အခန်း ၅၅
Vol. 6 Ch. 55
အပိုင်း ၅၅ - အရင်မြှောက်ပင့်ပြီးမှ အပြတ်ရိုက်ချခြင်း
အမှန်တော့ ချန်ဟွေ့ယီ မသိခဲ့တာက သူမ လျန်မိသားစုရဲ့ ဒုတိယသားကို ခိုးကြည့်လိုက်တိုင်း ထိုသူ၏နှုတ်ခမ်းထောင့်တွေက မသိမသာ ကွေးညွတ်သွားတတ်တာပင်။ ဒါဟာ သူကိုယ်တိုင်လည်း ကျိတ်ပြီး သဘောကျနေတယ်ဆိုတာ သိသာလှသည်။
တကယ်ကို မြေခွေးလို လည်တဲ့လူပဲ၊ မမဟွေ့ယီကို မလိုချင်သယောင်နဲ့ မူနေတာပေါ့။ သူမအပေါ် အထင်ကြီးလေးစားစိတ် ရှိနေတာ အသေအချာပဲကို၊ ဘာလို့များ သူမဘက်က အရင်စလာမှာကို စောင့်နေရတာလဲ။ တကယ့် လူယုတ်မာလေးပဲ!
လင်းစုယွီကတော့ အရင်ဘဝမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူမို့ အမျိုးသားတွေအကြောင်း အများကြီး မသိရင်တောင် ဝတ္ထုထဲက မင်းသားတွေအကြောင်းတော့ အနှံ့အစပ် သိပြီးသားပါ။ လျန်ဒုတိယသားရဲ့ လှည့်ကွက်လေးတွေကို သူမကတော့ အထာပေါက်နေတာပေါ့။
ထားလိုက်ပါတော့လေ၊ သူတို့နှစ်ယောက် ဘယ်လိုတွေ လုံးချာလိုက်ဦးမလဲဆိုတာကို ဇာတ်ပွဲကြည့်သလိုပဲ ဘေးကနေ ကြည့်နေလိုက်ပါတော့မယ်။
ညစာစားပြီးတဲ့အခါမှာတော့ လျန်ဟွေ့က လင်းစုယွီကို အိမ်အထိ အတင်းလိုက်ပို့ပေးခဲ့သည်။ သူမအမြင်မှာတော့ ဒီနေ့ လင်းစုယွီ တစ်နေကုန် တော်တော်လေး စိတ်ဒဏ်ရာရသွားသည်ဟု ထင်နေရှာသည်။ နုနုနယ်နယ်နဲ့ စိတ်ခံစားလွယ်တဲ့ လင်းစုယွီက သူမလို အသားထူတဲ့လူနဲ့မှ မတူတာ။
လင်းစုယွီကို အနားယူဖို့ မှာကြားပြီးနောက် မွန်းလွဲပိုင်းမှာ လျန်ကတော်က လျန်ဟွေ့နဲ့အတူ နောက်တစ်ခေါက် ထပ်ရောက်လာပြန်သည်။ သူမလက်ထဲမှာ မုယောနို့မှုန့် နှစ်ဘူးရယ်၊ နို့သကြားလုံးတွေနဲ့ ဘီစကစ်မုန့်တွေ ပါလာသည်။ အားလုံးက ကလေးတွေ ကြိုက်တတ်တဲ့ စားစရာတွေချည်းပါပဲ။
"စုယွီ ဒီနေ့ တော်တော်လေး လန့်သွားမှာပဲနော်!"
လျန်ဟွေ့အတွက်တော့ ဒီနေ့ အရေးကြုံချိန်မှာ လင်းစုယွီက သူမကို ကာကွယ်ပေးခဲ့တာပါ။ အိမ်ပြန်ရောက်တာနဲ့ လျန်ကတော်ကို အကြောင်းစုံ အကုန်ပြောပြလိုက်သည်။
လျန်ကတော်က အစပိုင်းမှာ လန့်သွားပေမယ့် သူမသမီးလေးမှာ ဒဏ်ရာမရတာကို သေချာစစ်ဆေးပြီးတဲ့နောက် လင်းစုယွီအပေါ် သူမထားခဲ့တဲ့ စေတနာက သမီးဖြစ်သူဆီ အကျိုးပေးပြန်လာတာပဲလို့ ခံစားလိုက်ရသည်။
လင်းစုယွီက သူမသမီးကို ကာကွယ်ပေးခဲ့တဲ့ ကျေးဇူးကို လျစ်လျူရှုထားလို့ မရပေ။ ဒါကြောင့် လျန်ကတော်က အိမ်က ကူပွန်တွေကို အကုန်စုပြီး လျန်ဟွေ့ကိုခေါ်ကာ ကုန်တိုက်ကို တန်းသွားခဲ့သည်။ ပြန်ထွက်လာတော့ နှစ်ယောက်လုံး လက်ထဲမှာ ပစ္စည်းတွေ အပြည့်ပင်။
....
"သမီးလည်း နည်းနည်းတော့ လန့်သွားတာပေါ့၊ ဟွေ့ဟွေ့လိုတော့ သတ္တိမကောင်းပါဘူး "စုယွီက ဖြေလိုက်ပါသည်။
ရှက်ကိုးရှက်ကန်းနဲ့ ကြောက်ရွံ့နေတဲ့ အမူအရာလေးက လျန်ကတော်ကို ပိုပြီး သနားသွားစေသည်။ တစ်ချိန်တည်းမှာပဲ အေးအေးဆေးဆေးနေတတ်တဲ့ ကလေးမလေးကို ရန်ပြုဖို့ ကြိုးစားတဲ့ ဝမ်မိသားစုက အရူးကိုလည်း ပိုပြီး နာကျည်းသွားမိသည်။
"ဟွေ့ဟွေ့က ငယ်ငယ်ကတည်းက သတိမရှိဘဲ ခပ်တုံးတုံးလေးရယ်။ ဒီနေ့ သမီးက ကာကွယ်ပေးလိုက်လို့သာပေါ့၊ မဟုတ်ရင် အစားပဲစားပြီး အပြေးလည်းမမြန်တဲ့ သူမခန္ဓာကိုယ်နဲ့ဆိုရင် အဲ့ဒီအရူးရဲ့ ဓားချက်ကို မိတာ ကြာလှပေါ့"လို့ လျန်ကတော်က ပြောရှာသည်။
တကယ်တော့ လျန်ကတော်က အခုလိုပြောတာကို ကြားရတော့ လင်းစုယွီ အားနာသွားမိသည်။ ဒီနေ့ဖြစ်တဲ့ကိစ္စဟာ ဝမ်ရွှန်ဖက သူမဆီကို ဦးတည်လာတာပါ၊ လျန်ဟွေ့က သူမကြောင့် ကြားညှပ်ပါသွားခြင်းဖြစ်သည်။
"အဲ့ဒီလို မပြောပါနဲ့ အဒေါ်။ ဒီနေ့လိုမျိုး ဘယ်သူမှ မဖြစ်စေချင်ပေမယ့် တကယ်တော့ ဝမ်ရွှန်ဖ သောင်းကျန်းတာက သမီးကြောင့်ပါ။ ဟွေ့ဟွေ့က သမီးကြောင့် ပါသွားရတာမို့ သမီးက သူ့ကို ကာကွယ်ပေးတာက လုပ်သင့်လုပ်ထိုက်တာပါပဲ"
"အမှန်အတိုင်းပြောရရင် အဒေါ်ကို သမီးက တောင်းပန်ရမှာပါ။ သမီးကြောင့် ဟွေ့ဟွေ့ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ရတာ"
လင်းစုယွီရဲ့ စိတ်ရင်းမှန်နဲ့ တောင်းပန်မှုကို ကြားတော့ လျန်ကတော်က သူမ လူမမှားခဲ့ဘူးဆိုတာကို ခံစားလိုက်ရတယ်၊ လင်းစုယွီက တကယ့်ကို တာဝန်ယူတတ်တဲ့ ကလေးလေးပဲ။
"ဒါ သမီးအပြစ်မဟုတ်ပါဘူး စုယွီ။ အပြစ်ရှိတာက အဲဒီ ဝမ်ဆိုတဲ့ အရူးပဲ။ စုယွီ၊ အဲ့ဒီအရူးက ဘယ်အိမ်ကလဲဆိုတာ မင်းသိလား။ အဒေါ် ကတော့ ဒုတိယသားကို ရဲစခန်းဆီ လွှတ်ပြီး အဲ့ဒီကိစ္စကို ကိုင်တွယ်ခိုင်းထားပြီ၊ ဒါပေမဲ့ အဲ့ဒီအရူးရဲ့ မိသားစုကိုလည်း အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။"
"အရူးဆိုတာ သေချာ စောင့်ကြည့်နေရမှာလေ၊ အခုတော့ လူတွေကို လိုက်ဒုက္ခပေးဖို့ လွှတ်ထားတာ သူ့မိဘတွေမှာ အပြစ်ရှိတယ်။"
လျန်ကတော်သည် ခွင့်လွှတ်တတ်သည့် သူတော်ကောင်းမဟုတ်ပါ။ သူမက ဝမ်ရွှန်ဖရဲ့ မိဘတွေကိုပါ တာဝန်မကျေမှုနဲ့ အပြစ်တင်ခဲ့ပြီး လျန်ဒုတိယသားကလည်း အဲ့ဒီကိစ္စကို ဖြေရှင်းဖို့ သွားပြီဖြစ်ကြောင်း ရှင်းပြခဲ့သည်။
အဲ့ဒီနောက်မှာတော့ လင်းစုယွီက သူမနဲ့ ဝမ်မိသားစုကြား ဒီအိမ်ရာဝင်းကြောင့် ပတ်သက်ခဲ့ရပုံတွေ၊ ကျင်းဟွာက သူမကို အိမ်ဈေးနှိမ်ပြီး ရောင်းဖို့ ဘယ်လိုဖိအားပေးခဲ့တယ်ဆိုတာတွေကို အကုန်ပြောပြလိုက်သည်။
"ဒီအိမ်ကိစ္စကို အဒေါ် သိတာပေါ့၊ အဲ့ဒီတုန်းက တို့လောင်လျန်ကိုယ်တိုင် ကူညီပေးခဲ့တာပဲ။ ဒါကို ဒီကျင်းဟွာဆိုတဲ့ မိန်းမက ငါတို့လျန်မိသားစုကိုယ်တိုင် ကူညီထားတဲ့အိမ်ကို မျက်စိကျရဲတယ်ပေါ့။ အရှက်မရှိလိုက်တာ။ စုယွီရယ်၊ ဒါကို ဟွေ့ဟွေ့ဆီ စောစောကတည်းက ပြောပြသင့်တာ၊ ဒါဆို အဒေါ်က အစောကြီးကတည်းက ရှင်းပေးပြီးသား ဖြစ်နေမှာ"
လျန်ကတော်ကတော့ ဒေါသထွက်နေပါပြီ။ ကျင်းဟွာတို့ လုပ်ရပ်က လျန်မိသားစုကို ပါးရိုက်လိုက်သလိုပါပဲ။ လင်းစုယွီက ဝမ်ရွှန်ဖရဲ့ စေ့စပ်ပွဲပျက်တာကို သူမအပေါ် အပြစ်ပုံချပုံတွေကို ထပ်ပြောပြတဲ့အခါမှာတော့ လျန်ကတော်က စုယွီကို သတင်းကောင်းပဲပြောပြီး သတင်းဆိုးတွေကို ကြိတ်မှိတ်ခံတတ်တဲ့ အေးဆေးလွန်းတဲ့ ကလေးမလေးလို့ ထင်မြင်သွားတော့သည်။
"ရပါတယ်၊ ဝမ်ရွှန်ဖက တမင်သက်သက် လူကို ရန်ပြုခဲ့တာပဲ။ သူက အရူးဖြစ်ဖြစ်၊ မဟုတ်ဖြစ်ဖြစ် ပြန်လွတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဝမ်မိသားစုထဲက လူတွေ အထည်စက်ရုံမှာ အလုပ်လုပ်တယ်ဆိုတော့ ပိုတောင်ကောင်းသေးတယ်၊ အဒေါ် တစ်နည်းနည်းနဲ့ အကြောင်းပြချက်ရှာပြီး အလုပ်ထုတ်သင့်တဲ့သူ ထုတ်၊ နေရာရွှေ့သင့်တဲ့သူ ရွှေ့ပစ်ခိုင်းလိုက်မယ်"
ဒါပေမဲ့ အဲ့ဒီလောက်နဲ့ မပြီးသေးဘူး။ ဝမ်မိသားစုက အလုပ်ပြုတ်သွားပေမယ့် ဒီလမ်းထဲမှာပဲ ဆက်နေနေမယ်ဆိုရင် သူမကို စိတ်ရှုပ်အောင် ထပ်ပြီး ရန်လုပ်နေဦးမှာပဲ။ သူတို့ကို ဝေးဝေးကို နှင်ထုတ်ပစ်မှရမည်။
ပြီးခဲ့တဲ့တစ်ခေါက်က ဝမ်ရွှန်ဖ ပြဿနာရှာပြီးရင် နယ်ကို အပို့ခံရမယ်လို့ သူမထင်ခဲ့တာ၊ ဒါပေမဲ့ ဝမ်မိသားစုက ပိုက်ဆံတွေ ဘယ်လိုရှာပြီး အာမခံထုတ်လိုက်လဲ မသိဘူး။
ဒါကိုတွေးမိတော့ သူမ ဒေါသထွက်မိသည်။ သူမက ကျင်းဟွာရဲ့ စုဆောင်းငွေတွေကို ယူထားပြီးသားကို သူတို့က ပိုက်ဆံရအောင် ရှာနိုင်သေးတာပဲ။ တကယ်ပဲ ဘယ်လောက်ဆင်းရဲတဲ့သူဖြစ်ဖြစ် ချမ်းသာတဲ့ အမျိုးတော့ ရှိတာပဲကိုး!
လင်းစုယွီ အမြန် စဉ်းစားခန်းဖွင့်လိုက်သည်။ ခုအချိန်မှာ အနောက်မြောက်ဒေသကို သွားပြီး မြေရိုင်းဖော်ထုတ်၊ သစ်ပင်စိုက်ဖို့ စေတနာ့ဝန်ထမ်း ခေါ်နေတာကို သူမ သတိရသွားသည်။
"ဝမ်မိသားစုဝင်တွေက အထည်စက်ရုံက ဝန်ထမ်းဟောင်းတွေပဲလေ၊ တိုက်ရိုက်အလုပ်ထုတ်လိုက်ရင် နာမည်ပျက်နိုင်တယ်။ အဒေါ် တခြားနည်းလမ်း သုံးကြည့်ရင်ကော"
လင်းစုယွီက စက်ရုံမှူးလျန်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေမယ့် နည်းလမ်းကို ဟန်မပျက် ရှင်းပြလိုက်သည်။
"သမီးဆိုလိုတာက ဝမ်မိသားစုဝင်တွေကို အရင်ဆုံး ဂုဏ်ပြုဆုတွေ ပေးလိုက်မယ်၊ ပြီးမှ စက်ရုံဘက်ကနေ သူတို့ကို အနောက်မြောက်ဒေသမှာ မြေရိုင်းဖော်ထုတ်ပြီး သစ်ပင်စိုက်ဖို့ တိုက်တွန်းတဲ့ပုံစံမျိုးနဲ့ စာရင်းပေးခိုင်းတာပေါ့"
တကယ့်ကို 'အရင်မြှောက်ပင့်ပြီးမှ အပြတ်ရိုက်ချလိုက်ခြင်း' ပါပဲ။
ဝမ်မိသားစုက ဂုဏ်ထူးဆောင်ဘွဲ့တွေ ရထားပြီးပြီဆိုတော့ ဆိုရှယ်လစ်စနစ် တည်ဆောက်ဖို့ အနောက်မြောက်ဒေသကို သွားရမှာကို မငြင်းရဲတော့ဘူးလေ။ မဟုတ်ရင် သူတို့က အလုပ်ပြုတ်ရုံတင်မကဘဲ ခေတ်နောက်ကျတဲ့ လူတန်းစားဆိုတဲ့ နာမည်ဆိုးကြီးပါ အပ်နှင်းခံရမှာ။
လျန်ကတော်က လင်းစုယွီဟာ တကယ်ကို ထက်မြက်တဲ့သူပဲလို့ ထပ်ပြီး လက်ခံသွားသည်။ နောင်မှာတော့ သူမနဲ့ ရင်းရင်းနှီးနှီး နေရမယ်လို့ ဆုံးဖြတ်လိုက်သည်။ အမှန်တော့ လင်းစုယွီက ကျင်းဟွာမိသားစုကို ရှင်းထုတ်ဖို့ လျန်မိသားစုရဲ့ လက်ကို သုံးဖို့တင် မကဘူး၊ ဝေဟုန်ရင်နဲ့ပါ ပူးပေါင်းဖို့ ကြံထားတာပါ။
ဝေဟုန်ရင်ရဲ့ ယောက္ခမမိသားစုကလည်း အတော်လေး ဩဇာရှိကြသည်။ ဝမ်မိသားစုကို အနောက်မြောက်ဒေသ ပို့မယ့်ကိစ္စကို သူတို့လည်း ကူညီနိုင်မှာပါ။ ဝေဟုန်ရင်က အောက်ကနေ ကူညီပြီး လျန်ကတော်က အပေါ်ကနေ ဖိအားပေးလိုက်ရင်တော့ ဝမ်မိသားစုဟာ အခါးသီးဆုံး ဆေးတစ်ခွက်ကို မျိုချပြီး အနောက်မြောက်ဒေသကို မသွားချင်ဘဲ သွားကြရတော့မှာပါ။
လျန်ကတော်က ခဏလောက် စဉ်းစားပြီးနောက်မှာတော့ အစီအစဉ်က ခေါင်းထဲမှာ ပေါ်လာပါပြီ။
"ကောင်းပြီ၊ အဲ့ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ အလုပ်မရှိတဲ့ ဝမ်မိသားစုက ဒီကျင်းမန်မြို့မှာ ဆက်နေနေရင် အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုပဲ။ စုယွီပြောတဲ့အတိုင်း သူတို့ကို အဝေးကြီးကို ပို့ပစ်လိုက်တာက အကောင်းဆုံးပဲ"
နောက်ဆုံးတော့ ဆုံးဖြတ်ချက် ချလိုက်နိုင်ပါပြီ။ အဲ့ဒီအချိန်မှာ လျန်ဟွေ့နဲ့ လျန်ကတော်တို့ လင်းစုယွီအိမ်မှာ နေခဲ့တာ တစ်နေကုန်နီးပါး ရှိနေပြီပင်။ ညစာစားချိန်နီးလာတော့ ချန်ဟွေ့ယီက လင်းစုယွီကို စိတ်ပူတာနဲ့ ညစာယူပြီး ရောက်လာခဲ့သည်။
တစ်နေကုန် ငြိမ်နေတဲ့ လျန်ဟွေ့ကတော့ ချန်ဟွေ့ယီကို မြင်တာနဲ့ မြူးကြွလာပြန်သည်။
"အမေ၊ ဒီနေ့ သမီးတို့ ဒုတိယအစ်ကိုနဲ့အတူ ဆရာမချန်နဲ့ ပန်းခြံသွားခဲ့တာ၊ သူတို့နှစ်ယောက် လှေတောင် အတူတူစီးကြသေးတယ်!"
လျန်ဟွေ့က လျန်ကတော်ရဲ့ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။ လျန်ကတော်ရဲ့ အကြည့်တွေက ချက်ချင်းပဲ ချန်ဟွေ့ယီဆီ ရောက်သွားတော့သည်။
"စုယွီ၊ ညစာ မစားရသေးဘူးမလား။ ဆရာမ ညစာ ယူလာပေးတယ်။ ဒီနေ့ အမေက ခေါက်ဆွဲလုပ်တာ အတော်စားကောင်းလို့ ညီမအတွက်ပါ ထည့်ပေးလိုက်တာ" လို့ ချန်ဟွေ့ယီက ပြောလိုက်သည်။
လင်းစုယွီကြောင့် ချန်မိသားစုက ဂျုံနဲ့ ဆန်တွေ ဝယ်လို့ရလာကတည်းက ဒေါ်လေးထောင်က ရံဖန်ရံခါ ဂျုံခေါက်ဆွဲတွေ လုပ်တတ်ပြီး လင်းစုယွီကို ခေါ်ကျွေးတာ ဒါမှမဟုတ် အိမ်အထိ လာပို့ပေးတာမျိုး လုပ်တတ်ပါသည်။
"ဆရာမချန်!"
လျန်ဟွေ့ နှုတ်ဆက်လိုက်သံကြောင့် ချန်ဟွေ့ယီ တစ်ခုခုကို ရိပ်မိသွားသည်။ လျန်ကတော်ကို မြင်လိုက်ရတဲ့ အခိုက်အတန့်မှာ သူမ ပိုပြီး စိတ်လှုပ်ရှားသွားမိသည်။
"လျန်... လျန်ကတော်၊ မင်္ဂလာပါ။ ကျွန်မက လျန်ဟွေ့နဲ့ စုယွီတို့ရဲ့ တရုတ်စာပြဆရာမပါ၊ အတန်းပိုင်ဆရာမလည်း ဟုတ်ပါတယ်"
ခဏအကြာမှာတော့ ချန်ဟွေ့ယီက စိတ်ကို ပြန်ထိန်းပြီး လျန်ကတော်ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်သွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမက ဆရာမတစ်ယောက်လေ၊ တည်ငြိမ်မှုမရှိရင် ကျောင်းသားတွေကို ဘယ်လိုသင်ပြနိုင်ပါတော့မလဲ။
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း