်းစုယွိီနှင့် လျန်ဟွေ့တို့ကို နှစ်သိမ့်ပေးရန် ဒုတိယအစ်ကိုလျန်ကလည်း သဘောတူလိုက်သည်။ အရင်က သူလုပ်နေကျအတိုင်း လျန်ဟွေ့ကို အလိုမလိုက်ခင် ဆုံးမစကားပြောတာမျိုး လုပ်မ နေတော့ပဲ သွားစားရန်သဘောတူလိုက်သည်။
လမ်းတစ်လျှောက်တွင် ချန်ဟွေ့ယီသည် ဒုတိယအစ်ကိုလျန်ကို တိတ်တဆိတ် အကဲခတ်နေမိသည်။ စကားပြောရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း လူကြားသူကြားမို့ မိန်းကလေးပီပီ ထိန်းသိမ်းစောင့်စည်းကာ နှုတ်ဆိတ်နေခဲ့ရလေသည်။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း