အခန်း ၅၆
Vol. 6 Ch. 56
အပိုင်း ၅၆ - ဝမ်မိသားစု၏ အနောက်မြောက်ဒေသသို့ ခရီးစဉ်
ချန်ဟွေ့ယီ၏ စိတ်အခြေအနေကို လျင်မြန်စွာ ပြင်ဆင်နိုင်စွမ်းနှင့် တည်ငြိမ်လှသော ဟန်ပန်တို့ကြောင့် မွေးရာပါ ဇီဇာကြောင်တတ်သော လျန်ကတော်ပင်လျှင် သူမကို မချီးကျူးဘဲ မနေနိုင်ဖြစ်သွားရသည်။
“မင်္ဂလာပါ ဆရာမချန်။ ဟွေ့ဟွေ့က ဆရာမအကြောင်း ခဏခဏ ပြောပြဖူးတယ်။ ဆရာမက တာဝန်သိတဲ့ ဆရာမကောင်းတစ်ယောက်ဆိုတဲ့ အကြောင်းလေ။ ဒါပေမဲ့ ဆရာမက ဒီလောက်တောင် ငယ်လိမ့်မယ်လို့ ကျွန်မ မထင်ထားမိဘူး။”
လျန်ကတော်သည် သူမ သဘောကျမိသူအပေါ် ပိုမိုနွေးထွေးစွာ ပြုံးပြလိုက်သည်။ သူမ၏ သမီးဖြစ်သူက ဆရာမချန်သည် အပျိုလူပျိုလေးဖြစ်ကြောင်း ပြောပြထားသဖြင့် သူမ၏ ဒုတိယသားနှင့်များ ဖူးစာဆုံနိုင်မလားဟု တွေးတောမိလိုက်သည်။
လျန်ကတော်၏ အကြီးမားဆုံး ဆန္ဒမှာ အမြန်ဆုံး မြေးချီချင်ခြင်းဖြစ်သည်မှာ အမှန်ပင်။ အသက် ၄၅ နှစ်အရွယ်တွင် သူမနှင့်ရွယ်တူတန်းတူများမှာ မြေးချီနေကြပြီဖြစ်သော်လည်း သူမမှာမူ မျှော်လင့်ရုံသာ တတ်နိုင်သေးသည်။
သူမ၏ သားအကြီးဆုံးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် စစ်ထဲဝင်သွားကာ နိုင်ငံ့အရေးကိုသာ အာရုံစိုက်နေသူဖြစ်သည်။ လက်ထပ်ဖို့ကိစ္စ ပြောလိုက်တိုင်းလည်း သူမသည် သူ၏ တိုးတက်မှုကို အဟန့်အတားဖြစ်စေသည်ဟုသာ ဆိုတတ်သည်။
ကောင်းပြီလေ၊ သားကြီးက အရည်အချင်းရှိလွန်းသဖြင့် သူမ လက်လှမ်းမမီနိုင်တော့သော်လည်း သူမ၏ အကြည့်များက ဒုတိယသား လျန်အပေါ်သို့ ကျရောက်သွားပြန်သည်။
သို့သော် ဒုတိယသားသည်လည်း သူမစကားနားထောင်သူမဟုတ်ပေ။ ကျောင်းတက်နေစဉ်က စာသင်ကြားရေးကို အကြောင်းပြကာ အလုပ်မရှိဘဲ မည်သို့ မိသားစုကျွေးနိုင်မလဲဟု ဆင်ခြေပေးခဲ့သည်။ ကျောင်းပြီးပြန်တော့လည်း အလုပ်စရုံရှိသေးသဖြင့် အောင်မြင်မှုမရမချင်း အောင်သွယ်တွေ့ခြင်း၊ အိမ်ထောင်ပြုခြင်းတို့ကို မလုပ်နိုင်သေးကြောင်း ဆိုပြန်သည်။
ဒုတိယသားမှာလည်း အလွန်ကိုင်တွယ်ရခက်သဖြင့် လျန်ကတော်သည် ကိုယ်တိုင်သာ သားအတွက် မိန်းမ ရှာပေးရန် ဆုံးဖြတ်လိုက်သည်။ ယခု ချန်ဟွေ့ယီ၏ လိမ္မာယဉ်ကျေးမှုနှင့် တည်ငြိမ်မှုတို့မှာ သူမ၏ စိတ်ထဲတွင် မှတ်ကျောက်တင်ပြီးသား ဖြစ်သွားလေပြီ။
သူတို့နှစ်ဦး စကားပြောနေကြစဉ်အတွင်း လျန်ကတော်က ချန်ဟွေ့ယီ၏ မိသားစုအကြောင်းကို သွယ်ဝိုက်၍ စုံစမ်းနေသည်ကို လင်းစုယွီ ရိပ်မိလိုက်သည်။ မူလက တစ်ဦးတည်းရှိသော နောက်ခံလူမှာ ယခု နှစ်ဦးဖြစ်သွားသဖြင့် လင်းစုယွီမှာ လျန်ဟွေ့ကို ဆွဲကာ အသာလေး နားထောင်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။
မိုးချုပ်လာသည်ကို မြင်သောအခါ လျန်ကတော်သည် အိမ်ပြန်ပြီး ဝမ်မိသားစုအား အနောက်မြောက်သို့ ပို့ဆောင်ရေးကိစ္စအတွက် စက်ရုံမှူးလျန်နှင့် ညှိနှိုင်းရမည်ကို သတိရသွားသည်။ ထိုအချိန်မှသာ လင်းစုယွီသည် အလွန်အဆင်ပြေစွာ စကားပြောနေကြသော အမျိုးသမီးနှစ်ဦးကို လိုက်လံပို့ဆောင်ပေးနိုင်တော့သည်။
မထွက်ခွာမီ လျန်ဟွေ့က လင်းစုယွီ၏ လက်ထဲသို့ စာတစ်စောင်ကို ခိုးကြောင်ခိုးဝှက် ထည့်ပေးလိုက်ပြီး နောက်မှ ဖတ်ကြည့်ရန် အချက်ပြလိုက်သည်။
တကယ်တော့ ထိုစာမှာ လင်းရှင်းယောင်က စက်ရုံမှူးလျန်ထံ ပို့လိုက်သည့်စာဖြစ်သော်လည်း လျန်ကတော်က ကြားဖြတ်သိမ်းထားခဲ့ခြင်းဖြစ်သည်။ လျန်ကတော်က လျန်ဟွေ့ကို ထိုစာအား မီးရှို့ဖျက်ဆီးရန် ခိုင်းခဲ့သော်လည်း လျန်ဟွေ့က စပ်စုချင်စိတ်ဖြင့် မဖျက်ဆီးမီ ဖတ်ကြည့်ခဲ့ခြင်း ဖြစ်လေသည်။
စာကို ဖတ်ကြည့်လိုက်သောအခါ လင်းရှင်းယောင်သည် စိတ်နှလုံး အင်မတန် ယုတ်မာသူဖြစ်ကြောင်း သူမ သိလိုက်ရသည်။ နိုင်ငံအတွင်းမှာ မရှိတော့သော်လည်း လင်းစုယွီကို ဒုက္ခပေးရန် ကြိုးစားနေဆဲပင်။
စာထဲတွင် လင်းရှင်းယောင်က သူမ၏ သူငယ်ချင်းကောင်း လီယန်ပင်းအတွက် အလုပ်အကိုင် ရှာပေးရန် စက်ရုံမှူးလျန်ကို တောင်းဆိုထားသည်။ ထို့အပြင် လင်းစုယွီကိုလည်း သူမ၏ အမေ အရင်းဖြစ်သူ လန်ရှို့ယင်း၏ ထံသို့ ပို့ပေးရန်နှင့် လန်ရှို့ယင်းက သူမကို ကောင်းမွန်စွာ စောင့်ရှောက်ပေးနိုင်ရန် စီစဉ်ပေးပါဟု အသနားခံထားသည်။
လန်ရှို့ယင်းသည် သူမ၏ သူငယ်ချင်းထံသို့ လာရောက် ပြဿနာရှာခဲ့သည်ကို လျန်ဟွေ့ သိထားသဖြင့် ဤသည်မှာ ကြီးမားသော ပူးပေါင်းကြံစည်မှုကြီးဖြစ်ကြောင်း သူမ ရိပ်မိလိုက်သည်။
သူမ၏ သူငယ်ချင်း နောက်ခံက မည်သို့ပင်ဖြစ်စေ လင်းစုယွီက မလိုလားသရွေ့ သူမက အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမည်ဟု ဆုံးဖြတ်ထားသည်။
သူမ၏ ဖခင်ဘက်ကိုမူ သူမနှင့် သူမမိခင်တို့က မျက်ခြေမပြတ် စောင့်ကြည့်နေသဖြင့် လင်းရှင်းယောင်သည် သူမအဖေကို ဆက်သွယ်ရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
လင်းရှင်းယောင်ကသာ အစွမ်းအစရှိလွန်းပြီး ဟောင်ကောင်မှ ဖုန်းဆက်နိုင်လျှင်တော့ တစ်မျိုးပေါ့။ သို့သော် ဟောင်ကောင်မှ ဖုန်းခေါ်ဆိုရန်မှာ အဆင့်ဆင့် စစ်ဆေးမှုများ ရှိသဖြင့် လက်ရှိ လင်းရှင်းယောင်တွင် ထိုသို့သော အစွမ်းမျိုး မရှိသေးကြောင်း လျန်ဟွေ့ ယုံကြည်နေသည်။
“စုယွီ၊ အိမ်ရောက်ရင် ဒါကိုဖတ်ကြည့်ဦး။ ဖတ်ပြီးရင်တော့ မီးရှို့ပစ်လိုက်တော့”
လျန်ဟွေ့က အသံတိုးတိုးဖြင့် ပြောကာ သူမ၏ မိခင်ကို လှမ်းကြည့်လိုက်သည်။ လူကြီးမိဘ မိသွားမည်ကို ကြောက်လန့်နေသော သူမ၏ ပုံစံကြောင့် လင်းစုယွီ ပြုံးမိသွားရသည်။
လျန်ဟွေ့က ဤကဲ့သို့ လုပ်လိမ့်မည်ဟု သူမ မထင်ထားမိပေ။ ခုလေးတင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် စာအိတ်ကို အာရုံခံကြည့်လိုက်ရာ အကြောင်းအရာများကို သိရှိပြီးသားဖြစ်သည်။ ယခုအချိန်တွင် လျန်ဟွေ့၏ ကာကွယ်ပေးမှုကို ကြည့်ပြီး သူမ စိတ်လှုပ်ရှားမိကာ သူမ လျန်ဟွေ့ကို ကာကွယ်ပေးခဲ့ရကျိုး နပ်သည်ဟု တွေးမိလိုက်သည်။
ညစာစားပြီးနောက် လင်းစုယွီသည် သူမ၏ နေရာလွတ်ထဲသို့ဝင်ကာ စိုက်ပျိုးရေးလုပ်ရန် ပြင်ဆင်နေစဉ် အိမ်ရှေ့မှ လှုပ်ရှားသံများ ထပ်မံကြားလိုက်ရသည်။ ဒီနေ့တော့ ဧည့်သည်တွေ မပြတ်ပါလား!
တံခါးရှေ့တွင် ဝေဟုန်ရင်နှင့် သူမ၏ ခင်ပွန်းအသစ်တို့ ရပ်နေကြသည်။ ဝေဟုန်ရင်၏ လက်သည် ဝက်လက်ကဲ့သို့ ပတ်တီးအဖွေးသားနှင့် ဖြစ်နေသည်။
အတော်ပဲ။ ဝမ်မိသားစုကို အနောက်မြောက်ဒေသသို့ နယ်သစ်ဖွင့်ရန် ပို့ဆောင်မည့် လင်းစုယွီ၏ အစီအစဉ်တွင် ဝေဟုန်ရင်သည်လည်း အရေးပါသော အကူအညီတစ်ခု ဖြစ်သည်။ သူတို့ ရောက်လာခြင်းက လင်းစုယွီ အလိုရှိနေသည့်အတိုင်းပင်!
“နေကောင်းလား ရဲဘော်လင်း။ ဒီနေ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်။ ရဲဘော်နဲ့ ရဲဘော်လျန်သာ မရှိရင် ကျွန်တော့်ဇနီးကို အဲ့ဒီရူးကြောင်ကြောင် ဝမ်ရွှန်ဖက ပြန်ပေးဆွဲသွားတော့မှာ”
ဝေဟုန်ရင်က သူတို့နှစ်ဦးကို မိတ်ဆက်ပေးပြီးနောက် သူမ၏ ခင်ပွန်းက လင်းစုယွီကို ရိုးသားစွာ ကျေးဇူးတင်စကား ဆိုလေသည်။
သူမရှေ့တွင် ရှိနေသော အမျိုးသားမှာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသော်လည်း သူ၏ မျက်လုံးများမှာ ဝေဟုန်ရင်အပေါ် နူးညံ့မှုများဖြင့် ပြည့်နှက်နေသည်။ လင်းစုယွီက ထိုင်ရန် ဖိတ်ခေါ်သောအခါ ဝေဟုန်ရင်၏ ခင်ပွန်းက သူမကို ဂရုတစိုက် တွဲထိုင်ပေးလိုက်ရာ "နှလုံးသားလှသည့်လူကြမ်းကြီး’ ဟူသော စကားနှင့် အလွန်လိုက်ဖက်လှသည်။
ဝမ်ရွှန်ဖကဲ့သို့ ပျော့ဖတ်ဖတ်လူနှင့် ယှဉ်လျှင် မည်သူမဆို အရည်အချင်းရှိပြီး တောင့်တင်းသော ဤလူကိုသာ ရွေးချယ်ကြမည်မှာ အမှန်ပင်။ ဝမ်ရွှန်ဖတွင် အကျင့်စရိုက်ကောင်းလည်း မရှိ၊ စိတ်ရင်းလည်း မရှိသဖြင့် ဝေဟုန်ရင် စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းခဲ့ခြင်းမှာ အလွန်မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
“မမဟုန်ရင်ကတော့ တကယ်ကို ကံကောင်းတာပဲနော်”
လင်းစုယွီက အနည်းငယ် နောက်ပြောင်လိုက်ရာ ဝေဟုန်ရင်မှာ ရှက်ပြုံး ပြုံးလိုက်မိသည်။ လင်းစုယွီ၏ ရှေ့တွင်ပင် ခင်ပွန်းဖြစ်သူ၏ ဂရုစိုက်မှုကို ခံစားနေရသဖြင့် သူတို့နှစ်ဦးကြားက ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြောင်း သိသာနေသည်။
“အစ်ကိုက ဘာအလုပ်လုပ်တာလဲ”
တကယ်တော့ လင်းစုယွီက သူဘာလုပ်သည်ကို သိပြီးသားဖြစ်သည်။ ဝေဟုန်ရင်က ဝမ်ရွှန်ဖနှင့် လမ်းခွဲကာ အခြားသူနှင့် လက်ထပ်စဉ်က အိမ်နီးချင်းများကြားတွင် ထိုအကြောင်းမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးသည်။
“ရဲဘော်လင်း၊ ကျွန်တော်က ချည်မျှင်စက်ရုံ လုံခြုံရေးဌာနက အဖွဲ့ငယ်ခေါင်းဆောင် တစ်ယောက်ပါ။ ရာထူးကြီးကြီးမားမားတော့ မဟုတ်ပါဘူး”
ချန်ကျွင်းသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသည်။ သူသည် ဤကဲ့သို့ ငယ်ရွယ်သော မိန်းကလေးများနှင့် စကားပြောဆိုဆက်ဆံလေ့မရှိပါ။ ထို့အပြင် လင်းစုယွီသည် အပြင်ပန်းတွင် အားနည်းပုံရသော်လည်း သူမ၏ မျက်လုံးများကမူ ထက်မြက်လှသည်။ သူမသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ ခံစားမိလိုက်သည်။
သို့သော် ဤမိန်းကလေးမှာ မိသားစုကြီးမှ လာသူဖြစ်သဖြင့် မထူးဆန်းဟု တွေးလိုက်မိသည်။ သူ၏ လူကြီးမိဘများမှာ မိသားစုကြီးများ၏ လက်အောက်တွင် ဒုက္ခခံခဲ့ရဖူးသည်။ ထိုကဲ့သို့သော မိသားစုကြီးများတွင် အမှုထမ်းနိုင်ပြီး ဘေးကင်းအောင် နေနိုင်သူမှာ သာမန်လူ မဟုတ်နိုင်ပေ။
“အစ်ကိုကလည်း နှိမ့်ချလွန်းလိုက်တာ။ ဒီအရွယ်နဲ့ အဖွဲ့ခေါင်းဆောင် ဖြစ်နေတာကိုက တော်တော်လေး ချီးကျူးဖို့ ကောင်းနေပါပြီ”
ခဏတာ စကားပြောပြီးနောက် အခြေအနေကောင်းပြီဟု ယူဆကာ လင်းစုယွီက လျန်မိသားစုကို ကူညီပေးနိုင်မလားဟု ချန်ကျွင်းကို မေးမြန်းလိုက်သည်။
“တကယ်လား။ ဝမ်မိသားစုကို နိုင်ငံတော် တည်ဆောက်ရေးအတွက် အနောက်မြောက်ဘက်ကို ပို့ဖို့ လျန်မိသားစုက လုပ်ပေးမှာလား။ အဲ့ဒါဆိုရင်တော့ ကျွန်တော် အစွမ်းကုန် ပူးပေါင်းမှာပေါ့”
“ဝမ်မိသားစုက ကျွန်တော့်မိန်းမအကြောင်း ကောလာဟလတွေ လျှောက်ဖြန့်တုန်းက သူတို့ကို ပညာပေးချင်ခဲ့တာ။ ဟုန်ရင်က စိတ်ထားကောင်းပြီး ပြဿနာမဖြစ်ချင်လို့သာ လွှတ်ထားပေးခဲ့တာပါ”
“ဒီလောက်အထိ ရဲတင်းပြီး ကျွန်တော့်မိန်းမကို ပြန်ပေးဆွဲဖို့ ကြိုးစားပြီး ဒဏ်ရာရအောင် လုပ်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒီတစ်ခါတော့ ကျွန်တော် သည်းမခံနိုင်တော့ဘူး”
“ဟုန်ရင်၊ ဒီတစ်ခါတော့ ဝမ်မိသားစုကို ပညာပေးဖို့အတွက် ကိုယ့်ကို မတားနဲ့တော့နော်”
ချန်ကျွင်းက စိတ်လှုပ်ရှားစွာနှင့် ဒေါသတကြီး ပြောဆိုနေသော်လည်း နောက်ဆုံးတွင် ဝေဟုန်ရင်ကို မတားရန် ဂရုတစိုက် ခွင့်တောင်းနေပြန်သည်။ သူ၏ ဇနီးအပေါ် အလေးထားပုံမှာ လင်းစုယွီကိုပင် ကြည့်ရင်းနှင့် ကြည်နူးသွားစေသည်။
“ဝမ်မိသားစုကို ဒီကနေ ဖယ်ထုတ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အစ်ကိုကျွင်း၊ သူတို့ကို ခိုးပြီး စာရင်းသွင်းလိုက်တာ ပေါ်သွားရင် ဒုက္ခရောက်မှာ မဟုတ်ဘူးလား”
ဝေဟုန်ရင်သည် ဝမ်မိသားစုကို ပညာပေးချင်သော်လည်း သူမ၏ ခင်ပွန်း အလုပ်ထိခိုက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
“ဘာမှမဖြစ်ပါဘူး။ စက်ရုံမှူးလျန်သာ ပါရင် ဝမ်မိသားစုက ဒါကို လက်ခံရမှာပဲ။ အနောက်မြောက်ဒေသကို သွားပြီး နိုင်ငံတည်ဆောက်ရေးမှာ မပါဝင်ဘူးလို့ သူတို့ ငြင်းရဲပါ့မလား? သူတို့ကို မျိုးချစ်စိတ်ဆိုတဲ့ ခေါင်းစဉ်တပ်လိုက်ရင် ဘယ်လိုမှ ရှောင်လို့မရတော့ဘူး။”
ချန်ကျွင်းက ဝေဟုန်ယင်ကို ယုံကြည်မှုရှိရှိ နှစ်သိမ့်လိုက်သည်။ ဤစကားများမှတစ်ဆင့် ချန်ကျွင်းသည် အပြင်ပန်းတွင် ရိုးသားပုံရသော်လည်း အတွင်းစိတ်တွင် အကွက်မြင်သူဖြစ်ကြောင်း လင်းစုယွီ ရိပ်မိလိုက်သည်။
သူမနှင့် ထိတွေ့ဆက်ဆံရသူတိုင်းက ဘာကြောင့် မရိုးရှင်းကြတာလဲ။ ကတိတည်ပြီး ရိုးသားဖြူစင်တဲ့လူတွေက ဘယ်ရောက်ကုန်ပြီလဲ။ စာသင်ကျောင်းတွေထဲ သွားရှာမှ ရတော့မှာလား။
'ဪ... မဟုတ်သေးဘူး!
သူမဘေးမှာ ရိုးသားဖြူစင်တဲ့ (အလယ်တန်းကျောင်းသူအူကြောင်ကြောင်လေး) တစ်ယောက် ကျန်သေးတာပဲ။
အဲဒီတော့ တော်သေးတာပေါ့။'
လျန်ဟွေ့ - (နင် ငါ့ကို ချီးကျူးနေတာလား၊ နှိမ်နေတာလား!)
၁၉၆၀ ၌ ပြန်လည်မွေးဖွားခြင်း